← Chapters

နောက်ဆုံးမှာစရာရှိတာမှာခဲ့ကြ

Vol. 7 Ch. 93

နောက်ဆုံးမှာစရာရှိတာမှာခဲ့ကြ

Vol. 7 Ch. 93

အခန်း (၉၃) နောက်ဆုံးမှာစရာရှိတာမှာခဲ့ကြ

မြောက်ထျန်းက ကိုယ်ခွဲတစ်သောင်းတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။

ပတ်ဝန်းကျင်တွင် လျှပ်စီးမိုးကြိုးများ လင်းလက်နေသည့်တိုင် သူ့ကို ထိခိုက်ခြင်း မရှိပေ။

မြောက်ထျန်း၏ ဘေးတစ်ဖက်တစ်ချက်ဆီသို့ လီကျီးနှင့် နန်ယိ ရောက်ရှိလာသည်။ သူတို့က တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြ၏။

သူတို့က (၃)ယောက်ပေါင်းပြီး မော့ကျန်းသုန့်ကို တန်ပြန်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

မော့ကျန်းသုန့်က ရန်သူ (၃)ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

သူက လျှပ်စီးမိုးကြိုးတန်ခိုးစွမ်းအားများကို ထုတ်ဖော်ထားလေရာ သူ့ပတ်ဝန်းတစ်ခုလုံး လျှပ်စီးများ တဖျတ်ဖျတ်လင်းလက်လျှက် ရှိသည်။

မော့ကျန်းသုန့်က…

"ဟွန်း… မင်းတို့တွေ ဘယ်လိုတန်ခိုးစွမ်းအားတွေ သင်ယူထားသလဲ… မဟာတာအိုလမ်းစဉ်ကိုရော ဘယ်လောက်ထိ နားလည်ပြီးကြပြီလဲ…"

မျက်လုံးများ မှိတ်ထားလေ့ရှိသည့် နန်ယိက ထူးခြားစွာ မျက်လုံး ဖွင့်ကြည့်လိုက်သည်။

"ကျုပ်တို့ သင်ယူထားတဲ့ တန်ခိုးစွမ်းအားတွေက သိပ်မများသလို မဟာတာအိုလမ်းစဉ်ကိုလည်း သိပ်နားမလည်ကြသေးပါဘူး…"

နန်ယိ မျက်လုံးများဖွင့်လိုက်သည့် တစ်ခဏတွင် ပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအားများ တဖြည်းဖြည်း လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်မှအသံများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အရောင်များလည်း တဖြည်းဖြည်း လွင့်ပြယ်သွားသည်။

နန်ယိ၏ အနောက်ဘက်တွင် အနက်ရောင်နှင့် အဖြူရောင် မျက်လုံးတစ်လုံ းပေါ်လာသည်။

ကောင်းကင်ဧကရာဇ်ကျမ်းစာမှ မိုးမြေယင်ယန် တန်ခိုးစွမ်းအား…။

ထိုအချိန်… လီကျီးက ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သည်။

သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးမားကျယ်ပြန့်သွားပြီး ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မီးတောက်များ စတင် တောက်ပလာသည်။

မီးတောက်များက အရာအားလုံးကို လောင်ကျွမ်းပစ်တော့မည့်အလား တဟုန်းဟုန်းတောက်လောင်နေပြီး ပြင်းထန်လွန်းသည့် အမျက်ဒေါသများ ထွက်ပေါ်လျှက် ရှိသည်။

လီကျီးက လက်ကို အောက်သို့ အသာနှိမ့်လိုက်ပြီး…

"ခွန်လွန်တောင်က နဝမတောင်ထွတ်ရဲ့ တောင်သခင်က ဘယ်လောက်စွမ်းလဲ ကြည့်ကြတာပေါ့…"

ထို့နောက်… ငလျှင်လှုပ်သည့်အလား လေထုတစ်ခုလုံး တုန်လှုပ်လာသည်။

"ကောင်းကင်မီးတောက်…"

လီကျီး မာန်သွင်း အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းပင်… ကောင်းကင်ထက်တွင် မရေမတွက်နိုင်သည့် အက်ကွဲကြောင်းများ ထွက်ပေါ်လာပြီး အက်ကွဲကြောင်းများအတွင်းမှ မီးတောက်များ မိုးရွာသွန်းသလို ရွာကျလာသည်။

မီးတောက်များက ပြင်းထန်လှပြီး လောင်ကျွမ်းသံများ တဟုန်းဟုန်းထွက်ပေါ်နေကာ မိုးနဲ့မြေတစ်ခုလုံးကို ပြာချပစ်တော့မည့်အလား ထင်မှတ်ရသည်။

"ကလေးကွက်တွေ…"

မော့ကျန်းသုန့် ရေရွတ်လိုက်၏။

မော့ကျန်းသုန့်က သူ့ထံသို့ ဝင်ရောက်လာသည့် မီးတောက်များကို လုံး၀ မခုခံခဲ့ပေ။

ထို့နောက်… သူက လက်တစ်ဖက်ဝှေ့ရမ်းလိုက်လေရာ မီးတောက်များအားလုံး ပျောက်ကွယ်သွားတော့၏။

မော့ကျန်းသုန့်က…

"နတ်လူသားမျိုးနွယ်တွေရဲ့ အစွမ်းက ဒီလောက်ပဲလား… ၊ မင်းတို့ ကြိုက်သလောက် တန်ခိုးစွမ်းအားတွေအသုံးပြုပြီး တိုက်ခိုက်ကြစမ်း… ၊ ပြီးမှ ကျုပ်ကို အခွင့်အရေးမပေးဘူးလို့ မပြောနဲ့နော်…"

သူက တောင်မြင့်ကြီးတစ်လုံးပမာ ခိုင်ခံ့စွာ မတ်တတ်ရပ်လျှက်ရှိပြီး တစ်ဖက်လူ၏ တိုက်ခိုက်မှုများက သူ့ကို ထိခိုက်နိုင်ခြင်း မရှိပေ။

မော့ကျန်းသုန့်၏ လျှပ်စီးမိုးကြိုးတန်ခိုးစွမ်းအားများကတော့ အဆက်မပြတ် ထွက်ပေါ်လျှက် ရှိသည်။

မြောက်ထျန်းက မော့ကျန်းသုန့်ကို အေးစက်စွာဖြင့် ကြည့်လိုက်ပြီး…

"မော့ကျန်းသုန့်… မင်း အစွမ်းကုန်တိုက်ခိုက်စမ်းကွာ… မဟုတ်လို့ကတော့ ကျုပ်တို့လက်က လွတ်မယ်မထင်နဲ့…"

ထို့နောက်… မြောက်ထျန်းက လက်ဖဝါးနှစ်ဖက်ကို ယှက်လိုက်သည်။

သူ၏ ကိုယ်ခွဲပေါင်းတစ်သောင်းအလယ်တွင် မရေမတွက်နိုင်သည့် အင်းသင်္ကေတများ ထွက်ပေါ်လာသည်။

လေ ၊ မိုး ၊ လျှပ်စီး ၊ မီး…

ထောင်ပေါင်းများစွာသော အင်းသေင်္ကတများက မော့ကျန်းသုန့်ကို စတင်တိုက်ခိုက်လိုက်ကြသည်။

လီကျီးက ကောင်းကင်ထက်မော့ကြည့်ပြီး ကြုံးဝါးသံတစ်ချက် ပြုလိုက်ပြန်၏။

ထိုအခါ… ကောင်းကင်ထက်တွင် ထူးခြားသည့်အစီအရင်သင်္ကေတတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်အက်ကွဲကြောင်းများမှ မီးတောက်များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။

လီကျီးက…

"နတ်လူသားဒေါသ… အားလုံးကို ပြာချပစ်မယ်…"

ဟု ကြုံးဝါးလိုက်၏။

ထိုအချိန်မှာပင်… နန်ယိ၏ အနောက်ဘက်မှ မျက်လုံးကြီးက မျက်တောင်တစ်ချက်ခတ်လိုက်လေရာ မော့ကျန်းသုန့် ရပ်နေသည့်နေရာသို့ အဖြူရောင်နှင့်အနက်ရောင်ပုံရိပ်များ တဖြည်းဖြည်း ကျူးကျော်ဝင်ရောက်လာသည်။

နတ်လူသားမျိုးနွယ် အင်မော်တယ် (၃)ပါး၏ တိုက်ခိုက်မှုကိုကြည့်ပြီး မော့ကျန်းသုန့် ခေါင်းတစ်ချက် ခါရမ်းလိုက်သည်။

ထို့နောက်… သူက လက်ဖဝါးနှစ်ဖက်ကို အသာဖြန့်လိုက်ရင်း…

"အင်မော်တယ်မန္တန်… ဒြပ်စင်ငါးပါးတိမ်တိုက်အသွင်ပြောင်း…"

ဟု ရွတ်ဆိုလိုက်၏။

ထိုအခါ… မော့ကျန်းသုန့်၏ လက်ဖဝါးများထက်တွင် အင်မော်တယ်အင်းသင်္ကေတတစ်ခု ထွက်ပေါ်လာပြီး အလင်းတန်း (၅)ခု ထွက်ပေါ်လာသည်။

"ဘုန်း…"

"ဘုန်း…"

"ဘုန်း…"

အလင်းတန်း (၅)ခုက မြောက်ထျန်းနှင့် အခြားသူ (၂)ယောက်၏ တိုက်ခိုက်မှုများဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက်သွားသည်။

အလင်းတန်းတစ်ခုက မိုးကုတ်စက်ဝန်းဆီ ရောက်ရှိသွားပြီး ကောင်းကင်ထက်မှ ဆင်းသက်လာသည့် မီးတောက်များကို တားဆီးထားလိုက်သည်။

နောက်ထပ်အလင်းတန်းတစ်ခုကတော့ နန်ယိ၏အနောက်ဘက်တွင်ရှိနေသည့် မိုးမြေယင်ယန် မျက်လုံးကြီးဆီသို့ ဝင်ရောက်သွားသည်။

ကျန်ရှိသည့် အလင်းတန်း (၃)ခုကတော့ မြောက်ထျန်းရှိရာသို့ ဦးတည်ဝင်ရောက်လာ၏။

ထိုအလင်းတန်း (၃)ခုက မြောက်ထျန်း၏ ကိုယ်ခွဲတစ်သောင်း တန်ခိုးစွမ်းအားကို အဆက်မပြတ် တိုက်ခိုက်နေသည်။

တန်ခိုးစွမ်းအား ရိုက်ခတ်မှုများ မရပ်မနား ဖြစ်ပေါ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလျှက် ရှိသည်။

"ဘုန်း…"

ကောင်းကင်ထက်မှ မီးတာက်များအားလုံး တစ်စစီပျက်စီးသွားပြီး လီကျီး အနောက်သို့ လွင့်စင်ထွက်သွားသည်။

"ဝေ့ါ…"

ထို့နောက်… သွေးတစ်ပွက် အန်ချလိုက်၏။

လီကျီး မော့ကျန်းသုန့်ကို မော့ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့်…

"မင်း… မင်းက ဘာလို့ ဒီလောက် တန်ခိုးစွမ်းအား မြင့်မားနေရတာလဲ…"

ထိုအချိန်… နန်ယိ၏နောက်မှ မိုးမြေယင်ယန် မျက်လုံးကြီးသည်လည်း တစ်စစီ ပြိုကွဲသွားသည်။

နန်ယိ သူ့မျက်လုံးများကို ချက်ချင်းပြန်မှိတ်လိုက်သည်။ သို့သော်… မျက်လုံးများအတွင်းမှ သွေးမျက်ရည်စီးကြောင်းများ စီးကျလာသည်။

သူ အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့သည့် ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာမှ မိုးမြေယင်ယန်တန်ခိုးစွမ်းအားမှာ ယခုတော့ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

"ဘုန်း…"

"ဟူး…"

မြောက်ထျန်း၏ ကိုယ်ခွဲများအားလုံး တစ်စစီပျက်စီးသွားပြီး ခန္ဓာကိုယ်လည်း နောက်သို့ လွင့်ထွက်သွားသည်။

သူ… ဒဏ်ရာအပြင်းအထန် ရသွားပြီ ဖြစ်သည်။

မော့ကျန်းသုန့်၏ တိုက်ခိုက်မှုတစ်ခုတည်းကပင် နတ်လူသားမျိုးနွယ် အင်မော်တယ် (၃)ပါးကို အပြင်းအထန် ဒဏ်ရာရသွားစေသည်။

သူတို့အနေဖြင့် မော့ကျန်းသုန့်၏ တိုက်ခိုက်မှုကို မည်သည့်နည်းနှင့်မှ မခုခံနိုင်ခဲ့ပေ။

သူတို့ (၃)ယောက်နှင့် မော့ကျန်းသုန့်၏ တန်ခိုးစွမ်းအားက မိုးနဲ့မြေပမာ ကွာခြားလွန်းလှသည်။

မော့ကျန်းသုန့်က ရန်သူ (၃)ယောက်ကို အေးစက်စွာ ကြည့်လိုက်ရင်း…

"ကဲ… မသေခင် မင်းတို့ နောက်ဆုံးမှာစရာရှိတာ မှာခဲ့ကြ…"

မြောက်ထျန်းက သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားလိုက်ရင်း…

"မင်း ကျုပ်တို့ကို သတ်လိုက်မယ်ဆိုရင် မင်းအတွက်လည်း အကျိုးမရှိပါဘူးကွာ… ၊ ဒီအကြောင်းတွေ ခွန်လွန်တောင်က သိသွားရင် မင်း အရင်လို ခွန်လွန်တောင်မှာ အေးအေးဆေးဆေး နေလို့ရမယ်များ ထင်နေသလား… ၊ ပြီးတော့နတ်လူသားမျိုးနွယ်တွေကရော မင်းကို အလွတ်ပေးမယ် ထင်သလား…"

ခဏနားပြီးမှ မြောက်ထျန်းက ဆက်ပြောသည်။

"ကျုပ်တို့ကို အေးအေးဆေးဆေး ထွက်သွားခွင့်ပေးပါ… မင်းတပည့်ကို ဒုက္ခမပေးဘူးလို့ ကျုပ် ကတိပေးတယ်… ၊ ဒါဆို ကျုပ်တို့ နတ်လူသားမျိုးနွယ်တွေနဲ့ ခွန်လွန်တောင်က သွေးကွဲစရာ အကြောင်းမရှိပါဘူး…"

မော့ကျန်းသုန့်က နားထောင်ရသည်ကို ပျင်းရိလာဟန်ဖြင့်…

"မင်း ပြောလို့ ပြီးပြီလား…"

မြောက်ထျန်းက…

"မင်း တကယ်ပဲ မကြောက်ဘူးလား…"

မော့ကျန်းသုန့်က တည်ငြိမ်စွာဖြင့်…

"မင်းရဲ့စကားမှာ လိုအပ်ချက်တစ်ခု ရှိနေတယ်…"

မြောက်ထျန်းက မျက်မှောင်ကြုတ်လိုက်ရင်း…

"ဘာလိုအပ်ချက်လဲ…"

မော့ကျန်းသုန့်က မြောက်ထျန်းနှင့် အခြားသူများထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာရင်း…

"မင်းပြောတဲ့စကားတွေက… မင်းတို့ကို ကျုပ်သတ်လိုက်တာ တစ်ယောက်ယောက်သိသွားမှ ဖြစ်မယ့် ပြဿနာတွေလေ…"

ပတ်ဝန်းကျင်တစ်ခုလုံး… မော့ကျန်းသုန့်၏ လျှပ်စီးမိုးကြိုးတန်ခိုးစွမ်းအားများက ဖုံးလွှမ်းသွားသည်။

ထို့နောက်… မကြုံစဖူး တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးတစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

"ဒါပေမဲ့… ဘယ်သူမှ မသိဘူးဆိုရင်တော့ ဘာပြဿနာမှ ဖြစ်စရာမရှိတော့ဘူးပေါ့…"

မော့ကျန်းသုန့် အေးစက်စွာဖြင့် ပြောလိုက်၏။

"မင်း…"

မြောက်ထျန်း ကြောက်ရွံ့တုန်လှုပ်သွားသည်။

သူတို့ ဤနေရာတွင် အမှန်တကယ်ပင် အဆုံးသတ်ရတော့မည်လား…။

လီကျီးနှင့် နန်ယိသည်လည်း ကြောက်ရွံ့တုန်လှုပ်သွားကြ၏။

သေစေလောက်သည့် မရဏအငွေ့အသက်များ သူတို့ထံသို့ ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။

"ဘုန်း…"

လျှပ်စီးအလင်းတန်းများ ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တစ်စစီ ပေါက်ကွဲထွက်သွားသည်။

မြောက်ထျန်း ၊ လီကျီးနှင့် နန်ယိတို့မှာ အရိုးအသားပင် မတွေ့မြင်ရတော့ပေ။

မော့ကျန်းသုန့် လှည့်ထွက်လာခဲ့သည်။

လျှပ်စီးစွမ်းအားများ တဖြည်းဖြည်းပျောက်ကွယ်သွားသည့်အခါ… ကောင်းကင်သည် ပုံမှန်အတိုင်း ကြည်ကြည်လင်လင် ပြန်ဖြစ်လာလေတော့သည်။

***

ကျန်းလန်ကတော့ သေရည်ဝယ်ရန် သေရည်ဆိုင်အိုကြီးသို့ ထွက်ခွာလာခဲ့သည်။

ဆရာဖြစ်သူကို ဂါရဝပြုရန် အကောင်းစားသေရည်တစ်အိုး ဝယ်ယူလိုက်ပြီးနောက် ဆိုင်အတွင်းမှ ပြန်လည်ထွက်ခွာလာခဲ့သည်။

ထိုစဉ်…

"အစ်ကိုကြီး… ကျွန်တော် မေးစရာလေး ရှိလို့…"

စကားသံကြောင့် ကျန်းလန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

သူ့ကို လှမ်းခေါ်လိုက်သူက သေရည်ဆိုင်ပိုင်ရှင်အဘိုးအို၏ မြေးငယ်လေး ဖြစ်၏။

ကျန်းလန်က လှည့်ကြည့်လိုက်ရင်း…

"မင်းက ဘာမေးမလို့လဲ…"

ကလေးငယ်တစ်ယောက်မေးမည့်မေးခွန်းကို ကျန်းလန် မဖြေစရာအကြောင်းမရှိပေ။

သို့သော်… ဤ ကလေးငယ်ကတော့ ကလေးငယ်သာဆိုသည် အသက်ရာချီရှိနေသည့် ချုန်ချီသတ္တဝါလေး ဖြစ်၏။

ကလေးငယ်က…

"ကိုကြီး… လူသားတွေက အသက် (၁၈)နှစ်ပြည့်ရင် အိမ်ထောင်ပြုကြတယ် မဟုတ်လား…"

ကလေးငယ်က သိချင်လွန်းသည့် မျက်ဝန်းများဖြင့် ကျန်းလန်ကို ကြည့်နေသည်။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"အင်း… ပုံမှန်ဆိုရင်တော့ ဟုတ်တယ်…"

တကယ်လည်း အမှန်ပင် ဖြစ်သည်။

လူသားများက (၁၈)နှစ်ပြည့်လျှင် အိမ်ထောင်ပြုနိုင်ပြီ ဖြစ်၏။ သို့သော်… တစ်ခါတစ်ရံမှာတော့ လောကနိယာမကို ကျော်လွန်သည့် ချွင်းချက်များလည်း ရှိကြသည်။

"ဒါဖြင့် ကျွန်တော် မိန်းမယူလို့ရပြီလား…"

ကလေးငယ်က ထပ်မေးလိုက်သည်။

"……………"

ကျန်းလန် ဆွံ့အသွား၏။

သူက ကလေးငယ်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ရင်း…

"မင်းကတော့ မိန်းမယူလို့ မရသေးဘူးထင်တယ်…"

ကျန်းလန် ဘယ်လိုပဲ စဉ်းစားကြည့်ပါစေ ဤကလေးငယ်က အိမ်ထောင်ပြုရမည့်အရွယ် မဟုတ်သေးပေ။

တာအိုလက်တွဲဖော်ရှာဖွေရန် အတော်လေး အချိန်စောနေသေးသည်။

ကျန်းလန်၏ အဖြေစကားကိုကြားသည်နှင့် ကလေးငယ် စိတ်ပျက်လက်ပျက်ဖြင့် သေရည်ဆိုင်ထဲ ပြန်ဝင်သွား၏။

ကျန်းလန်လည်း ကလေးငယ်ကို စိတ်ထဲ ထားမနေတော့ဘဲ နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။

တောင်ပေါ်သို့ပြန်ရောက်လျှင် ခန်းမဆောင်ကို သန့်ရှင်းရေးလုပ်ရန်နှင့် ရင်ပြင်ကို ပြန်လည်ပြုပြင်ရန် ဆုံးဖြတ်လိုက်သည်။

"မနေ့က ယှဉ်ပြိုင်ပွဲမှာ ရင်ပြင်အတော်လေး ပျက်စီးသွားတယ်… အဲဒါ ငါပဲ ပြန်ပြင်မယ့်သူရှိတယ်…"

ကျန်းလန် တွေးလိုက်သည်။

မနေ့က ကောင်းကင်လှေကား၏ တိုက်ခိုက်မှုကြောင့် ရင်ပြင်တစ်ခုလုံး ကြီးမားသည့် အပေါက်ကြီးများနှင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားခဲ့သည်။

မပြုပြင်ဘဲထားလျှင် အတော်လေး အရုပ်ဆိုးမည် ဖြစ်၏။

ရင်ပြင်ကိုပြုပြင်ပြီးလျှင် ကျန်းလန် ဆက်လက်ကျင့်ကြံရဦးမည် ဖြစ်သည်။

သူက မရှိမှုအာကာသအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း အန္တရယ်ကင်းပြီဟု မဆိုသာသေးပေ။

အနာဂတ်တွင် သူ့ကို အနိုင်ယူမည့်ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရန် ဆက်လက် ကျင့်ကြံရမည် ဖြစ်သည်။

ထို့ပြင်… နတ်လူသားမျိုးနွယ်များကလည်း သူ့အကို အချိန်မရွေး အန္တရယ်ပေးနိုင်သည် မဟုတ်ပါလား။

ခွန်လွန်တောင်သို့ အပြန်လမ်းတွင် တပည့်အချို့နှင့် ကျန်းလန် ဆုံတွေ့ရသည်။

ထိုတပည့်များက သူတို့အချင်းချင်း စကားပြောနေကြခြင်း ဖြစ်၏။

"ကြားပြီးပြီလား… တပည့်အတော်များများ ကိုယ်တွင်းမိစ္ဆာဝင်သွားတဲ့ အကြောင်းလေ…"

"အေး… ကြားတယ်… နဝမတောင်ထွတ်မှ ယှဉ်ပြိုင်ပွဲသွားကြည့်ကြတဲ့ တပည့်အသစ်လေးတွေလေ… ၊ သူတို့က စွမ်းအားမလုံလောက်ဘဲ နဝမတောင်ထွတ်ကို သွားကြတာကိုး… ၊ ခုတော့ ပြဿနာတက်ကုန်ကြပြီ…"

"အဲဒီနေ့က သူတို့အားလုံး စိတ်လှုပ်ရှားနေကြတာ… ၊ ဒီတော့ နဝမတောင်ထွတ်က မရဏအငွေ့အသက်တွေကို သတိမထားမိကြဘူးပေါ့… ၊ အခုတော့ ကိုယ်တွင်းမိစ္ဆာဝင်ကုန်ကြပြီ…"

"အမှန်ပဲ… နဝမတောင်ထွတ်လို ထူးခြားတဲ့နေရာမှာ လူတစ်ယောက်နေထိုင်ဖို့ဆိုတာ အတော်လေးမလွယ်တဲ့ကိစ္စပဲ… ၊ ဒါကြောင့်လည်း အဲဒီမှာ တပည့်မရှိတာ မဆန်းပါဘူးကွာ…"

"ဟုတ်ပ… တကယ်မလွယ်ဘူး… ၊ ဒါပေမဲ့ နဝမတောင်ထွတ်က တစ်ဦးတည်းသော ဆက်ခံသူတပည့်ကတော့ နတ်လူသားမျိုးနွယ်က ကျင့်ကြံသူကိုတောင် အနိုင်ယူနိုင်တယ်နော်… ၊ အတော်လေး စွမ်းအားကြီးတာပဲ…"

"ငါတော့ ကိုယ်တွင်းမိစ္ဆာဝင်မှာကြောက်လို့ ပြိုင်ပွဲတောင် သွားမကြည့်လိုက်ရဘူး…"

ကျန်းလန်က တပည့်များပြောနေသည့် စကားများကို နားထောင်ရင်း ပုံမှန်ခြေလှမ်းများဖြင့်ပင် လမ်းဆက်လျှောက်လာခဲ့သည်။

နတ်လူသားမျိုးနွယ်နှင့် ယှဉ်ပြိုင်ပွဲကို အနိုင်ရပြီးသည့်နောက် သူ့ကို သိရှိသူများ ပိုမိုများပြားလာကြသော်လည်း မသိသူများလည်း ဒုနှင့်ဒေး ရှိနေသေး၏။

……………

ခွန်လွန်တောင်အနောက်ဘက်… ၊ ကျောက်စိမ်းရေကန်…

လင်စီးယာယူလာသည့် မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးထဲမှ ယှဉ်ပြိုင်ပွဲမှတ်တမ်းကို လုန်ယွိ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကြည့်နေသည်။

နဝမတောင်ထွတ်မှ ဂိုဏ်းတူမောင်လေးက စိန်ခေါ်မှုကို အနိုင်ရသွားသည့်သတင်း ကြားရသည့်အခါ သူမ အံ့အားသင့်သွားမိသည်။

သို့သော်… ကျန်းလန် စိန်ခေါ်ပွဲကို အနိုင်ရသွားသည့်အတွက် သူမ မြောက်ရှိုးနှင့် ရင်မဆိုင်ရတော့ပေ။ ဤသည်က သူမအတွက် ကောင်းသည့်အချက် ဖြစ်၏။

ယှဉ်ပြိုင်ပွဲမှတ်တမ်းကို ကြည့်ရင်း လုန်ယွိ အံ့သြတုန်လှုပ်သွားမိသည်။

ကျန်းလန်က တစ်ချက်လေးပင် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ ကောင်းကင်လှေကားမှ အန္တရယ်များကို တည်ငြိမ်စွာ ရင်ဆိုင်ခဲ့သည်။

အန္တရယ်များပတ်လည်ဝိုင်းနေသည့်တိုင် ကျန်းလန်က တစ်ချက်လေးပင် မျက်နှာပျက်ခြင်း မရှိပေ။ ဤသည်က သာမန်တပည့်များ မပြုလုပ်နိုင်သည့် ကိစ္စဖြစ်သည်။

ထို့နောက်… လုန်ယွိ လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ပြီး ကျောက်စိမ်းရေကန်၏ အနှစ်သာရစွမ်းအားများကို စုစည်းကာ အပြာရောင်ရေပုလဲတစ်လုံး ပြုလုပ်လိုက်သည်။

ထို့နောက်… ကျောက်စိမ်းရေကန်၏ တန်ခိုးစွမ်းအားအကူအညီဖြင့် ရေပုလဲကို နဝမတောင်ထွတ်ရှိရာသို့ ပို့ဆောင်ပေးလိုက်၏။

မည်သူမှ သိရှိခြင်းမရှိသည့်တိုင်… ယခုတစ်ကြိမ်လည်း သူမအပေါ် ကျန်းလန်၏ ကျေးဇူးကြွေး တင်ရှိသွားပြန်လေပြီ…။

ထို့ကြောင့်…  သူမက ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ရေပုလဲတစ်လုံး ထပ်မံပြုလုပ်ကာ ကျန်းလန်ကို ပေးအပ်လိုက်ခြင်း ဖြစ်သည်။

ပြီးမှ…

"ဒါနဲ့… ဂိုဏ်းတူညီမလေး… ငါရေကူးနေတဲ့ပုံကို မှတ်တမ်းတင်ထားတဲ့ မှော်ဝင်ပစ္စည်းလေးရော ရှာမတွေ့သေးဘူးလား…"

လုန်ယွိက လင်စီးယာကို မေးလိုက်လေသည်။

All Chapters