ရန်စလာခြင်း
Vol. 57 Ch. 846
ငွေလတောင်ကြား၏ အရှင်သခင်က ဖြည်းဖြည်းပြောလိုက်၏။
“အားလုံးဘဲ... သားရဲတစ်ထောင်တောင်ကြားမှာ ပြီးခဲ့တဲ့ရက်က ပေါ်ထွက်လာခဲ့တဲ့ လောကနမိတ် ဖြစ်စဥ်နဲ့ပက်သက်ပြီး မင်းတို့က ဘယ်လိုထင်ကြလဲ”
ဟင်္သါပြဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်က ခြောက်ကပ်ကပ် ရယ်မောလိုက်၏။
အခြားသော အရှင်သခင်များသည် တည်ငြိမ်သောအမူအရာဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သို့သော် မည်သူကမှ ဘာမှမပြောကြပေ။
အရှင်သခင် ၇ ယောက်လုံးသည် နှစ်ပေါင်းထောင်ချီ၍ ရှင်သန်လာခဲ့ကြသူများ ဖြစ်၏။ သူတို့က အဲ့ဒါနဲ့ပက်သက်၍ သူတို့၏ အတွေးအမြင်များရှိရင်တောင် အခြားသူများကို ထုတ်ဖော်ပြောဆိုမှာမဟုတ်ပေ။
“ငွေလ... ခင်ဗျားက အဲ့ဒါ ဘာကိုဆိုလိုချင်တာလဲ”
ဇဝေဇဝါ မြူခိုးရွှံ့ညွန်၏ အရှင်သခင်က ထူးမခြားနား အမူအရာဖြင့် မေးလိုက်လေသည်။
ငွေလတောင်ကြား၏ အရှင်သခင်က ညင်သာစွာပြုံးလိုက်၏။
“နေ့ဘက်မှာ ကြယ်တွေပေါ်လာတယ်ဆိုတော့... အဲ့ဒါက ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခုခု ပေါ်လာတာ ဒါမှမဟုတ် လျှို့ဝှက်ကုန်းမြေအချို့က ပွင့်သွားတာကြောင့် ဖြစ်နိုင်တယ် ၊ ဘယ်လိုဘဲဖြစ်ဖြစ် သားရဲတစ်ထောင်တောင်ကြားမှာ ကိစ္စကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပျက်တော့မှာတော့ သေချာတယ်”
“ကျုပ်တို့က တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အရင်က အဖုအထစ်ကလေးတွေ ရှိကြပေမယ့်လို့ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခု ဒါမှမဟုတ် လျှို့ဝှက်ကုန်းမြေတစ်ခု ပေါ်လာမယ်ဆိုရင် ကျုပ်တို့က အရင်တုန်းက အငြိုးအတေးတွေကို ခဝါချပြီး အတူတကွ စွန့်စားကြရင် မကောင်းဘူးလား”
“ရတာပေါ့...”
မြွေတစ်ထောင်ကျွန်း၏ အရှင်သခင်က ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံးလိုက်၏။
“ကျွန်မကတော့ အဲ့ဒါနဲ့ပက်သက်ပြီး သဘောတူတယ်”
ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က သူတို့၏ သူတော်ကောင်းယောင်ဆောင်နေခြင်းအပေါ် စိတ်ထဲကနေ လှောင်ရယ်လိုက်ပြီး ကျယ်လောင်စွာမေးလိုက်၏။
“အဲ့ဒီမှာ အဆုံးစွန်ရတနာ တစ်ခုဘဲရှိတယ်ဆိုရင် အဲ့ဒါကို ဘယ်လိုခွဲဝေယူကြမလဲ”
အရှင်သခင် ၇ ယောက်လုံး၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းများက ပေါ်လာကြ၏။
“အဲ့ဒီအချိန်ကျရင်တော့ ဘယ်သူက ပိုသန်မာလဲဆိုတာသာ အဆုံးဖြတ်ပေးသွားလိမ့်မယ်”
ဈာန်ပျံစိတ်တောင်ထွတ်၏ အရှင်သခင်က အေးစက်စွာပြောလိုက်၏။
တစ်ကယ်တော့ အားလုံးကို ခြုံပြီးပြောရလျှင် သူတို့သည် အတူတကွ ပူးပေါင်းကြမည်ဆိုရင်တောင် သူတို့ကိုယ်ပိုင် အတ္တကိုယ်စီရှိကြပြီး တစ်ယောက်ကိုတစ်ယောက် သတိထားစောင့်ကြည့်နေကြမည် ဖြစ်၏။
အဲ့ဒီမှာ အဆုံးစွန်ရတနာတစ်ခုခု ထွက်ပေါ်လာမည်ဆိုလျှင် သွေးချောင်းစီးတိုက်ပွဲတစ်ခုခုက မလွဲဧကန် ပေါ်လာပေလိမ့်မည်။
ထိုစဥ်မှာပင် မျောက်ဝံအိုကြီးက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး တစ်နေရာသို့ လှည့်ကြည့်လိုက်၏။
မျောက်ဝံမြူးထူးတောင်ရိုးမှ သားရဲများသည် ပြဿနာအချို့နှင့် ကြုံတွေနေရပုံရ၏။
ဈာန်ပျံစိတ်တောင်ထွတ် ၊ ငွေလတောင်ကြားနှင့် မြွေတစ်ထောင်ကျွန်းမှ မိစ္ဆာသားရဲများက မျောက်ဝံမြူးထူးတောင်ရိုး၏ သားရဲများကို လှောင်ပြောင်သရော်လ်ိုသော အမူအရာများဖြင့် ရန်စ,စကားပြောလာကြ၏။
“အဖိုးကြီးယွမ်... လူငယ်မျိုးဆက်တွေရဲ့ အရေးကိစ္စမှာ ကျုပ်တို့က ဝင်မပါကြရအောင် ၊ သူတို့ဘာသာသူတို့ ဆက်ပြီးတော့ ငြင်းခုံကြပါစေ”
ဈာန်ပျံစိတ်တောင်ထွတ်၏ အရှင်သခင်က သူ့နှုတ်ခမ်းကို ကွေးညွတ်ပြီး ဟန်ဆောင်ပြုံးလိုက်၏။
“အဲ့ဒါတော့ ဟုတ်တယ်”
မြွေတစ်ထောင်ကျွန်း၏ အရှင်သခင်က ချိုသာစွာဖြင့် ထပ်ပြောလိုက်၏။
“ဒါက သားရဲတစ်ထောင် တွေ့ဆုံပွဲဆိုတော့ ကျုပ်တို့ရဲ့လက်အောက်ငယ်သားတွေကြားမှာ ပဋိပက္ခလေးတွေ ဖြစ်တတ်ကြတာ ပုံမှန်ပါဘဲ ၊ အရှင်သခင်တွေအနေနဲ့ ကျုပ်တို့က ဝင်ပါဖို့မလိုပါဘူး”
မျောက်ဝံအိုကြီးက တစ်မူထူးသော အမူအရာရှိလာပြီး သူက မေးလိုက်လေသည်။
“သူတို့ကို တားစရာမလိုဘူးဆိုတာ မင်းတို့သေချာလား...”
“အစ်ကိုယွမ် လာပါ... ဆက်ပြီးစကားပြောရအောင် လူငယ်မျိုးဆက်တွေကြားက အချင်းပွားမှုမှာ ကျုပ်တို့က ဘာလို့အရေးလုပ်နေရမှာလဲ”
ငွေလတောင်ကြား၏ အရှင်သခင်က ရယ်မောလိုက်လေသည်။
“အမ်း....”
မျောက်ဝံအိုကြီးက အမူအရာကင်းမဲ့စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က မျောက်ဝံအိုကြီးနှင့် အရင်းနှီးဆုံးဖြစ်ပြီး အတွင်းရေးပဋိပက္ခမှာ မဟာပိုင်နက်အရှင်ဆယ်ယောက်ကျော်တွင် တစ်ဝက်ကျော်က သေဆုံးခဲ့ပြီး မျောက်ဝံအိုကြီးသည် ကြီးမားစွာ နစ်နာဆုံးရှုံးမှုကို တွေ့ကြုံခံစားခဲ့ရသည်ကို သူကသိထား၏။
“ခင်ဗျား အဆင်ပြေရဲ့လား...”
ရွှေရောင်မီးတောက်တောင်းတန်း၏ အရှင်သခင်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“မင်း ကောင်လေးတွေကို ကူဖို့အတွက် ငါ့ကောင်လေးအချို့ကို လွှတ်ပေးရမလား”
“မလိုသေးပါဘူး”
မျောက်ဝံအိုကြီးက ပြုံးလိုက်လေသည်။
“နောက်ပိုင်းမှာ ဘယ်သူကအရင် စိတ်သောကများရမလဲဆိုတာ ကြည့်ရသေးတာပေါ့”
. . . . .
“ဟေး.... “
ဈာန်ပျံစိတ်တောင်ထွတ်၏ မိစ္ဆာသားရဲက ဆူဇီမို၏ နှာခေါင်းကို မောက်မာစွာ လက်ညိုထိုးပြီး ကျယ်လောင်သော အသံဖြင့် အော်ငေါက်လိုက်လေသည်။
“အဆင့်နိမ့်မိစ္ဆာသားရဲတွေ ငါ့ရှေ့မှာရပ်မနေကြနဲ့ ကြည့်ရတာ မျက်စိရှုပ်တယ်... ထွက်သွားစမ်း”
ဆူဇီမိုက အမူအရာကင်းမဲ့နေ၏။
ထိုကဲ့သို့သော တစ်စုံတစ်ရာအတွက် သူက လှုပ်ရှားဖို့မလိုအပ်ပေ။
သူ့ရှေ့တွင်ရှိသော မိစ္ဆာသားရဲသုံးယောက်သည် သူ့ကို လှုပ်ရှားမှုတစ်ခုပြုလုပ်စေဖို့ မထိုက်တန်ပေ။
“မင်းတို့က ထွက်သွားတာ ပိုကောင်းလိမ့်မယ်”
ဘေးကနေ ရပ်နေသော တစ်ကိုယ်တော်တိမ်စိုင်က အေးစက်စွာဖြင့် ပြောလိုက်၏။
“ဟမ့်...”
ဈာန်ပျံစိတ်တောင်ထွတ်၏ မိစ္ဆာသားရဲက သူ၏မျက်လုံးကို မှေးကျဥ်းပြီး တစ်ကိုယ်တော်တိမ်စိုင်ကို သူ၏စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကာ ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်၏။
“အို မြွေနဂါးတစ်ကောင်ကိုး... ဘာလဲ မင်းက သူရဲကောင်းလုပ်ချင်တာလား”
“ဆိတ်သားရဲတစ်ကောင်က ငါ့ရှေ့မှာ ဘယ်လိုတောင်လာပြီး ဇောင်းကြွနေတာလဲ... ထွက်သွားစမ်း”
တစ်ကိုယ်တော်တိမ်စိုင်က အေးစက်စက်အကြည့်နှင့်အတူ သတ်ဖြတ်လိုစိတ် တစ်ခုကို ထုတ်ပြလိုက်၏။
“နှစ်တစ်ထောင်ကြာအောင် မကျင့်ကြံရသေးတဲ့ မြွေနဂါးတစ်ကောင်က မြွေတစ်ကောင်နဲ့ ဘာမှမခြားဘူး... မင်းကတော့ သေချင်နေတာဘဲ”
ဈာန်ပျံစိတ်တောင်ထွတ်၏ မိစ္ဆာသားရဲက တောက်ပသော အကြည့်တစ်ခုရှိလာပြီး ရုတ်တရက်တိုက်ခိုက်လိုက်လေသည်။
သူသည် ဤနေရာသို့လာရောက်ပြီး အခြားသူများကို ရန်စရဲသည့်အတွက် အတော်အတန်အစွမ်းအစ ရှိရပေမည်။ သူသည် ဈာန်ပျံစိတ်တောင်ထွတ်၏ မဟာပိုင်နက်အရှင် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်လေသည်။ သူက အညတရတစ်ယောက်မဟုတ်ပေ။ သူသည် မဟာပိုင်နက်အရှင် ဆယ်ယောက်ထဲတွင် အောက်ဆုံးအဆင့်မှာ ရှိသော်လည်း သူက သာမန်မိစ္ဆာသားရဲများ ယှဥ်ပြိုင်နိုင်သော တစ်စုံတစ်ယောက်မဟုတ်ပေ။
တစ်ကိုယ်တော်တိမ်စိုင်က နှစ်တစ်ထောင်ပင်မကျင့်ကြံရသေးသည်ကို သူကပြောနိုင်လေသည်။
ထို့ကြောင့်ပင်လျှင် သူက ချက်ချင်းလက်ငင်း တိုက်ခိုက်ရဲခြင်းဖြစ်လေသည်။
ဈာန်ပျံစိတ်တောင်ထွတ်၏ မိစ္ဆာသားရဲက ထိုးနှက်ချက်တစ်ခု ထုတ်ဖော်လိုက်သည်ကို မြင်သောအခါ တစ်ကိုယ်တော်တိမ်စိုင်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတက်ပြီး သူ၏ သွေးချီကို ရုန်းကြွစေကာ ပြန်လည်ထိုးနှက်လိုက်လေသည်။
ဘန်း...
ဈာန်ပျံစိတ်တောင်ထွတ်မှ မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ယင်သွားပြီး တုန်လှုပ်သွားသော အမူအရာနှင့်အတူ နောက်သို့ခြေသုံးလှမ်း ဒယီးဒယိုင် ဆုတ်လိုက်ရ၏။
အဲ့ဒါက လွန်ခဲ့သည့် နှစ်တစ်ရာက တစ်ကိုယ်တော်တိမ်စိုင်သာဆိုလျှင် သူက သန်မာသော်လည်း မဟာပိုင်နက်အရှင် ဆယ်ယောက်ထဲမှ တစ်ယောက်ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမို၏ ဘေးမှာ နှစ်တစ်ရာကြာကျင့်ကြံပြီးနောက် သူ၏ ခွန်အားက အတော်လေးတိုးတက်လာခဲ့လေသည်။
“သတ်!”
ဈာန်ပျံစိတ်တောင်ထွတ်၏ မိစ္ဆာသားရဲသည် ရှေ့သို့တစ်ဖန်ပြန်တက်လာပြီး သူ၏ အနက်ရောင်ဝတ်ရုံစကို လှုပ်ခါလိုက်၏။ သူ၏ ကိုယ်ထဲမှ အေးစက်စက် အလင်းနှစ်ခုက ထွက်ပေါ်လာပြီး တစ်ကိုယ်တော်တိမ်စိုင်၏ မျက်နှာဆီသို့ တိုးဝင်သွားလေသည်။
အဲ့ဒါက အလွန်တရာမြန်ဆန်သော လှံနှစ်စင်းဖြစ်လေသည်။
တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏ပါးစပ်ကို ဖွင့်ဟပြီး သူ၏ မြွေနဂါးအရိုးကပ်ကြေးကို ထွေးထုတ်လိုက်၏။ သူ၏စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ ဓမ္မစွမ်းအားများက ရုန်းကြွလာပြီး မြွေနဂါးအရိုးကပ်ကြေးသည် လျှင်မြန်စွာ ပြန့်ကားကာ ဝင်ရောက်လာသော လှံနှစ်စင်းကို ပိုင်းဖြတ်လိုက်၏။
မြွေနဂါးနှစ်ကောင်က လေထဲသို့ ပျံတက်လာလေသည်။
ခွမ်း...
မြွေနဂါးအရိုးကပ်ကြေးသည် ဝင်ရောက်လာသော လှံနှစ်စင်းကို လေးပိုင်းဖြစ်သွားအောင် ပိုင်းဖြတ်လိုက်၏။
ထိုလေးပိုင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး လှံများ၏ အရောင်က မှေးမှိန်သွားလေသည်။ အဲ့ဒါက မြွေနဂါးအရိုးကပ်ကြေးဖြင့် လုံးဝပျက်စီးသွားခဲ့လေပြီ။
“မင်းက ငါ့ရဲ့ဓမ္မလက်နက်ကို ဘယ်လိုတောင် ဖျက်ဆီးရဲတာလဲ”
ဈာန်ပျံစိတ်တောင်ထွတ်၏ မိစ္ဆာသားရဲသည် ဒေါသူပုန်ထသွားပြီး သူ၏ နဖူးက တောက်ပသွား၏။ ချက်ချင်းပင် အလင်းနှစ်ခုက ပျံသန်းထွက်ပေါ်လာပြီး လေထဲမှာ လျှင်မြန်စွာ ပြန့်ကားသွား၏။
စောစောက လှံနှစ်စင်းသည် သူ၏ သာမန် ဓမ္မလက်နက်များသာ ဖြစ်လေသည်။
သို့သော် ယခုအခါမှာတော့ ဈာန်ပျံစိတ်တောင်ထွတ်၏ မိစ္ဆာသားရဲသည် သူ၏ မူပိုင်ဓမ္မလက်နက်များကို ထုတ်ဖော်လိုက်၏။ အဲ့ဒါက တစ်လက်လက်တောက်ပနေသော ငွေရောင်တံစဥ်နှစ်လက်ဖြစ်လေသည်။
၎င်း၏ အသွားများပေါ်တွင် နောက်ပြန်ဆူးချွန်များက စီထပ်နေလေသည်။ အဲ့ဒါက အရမ်းကို ခြိမ်းခြောက်ဖွယ်ရာကောင်းလေသညိ။
“ဟွန်း”
တစ်ကိုယ်တော်တိမ်စိုင်က လှောင်ရယ်မောလိုက်၏။
“မင်းက သုံးစားမရတဲ့ မူပိုင်ဓမ္မလက်နက်နဲ့ ကိုယ့်ကိုကိုယ် အရှက်ခွဲနေတာလား... ပိုင်းဖြတ်စမ်း”
သူက မြွေနဂါးအရိုးကပ်ကြေးကို ထိန်းချုပ်ပြီး မြွေနဂါးနှစ်ကောင်က လေထဲသို့ ပျံတက်ကာ အဖြူရောင်အလင်းတန်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။ လောင်မြိုက်နေသော ချိန်းကြိုးနှစ်ခုကဲ့သို့ သူတို့သည် တံစဥ်နှစ်ခုကို ရစ်ပတ်သွားလေသည်။
ခွမ်း..ခွမ်း...
မြွေနဂါးအရိုးကပ်ကြေးသည် သုံးချက်ဆက်တိုက်ဆင့်၍ ပိုင်းဖြတ်လိုက်၏။
ထိုအသံနှင့်အတူ တွဲဖတ်၍ တံစဥ်နှစ်လက်က ချက်ချင်းကျိုးပဲ့သွားလေသည်။
“ဟင်.....”
ဈာန်ပျံစိတ်တောင်ထွတ်မှ မိစ္ဆာသားရဲ၏ အမူအရာသည် ရုတ်ချည်းပြောင်းလဲသွားပြီး သူက သွေးတစ်လုတ်ကို ထွေးထုတ်ကာ နာကြည်းမုန်းတီးသော အမူအရာနှင့် တစ်ကိုယ်တော်တိမ်စိုင်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်လေသည်။
သူ၏စိတ်သည် သူ၏မူပိုင်ဓမ္မလက်နက်နှင့် ချိတ်ဆက်ထားသောကြောင့် ၎င်း၏ပျက်စီးခြင်းက သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေလေသည်။
သူသည် ထိုဓမ္မလက်နက်ကို နှစ်ပေါင်း နှစ်ထောင်ကျော်ကြာအောင် သန့်စင်ခဲ့ရ၏။
ယခု ထိုလက်နက်က ချက်ချင်းလက်ငင်း ပျက်စီးသွားခြင်းသည် သူ၏ နှစ်နှစ်ထောင်ကျော် အားစိုက်ထားမှုက ပျက်စီးသွားရခြင်းနှင့်တူလေသည်။ အဲ့ဒါက သူ့အတွက် ကြီးမားသော ရိုက်ချက်ဖြစ်လေသည်။
သည့်ယခင်က မြွေနဂါးအရိုးကပ်ကြေးသည် လရောင်ငိုကြွေးတောင် တိုက်ပွဲမှာတုန်းက စတုရန်းကြေးမီးဖိုကြောင့် ဖျက်ဆီးခံခဲ့ရ၏။ နောင်ပိုင်းတွင် ဆူဇီမိုက ယင်စိတ်ဝိညာဥ်အပိုင်းတွင် ပါရှိသော လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုပြီး အဲ့ဒါကို ပြန်လည်သန့်စင်ပေးခဲ့၏။ အဲ့ဒါက မူလအဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်မှာ အတော်ကြာခဲ့ပြီဖြစ်ပြီး ယခူအခါ ယခင်ကထက်ပင် ပို၍ သန်မာနေပြီဖြစ်၏။
“ယုတ်မာလိုက်တာ...”
ငွေလတောင်ကြား၏ မိစ္ဆာသားရဲက သုန်မှုန်နေသော အမူအရာနှင့်အတူ တည်တံ့စွာပြောလိုက်၏။
“ငါက မင်းကို ကိုင်တွယ်ပေးရတော့မှာပေါ့”
တစ်ကိုယ်တော်တိမ်စိုင်း၏ အကြည့်က မြွေတစ်ထောင်ကျွန်း၏ မိစ္ဆာသားရဲအပေါ်ကို ရောက်ရှိသွားပြီး သူက လှောင်ရယ်မောလိုက်၏။
“မင်းတို့နှစ်ယောက်စလုံး အတူတူ လာခဲ့ကြ... အဲ့ဒါမှ အဲ့ဒီမိန်းမက ငါ့ကို ဘယ်အချိန်ချောင်းမြောင်းတိုက်ခိုက်မလဲဆိုတာကို တွေးပူနေစရာမလိုတော့မှာ”
မြွေတစ်ထောင်ကျွန်း၏ မိစ္ဆာသားရဲက ဒေါသထွက်မသွားဘဲ သူမက ခနဲ့တဲ့တဲ့ပြုံးလိုက်လေသည်။
“ရှင်က... အဲ့ဒါကို တောင်းဆိုနေမှတော့ ကျွန်မကလည်း လက်ခံရတော့မှာပေါ့”
“မောက်မာလိုက်တာ”
ဈာန်ပျံစိတ်တောင်ထွတ်၏ မိစ္ဆာသားရဲက နာကြည်းမုန်းတီးစွာ အော်ဟစ်လိုက်၏။
တစ်ကိုယ်တော်တိမ်စိုင်က အစကတည်းက မောက်မာပြီး အမြဲတမ်း ကြွဇောင်းကြွဇောင်းနိုင်လေသည်။
သို့သော်လည်း သူသည် လွန်ခဲ့သည့်နှစ်တစ်ရာက ဆူဇီမို၏ နှိမ်နင်းခြင်းခံရပြီး ထိုသူနောက်သို့ နေ့စဥ်နှင့်အမျှလိုက်ပါ၍ သူ၏စိတ်နေစရိုက်ကို ချုပ်တည်းထားခဲ့ရ၏။
သူက အခြားသူများနှင့် ရင်ဆိုင်ရလျှင်တော့ သူ၏ အစစ်အမှန်သဘာဝ ထွက်ပေါ်လာတတ်လေသည်။
မြွေနဂါးတစ်ကောင်အနေဖြင့် သူက ဤကဲ့သို့ မောက်မာဖို့ အခွင့်ရှိလေသည်။
“ဟားဟားဟားဟား...”
တစ်ကိုယ်တော်တိမ်စိုင်က ဟားတိုက်ရယ်မောလိုက်၏။
“မင်းတို့ပုံစံကြည့်ရတာကလည်း မရွှင်မပြနဲ့ပါလား... လာခဲ့ကြ.. ငါက မင်းတို့အကုန်လုံးကို ကိုင်တွယ်ပေးမယ်”
“ရတယ်လေ ပြီးတော့မှ နောင်တရမနေနဲ့...”
ဈာန်ပျံစိတ်တောင်ထွတ်၏ မိစ္ဆာသားရဲက မာန်ဖီလိုက်ပြီး သားရဲချီများက ရုန်းကြွကာ သူ၏ကိုယ်တွင်းမှ တစ်ဖြောက်ဖြောက်မြည်သံများက ထွက်ပေါ်လာ၏။ တစ်ခဏအတွင်းမှာပင် သူက အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်လေသည်။
“ဂါး....”
အခြားတစ်ဖက်တွင် ငွေလတောင်ကြား၏ မိစ္ဆာသားရဲကလည်း ဟိန်းဟောက်လိုက်ပြီး သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီဖြစ်၏။
မြွေတစ်ထောင်ကျွန်း၏ မိစ္ဆာသားရဲသည် သူမ၏ လျှာကို နှစ်ခွမြွေလျှာအဖြစ်သို့ ချက်ချင်းအသွင်းပြောင်းလိုက်ပြီး တွန်မြည်လိုက်လေသည်။
မိစ္ဆာသားရဲသုံးယောက်သည် နမော်နမဲ့ လုပ်ရဲခြင်းမရှိဘဲသူတို့၏ အစစ်အမှန်ပုံစံသို့ပြောင်းလဲကာ အစွမ်းကုန်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ကြ၏။