လူ ၁၀ ယောက်
Vol. 57 Ch. 855
ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၏ ဝမ်းဗိုက်သည် ဖောင်းကား၍ သူ၏ခန္ဓာကိုယ်က ယိမ်းထိုးလာ၏။
တစ်ချက်ယိမ်းထိုးသွားတိုင်း ဘေးနားပတ်လည်ရှိ သားရဲများသည် သူ၏ဝမ်းဗိုက်အတွင်းမှ သတ္တုချင်း ထိခိုက်သံများကို ကြားနေရလေသည်။
သူသည် နောက်ဆုံးသွေးပင်လယ်တံဆိပ်ပြားကို စားသုံးပြီးနောက် ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် အဲဒါကို မချုပ်တည်းနိုင်တော့ပေ။ ဖျတ်ခနဲဆို သူက တောအုပ်အနက်ပိုင်းထဲသို့ ပြေးဝင်သွားလေသည်။
လက်ရှိသားရဲများသည် သူတို့၏ဝမ်းဗိုက်ကို နှိပ်၍ ဟားတိုက်ရယ်မောလိုက်ကြ၏။
ပထမအဆင့် စမ်းသပ်စစ်ဆေးမှုပြီးနောက် နောက်ဆုံး ၁၀နေရာအတွက် တိုက်ပွဲက ရောက်ရှိလာခဲ့လေပြီ။
တိုက်ပွဲအတွက် စည်းမျဉ်းစည်းကမ်းက ရိုးရှင်းလေသည်။
သွေးပင်လယ်တံဆိပ်ပြားကို ရရှိထားသော မိစ္ဆာသားရဲ အယောက် ၁၀၀ကို အုပ်စု ၁၀စု ခွဲခြားလိုက်မည်ဖြစ်ပြီး အုပ်စုတစ်စုစီက ပြိုင်ပွဲစင်မြင့်ပေါ်တွင် တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဖြစ်လေသည်။
ပထမအချီပြီးနောက်.. ပြိုင်ပွဲစင်မြင့်တစ်ခုစီတွင် မိစ္ဆာသားရဲ ၅ယောက်စီ ကျန်ရှိခဲ့မည်ဖြစ်ပြီး သူတို့က နောက်တစ်ဆင့်သို့ တက်လှမ်းရပေမည်။
ဒုတိယအချီမှာတော့ မိစ္ဆာသားရဲတစ်ယောက်က ဘေးထွက်ထိုင်နေရမည်ဖြစ်ပြီး ကျန် ၄ယောက်က တစ်ယောက်တစ်ယောက်ချင်း အကြိတ်အနယ် တိုက်ခိုက်ရပေမည်။ တတိယအချီသို့ တက်လှမ်းရမည့် အနိုင်ရရှိသူ ၂ယောက်က ထွက်ပေါ်လာပေလိမ့်မည်။ ဘေးထွက်ထိုင်ရသည့် တစ်ယောက်ကလည်း တတိယအချီသို့ တိုက်ရိုက်တက်လှမ်းရမည် ဖြစ်လေသည်။
တတိယအချီမှာတော့ မိစ္ဆာသားရဲတစ်ယောက်က ဘေးထွက်ထိုင်နေရမည်ဖြစ်ပြီး ကျန်မိစ္ဆာသားရဲ ၂ယောက်က အနိုင်ရရှိသူ ထွက်ပေါ်လာသည်အထိ တိုက်ခိုက်ရပေမည်။
စတုတ္ထအချီမှာတော့ မိစ္ဆာသားရဲ ၂ယောက်သည် နောက်ဆုံးအနိုင်ရရှိသူ ကျန်ရစ်သည်အထိ ပြိုင်ပွဲစင်မြင့်တစ်ခုစီမှာ တိုက်ခိုက်ကြရမည် ဖြစ်လေသည်။
ပြိုင်ပွဲစင်မြင့် ၁၀ခုကနေ ရွေးချယ်လိုက်သော မိစ္ဆာသားရဲ ၁၀ယောက်က နှစ်တစ်ထောင်သွေးပင်လယ်မှာ ကျင့်ကြံဖို့အတွက် ဝင်ရောက်ကြရမည် ဖြစ်လေသည်။
အရှင်သခင် ၇ယောက်သည် လေထဲသို့ ပျံတက်လိုက်ကြပြီး အကြည့်ချင်း ဖလှယ်ကာ တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။
ဓမ္မစွမ်းအားများက ရုန်းကြွလာပြီး ရာသီဥတုက ပြောင်းလဲသွားလေပြီ။
သွေးပင်လယ်၏ ဘေးဘက်ရှိ ပြားချပ်သော လွင်ပြင်ပေါ်ရှိ မြေကြီးများသည် ကပြောင်းကပြန်ဖြစ်သွားပြီး ချက်ချင်းပင် ကြီးမားသည့် ပြိုင်ပွဲစင်မြင့်များက ဖြစ်ပေါ်လာလေသည်။
အဆင့်မြင့်မိစ္ဆာသားရဲများသည် သူတို့၏ ဓမ္မစွမ်းအားများကို အသက်သွင်းခြင်းအားဖြင့် မြေပြင်အနေအထားကို ပြောင်းလဲနိုင်လေသည်။
သိပ်မကြာမီ.. ပြိုင်ပွဲစင်မြင့် ၁၀ခုကို တည်ဆောက်၍ ပြီးစီးသွားလေသည်။
ထိုစဉ်မှာပင်.. ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေးသည် မလှမ်းမကမ်းကနေ ပျံသန်းလာ၏။ သူက မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သောအခါ ဒယီးဒယိုင်ဖြစ်နေပြီး သူ၏လမ်းလျှောက်ပုံကလည်း ထူးခြားနေလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် သူ၏တင်ပါးနှစ်ဖက်ကို လှုပ်၍ အလွန်တရာ ဖြည်းညင်းစွာဖြင့် လှုပ်ရှားနေ၏။ တစ်ကြိမ်လှုပ်ရှားလိုက်တိုင်း သူက ပင့်သက်ကို ရှိုက်နေရလေသည်။
“သူက ဘာဖြစ်နေတာလဲ”
မြေခွေးလေးက စူးစမ်းချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
မျောက်က သွားဖြီးလိုက်လေသည်။
“သူ့ဗိုက်ထဲက သွေးပင်လယ်တံဆိပ်ပြားတွေ အကုန်လုံးကို သူက အစာဘယ်ချေနိုင်ပါ့မလဲ.. အဲဒါကြောင့်မို့လို့ သူက ပါးစပ်က ထုတ်သင့်တာကိုထုတ်.. ဖင်က ထုတ်သင့်တာကို ထုတ်လာရတာပဲ”
“နောက်ပြီး ဒီလောက်များတဲ့ တံဆိပ်ပြားတွေကို ဖျစ်ညှစ်ထုတ်ဖို့က လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး”
စိတ်ဝိညာဉ်ကျားကလည်း ထပ်ပြောလိုက်လေသည်။
“အာ… ရွံစရာကောင်းလိုက်တာ”
မြေခွေးလေးက ပျို့အန်တော့မည့်ပုံစံ လုပ်ပြလိုက်၏။
စိတ်ဝိညာဉ်ကျားက ယုတ်မာစွာဖြင့် လှောင်ရယ်လိုက်လေသည်။
“သူ လမ်းလျှောက်တဲ့ပုံစံကိုလည်း ကြည့်လိုက်ဦး.. သူက အချိန်အတော်ကြာကြာ ချီးပမ်းခဲ့ရတာ ဖြစ်လိမ့်မယ်”
“မင်း အဆင်ပြေရဲ့လား”
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။
“ကျုပ် အဆင်ပြေတယ်.. ကျုပ်က တိုက်ခိုက်နိုင်သေးတယ်”
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် စကားပြောလိုက်သည့်အချိန်မှာပင် သူ့အသံက အက်ကွဲကွဲဖြစ်နေသည်ကို နားလည်လိုက်၏။
သားရဲများက သူ့ကို ခိုးခိုး၍ ကြည့်နေကြလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက သွေးပင်လယ်တံဆိပ်ပြားများကို စားသုံးခြင်းဖြင့် ဒဏ်ရာအပြင်းအထန် မရရှိခဲ့ဘူးဆိုလျှင်တောင် သူက အတော်လေး ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရပေမည်။
သိပ်မကြာမီ.. အုပ်စု ၁၀စုကို သတ်မှတ်ခွဲခြား၍ ပြီးစီးသွားလေသည်။
စာရွက်ပေါ်တွင် အုပ်စုများကို ကျပန်းရွေးချယ်၍ ခွဲခြားထားလေသည်။
သို့သော်လည်း.. အရှင်သခင် ၇ယောက်သည် အလိုအလျောက် နားလည်မှုရယူပြီး သူတို့၏ အသန်မာဆုံး လက်အောက်ငယ်သားများကို အုပ်စုတစ်ခုချင်းစီမှာ ခွဲခြားထားလေသည်။
ဥပမာအားဖြင့် ဆူဇီမို ပါဝင်သော အုပ်စုတွင် ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၊ ငွေလတောင်ကြားမှ ငွေရောင်ဝတ်လူနှင့် မြွေတစ်ထောင်ကျွန်းမှ မိတ်ကပ်အဖွေးသားနှင့် အမျိုးသမီးတို့က ပါဝင်ကြလိမ့်မည် မဟုတ်ပေ။
အရှင်သခင်များသည် ဆူဇီမို၏ ခွန်အားကိုလည်း စိုးရိမ်ပူပန်နေကြပုံ ရလေသည်။
“တိုက်ပွဲကို တရားဝင် စတင်စေ”
သိပ်မကြာမီ.. ပြိုင်ပွဲစင်မြင့် ၁၀ခုပေါ်တွင် တိုက်ပွဲများကို တပြိုင်နက်တည်း ကျင်းပလိုက်ကြ၏။
ပထမအချီမှာ ဆူဇီမို၏ ပြိုင်ဘက်သည် ရွှေရောင်မီးတောက်တောင်တန်းမှ နွားရိုင်းသားရဲတစ်ကောင် ဖြစ်လေသည်။
“ညီအစ်ကိုမို.. ပြီးခဲ့တဲ့ သုံးရက်က ခင်ဗျားရဲ့ လှုပ်ရှားမှုကို ကျုပ်က မြင်ခဲ့ပြီးပြီ.. ကျုပ်က ခွန်အားအရာမှာ ခင်ဗျားကို မယှဉ်နိုင်လောက်ဘူး”
နွားရိုင်းသားရဲက လက်သီးနှစ်ဖက်ကို ဆုပ်ပြီး နှုတ်ဆက်လိုက်၏။
“ဒါပေမဲ့လို့ သွေးပင်လယ်မှာ ကျင့်ကြံရဖို့ အခွင့်အရေးက ရှားရှားပါးပါးပဲ.. ကျုပ်က မတိုက်ခိုက်ရသေးဘဲနဲ့တော့ လက်မလျှော့နိုင်ဘူး.. အဲဒါကြောင့် အတတ်နိုင်ဆုံးတော့ ကြိုးစားကြည့်ရမှာပဲ.. စလိုက်ကြရအောင်”
ရွှေရောင်မီးတောက်တောင်တန်းသည် မျောက်ဝံမြူးထူးတောင်ရိုးနှင့် ဆက်ဆံရေးကောင်းမွန်ပြီး နွားရိုင်းသားရဲက မည်သည့်ရန်လိုစိတ်ကိုမှ ထုတ်မပြပေ။
“အစ်ကိုနွားရိုင်း.. စလိုက်ကြရအောင်”
ဆူဇီမိုကလည်း လက်သီးနှစ်ဖက်ကို ဆုပ်၍ နှုတ်ဆက်လိုက်ပြီး ခေါင်းကိုမော့ကာ ပြုံးပြလိုက်လေသည်။
ထိုပြိုင်ပွဲတွင် စည်းမျဉ်းစည်းကမ်းများစွာ မရှိပေ။ သို့သော်လည်း.. အမြုတေစိတ်ဝိညာဉ် တိုက်ခိုက်ခြင်းကိုတော့ တားမြစ်ထားလေသည်။
ပထမတစ်ချက်အနေဖြင့် အမြုတေစိတ်ဝိညာဉ်များကို ပထမစမ်းသပ်စစ်ဆေးမှုမှာ စစ်ဆေးခဲ့ပြီးလေပြီ။
ဒုတိယတစ်ချက်အနေဖြင့် အမြုတေစိတ်ဝိညာဉ် တိုက်ခိုက်မှုများသည် အလွန်တရာ အန္တရာယ်များလေသည်။
အတိတ်ကာလတုန်းက.. နယ်မြေနှစ်ခုမှ လက်ရွေးစင်သားရဲနှစ်ယောက်သည် သူတို့၏ အမြုတေစိတ်ဝိညာဉ်များဖြင့် အကြိတ်အနယ် တိုက်ခိုက်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက် ထိခိုက်ဆုံးရှုံးရသော ရလဒ်ကို ထွက်ပေါ်လာစေခဲ့လေသည်။ နောက်ဆုံးမှာတော့ မည်သည့်မိစ္ဆာသားရဲကမှ အသက်မရှင်နိုင်ဘဲ နှစ်ယောက်စလုံးက သေဆုံးခဲ့ကြရလေသည်။
ဘန်း.. ဘုန်း.. ဘုန်း..
နွားရိုင်းသားရဲသည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ရွှေရောင်မီးတောက်များဖြင့် လောင်ကျွမ်းကာ ခမ်းနားထည်ဝါနေ၏။ သူက ဆူဇီမိုဆီသို့ ပြေးဝင်သွားပြီး သူ၏ခွာပေါက်သံများက မိုးချုန်းသံကဲ့သို့ မြည်နေလေသည်။
ရွှေရောင်မီးတောက်တောင်တန်း၏ နွားရိုင်းသားရဲသည် အစကတည်းက သန်မာသော ကိုယ်ခန္ဓာရှိလေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် တောက်လောင်နေသော ရွှေရောင်မီးတောက်များနှင့် ထပ်ပေါင်းလိုက်ပါက သူက အလွန်တရာကို သန်မာလေသည်။
သူက စောစောက စကားတွင် နှိမ့်ချ၍ ပြောဆိုထားသော်လည်း သူ၏ရင်ထဲမှာတော့ မကျေမချမ်းမှုတစ်ခုက ရှိနေသေး၏။
ဘာပဲပြောပြော.. သူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက် ဖြစ်လေသည်။
သူက အဆင့်ကြီးတစ်ဆင့်လုံးလုံးမြင့်သော အားသာချက်ရှိပြီး ဆူဇီမိုကို ကိုယ်ကာယသန်မာမှုမှာ စိန်ခေါ်ချင်လေသည်။
ဆူဇီမိုက တုတ်တုတ်မျှ မလှုပ်ပေ။
နွားရိုင်းသားရဲက သူ့ရှေ့သို့ ပြေးဝင်လာသောအခါ သူက သူ၏လက်ဖဝါးကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်၏။ သူက ထိုသူ၏ဦးခေါင်းကို သူ၏လက်ဝါးဖြင့် သိမ်မွေ့စွာ ဖိတွန်းလိုက်လေသည်။
ဖောင်း..
သူ၏လက်ဝါးက အောက်သို့ဖိကျသွား၏။
နွားရိုင်းသားရဲ၏ အရှိန်အဟုန်က ယတိပြတ် ရပ်တန့်သွားလေသည်။
နွားရိုင်းသားရဲ၏ မျက်လုံးများသည် မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားပြီး သူ့ရှေ့တွင်ရှိသော နုနုနယ်နယ်ပုံစံနှင့် အစိမ်းရောင်ဝတ်လူကို စိုက်ကြည့်နေ၏။
သူ၏ တဟုန်ထိုး ပြေးဝင်လာသော ကြီးမားသည့် ခန္ဓာကိုယ်ကို ဤကဲ့သို့ ပုံစံဖြင့် တားဆီးလိုက်နိုင်သည်ဆိုတော့ ဒီလူရဲ့ခွန်အားက သူ့ထက် များစွာသာလွန်နေတာ သိသာလေသည်။
ဒါ့အပြင်.. ဆူဇီမိုက သူ့ကို အလွန်တရာ သက်သောင့်သက်သာစွာနှင့်ပင် တားဆီးလိုက်ခြင်း ဖြစ်လေသည်။
သူက နွားရိုင်းသားရဲကို လွယ်လင့်တကူပင် နောက်သို့ ဖိတွန်းလိုက်၏။
ပို၍ကြောက်စရာကောင်းသည်မှာ နွားရိုင်းသားရဲ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်မီးတောက်များသည် ဆူဇီမို၏လက်ဝါးနှင့် ထိတွေ့မိချိန်တွင် ငြိမ်းသေသွားကြခြင်း ဖြစ်လေသည်။
ထိုမျှသာမက.. ဆူဇီမို၏လက်ဝါးပတ်လည်ရှိ ရွှေရောင်မီးတောက်များသည် ငြိမ်းသေသွားပြီး နောက်သို့ ဆက်တိုက်ဆုတ်သွားလေသည်။ အဲဒါက ကြောက်မက်ဖွယ်ရာကောင်းသော တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည့်အလားပင်။
နွားရိုင်းသားရဲက မယုံကြည်နိုင်အောင် အံ့အားသင့်သွားရ၏။
ဆူဇီမိုကလည်း ခဏမျှ ကြောင်အသွားပြီးနောက် တဖြည်းဖြည်း နားလည်သဘောပေါက်သွားလေသည်။
သူ ဆန့်ထုတ်လိုက်သော လက်ဖဝါးသည် နတ်ဖီးနစ်အရိုး ပါရှိသော လက်ဝါးဖြစ်လေသည်။
နွားရိုင်းသားရဲ၏ မီးတောက်များက ဘယ်လိုပင်သန်မာပါစေ.. သူတို့က နတ်ဖီးနစ်၏ မီးတောက်များကိုတော့ နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုက သူ့လက်ဖဝါးကို ပြတ်ရုတ်သိမ်းလိုက်၏။ နွားရိုင်းသားရဲက ဆက်လက်၍ မတိုက်ခိုက်တော့ဘဲ ခေါင်းအနည်းငယ်စိုက်ချကာ ရှုံးနိမ့်မှုကို လက်ခံ၍ ဆုတ်ခွာသွားလိုက်၏။
သိပ်မကြာမီ.. ပထမအချီက ပြီးဆုံးသွားပြီး မိစ္ဆာသားရဲ အယောက် ၅၀ကို ဖယ်ရှားရှင်းလင်းလိုက်လေပြီ။
အံ့အားသင့်ဖို့ မကောင်းစွာပင်.. ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၊ ငွေရောင်ဝတ်လူနှင့် မိတ်ကပ်အဖွေးသားနှင့် အမျိုးသမီးတို့ကလည်း ဒုတိယအချီသို့ တက်လှမ်းနိုင်ခဲ့လေသည်။
တစ်ကိုယ်တော်တိမ်စိုင်ကလည်း သူ၏ပြိုင်ဘက်ကို အနိုင်ယူပြီး ချောချောမွေ့မွေ့ တက်လှမ်းနိုင်ခဲ့လေသည်။
ဆူဇီမိုသည် ဒုတိယအချီတွင်လည်း သူ၏ပြိုင်ဘက်ကို သက်သောင့်သက်သာနှင့်ပင် ဖိနှိမ်နိုင်ခဲ့လေသည်။
တတိယအချီမှာတော့ ဆူဇီမိုက ဘေးထွက်ထိုင်ရလေသည်။
စတုတ္ထအချီမှာတော့ သူ၏ပြိုင်ပွဲစင်မြင့်တွင် သူနှင့် ဟင်္သာပြဒါး တိမ်လွှာတောင်ကြားမှာ မိစ္ဆာသားရဲတစ်ယောက်သာလျှင် ကျန်ရှိတော့လေသည်။
ထိုမိစ္ဆာသားရဲက ဖားပြုတ်တစ်ကောင်အဖြစ် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီး ကျောက်စိမ်းရောင်မျက်လုံးများဖြင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။ သူက ရှေ့သို့ အရမ်းကာရော ပြေးဝင်ရဲခြင်း မရှိဘဲ ထိုအစား ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
ပျစ်ချွဲချွဲ အစိမ်းရောင် အရည်လုံးတစ်လုံးက လေထဲကနေ ပျံသန်းလာ၏။
ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဉ်းလိုက်လေသည်။
ထိုအရည်လုံးသည် ဓမ္မစွမ်းအားများဖြင့် ဖွဲ့စည်းထားရုံသာမက အဲဒီမှာ အဆိပ်ဓာတ်များကလည်း ပါဝင်လေသည်။
သို့သော်လည်း.. ထိုအဆင့်မှာရှိသော အဆိပ်က ဆူဇီမိုကို ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမို၏သွေးချီက ရုန်းကြွလာပြီး သူက ထိုအရည်လုံးကို သာမန်ပုံစံနှင့်ပင် ရိုက်ချလိုက်၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီးနောက် ဖားပြုတ်၏ရှေ့မှာ ချက်ချင်းပေါ်လာလေသည်။
ဇီး
ရုတ်တရက်ဆိုသလို..
ဖားပြုတ်၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီး ပြိုးပြိုးပြက်ပြက် အလင်းရောင်များက လျှံထွက်လာလေသည်။
စက္ခုနည်းစနစ်။
အဇူရာမျက်လုံး ဖားပြုတ်သည် မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်ဖြစ်ပြီး စက္ခုနည်းစနစ်သည် သူတို့၏ အထွတ်အထိပ်သတ်ဖြတ်ကွက်များထဲမှာ တစ်ခုလည်းဖြစ်လေသည်။
ကံမကောင်းစွာနှင့်ပင် သူက ဆူဇီမိုနှင့် ရင်ဆိုင်နေရလေသည်။
ဆူဇီမိုက အဲဒါကို မခုခံဘဲ သူ၏မျက်လုံးများကိုသာ မှိတ်ထားလိုက်၏။ ပြိုးပြိုးပြက်ပြက် အလင်းရောင်များက ဆူဇီမို၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ အဲဒါက သူ့ခန္ဓာကိုယ်၏ ခံစစ်ကိုပင် မထိုးဖောက်နိုင်ပေ။
“မင်းရဲ့ စက္ခုနည်းစနစ်က မီးဓာတ်စွမ်းအား ချို့တဲ့နေတယ်”
ဆူဇီမိုက ညင်သာစွာပြုံး၍ သူ၏ဝတ်ရုံစကို လှုပ်ခါလိုက်၏။ သူက ကြီးမားသည့် ဖားပြုတ်ကြီးကို လွှဲယမ်းပြီး ပြိုင်ပွဲစင်မြင့်အောက်သို့ ပစ်ချလိုက်လေသည်။
နောက်ဆုံးမှာတော့.. ဆူဇီမိုသည် အနိုင်ရရှိသွားပြီး သွေးပင်လယ်မှာ ကျင့်ကြံဖို့အတွက် နေရာတစ်နေရာ ရရှိသွားခဲ့လေသည်။
အရှင်သခင် ၇ယောက်က စိတ်ခံစားချက်ကင်းမဲ့နေကြ၏။
သူတို့အားလုံးက အဲဒါကို မျှော်လင့်ထားပြီး ဖြစ်လေသည်။
သိပ်မကြာမီ.. အခြားသော ပြိုင်ပွဲစင်မြင့် ၉ခုမှ ရလဒ်များကလည်း ထွက်ပေါ်လာခဲ့လေပြီ။
ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေးအပြင် ဈာန်ပျံဆိတ်တောင်ထွတ်၏ နောက်ထပ်ပိုင်နက်အရှင်တစ်ယောက်ကလည်း ကျင့်ကြံဖို့ အခွင့်အရေးတစ်ခုကို ရရှိခဲ့လေသည်။
ငွေလတောင်ကြားနှင့် ဟင်္သာပြဒါး တိမ်လွှာတောင်ကြားမှ မိစ္ဆာသားရဲနှစ်ယောက်စီကလည်း ထိုအခွင့်အရေးများကို ရရှိခဲ့ကြလေသည်။
ရွှေရောင်မီးတောက်တောင်တန်း၊ ဇဝေဇဝါ မြူခိုးရွှံ့ညွန်၊ မြွေတစ်ထောင်ကျွန်းနှင့် မျောက်ဝံမြူးထူးတောင်ရိုးတို့ကတော့ မိစ္ဆာသားရဲတစ်ယောက်စီသာ နောက်ဆုံးကျန်ရစ်ခဲ့ကြလေသည်။
ကံမကောင်းစွာနှင့်ပင်.. တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏နောက်ဆုံးတိုက်ပွဲကို ရှုံးနိမ့်သွားပြီး ကျင့်ကြံဖို့ နေရာတစ်နေရာကို မရရှိနိုင်ခဲ့ပေ။