← Chapters

ရိုက်ချက်တစ်ချက်

Vol. 57 Ch. 848

ရိုက်ချက်တစ်ချက်

Vol. 57 Ch. 848

“သခင်လေး.. တောင်းပန်ပါတယ်.. ကျုပ်ရှုံးသွားပြီ”

ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲသည် လူးလဲ၍ ကျုံးထလိုက်၏။ သူ၏ကျောပေါ်တွင် သွေးသံရဲရဲ အပေါက်များရှိနေပြီး သွေးများက စီးကျနေဆဲဖြစ်၏။ သူက ဖြူဖတ်ဖြူလျော် မျက်နှာနှင့်အတူ ပြောလိုက်ခြင်းဖြစ်လေသည်။

“နောက်ဆုတ်နေစမ်း.. ငါတို့ကို အရှက်မခွဲနဲ့”

ဈာန်ပျံဆိတ်တောင်ထွတ်မှ မီးခိုးရောင်ဆံပင်နှင့်လူသည် လျှောက်လှမ်းထွက်လာ‌ပြီး သူ၏မျက်လုံးထဲတွင် သနားကြင်နာမှု နည်းနည်းလေးမှ မရှိဘဲ အေးစက်စွာဖြင့် ငေါက်ငမ်းလိုက်လေသည်။

“ဟုတ်ကဲ့”

ဈာန်ပျံဆိတ်တောင်ထွတ်၏ မိစ္ဆာသားရဲက စောဒက တက်ရဲခြင်း မရှိပေ။

မီးခိုးရောင်ဆံပင်နှင့်လူသည် ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးဖြစ်ပြီး ဈာန်ပျံဆိတ်တောင်ထွတ် အရှင်သခင်၏ တိုက်ရိုက်မျိုးဆက်လည်း ဖြစ်လေသည်။ လူငယ်မျိုးဆက်များအကြားမှာ သူ၏ပါရမီအလားအလာက အမြင့်မားဆုံးဖြစ်ပြီး တိုက်ခိုက်ရေးခွန်အားမှာ သူက အသန်မာဆုံးလည်းဖြစ်လေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်အတွင်း ပြောကြသည်မှာ ဤသခင်လေးသည် အနာဂတ်တွင် အရှင်သခင်၏နေရာကို သေချာပေါက် ဆက်ခံပေလိမ့်မည်။

ထိုမိစ္ဆာသားရဲသည် စိတ်ထဲမှာ မကျေမနပ်ရှိသော်လည်း မည်သည့်စိတ်ခံစားချက်ကိုမှ မထုတ်ဖော်ရဲပေ။ သူက ခေါင်းငိုက်စိုက်ကျ၍ ဒဏ်ရာများနှင့်အတူ နောက်သို့ပြန်ဆုတ်သွား၏။

တစ်ချိန်တည်းမှာပင်.. ငွေလတောင်ကြား၏ နံပါတ်တစ်ပိုင်နက်အရှင်နှင့် မြွေတစ်ထောင်ကျွန်းမှ မိတ်ကပ်များနှင့် အမျိုးသမီးသည် မျောက်ဝံမြူးထူးတောင်ရိုး အဖွဲ့ရှေ့သို့ ရောက်ရှိလာကြပြီဖြစ်၏။

သူတို့သုံးယောက်က ရန်လိုနေကြသည်ကို လူတိုင်းက ပြောနိုင်လေသည်။

“ဟီးဟီး.. မျောက်ဝံမြူးထူးတောင်ရိုးကတော့ ပြဿနာအကြီးကြီး တက်ပြီထင်တယ်”

“အဲဒီ မြွေနဂါးက အဆိပ်မိထားပြီးတော့‌ ဒဏ်ရာလည်း ရနေပြီ… သူက သူတို့သုံးယောက်ကို ခုခံနိုင်စရာ အကြောင်းမရှိတော့ဘူး”

“ငွေလတောင်ကြားက နံပါတ်တစ် ပိုင်နက်အရှင်နဲ့ မြွေတစ်ထောင်ကျွန်းက အမျိုးသမီးက.. လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကတည်းက နှစ်တစ်ထောင်သွေးမြစ်မှာ ကျင့်ကြံခဲ့ကြပြီးပြီ.. စဉ်းစားကြည့်စမ်း.. နှစ်တစ်ထောင်ကြာပြီးတဲ့နောက် သူတို့က ဘယ်လောက်တောင် သန်မာလာလိုက်မလဲ”

“ဈာန်ပျံဆိတ်တောင်ထွတ်က သခင်လေးကလည်း သွားနောက်လို့ရတဲ့လူ မဟုတ်ဘူး”

လူအချို့သည် အူမြူးအားရနေကြပြီး အချို့ကတော့ ပွဲကြီးပွဲကောင်းကို စောင့်ကြည့်နေကြ၏။ အဲဒါက ထိုသားရဲများ မြင်တွေ့ချင်သော အခြေအနေတစ်ခု ဖြစ်လေသည်။

မဟုတ်ပါက.. သူတို့သည် စားလိုက်သောက်လိုက်ရုံမျှနှင့် သားရဲတစ်ထောင်တောင်ကြားမှာ စိတ်ဝင်စားစရာ ဘာမှရှိလိမ့်မည် မဟုတ်ပေ။

“ကြည့်ရတာတော့ သူတို့သုံးယောက်က မျောက်ဝံမြူးထူးတောင်ရိုးက ပိုင်နက်အရှင်တွေ အကုန်လုံးကို နင်းချေဖျက်စီးဖို့ ပြင်ဆင်ထားတဲ့ပုံပဲ”

“အဲဒါက အများကြီးဖြစ်နိုင်တာပေါ့.. ငါထင်တာတော့ မျောက်ဝံမြူးထူးတောင်ရိုးက ဒီတစ်ခေါက် သွေးမြစ်ထဲမှာ ကျင့်ကြံဖို့အတွက် နေရာတစ်နေရာမှ ရမှာမဟုတ်တော့ဘူး”

မျောက်ဝံမြူးထူးတောင်ရိုး အဖွဲ့၏ရှေ့တွင်..

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် အေးစက်စက်အကြည့်နှင့်အတူ သူ၏ခြေလှမ်းကို ရပ်တန့်လိုက်၏။ သူက မျောက်ဝံမြူးထူးတောင်ရိုးမှ သားရဲများကို မောက်မာထောင်လွှားသော အော်ရာတစ်ခုနှင့်အတူ စစ်ဆေးကြည့်ရှုလိုက်၏။

မျောက်ဝံမြူးထူးတောင်ရိုးမှ သားရဲများ၏အကြည့်သည် တဖျပ်ဖျပ်ဖြစ်သွားပြီး သူတို့ထဲမှ အများစုက သူ၏အကြည့်ကို ရင်မဆိုင်ရဲကြပေ။

အဲဒီမှာ ဣန္ဒြေရနေဆဲဖြစ်သော လူအချို့သာလျှင် ရှိလေသည်။

တစ်ကိုယ်တော်တိမ်စိုင်၏ မျိုးဆက်သွေးက အဆိပ်မိထားပြီး သူက ဒဏ်ရာရရှိထားသော်လည်း သူသည် မျောက်ဝံမြူးထူးတောင်ရိုး၏ သခင်လေးကို အေးစက်စွာ စိုက်ကြည့်‌ပြီး သရော်လိုက်လေသည်။

“ဘာလဲ.. မင်းတို့က ငါ့ကို လက်စားချေချင်တာလား”

“မင်းက ခွေးတစ်ကောင်ကို ရိုက်ချင်တယ်ဆိုရင်တောင် သူ့သခင်က ဘယ်သူလဲ သိထားရမှာပေါ့”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက စိတ်ခံစားချက် မရှိဘဲ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းက ငါ့လူတွေကို ဒဏ်ရာရအောင် လုပ်တဲ့အတွက် အဲဒီတန်ဖိုးကို ပြန်ပေးလျော်ရလိမ့်မယ်”

“ငါက မင်းအသက်ကို ချမ်းသာပေးလို့ရတယ်”

ထိုစဉ်မှာပင်.. ငွေရောင်ဝတ်ရုံနှင့်လူက ချဉ်းကပ်လာပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“မင်းက ငါ့ဆီမှာ အညံ့ခံပြီး ငါ့ရဲ့ အစီးအနင်းတောကောင် ဖြစ်လာမယ်ဆိုရင်.. ငါက ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို မသိချင်ယောင်ဆောင်ပေးလို့ရတယ်”

“ဟားဟားဟားဟား”

တစ်ကိုယ်တော်တိမ်စိုင်က ဟားတိုက်ရယ်မောလိုက်ပြီး ငွေရောင်ဝတ်ရုံနှင့်လူကို မျက်စောင်းထိုးကြည့်လိုက်၏။

“မင်းကိုယ်မင်း ထိုက်တန်တယ်လို့ ထင်လို့လား”

သူက အနာဂတ်တွင် နဂါးတစ်ကောင် ဖြစ်လာနိုင်သည့် မြွေနဂါးတစ်ကောင် ဖြစ်လေသည်။

အစစ်အမှန်နဂါးတစ်ကောင်မှလွဲလျှင် မည်သူကမှ သူ့ကို စိတ်လိုလက်ရ အညံ့ခံစေနိုင်လိမ့်မည် မဟုတ်ပေ။

ငွေရောင်ဝတ်ရုံနှင့်လူ၏ အမူအရာက ခက်ထန်လာပြီး သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က ပေါ်လာကာ စကားကို တစ်လုံးချင်းပြောလိုက်လေသည်။

“အဲဒါက ငါ့စိတ်ရှည်နိုင်မှု အတိုင်းအတာ အကုန်ပဲ.. မင်းက ငါ့ကို ထပ်ပြီးရန်မစတော့တာ ကောင်းလိမ့်မယ်”

“မင်းက ဘာလို့ သူနဲ့သွားပြီး အချိန်ဖြုန်းနေတာလဲ.. သူ့ကို သတ်လိုက်ရုံပေါ့”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက အေးစက်စွာ ပြောလိုက်လေသည်။

မြွေတစ်ထောင်ကျွန်းမှ အမျိုးသမီးကလည်း ရယ်မောလိုက်ပြီး သူမ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်လေသည်။

“ငါကတော့ သဘောတူတယ်.. နင်တို့နှစ်ယောက်လည်း တိုက်ခိုက်ဖို့ ပြင်ဆင်ထားလိုက်ကြ.. မြွေနဂါးရဲ့အသားက ဘယ်လိုအရသာရှိမလဲ ငါသိချင်နေပြီ”

တစ်ကိုယ်တော်တိမ်စိုင်၏အကြည့်က ခက်ထန်ကြမ်းကြုတ်လာ၏။ သူက အဆိပ်မိထားသော်လည်း အားနည်းမှုကို ဖော်မပြလိုပေ။ သူက တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် ဖြူဖွေးသော လက်ဝါးတစ်ဖက်က သူ့ပခုံးပေါ်သို့ ရောက်ရှိလာ၏။

ထိုလက်ဝါးက သူ၏ပခုံးကို ညင်သာစွာ ပုတ်လိုက်၏။

ချက်ချင်းပင် တစ်ကိုယ်တော်တိမ်စိုင်က သူ့ကိုယ်သူ ဣန္ဒြေဆည်ပြီး နောက်သို့ ခြေလှမ်းဝက် ဆုတ်လိုက်လေသည်။ သူက ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေးနှင့် အခြားနှစ်ယောက်ကို သနားနေသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

ထို့နောက် ချက်ချင်းပင်လျှင် သူ့နောက်ကနေ တစ်စုံတစ်ယောက်က လျှောက်လှမ်းထွက်လာ၏။

သွေးနီရောင်ဆံပင်၊ အစိမ်းရောင်ဝတ်ရုံနှင့် ချောမောပြေပြစ်သော သွင်ပြင်.. အဲဒါက ဆူဇီမိုပင် ဖြစ်လေသည်။

ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြောလိုက်၏။

“အားလုံးပဲ.. သူက မင်းတို့တွေဆီမှာ အညံ့ခံမှာ မဟုတ်ဘူး.. ဘာလို့လဲဆိုတော့ သူက တစ်စုံတစ်ယောက်ရဲ့ အစီးအနင်းတောကောင် ဖြစ်နေပြီးပြီ.. သူ့မှာ သခင်တစ်ယောက်ရှိတယ်”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက တစ်ကိုယ်တော်တိမ်စိုင်နှင့် ရင်ဆိုင်နေချိန်မှာပင်.. အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က ဘယ်ဆီဘယ်ဝယ်ကနေမသိ ပေါ်ထွက်လာခဲ့လေသည်။ ချက်ချင်းပင် သူတို့သုံးယောက်က မျက်မှောင်ကြုတ်လိုက်ကြ၏။

သူတို့၏ မျက်လုံးထဲတွင် အဆင့်နိမ့်မိစ္ဆာသားရဲများက ပုရွက်ဆိတ်များသာ ဖြစ်လေသည်။

တကယ်ဆို.. သည့်အရင်က သူတို့ထဲ မည်သူကမှ ဆူဇီမို၏တည်ရှိမှုကို သတိမထားမိခဲ့ကြပေ။

“ဟမ့်”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် လှောင်ပြောင်ရယ်မောလိုက်ပြီး ထေ့ငေါ့သော လေသံဖြင့် ပြောလိုက်လေသည်။

“သူ့မှာ သခင်တစ်ယောက်ရှိတယ် ဟုတ်လား.. ဘာလဲ.. မင်းက သူ့ရဲ့သခင်မို့လို့လား”

ထို့နောက် ချက်ချင်းပင်လျှင် သူ၏အပြုံးကို ရုတ်သိမ်းပြီး အေးစက်စွာဖြင့် ငေါက်ငမ်းလိုက်၏။

“ဒါက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ကောင် ဝင်ရှုပ်ရမယ့်နေရာ မဟုတ်ဘူး.. ငါက သူနဲ့ စကားပြောနေတယ်.. ထွက်သွားစမ်း”

“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ”

ဆူဇီမိုက အခက်တွေ့မသွားဘဲ ညင်သာစွာ ပြုံးလိုက်လေသည်။

“ငါက သူ့ရဲ့သခင်ပဲ”

“ဟားဟားဟားဟား”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးနှင့် အခြားနှစ်ယောက်သည် အကြည့်ချင်းဖလှယ်ပြီးနောက် ခဏမျှ ရပ်တန့်သွားကြ၏။ ထို့နောက် ချက်ချင်းပင်လျှင် သူတို့သည် အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား သူတို့၏ဝမ်းဗိုက်များကို ဖိ၍ ရယ်မောလိုက်ကြ၏။

မြွေနဂါးတစ်ကောင်၊ မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်၊ အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင်.. သူက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ရဲ့ အစီးအနင်းတောကောင်တဲ့လား..။

သူတို့သုံးယောက်သည် ချုပ်တည်းခြင်းမရှိဘဲ ရယ်မောလိုက်ကြလေသည်။

သို့သော်လည်း ခဏနေပြီးနောက် သူတို့သုံးယောက်သည် တစ်စုံတစ်ရာ ထူးခြားနေတာကို သတိထားမိသွားကြ၏။

သူတို့က ရယ်မောနေသော်လည်း မျောက်ဝံမြူးထူးတောင်ရိုးဘက်တွင် မည်သည့်မိစ္ဆာသားရဲကမှ ရယ်မနေကြပေ။

ဒါ့အပြင်.. မျောက်ဝံမြူးထူးတောင်ရိုးမှ သားရဲများသည် သူတို့ကို အရူးများပမာ စိုက်ကြည့်နေကြ၏။

ငွေရောင်ဝတ်ရုံနှင့်လူက ပထမဆုံး သတိဝင်လာပြီး မျက်မှောင်ကြုတ်လိုက်၏။

မိတ်ကပ်နှင့် အမျိုးသမီးကလည်း သူ၏မျက်လုံးကို မှေးကျဉ်းပြီး စဉ်းစားလိုက်လေသည်။

သူတို့နှစ်ယောက်သည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံလာခဲ့သူများဖြစ်ပြီး ပြိုင်ဘက်ကို အထင်သေးသည့် အမှားမျိုးကို ကျူးလွန်ကြမှာ မဟုတ်ပေ။

သို့သော်လည်း.. နောက်တစ်ဖန်စဉ်းစားကြည့်သောအခါ သူတို့ရှေ့မှလူသည် သာမန်သာဖြစ်ပြီး အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်မျှသာဖြစ်၏။ သူက အစွမ်းအစရှိသည်ဆိုလျှင်တောင် သေချာပေါက် သူတို့၏စိတ်အာရုံကို ဆွဲဆောင်နိုင်ဖို့ မထိုက်တန်ပေ။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်သည် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ကို သတ်ဖြတ်နိုင်သော နည်းလမ်းပေါင်းများစွာ ရှိလေသည်။

ဒါ့အပြင်.. သူတို့က အလယ်အလတ်အဆင့် မိစ္ဆာသားရဲများထဲမှာတောင် ထိပ်တန်းအဆင့် ပညာရှင်များ ဖြစ်ကြလေသည်။

သူတို့က အဆင့်နိမ့်မိစ္ဆာသားရဲတစ်ကောင်ကိုတောင် မကိုင်တွယ်နိုင်ဘူးဆိုလျှင် နှစ်ထောင်ပေါင်းများစွာ ကျင့်‌ကြံလာခဲ့သော သူတို့၏အားထုတ်မှုက အလဟဿဖြစ်ကုန်မည် မဟုတ်ပါလား။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက တစ်ခုခုလွဲမှားနေသည်ကို သတိထားမိသော်လည်း ဆက်လက်၍ ရယ်မောနေဆဲဖြစ်၏။

ရုတ်တရက်ဆိုသလို..

သူက ရယ်နေတာကို ရပ်တန့်လိုက်၏။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက ရုတ်တရက် တိုက်ခိုက်လိုက်လေပြီ။

သူ၏တိုက်ခိုက်မှုသည် ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် ပို၍တူနေ၏။ အဲဒါက ဆိုင်းမဆင့်ဗုံမဆင့် လျှပ်စီးလို အမြန်နှုန်းဖြင့် ထွက်ပေါ်လာလေသည်။

မျောက်ဝံမြူးထူးတောင်ရိုးမှ သားရဲများသည် သူတို့၏အမြင်အာရုံက ဝေဝါးသွားသည်ဟု ခံစားလိုက်ရ‌ပြီး ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက နေရာကနေ ပျောက်ကွယ်သွားပြီဖြစ်၏။

“မြန်လှချည်လား”

သူတို့သည် ကြီးမားစွာ တုန်လှုပ်သွားကြ၏။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် အေးစက်စက် အကြည့်တစ်ခုနှင့် ကြောက်မက်ဖွယ်ရာကောင်းသော အမူအရာတစ်ခု ရှိနေ၏။ သူက ဆူဇီမိုရှေ့သို့ ချက်ချင်းရောက်လာပြီး သူ၏မျက်နှာက တည်တံ့နေလေပြီ။

“သတ်”

သူက ဒေါသဖြင့် ဟိန်းဟောက်လိုက်၏။

သူ၏မျက်လုံးထဲတွင် ဆူဇီမိုက ယခုအခါ သေလူတစ်ယောက်ထက် ပိုမနေတော့ပေ။

သူက အလွန်တရာ မြန်ဆန်ပြီး သူ၏တိုက်ခိုက်မှုက ရုတ်တရက်ဆန်လွန်းလှ၏။ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ကို မပြောနှင့်.. အလယ်အလတ်အဆင့် မိစ္ဆာသားရဲများပင်လျှင် အဲဒါကို တုံ့ပြန်နိုင်ချင်မှ တုံ့ပြန်နိုင်ကောင်းပေမည်။

သို့သော်လည်း.. ဆူဇီမို၏အကြည့်နှင့် ဆုံမိချိန်တွင် သူက ခဏမျှ အေးခဲသွား၏။

ဆူဇီမို၏မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုစိတ်တစ်ခုက ရှိနေ၏။

“ထွက်သွားစမ်း”

သူ၏နားထဲတွင် ဟိန်းဟောက်သံတစ်သံက မြည်ဟည်းလာ၏။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သူ၏နားစည်နှစ်ဖက်က စုတ်ပြဲလုနီးပါး ဖြစ်သွားရလေသည်။

ထို့နောက် ချက်ချင်းပင်လျှင် လက်ဝါးတစ်ဖက်က သူ၏မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာပြီး ကြီးမားလှစွာသော ထိုခွန်အားကြောင့် သူ၏မျက်နှာက စုတ်ပြဲလုနီးပါး ဖြစ်သွားရလေသည်။

ဖောင်း

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် ရှေ့သို့ လျင်မြန်စွာ ထိုးတက်သွား၏။ သို့သော်လည်း.. သူက ပို၍လျင်မြန်စွာပင် နောက်သို့ ပြန်ကန်ထွက်လာလေသည်။

အားလုံး၏ ရှေ့မှောက်မှာပင် ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် ရှေ့သို့ ခုန်ဝင်သွားပြီးနောက် သူက ဆူဇီမိုထံမှ ဟိန်းဟောက်သံတစ်သံနှင့် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် လွင့်စင်ထွက်သွားလေသည်။

ပို၍ချောက်ချားစရာကောင်းသည့် အချက်မှာ ဆူဇီမိုက အဲဒါကို ကြိုတင်ခန့်မှန်းပြီး ကြိုတင်၍ တိုက်ခိုက်လိုက်သည်နှင့် တူနေလေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် လွှဲရိုက်လိုက်သော လက်ဝါးဆီသို့ သူ၏မျက်နှာကို ထိုးခံလိုက်သည်နှင့် ပိုတူလေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် သူ၏အတွေးက လူတိုင်းထံကနေ ဖုံးကွယ်ထားနိုင်မည်ဟု တွေးထင်ခဲ့၏။

သို့သော်လည်း ဆူဇီမိုက အံ့မခန်း အာရုံခံသတိစိတ်တစ်ခု ပိုင်ဆိုင်ထားသည်ကို သူက မသိပေ။

သူ၏သတ်ဖြတ်လိုစိတ်က ထကြွလာသည့်ခဏမှာပင် ဆူဇီမိုက အဲဒါကို သတိထားမိနေပြီဖြစ်၏။

သားရဲများ အားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် ဈာန်ပျံဆိတ်တောင်ထွတ်တွင် အသန်မာဆုံး ပိုင်နက်အရှင်တစ်ယောက်ဖြစ်သည်ဟု သတ်မှတ်လို့ရလေသည်။ သို့သော်လည်း.. သူက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ထံမှ ရိုက်ချက်တစ်ချက်ဖြင့် လွင့်စင်ထွက်သွားခဲ့လေသည်။

သူတို့ကိုယ်တိုင် မြင်တွေ့ရခြင်းသာမဟုတ်လျှင် သူတို့ထဲ မည်သူကမှ အဲဒါကို ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

All Chapters