ဖြေရှင်းချက်ပေးနေရဦးမှာလား
Vol. 7 Ch. 92
အခန်း (၉၂) ဖြေရှင်းချက်ပေးနေရဦးမှာလား
ခွန်လွန်တောင်မှ ထွက်ခွာလာကတည်းက ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။
သစ်ရွက်အမြင်တန်ခိုးစွမ်းအားက ရန်သူ၏ တည်နေရာကို အကြမ်းဖျင်းသိရှိနိုင်ရန် ကူညီပေးသည်။
ထို့ကြောင့်… မြောက်ရှိုး ရှိနေသည့်နေရာကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်၏။
ကျန်းလန် အလွန်သတိထားပြီး မြောက်ရှိုးထံသို့ ချဉ်းကပ်လာခဲ့သည်။
သစ်ရွက်အမြင်တန်ခိုးစွမ်းအားဖြင့် ဖုံးကွယ်ထားသောကြောင့် သူ… မည်သူမည်ဝါဖြစ်ကြောင်း မြောက်ရှိုး သိရှိနိုင်မည် မဟုတ်ပေ။
မြောက်ရှိုးပုန်းအောင်းနေသည့် လိုဏ်ဂူအနီးသို့ ချဉ်းကပ်မိသည်နှင့် မြောက်ရှိုးတစ်ယောက်တည်းသာ ရှိသည်ကို သိရှိလိုက်သည်။
အခြား အကြီးအကဲ (၃)ယောက် မြောက်ရှိုးနှင့်အတူ ရှိမနေခဲ့ပေ။
ထို့ကြောင့်… ကျန်းလန် ချက်ချင်းပင် မြောက်ရှိုးကို တိုက်ခိုက်ရန် ရွေးခြယ်လိုက်သည်။
တစ်ဖက်လူက သူ့ကိုသတ်ဖြတ်ရန် အရင်ဦးစွာ ကြံစည်ခဲ့သည်ဖြစ်ရာ သူ့အနေဖြင့် မည်သည့်နည်းနှင့်မှ အလွတ်မပေးနိုင်ပေ။
ဤသို့သော ရန်သူမျိုးကို အသက်ရှင်ခွင့်ပေးလိုက်ပါက ရန်မီးကို မွေးထားသလို ဖြစ်ပေမည်။
ထို့ကြောင့်…
"ဘာလို့ အဲဒီလိုဖြစ်နေရတာလဲဆိုတော့ မင်းကို ထင်ယောင်ထင်မှားဖြစ်အောင် ခွန်လွန်တောင်တံခါးမှာပဲ တည်နေရာကို ပြထားခဲ့လို့ပဲ…"
ပြောပြီးသည်နှင့် ကျန်းလန်က ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားနှင့်အတူ နွားရိုင်းကိုးကောင်စွမ်းအားကိုပါ ထုတ်ဖော်လိုက်သည်။
နွားရိုင်းကိုးကောင်စွမ်းအားကို ဝိညာဉ်ဖိနှိပ်စွမ်းအားဖြင့် ပေါင်းစပ်လိုက်သည်။
ထို့နောက်… တစ်ဖက်လူ အံ့အားသင့်နေသည်ကို အခွင့်ကောင်းယူကာ ချက်ချင်းပင် လက်သီးဖြင့် ထိုးချလိုက်၏။
မြောက်ရှိုးကို သတ်ဖြတ်ရန် အခွင့်ကောင်းကို အသုံးချလိုက်ခြင်းပင်…။
"ဘုန်း…"
သို့သော်… ကျန်းလန်၏ လက်သီးချက်ဝင်ရောက်လာသည်နှင့် မြောက်ရှိုး၏ ခန္ဓာကိုယ်ထက်မှ မရေမတွက်နိုင်သည့် မှော်ဝင်ပစ္စည်းများ ထွက်ပေါ်လာကာ လက်သီးချက်ကို ကာကွယ်ထားလိုက်သည်။
မြောက်ရှိုးက သူ့ကိုယ်သူကာကွယ်ရန် အစကတည်းက ပြင်ဆင်ထားဟန် ရှိသည်။
သို့သော်… ကျန်းလန်၏ တိုက်ခိုက်မှုက ရပ်တန့်မသွားခဲ့ပေ။
"ဘန်း…"
"ဘန်း…"
မြောက်ရှိုး၏ မှော်ဝင်ပစ္စည်းများ တစ်ခုပြီးတစ်ခု အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
မှော်ဝင်ပစ္စည်းများကြောင့် ကျန်းလန်၏ လက်သီးချက် တုံ့နှေးသွားစဉ် မြောက်ရှိုးက ရန်သူကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
သူ၏ မျက်ခုံး (၂)ခုကြားတွင် "မိုးကောင်းကင်" ဆိုသည့် စာလုံး ထွက်ပေါ်လာသည်။
ထို့နောက်… မြောက်ရှိုး၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသည့် စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။
လျှို့ဝှက်ကျင့်စဉ်တစ်ခုခုကို မြောက်ရှိုးထုတ်ဖော်လိုက်လေသလား…။
"ဝုန်း…"
မှော်ဝင်ပစ္စည်းများ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
ထို့နောက်… ကျန်းလန်၏ လက်သီးက မြောက်ရှိုးဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။
မြောက်ရှိုးက သူ၏ လက်သီးကို ရှောင်တိမ်းရန်ကြိုးစားမည်ဟု ကျန်းလန် ထင်ခဲ့မိသည်။ သို့သော်… ကျန်းလန်၏ တွက်ချက်မှု မှားယွင်းသွားခဲ့သည်။
တစ်ဖက်လူက ကျန်းလန်၏ လက်သီးချက်ကို မရှောင်တိမ်းဘဲ လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်ရန် ရွေးခြယ်ခဲ့သည်။
ကောင်းကင်ဘုံနှင့်လူသားပေါင်းစည်းခြင်း လျှို့ဝှက်ကျင့်စဉ်က မြောက်ရှိုးကို ယာယီအားဖြင့် မရှိမှုအာကာသအဆင့်သို့ ရောက်ရှိသွားစေသည်။
ထို့ကြောင့်… သူ၏စွမ်းအားများ ရုတ်တရက်မြင့်တက်လာပြီး ရန်သူကို ရင်ဆိုင်ရန် သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေသည်။
"ဘုန်း…"
ကျောက်ဂူတစ်ခုလုံး တုန်လှုပ်သွားပြီး ကျယ်လောင်သည့် အသံကြီးတစ်သံ မြည်ဟည်းလာသည်။
ဤနေရာက ခွန်လွန်တောင်နှင့် အတော်လေးဝေးကွာသောကြောင့် တော်သေးသည်။ မဟုတ်ပါက သူတို့ (၂)ယောက်၏ တိုက်ပွဲကို အခြားသူများ ရိပ်မိသွားနိုင်၏။
ကျန်းလန်၏ လက်သီးချက်ကို ရင်ဆိုင်လိုက်ရသည်နှင့် မြောက်ရှိုး၏ ခန္ဓာကိုယ် လွင့်စင်ထွက်သွားသည်။
သူ၏ လက်တစ်ဖက်မှာလည်း သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။
ကျန်းလန်ကတော့ နောက်သို့ ခြေတစ်လှမ်းပင် မယိမ်းယိုင်ဘဲ နေရာတွင်ပင် မားမားမတ်မတ်ရပ်လျှက်ရှိ၏။
ကျန်းလန်က မြောက်ရှိုးကို စိုက်ကြည့်နေရင်း တစ်ချိန်တည်း ပတ်ဝန်းကျင်ကိုလည်း သတိထားအကဲခတ်လိုက်သည်။
ဤလိုဏ်ဂူထဲတွင် မြောက်ရှိုးမှလွဲပြီး အခြားသူများ ရှိမနေကြောင်း သိရှိလိုက်သည်။
မြောက်ရှိုးက သွေးမှုံများအဖြစ် ပြောင်းလဲသွားသော သူ၏လက်ကို မယုံကြည်နိုင်စွာကြည့်ရင်း မျက်နှာက ရှုံ့မဲ့လျှက် ရှိသည်။
မြောက်ရှိုးက…
"မင်း ဘယ်သူလဲ…"
ကျန်းလန်က အေးဆေးသည့်လေသံဖြင့်…
"မင်းပဲ ကျုပ်ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ မဟုတ်ဘူးလား…"
စကားမဆုံးမီပင် ကျန်းလန်က ထပ်မံတိုက်ခိုက်လိုက်သည်။
မတော်တဆ ရန်သူလွတ်မြောက်သွားမည်ကို ကျန်းလန် မလိုလားပေ။ တစ်ခါတည်း အပြတ်ရှင်းရမည် ဖြစ်၏။
ကျန်းလန်၏ စကားကြောင့် မြောက်ရှိုး အံ့သြမှင်တက်သွားသည်။
ချက်ချင်းပင် သူရင်ဆိုင်နေရသူ မည်သူဖြစ်ကြောင်း ရိပ်မိသွားသည်။
"နဝမမတောင်ထွတ်မှ တပည့်…"
သို့သော်… သူ့အတွေးမဆုံးမီမှာပင် ကျန်းလန်၏ လက်သီးချက်က သူ့ထံ ဝင်ရောက်လာသည်။
ကျန်းလန်၏ လက်သီးချက်ဝင်ရောက်လာသည်နှင့် မြောက်ရှိုး၏မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။
မြောက်ရှိုး ချက်ချင်းပင် ကျန်ရှိနေသည့်လက်တစ်ဖက်ဖြင့် သူ့ကိုယ်သူကာကွယ်ရန် အသင့်ပြင်လိုက်သည်။
"လက်စသတ်တော့… မင်းက မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာကိုး… ၊ ဒါပေမဲ့… မင်း အခုနေ ကျုပ်ကို မသတ်နိုင်ရင် ဘယ်တော့မှ နောက်တစ်ကြိမ် အခွင့်အရေးရတော့မယ် မထင်နဲ့…"
မြောက်ရှိုး၏ စကားကို ကျန်းလန်က အရေးမစိုက်ပေ။
မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်၏ ပြင်းထန်လှသည့် လက်သီးချက်က မုန်တိုင်းတစ်ခုပမာ မြောက်ရှိုး၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
"ဘုန်း…"
မြောက်ရှိုး ကျန်းလန်ကို စိုက်ကြည့်နေ၏။
ထို့နောက်… ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ရာ မရေမတွက်နိုင်သည့် ပုံရိပ်ယောင်ကိုယ်ခွဲများ ထွက်ပေါ်လာသည်။
ကိုယ်ခွဲများက များပြားလွန်းလေရာ ကျန်းလန်အနေဖြင့် အစစ်အမှန်နှင့်အတုအယောင်ကို ခွဲခြားရန် ခက်ခဲလှသည်။
ကျန်းလန် ဝေခွဲမရ ဖြစ်သွားချိန်ကို အခွင့်ကောင်းယူကာ ရန်သူကို သတ်ဖြတ်ပစ်ရန် မြောက်ရှိုး ကြံစည်လိုက်သည်။
"ခရက်…"
သို့သော်… အက်ကွဲသံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် မိုးနှင့်မြေကို ဖြတ်ကျော်ပြီး သူ့ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက်ဝင်ရောက်လာသည့် လက်သီးချက်တစ်ချက်ကို တွေ့မြင်လိုက်ရသည်။
"မဟုတ်ဘူး… ဒါ မဖြစ်နိုင်ဘူး… မင်း ငါ့ရဲ့ ပုံရိပ်ယောင်ကိုယ်ခွဲတွေကို ဘယ်လိုလုပ် ချိုးဖျက်လိုက်နိုင်တာလဲ…"
သို့သော်… နောက်ကျသွားခဲ့ပေပြီ…။
ကျန်းလန်၏ လက်သီးချက်က မြောက်ရှိုး၏ ကိုယ်ခွဲတစ်သောင်းတန်ခိုးစွမ်းအားကို တစ်စစီ ဖြိုခွင်းပစ်လိုက်ပြီး လက်သီးချက်က ဦးခေါင်းတည့်တည့်သို့ ဝင်ရောက်လာသည်။
မြောက်ရှိုးတုန်လှုပ်စွာဖြင့်…
"မလုပ်ပါနဲ့… ကျုပ်ကို မသတ်ပါနဲ့… ကျုပ်ရှုံးတယ်ဆိုတာ ဝန်ခံပါတယ်…"
"ဘန်း…"
လက်သီးချက်က ပျံသန်းဝင်ရောက်လာပြီး သွေးမှုံများ နေရာအနှံ့လွင့်စင်ထွက်သွားသည်။
မြောက်ရှိုး၏ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး သွေးမှုံများအဖြစ် ပြောင်းလဲသွား၏။
ကျန်းလန် လက်သီးချက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
"ဒါက ပြိုင်ပွဲမဟုတ်ဘူးကွ… သူသေကိုယ်သေတိုက်ပွဲ…"
အသက်ကင်းမဲ့နေပြီဖြစ်သော မြောက်ရှိုးကိုကြည့်ရင်း ကျန်းလန် ရေရွတ်လိုက်သည်။
သူက စပြီး မြောက်ရှိုးကို သတ်ဖြတ်ခြင်း မဟုတ်ပေ။ တစ်ဖက်လူက သူ့ကို သတ်ဖြတ်ရင် အရင်ကြံစည်သည့်အတွက် သူက ရှင်းပစ်ရခြင်းသာ ဖြစ်သည်။
မြောက်ရှိုး အသက်ပျောက်သွားသည်နှင့် ကျန်းလန် လိုဏ်ဂူထဲမှ ချက်ချင်းထွက်ခွာလာခဲ့သည်။
အဖြစ်အပျက်များကို အခြားသူများ ရိပ်မိသွားမည်ကို ကျန်းလန် မလိုလားပေ။
ကျန်းလန် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုလိုက်ပြီး ချက်ချင်းပင် ခွန်လွန်တောင်ခြေသို့ ရောက်ရှိသွားသည်။
လမ်းမထက်တွင် ခပ်ဖြည်းဖြည်းလမ်းလျှောက်နေရင်း သူ… မြောက်ရှိုးအကြောင်း စဉ်းစားနေမိသည်။
"နတ်လူသားမျိုးနွယ်တွေက တကယ် မရိုးရှင်းဘူး… ၊ သူတို့မှာ ကျင့်ကြံခြင်းဆင့်ကို ယာယီမြှင့်တင်နိုင်တဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခု ရှိနေတယ်… ၊ နောက်ဆို ပိုပြီးသတိထားရမယ်… ၊ ပြီးတော့ မြောက်ရှိုးက ငါ့ကို သတ်ဖို့ကြံစည်တာကိုကြည့်လိုက်ရင် နတ်လူသားမျိုးနွယ်တွေက ငါ့ကို အတော်လေး မကျေမနပ်ဖြစ်နေတဲ့ပုံပဲ…"
နတ်လူသားမျိုးနွယ်များ၏ ကောင်းကင်လှေကားအဆုံးထိ ကျန်းလန် တက်ရောက်လိုက်ခြင်းက သာမန်ကိစ္စမဟုတ်ပေ။
နတ်လူသားမျိုးနွယ်များအနေဖြင့် မည်သည့်နည်းနှင့်မှ မကျေနပ်နိုင်သည်မှာ ထင်ရှားနေသည်။
ထို့ပြင်… မြောက်ရှိုး အသတ်ခံလိုက်ရသည့်အကြောင်းကိုလည်း အနှေးနှင့်အမြန် အခြားသူများသိရှိသွားမည် ဖြစ်သည်။
မြောက်ရှိုးကို သတ်ဖြတ်လိုက်သူက သူဖြစ်သည်ဟု မည်သူမှ သံသယဝင်ကြမည် မဟုတ်ပေ။ သို့သော်… သူက မြောက်ရှိုးကို အနိုင်ယူခဲ့သူဖြစ်သောကြောင့် သူ့ကိုတော့ ပိုပြီး သတိထားမိလာကြပေလိမ့်မည်။
"ငါ အင်မော်တယ်ဖြစ်ဖို့ စမ်းသပ်ခံရတဲ့အဆင့်ကို ဖြတ်ကျော်တဲ့အခါ… ဒီ နတ်လူသားမျိုးနွယ်တွေနဲ့ ဝေးဝေးနေဖို့လိုတယ်…"
ကျန်းလန်တွေးလိုက်သည်။
ယှဉ်ပြိုင်ပွဲတွင် မြောက်ရှိုးကို အနိုင်ယူခဲ့ခြင်းကြောင့် သူ့ကို လူအများက မျက်စိကျနေပြီ ဖြစ်သည်။
သို့သော်… သူက ရွှေပြဒါးအမြုတေအဆင့် ဘောင်အတွင်းမှာပင် ယှဉ်ပြိုင်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကိုတော့ မည်သူမှ သံသယဝင်ကြမည် မဟုတ်ပေ။
ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး သေရည်ဆိုင်ရှိရာသို့ ထွက်ခွာလာခဲ့သည်။
နောက်ပိုင်းရက်များတွင်တော့… နဝမတောင်ထွတ်တွင်သာ ပုန်းအောင်းရင်း ကျင့်ကြံနေရန် ဆုံးဖြတ်လိုက်မိ၏။
………………
ခွန်လွန်တောင်၏ အဝေးတစ်နေရာ…
ကြီးမားသည့် မှော်ဝင်ယဉ်ပျံကြီးတစ်စင်း ကောင်းကင်ထက်တွင် ပျံသန်းလျှက် ရှိလေသည်။
ထိုယဉ်ပျံကြီးမှာ စိန်ခေါ်ပွဲ ရှုံးနိမ့်ပြီး အရှက်ကွဲကာ ခွန်လွန်တောင်မှ ပြန်လာသည့် နတ်လူသားမျိုးနွယ်များ၏ မှော်ဝင်ယဉ်ပျံကြီး ဖြစ်၏။
ယဉ်ပျံအတွင်းခန်းတွင် မြောက်ထျန်းနှင့် အခြားအကြီးအကဲ (၂)ယောက် စကားပြောဆိုနေကြသည်။
မြောက်ထျန်းက လီကျီးနှင့် နန်ယိကို လှမ်းကြည့်လိုက်ရင်း…
"နဝမတောင်ထွတ်ကတပည့်ကို မင်းတို့လည်း တွေ့ခဲ့ကြတယ် မဟုတ်လား…"
လီကျီးက ခေါင်းညိတ်လိုက်ရင်း…
"ဒီကောင်က ကောင်းကင်လှေကားကို စံချိန်ချိုးအောင် တက်ပြသွားတာ… ၊ ပါရမီရှင်တစ်ယောက်မဟုတ်ပေမယ့် လျှော့တွက်လို့ မရဘူး… ၊ အထူးသဖြင့် ဒီကောင်က ကျုပ်တို့ နတ်လူသားမျိုးနွယ်တွေအတွက် ပြဿနဖြစ်လာနိုင်တယ်… "
မျက်လုံးများကို မှိတ်ထားသည့် နန်ယိက…
"ဒီကောင်က မိုးထက်ယံချီလှေကားထစ်ရဲ့ နောက်ဆုံးစမ်းသပ်ချက်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့တယ်… ၊ ဒီတော့ ကောင်းကင်ဧကရာဇ်ကျမ်းစာကို အာရုံခံမိသွားနိုင်တယ်… ၊ နတ်လူသားမျိုးနွယ်မဟုတ်တဲ့ အခြားလူတစ်ယောက်လက်ထဲကိုသာ ကောင်းကင်ဧကရာဇ်ကျမ်းစာ ရောက်သွားရင် ဘာတွေဖြစ်မလဲ မသိနိုင်ဘူး…"
လောကတွင် ကျန်းလန်ကဲ့သို့ လူတစ်ယောက်ရှိနေခြင်းက သူတို့ကို အမှန်တကယ် အံ့အားသင့်စေသည်။
အကယ်၍ ကျန်းလန်သာ နတ်လူသားမျိုးနွယ်မှ တပည့်ဖြစ်ပါက သူတို့အားလုံး ပျော်ရွှင်ဂုဏ်ယူမိကြမည် ဖြစ်သည်။
သို့သော်… ယခုတော့ ထိုလူငယ်က ခွန်လွန်တောင်မှ ဖြစ်နေလေရာ အပြတ်ရှင်းပစ်နိုင်မှ တန်ရုံကျပေမည်။
ထို့ပြင်… ထိုလူငယ် ကြားဝင်နှောက်ယှက်သည့်အတွက် ကျောက်စိမ်းရေကန်သို့ သွားရောက်လိုသည့် သူတို့၏ အစီအစဉ်လည်း ပျက်စီးခဲ့ရသည် မဟုတ်ပါလား။
နန်ယိက…
"အင်း… ကျောက်စိမ်းရေကန်ကိုသွားဖို့ကတော့ နောက်ထပ် အခွင့်အရေးတစ်ခု ရှာကြတာပေါ့… ၊ အခုချက်ချင်းကတော့ အဆင်ပြေမှာမဟုတ်ဘူး… ၊ ပြီးတော့ လှုပ်ရှားလို့လည်း မကောင်းဘူးလေ…"
လီကျီးက…
"ဒါဖြင့် အမှောင်မြို့တော်ကိုရှာဖွေဖို့ အရင်စီစဉ်ကြတာပေါ့…"
ထိုစဉ်…
"အဲဒီအလုပ်ကို ကျုပ်လုပ်လိုက်မယ်လေ… ဘယ်လိုလဲ…"
ယဉ်ပျံအပြင်ဘက်မှ စကားသံတစ်သံ ထွက်ပေါ်လာသည်။
မြောက်ထျန်းနှင့် အခြားသူများ ချက်ချင်းပင် အံ့သြတုန်လှုပ်သွားကြသည်။
သူတို့ ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံး ပိတ်ဆို့ခံလိုက်ရပြီး မှော်ဝင်ယဉ်ပျံကြီး ရပ်တန့်သွားသည်ကို ခံစားလိုက်မိကြသည်။
မြောက်ထျန်းက အော်ဟစ်မေးမြန်းလိုက်၏။
"ဘယ်သူလဲ…"
တစ်ဖက်လူက ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင်… သူတို့ ပြောဆိုဆွေးနွေးနေကြသည့် စကားများကိုလည်း ကြားသွားဟန် ရှိ၏။
သူတို့ပြောသည့်စကားများကို တိတ်တဆိတ်နားထောင်နေသည်ဆိုကတည်းက ထိုသူရောက်ရှိလာခြင်းမှာ ကောင်းသည့်ရည်ရွယ်ချက် မဖြစ်နိုင်ပေ။
"ကျုပ်… ဘယ်သူလဲ… ဟုတ်လား…"
ရုတ်တရက်… ပြင်းထန်သည့် စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာပြီး မှော်ဝင်ယဉ်ပျံကြီး၏ တံခါး တစ်စစီ ပြိုကျသွားသည်။
ထို့နောက်… အပြင်ဘက်မှ အေးစက်သည့်အသံတစ်သံ ထွက်ပေါ်လာ၏။
"ကျုပ်တပည့်ကို သတ်ဖို့တွေးနေတဲ့လူတွေက ကျုပ် ဘယ်သူလဲဆိုတာ မေးခွန်းထုတ်နေရသေးတယ်… ၊ မင်းတို့ကောင်တွေက သောက်ရူးတွေပဲ…"
မြောက်ထျန်းက လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ပြီး ပျက်စီးသွားသည့် တံခါးအပိုင်းအစများကို ဖယ်ရှားလိုက်သည်။
ထိုအခါ… တံခါးအပြင်ဘက်တွင် လေထုထဲတွင် ရပ်နေသည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။
ထိုသူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဝတ်အစားများက လေထဲတွင် လွင့်ပျံလျှက် ရှိသည်။ မျက်ဝန်းများက စူးရှတောက်ပနေပြီး မျက်နှာထားကလည်း တင်းမာခက်ထန်လျှက် ရှိသည်။
"မော့ကျန်းသုန့်…"
လူရွယ်ကိုကြည့်ပြီး မြောက်ထျန်း ရေရွတ်လိုက်သည်။
မြောက်ထျန်းက…
"မင်းတို့ ခွန်လွန်တောင်က ဘာဖြစ်ချင်တာလဲ…"
မော့ကျန်းသုန့်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း…
"ဟက်… ဘာတွေလာမေးနေတာလဲ…"
မော့ကျန်းသုန့်က အေးစက်စွာစွာဖြင့်…
"ကျုပ်ကိုယ်တိုင်ရောက်လာတာတောင်မှ ဘာဖြစ်ချင်လဲဆိုတာ မသိသေးဘူးလား… အကြီးအကဲ'မြောက်'…"
စကားဆုံးသွားသည်နှင့် မော့ကျန်းသုန့်၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသည့် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။
သူ့ပုံစံက အရာအားလုံးကို ဖျက်စီးပစ်တော့မည့် နတ်ဆိုးတစ်ကောင်အလား ဖြစ်သည်။
လီကျီးနှင့် နန်ယိတို့၏ မျက်နှာများ ချက်ချင်း အေးစက်ခက်ထန်သွားကြ၏။
လီကျီးက မော့ကျန်းသုန့်ကို စိုက်ကြည့်လိုက်ပြီး…
"မော့ကျန်းသုန့်… မင်းက ကျုပ်တို့ကို သတ်မလို့လား… ၊ ကျုပ်တို့က အခု ခွန်လွန်တောင် ပတ်ဝန်းကျင်မှာပဲ ရှိနေသေးတာနော်… ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး နတ်လူသားမျိုးနွယ်တွေကို မင်း… ဘယ်လို ဖြေရှင်းချက်ပေးမှာလဲ…"
မော့ကျန်းသုန့်က မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း…
"ဖြေရှင်းချက်… ဟုတ်လား…"
မော့ကျန်းသုန့်က လီကျီးနှင့် နန်ယိကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
"မတွေးတတ် မခေါ်တတ်နဲ့… မင်းတို့က နို့နံ့မစင်သေးတဲ့ ကလေးတွေလား… ၊ မင်းတို့အားလုံးကို သတ်ပစ်လိုက်မှတော့ ဘာဖြေရှင်းချက် ပေးနေစရာ မလိုတော့ဘူး… ၊ ပြီးတော့… ဖြေရှင်းချက်ပေးရအောင် ခွန်လွန်တောင်က မင်းတို့နဲ့ ဘာပတ်သက်လို့လဲ…"
မြောက်ထျန်းက မော့ကျန်းသုန့်ကို အေးစက်စွာကြည့်လိုက်သည်။
"တာအိုရောင်းရင်း'မော့'… ၊ ကျုပ်တို့က ရန်သူတွေမဟုတ်ပါဘူး… ကျုပ်တို့ အာလုံးကို သတ်ပစ်မယ်လို့ပြောနေတာ တဆိတ် မလွန်လွန်းဘူးလား…"
"ဟားဟား…"
မော့ကျန်းသုန့် ရယ်မောလိုက်သည်။
"ဟက်… မင်းတို့ကျ ကျုပ်တပည့်ကို သတ်ပစ်ဖို့ ကြံစည်နေကြတာ မဟုတ်ဘူးလား… ၊ ဘာလဲ … ကျုပ်တပည့် သေတာစောင့်ပြီးမှ မင်းတို့ကို လက်စားလာချေရမှာလား သောက်ရူးတွေရ…"
မော့ကျန်းသုန့်က တန်ခိုးစွမ်းအားများကို စုစည်းလိုက်ရင်း…
"မင်းတို့ ကျုပ်တပည့်ကို မသတ်ခင် မင်းတို့ကို အရင်ဦးအောင် သတ်ပစ်မယ်…"
"ဘုန်း…"
ချက်ချင်းပင် မော့ကျန်းသုန့်၏ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။
မိုးနှင့်မြေတစ်ခွင် တဟုန်းဟုန်း မြည်ဟည်းသံများထွက်ပေါ်လာပြီး လျှပ်စီးတစ်ချက်လင်းလက်သွားသည်။
ကြောက်မက်ဖွယ်ရာ မိုးကြိုးတစ်ချက်ကျရောက်လာပြီး မှော်ဝင်ယဉ်ပျံကြီး အပိုင်းပိုင်းပြတ်သွားသည်။
"ဘုန်း…"
လျှပ်စီးများက မှော်ဝင်ယဉ်ပျံကြီးကို ဖုံးလွှမ်းနေပြီး နောက်ဆုံး ယဉ်ပျံကြီးတစ်ခုလုံး အမှုန့်ဖြစ်ကာ လေထဲသို့ လွင့်ပြယ်ပျောက်ကွယ်သွားသည်။
ထိုအချိန်မှာပင်…
နတ်လူသားမျိုးနွယ်အကြီးအကဲ"မြောက်ထျန်း" ၏ ခန္ဓာကိုယ်မှ ကိုယ်ခွဲတစ်ထောင်စွမ်းအားထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး မြောက်ထျန်း၏ ကိုယ်ခွဲများဖြင့် ပြည့်နက်သွားသည်။
"မော့ကျန်းသုန့်… မင်းက ကျုပ်တို့ကို သတ်လို့ရမယ်လို့ ထင်နေတာလားကွ…"