← Chapters

လုံလောက်သည်ထက် ပိုသော

Vol. 57 Ch. 854

လုံလောက်သည်ထက် ပိုသော

Vol. 57 Ch. 854

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် သူ့ဘေးနားပတ်ဝန်းကျင်က ထူးဆန်းနေသည်ကို သတိထားမိလိုက်၏။

များစွာသော မိစ္ဆာသားရဲများသည် သူ့ကို သနားနေသော.. ရွှင်မြူးအားရနေသော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။

သွေးပင်လယ်တံဆိပ်ပြားတစ်ခုကို စားရတာက ကိစ္စကြီးတစ်ခု ဟုတ်လို့လား..။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ့ဘာသာသူ တွေးလိုက်၏။

ထိုစဉ်မှာပင် ၁၀၀ မြောက် မိစ္ဆာသားရဲသည် သွေးပင်လယ်တံဆိပ်ပြားတစ်ခုကို ရရှိသွားခဲ့ပြီး ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က လေထဲသို့ တက်ကာ ကျယ်လောင်စွာ ကြေညာလိုက်၏။

“ပထမစမ်းသပ်စစ်ဆေးမှုက ပြီးဆုံးသွားပြီ”

ကျန်ရှိနေသော မိစ္ဆာသားရဲများသည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ပြန်ခေါ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ကြ၏။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် အလောင်းအစားမှာ ရှုံးနိမ့်သွားပြီးနောက်.. အဲဒါက ကြီးကြီးမားမား ပြဿနာတစ်ခု မဟုတ်ဟု တွေးထင်ထားလေသည်။ အလွန်ဆုံး သူက အရှက်ရရုံမျှနှင့် တံဆိပ်ပြားတစ်ခုကို စားပြရုံမျှသာ ဖြစ်လေသည်။

ထိုသို့အတွေးဖြင့် သူသည် ယုံကြည်မှုပြန်ရလာပြီး သူ့ခေါင်းကို အနည်းငယ်မော့လိုက်၏။ သူက ဆူဇီမိုကို ခံစားချက်ကင်းမဲ့စွာဖြင့် စိုက်ကြည့်လိုက်လေသည်။

အရှင်သခင် ၇ယောက်သည် သူတို့အထက် လေထဲသို့ ရောက်ရှိလာကြ၏။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် သူ၏ခေါင်းကို မော့ကြည့်ပြီးနောက် ခဏမျှ ကြောင်အ,မှင်တက်သွားလေသည်။

ဘာကြောင့်ရယ်မသိသော်လည်း.. ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သူ့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေလေသည်။

အဲဒါက အလွန်တရာ ခက်ထန်သော အကြည့်ဖြစ်ပြီး သူ၏ရင်ကို တလှပ်လှပ်ဖြစ်သွားစေလေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက အကြောင်းရင်းကို နားမလည်နိုင်ပေ။

လွန်ခဲ့သည့် သုံးရက်က.. သူသည် မိုကို ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ပြီး လူပုံအလယ်မှာ အရှက်တကွဲ ဖြစ်ခဲ့ရလေသည်။ သို့သော်လည်း ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က ဘာမှမပြောခဲ့ပေ။

ဤအလောင်းအစားမှာ ရှုံးနိမ့်သွားရုံနှင့် ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာပါလိမ့်။

ငွေလတောင်ကြား၏ အရှင်သခင်က ကျယ်လောင်စွာ ပြောလိုက်လေသည်။

“သွေးတံဆိပ်ပြား တစ်ခုမှမရတဲ့ မိစ္ဆာသားရဲတွေ အရင်ဆုံး ပြန်နှင့်ကြ”

“အဲဒီမှာ အလောင်းအစားတစ်ခု ရှိသေးတယ်လေ”

ရုတ်တရက်.. တစ်ကိုယ်တော်တိမ်စိုင်က လူအုပ်ကြီးထဲကနေ အော်ပြောလိုက်၏။

“ဟုတ်တယ်ဟေ့.. အဲဒီမှာ အလောင်းအစားတစ်ခု ရှိသေးတာကို မမေ့ကြနဲ့”

“ဟားဟား.. သူက တံဆိပ်ပြားတစ်ခုကို စားရတော့မယ်”

သားရဲများက အားတက်သရော အော်ဟစ်လိုက်ကြ၏။

ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က သုန်မှုန်နေသော အမူအရာတစ်ခု ရှိနေလေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်ပြီး အရင်ဦးစွာ ရှေ့သို့ တက်သွားလေသည်။ သူက ဆူဇီမိုကို တစ်ချက်ကြည့်ပြီးနောက် အော်ပြောလိုက်လေသည်။

“မို.. ငါက ကိုယ့်စကားကို ကိုယ်တည်တဲ့ ယောင်္ကျားတစ်ယောက်ပဲ.. ငါရှုံးတာကို ငါလက်ခံတယ်”

ထိုသို့ပြောပြီးသည်နှင့် သူက သွေးပင်လယ်တံဆိပ်ပြားတစ်ခုကို ဆွဲယူပြီး သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

သွေးပင်လယ်တံဆိပ်ပြားက အရွယ်အစားအားဖြင့် မကြီးမားသော်လည်း အဲဒါကို သာလွန်အဆင့် သတ္တုရိုင်းဖြင့် ပြုလုပ်ထားပြီး မျိုချဖို့ ခက်ခဲကာ အစာချေဖျက်ဖို့ကလည်း မလွယ်ကူပေ။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် ရွေးချယ်စရာ မရှိတော့ဘဲ သူ၏ခန္ဓာကိုယ်တစ်ပိုင်းကို အစစ်အမှန်ပုံစံသို့ ပြောင်းလဲကာ ကြောက်စရာကောင်းသည့် ဆိတ်ဦးခေါင်းတစ်ခုက ထွက်ပေါ်လာလေသည်။ သူက သူ၏ပါးစပ်ကို ကျယ်လောင်စွာ ဟပြီး သွေးပင်လယ်တံဆိပ်ပြားကို ဝါးမျိုနိုင်ခဲ့လေသည်။

သူ့ကိုယ်သူ ဣန္ဒြေဆည်ပြီးနောက် သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားလေသည်။

“မို.. ဈာန်ပျံဆိတ်တောင်ထွတ်က မိစ္ဆာသားရဲတစ်ယောက်အနေနဲ့ ငါ့စကားက ရတနာထက် အဖိုးတန်တယ်.. ငါက ပြောပြီးသား စကားကို ဘယ်တော့မှ ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူး”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက ဆူဇီမိုကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်၏။

“ဒါပေမဲ့လို့ သိပ်ပြီးတော့ အူမြူးအားရမနေနဲ့.. ငါ ဒီနေ့ အရှက်ခွဲခံရတာကို မှတ်ထားတယ်.. နောက်ကျရင် မင်းက အဲဒါရဲ့ အဆတစ်ရာ ပြန်ပေးဆပ်ရလိမ့်မယ်”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက ထိုစကားကို ပြောဖို့အတွက် သုံးရက်အတွင်း စဉ်းစားထားခဲ့ပြီး အဲဒါက အလွန်တရာ ပြောင်မြောက်သည်ဟု ခံစားမိလေသည်။

သူက သူ၏အော်ရာကို ထုတ်ပြခဲ့ရုံသာမက သူ၏ အမျက်ဒေါသနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုကိုပါ ပြသနိုင်ခဲ့လေသည်။

ထိုသို့ပြောပြီးသည်နှင့် ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက သူ၏ အင်္ကျီလက်စကို လှုပ်ခါပြီး ကြော့ရှင်းသော ပုံစံဖြင့် လှည့်ထွက်လိုက်လေသည်။

“နေပါဦး”

ရုတ်တရက် ဆူဇီမို၏အသံက ထွက်ပေါ်လာပြီး သူက လက်ထောင်ပြလိုက်၏။

“အဲဒီမှာ တခြားဘာရှိသေးလို့လဲ”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက ပြန်လှည့်ပြီး ဆူဇီမိုကို ကြည့်ကာ မေးငေါ့ပြလိုက်၏။

ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်လေသည်။

“သိပ်ပြီးတော့ လောမနေပါနဲ့ဦး.. အလောင်းအစားက အခုချိန်ထိ ပြီးမှမပြီးသေးတာ”

“ဟမ့်”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက ခဏမျှ ကြောင်အသွား၏။

ထို့နောက် ချက်ချင်းဆိုသလို.. မလှမ်းမကမ်းဆီကနေ သွေးရောင်ပစ္စည်းပုံတစ်ခုက လွင့်မျောလာလေသည်။ တစ်ခဏအတွင်းမှာပင် အဲဒါက ဆူဇီမို ရှေ့သို့ ရောက်ရှိလာပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲ၍ ကျသွား၏။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက သေချာစိုက်ကြည့်ပြီးနောက် သူ၏ အမူအရာက‌ အေးစက်တောင့်ခဲသွားလေသည်။

ပုံထပ်နေသော ထိုသွေးရောင်ပစ္စည်းများမှာ သွေးပင်လယ်တံဆိပ်ပြားများသာ ဖြစ်လေသည်။

သူတို့က အနည်းဆုံး သုံးရာလောက်ရှိပြီး တစ်ချက်ကြည့်ရုံမျှနှင့် အဲဒါကို သိမြင်နိုင်လေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၏ နဖူးထက်တွင် ချွေးများက သီးလာပြီး သူက တံတွေးမျိုချကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်၏။

“အဲ.. အဲဒါက ဘာအဓိပ္ပာယ်လဲ”

“မင်းက အဲဒီအလောင်းအစားကို ပြီးမြောက်အောင် လုပ်ပေးရုံပေါ့”

ဆူဇီမိုက ခံစားချက် ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်၏။

“မင်းက သွေးပင်လယ်တံဆိပ်ပြားတစ်ခုကိုပဲ ဝါးမျိုရသေးတယ်.. ဒါပေမဲ့လို့ အဲဒါတွေက ငါရလာခဲ့တဲ့ သွေးပင်လယ်တံဆိပ်ပြားတွေပဲ.. မင်းက အဲဒါတွေအကုန်လုံးကိုလည်း စားပြဖို့လိုသေးတယ်”

“မင်း..”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် သူ၏လက်သီးကို ဆုပ်ပြီး ဒေါသတကြီး အမူအရာဖြင့် အော်ပြောလိုက်၏။

“ငါ့ရဲ့ အလောင်းအစားမှာ အဲ့လောက်အများကြီး စားပြမယ်လို့ ငါမပြောခဲ့ပါဘူး”

“ဟမ့်”

ဆူဇီမိုက ပြန်လည်မေးလိုက်လေသည်။

“အဲဒါ့ကို မင်းဘယ်လိုပြောခဲ့တာလဲ”

“ငါက.. “

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက သုန်မှုန်သွားပြီး မလုံမလဲအမူအရာနှင့် ပြန်မပြောနိုင်တော့ပေ။

“ငါရလာတဲ့ ဘယ်သွေးပင်လယ်တံဆိပ်ပြားကိုမဆို မင်းစားပြမယ်လို့ မပြောခဲ့ဘူးလား”

ဆူဇီမိုက ပုံထပ်နေသော တံဆိပ်ပြားများကို လက်ညိုးထိုးလိုက်လေသည်။

“ဟုတ်ပြီလေ.. အဲဒါဆို ငါ မင်းကို မေးပါရစေ.. အဲဒီ သွေးပင်လယ်တံဆိပ်ပြားတွေက ဘယ်သူရလာတာလဲ”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် ချွေးများဖြင့် စိုရွှဲလာပြီး သူ၏ခေါင်းကို ထပ်တလဲလဲ ခါလိုက်၏။

တံဆိပ်ပြားများကို ကြည့်ပြီး သူ၏ဝမ်းဗိုက်ထဲမှာ အော်ဂလီဆန်လာလေသည်။ သူက စောစောက စားခဲ့သော တံဆိပ်ပြားတစ်ခုကိုပင် ပြန်အန်ထုတ်လုနီးပါး ဖြစ်သွားရလေသည်။

“ငါ.. ငါက.. အဲဒါတွေကိုတော့.. မစားနိုင်ဘူး”

ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၏အသံက တုန်ယင်နေလေသည်။

အဲဒါက ဘယ်လိုဟာသမျိုးပါလိမ့်။

သူက သွေးပင်လယ်တံဆိပ်ပြားတစ်ခုကို စားရတာက အဆင်ပြေသေးလေသည်။

သို့သော်လည်း.. တောင်ပူစာတစ်ခုကဲ့သို့ ပုံထပ်နေသော ထိုတံဆိပ်ပြားများကို ဆိုလျှင်တော့.. ဘယ်သူက အဲဒါတွေအကုန်လုံးကို စားနိုင်ပါ့မလဲ။

သူက အဲဒါတွေကို စားနိုင်မယ်ဆိုလျှင်တောင်.. သူက အဲဒါတွေကို အစာခြေဖျက်နိုင်စရာ အကြောင်းမရှိပေ။

မလှမ်းမကမ်းတွင်.. မိစ္ဆာသားရဲအချို့သည် မချုပ်တည်းနိုင်ဘဲ ရယ်မောလိုက်ကြ၏။

ရယ်မောခြင်းက ကူးစက်တတ်လေသည်။

သားရဲများ အားလုံးက အော်ဟစ်ရယ်မောလိုက်ကြလေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး လေထဲတွင်ရှိသော ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ကို အသနားခံသော အမူအရာဖြင့် လှမ်းကြည့်လိုက်၏။

ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က အေးစက်ခက်ထန်သော အကြည့်နှင့်အတူ အံကို တင်းတင်းကြိတ်လိုက်၏။ သူ၏ကြွက်သားများက လှုပ်ခါလာပြီး သူ၏ဒေါသကို အရှင်းသားမြင်နေရလေသည်။

“လူငယ်လေး.. လူတစ်ယောက်က ဘယ်အချိန်မှာ ခွင့်လွှတ်ရမယ်.. ဘယ်အချိန်မှာ မေ့ဖျောက်ရမယ်ဆိုတာကို သိထားသင့်တယ်”

နောက်ဆုံးမှာတော့ ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က စကားပြောလာပြီး အေးစက်ခက်ထန်သော လေသံဖြင့် ခြိမ်းခြောက်လိုက်လေသည်။

“မင်းက သိပ်ပြီးတော့ အတင့်ရဲမလာတာ ကောင်းလိမ့်မယ်”

“အတင့်ရဲတယ် ဟုတ်လား”

ဆူဇီမိုက ပြုံး၍ ခေါင်းခါကာ ပြန်မေးလိုက်လေသည်။

“အရှင်သခင်.. ကျုပ်မေးပါရစေ.. ဒီအလောင်းအစားကို အရင်စပြီး ပြောခဲ့တာက ဘယ်သူလဲ”

ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ဆူဇီမိုက ပြုံး၍ ထပ်မေးလိုက်၏။

“ကျုပ်ထပ်မေးပါရစေ အရှင်သခင်.. ဒီအလောင်းအစားမှာ ကျုပ်ကသာ ရှုံးနိမ့်သွားမယ်ဆိုရင် ခင်ဗျားတို့ကရော ကျုပ်ကို ချမ်းသာပေးမှာလား”

ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်လေသည်။

ဆူဇီမိုက ရှုံးနိမ့်သွားမည်ဆိုလျှင်.. သူက ထိုအခွင့်အရေးကို လက်လွှတ်ခံစရာ အကြောင်းမရှိပေ။

ဆူဇီမိုက သူ၏အပြုံးကို ဖြည်းဖြည်းချင်း ရုတ်သိမ်းပြီး တိတ်ဆိတ်ငြိမ်သက်နေသော ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ကို ကြည့်ကာ ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်လေသည်။

“ကျုပ်မှာ နောက်ဆုံးမေးခွန်းတစ်ခုပဲ ရှိတော့တယ်.. ဒီနေရာမှာ တာအိုကျိန်ဆိုမှုတစ်ခုကို ပြုလုပ်ထားတယ်.. ခင်ဗျားက တာအိုကျိန်ဆိုမှုကို ပယ်ဖျက်တော့မှာလား အရှင်သခင်”

ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ နှုတ်ခမ်းက တဆတ်ဆတ် တုန်ယင်လာလေသည်။

သူကဲ့သို့သော အရှင်သခင်တစ်ယောက်ကို မပြောနှင့်.. သားရဲဧကရာဇ်များပင်လျှင် တာအိုကျိန်ဆဲမှုကို မဖောက်ဖျက်ဝံ့ကြပေ။

နောက်ဆုံးမေးခွန်း၏ အဓိပ္ပာယ်က ရှင်းနေလေသည်။

သူက အဲဒါကို လုံးဝ ပြန်ဖြေရဲခြင်း မရှိပေ။

ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က သူ၏မျက်လုံးများကို မှိတ်လိုက်၏။

သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်က ပြည့်နှက်နေလေသည်။

ဆူဇီမိုက ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးဘက်သို့ ပြန်လှည့်ပြီး တောက်ပစွာ ပြုံးပြကာ သွေးပင်လယ်တံဆိပ်ပြားပုံကို လက်ညိုးထိုးပြလိုက်၏။

“အဲဒီမှာ စားလေ.. အဲဒါက မင်းစားဖို့အတွက် လုံလောက်တာထက်တောင် ပိုနေသေးတယ်”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက ငိုချတော့မည့်စဲစဲ ဖြစ်လာ၏။

သူက ဤအကျပ်အတည်းကနေ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို နားလည်လာလေသည်။

သူက တွင်းတစ်တွင်းတူးပြီး သူ့ခေါင်းကိုသာ ဝှက်ထားချင်တော့လေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် နက်နက်ရှိုင်းရှိုင်း တစ်ချက်ဟိန်းဟောက်ပြီးနောက်.. သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်လေသည်။ သူက သွေးပင်လယ်တံဆိပ်ပြားများကို သူ၏ပါးစပ်ထဲသို့ ရူးသွပ်စွာဖြင့် ဆွဲသွင်းလိုက်၏။

ထိုသည်ကို ကြည့်ပြီး သားရဲများသည် အော်ဂလီဆန်လာကြလေသည်။

“အဲဒီ မိုက အရှင်သခင်တစ်ပါးကိုတောင် အဲ့လိုပုံစံနဲ့ ရင်ဆိုင်ရဲတယ်ဆိုတော့.. သူက တော်တော်လေး ရဲတင်းတာပဲ”

“သူက တော်တော်လည်း ရက်စက်တတ်သေးတယ်.. သူက သနားညှာတာမှုကို လုံးဝမပြဘူး”

“ဟမ့်.. ကြမ်းကြုတ်ရက်စက်တာကတော့ သူတစ်ယောက်ထဲ မဟုတ်ဘူး.. မင်းတို့တွေ အဲဒါကို သိချင်မှ သိကြလိမ့်မယ်.. ဒါပေမဲ့လို့ ငါကြားတာ ဈာန်ပျံဆိတ်တောင်ထွတ်က သူ့ကိုသတ်ဖို့အတွက် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထောင်ချောက်တစ်ခု ဆင်ထားခဲ့တယ်.. ဒါပေမဲ့လို့ သူက အဲဒီမှာ မကျရောက်ခဲ့လို့..”

“ရှူး.. တိုးတိုးပြောစမ်းပါဟ”

များစွာသော မိစ္ဆာသားရဲများသည် ပြပွဲကို စောင့်ကြည့်ရင်း နှစ်ကိုယ်ကြား ဆွေးနွေးလိုက်ကြ၏။

သူတို့ရှေ့တွင်ရှိသော သွေးပင်လယ်တံဆိပ်ပြားများက တဖြည်းဖြည်း လျော့နည်းလာလေသည်။

သို့သော်လည်း.. ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၏ မျက်နှာကလည်း ယခုဆို အစိမ်းရောင်ပြောင်းလာခဲ့လေပြီ။

သူက သွေးပင်လယ်တံဆိပ်ပြားများကို ဝါးမျိုရင်း ဆူဇီမိုကို ခါးသီးစွာဖြင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။ သူက ယခုအချိန်တွင် ဆူဇီမိုကိုပါ အစိမ်းလိုက် ဝါးစားပစ်ချင်နေလေသည်။

All Chapters