သုံးရက်အတွင်း အသက်မရှိ
Vol. 25 Ch. 340
ဘာသာပြန်:The Fate
" စနစ် ... နတ်မင်းနယ်ပယ် အခြေခံဆင့်ခေါ်ခွင့် အကြိမ်(၅၀)ကို ပူးပေါင်းလိုက်ပါ။" တခဏတာစဥ်းစားလိုက်ပြီးနောက် ဝမ်ဖုန်းက လျို့ဝှက်စွာပြောလိုက်သည်။
" ဒင်... နတ်မင်းနယ်ပယ် အဆင့်မြင့်ဆင့်ခေါ်မှု ဆယ်ကြိမ်ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။"
အလင်းတန်းတစ်ခုသည် ဝါဖုန်း၏မျက်ဝန်းများအတွင်း ဖြစ်တည်လာပြီး ဆက်လက်ပြောဆိုလိုက်သည်။
" နတ်မင်းနယ်ပယ် အန္တိမဆင့်ခေါ်ခွင့်ကို အသုံးပြုလိုက်ပါ။"
" ဒင်....ချွမ်ယင်းကို ဆင့်ခေါ်ပြီးတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ သူရဲ့စွမ်းအင်ဇယားက အောက်ပါအတိုင်းဖြစ်ပါတယ်။"
" အမည် ~ ချွမ်ယင်း
ဘွဲ့ ~ ဓားတာအို၏ ဆရာသခင်
ကျင့်ကြံမှု ~ ကိုးကွယ်ခံနတ်မင်း အထွဋ်အထိပ်အဆင့်
နတ်မင်းနယ်ပယ်အထူးစွမ်းအားများ ~ စစ်ပွဲနတ်ဘုရား ကပ်ဘေး
နတ်မင်းလက်နက် ~ ထူထဲသော မဟူရာဓားကြီး''
" မှတ်ချက် ~ ချွမ်ယင်းရဲ့ တိုက်ပွဲဝင်စွမ်းအားက အင်မတန်မှကောင်းမွန်ပါတယ်။ ဒါ့အပြင် ချွမ်ယင်းကို နတ်မင်းနယ်ပယ်အန္တိမ ဆင့်ခေါ်ခွင့်နဲ့ ဆင့်ခေါ်ထားတာကြောင့် ဒီကံစမ်းခွင့်ထဲမှာ မပါဝင်ပါဘူး။ အစောင့်အရှောက်တွေကျင့်ကြံမှုကိုလည်း ချွမ်ယင်းရဲ့ကျင့်ကြံမှုကို မူတည်ပြီးတွက်ချက်မှာမဟုတ်ပါဘူး။
" အမ် "
သူ့ရှေ့၌ရှိနေသော စွမ်းအင်ဇယားကို ကြည့်ရှူ့လိုက်ပြီး ဝမ်ဖုန်းက အံ့သြသွားသည်။ ကြည့်ရတာ စနစ်ကိုအဆင့်ကိုးသို့ မြှင့်တင်လိုက်ပြီးနောက် စွမ်းအင်ဇယားကလဲ အနည်းငယ်ပြောင်းလဲသွားသည်။
ချွမ်ယင်းက ထိန်းကွပ်မရ အလွန်သန်မာသူဖြစ်ပြီး သူ၏နည်းဗျူဟာများမှာ အင်မတန်မှ ထူးဆန်းလှလေသည်။ သူဟာဓားလမ်းစဥ်ကို အထူးပြုကျင့်ကြံသည်။ ပထမဆုံး သူဟာ ငှက်များ၏ပျံသန်းမှုကို ကြည့်ရှူ့ပြီး ဓားနိယာမများကို သဘောပေါက်နားလည်ခဲ့သည်။ ယင်းနောက် မိုးကြိုးမုန်တိုင်းအတွင်း၌ ဓားပညာ၏အဆုံးစွန်ထိတိုင်အောင် ထွင်းဖောက်နားလည်ခဲ့သည်။ သူက ချွင်းချက်မရှိ ပြိုင်ဖက်ကင်းဆရာတစ်ပါးဖြစ်လေသည်။
လင်းတုန်လိုင်ထက် တစ်ဆင့်ဘဲနိမ့်ကျတဲ့ တည်ရှိမှုကြီးဆိုတဲ့အတိုင်းပါဘဲလား...အံ့သြဖို့ကောင်းလေစွ။
ဝမ်ဖုန်းက အလွန်ပဲစိတ်လှုပ်ရှားနေမိသည်။ ချွမ်ယင်း၏ တိုက်ပွဲဝင်စွမ်းအားဖြင့်ဆိုပါက အထူးအင်အားကြီးသုံးစုက လာရောက်တိုက်ခိုက်လျှင်တောင် ရှန်ရှန်ကျုံဂိုဏ်းက လုံးဝထိတ်လန့်နေစရာမလိုတော့ပေ။
အထူးအင်အားစုကြီးသုံးစုကလွဲရင် ကျန်အထူးအင်အားစုများတွင် ကိုးကွယ်ခံနတ်မင်း စွမ်းအားရှင်များ ပိုင်ဆိုင်မထားပေ။ ကျင့်ကြံမှုပိုမြင့်လေလေ တိုက်ပွဲဝင်စွမ်းအား ပိုမိုသန်မာလေလေ မဟုတ်ပါလော့။
ဥပမာအားဖြင့် လျိုဟဲရှေးဟောင်းဂိုဏ်းတွင် အသန်မာဆုံးပဂ္ဂိုလ်မှာ နတ်ဝိဇ္ဇာအဆင့်၌သာ ရှိလေသည်။ ဒါ့အပြင် ဝူဖန်းအင်ပါယာမျိုးနွယ်စု၏ အသန်မာဆုံးပုဂ္ဂိုလ်ကလဲ နတ်ဝိဇ္ဇာအထွဋ်အထိပ်အဆင့်၌သာရှိလေသည်။ သို့ပါသော်လည်း သူတို့၏နောက်ခံတွင်တော့ မိုးကောင်းကင်နတ်မင်းအဆင့် ကျင့်ကြံမှုများရှိနေနိုင်သည်။ ဆက်၍ပြောရပါလျှင် အသန်မာဆုံး မြင့်မြတ်ရှေးဟောင်းဂိုဏ်းတွင်တော့ ကိုးကွယ်ခံနတ်မင်းအဆင့်ပုဂ္ဂိုလ် မြောက်များစွာရှိသည်ဟုဆိုသည်။
" စနစ်... နတ်မင်းနယ်ပယ်အဆင့်မြင့် ဆင့်ခေါ်ခွင့် ဆယ်ကြိမ်ကိုပူးပေါင်းပြီး အထွဋ်အထိပ်စွမ်းအားရှင်နှစ်ယောက်ကို ဆင့်ခေါ်နိုင်တဲ့ အဆင့်မြင့်ဆင့်ခေါ်ခွင့်နှစ်ကြိမ်အဖြစ် ပြောင်းလဲဆင့်ခေါ်လိုက်ပါ။ "
ချွမ်ယင်းကို ဆင့်ခေါ်လိုက်ပြီးနောက် ဝမ်ဖုန်းက ရပ်တန့်မသွားဘဲ ဆက်လက်ပြောလိုက်သည်။
" ဒင် .....ချင်းမန်ယောင်နှင့် ရှန်းယုထင်းကို ဆင့်ခေါ်မိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။
" အမည် _ ချင်းမန်ယောင်
ဘွဲ့ _ သိုင်းလောက၏ ထိပ်တန်းအလှမယ်ဆယ်ယောက်အနက်တစ်ယောက်
ကျင့်ကြံမှု _ နတ်ဘုရင်အထွဋ်အထိပ်အဆင့်
နတ်မင်းနယ်ပယ်အထူးစွမ်းအားများ _ စီဟန်းဓားပျံ
နတ်မင်းလက်နက် _ လေဟုန်စီးဓား''
ချင်းမန်ယောင်သည် စီးဟန်းကျင်းကျိုင်၏သမိုင်းတွင် အမြင့်မားဆုံးစိတ်ဝိညဥ်လမ်းစဥ်ကို ကျင့်ကြံနိုင်ခဲ့သော ပထမဆုံးတပည့်ဖြစ်ပြီး အလယ်ပိုင်းလွင်ပြင်ကို ပထမဆုံးခြေချနိုင်ခဲ့သော သူ၏ သားစဥ်မြေးဆက်လဲဖြစ်သည်။ အလယ်ပိုင်းလွင်ပြင်ရှိ မြင့်မြတ်သော နေရာဒေသနှစ်ခုမှာ ရှေးယခင်အချိန်မှစ၍ သာမန်ထက်ထူးကဲသောလူများကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ နောက်ဆုံးမှာ ချင်းမန်ယောင်သည် စီဟန်ဓားပျံအဆင့်ထိတိုင် ကျင့်ကြံအောင်မြင်ခဲ့သည်။
ဝမ်ဖုန်းကခေါင်းညိတ်ပြီး နတ်ဆိုးဧကရာဇ် ရှန်းယုထင်း၏ စွမ်းအင်ဇယားကို ဆက်လက်ကြည့်ရှူ့လိုက်သည်။
" အမည် _ ရှန်းယုထင်း
ဘွဲ့ _ နတ်ဆိုးဧကရာဇ်
ကျင့်ကြံမှု _ နတ်ဘုရင်အထွဋ်အထိပ်
နတ်မင်းနယ်ပယ်အထူးစွမ်းအားများ _ တာအိုနှလုံးသားနဲ့မှော်ပညာ
နတ်မင်းလက်နက် _ နတ်ဆိုးဧကရာဇ် လျို့ဝှက်ဝတ်ရုံ "
နတ်ဆိုးဧကရာဇ်၏စွမ်းအင်များကို ကြည့်ရှူ့လိုက်ပြီးနောက် ဝမ်ဖုန်းကစနစ်မှထွက်လိုက်ပြီး အနီးအနားကို လှည့်ပတ်ကြည့်ရှု့လိုက်သည်။ တောင်ကြားအတွင်းရှိအပျက်အစီးများမှာ ပျောက်ကွယ်သွားပြီး နတ်ဘုံတမျှလှပသော အဆောက်အဦးများဖြင့် အစားထိုးပြင်ဆင်ထားသည်ကို တွေ့မြင်လိုက်ရသည်။ ကျန်းစန်းဖုန်းနှင့်အခြားသူများက မနီးမဝေး၌ မတ်တပ်ရပ်နေပြီး စောင့်ဆိုင်းနေကြကာ အမည်မဲ့ဓားသမားနဲ့ လက်ရွေးစင်တပည့် လေးယောက်တို့ကလည်း ခပ်လှမ်းလှမ်းတစ်နေရာ၌ ရပ်တန့်စောင့်ဆိုင်းနေကြသည်။
ဝါဖုန်းကခေါင်းညိတ်လိုက်ပြီး ယင်းနောက်သူ၏လက်ကိုဝေ့ရမ်းကာ ကမ္ဘာဘောလုံးလေးကို တောင်ကြားအတွင်း၌ နေရာချထားလိုက်သည်။ တောင်ကြားလေးအတွင်း၌ အလင်းတန်းတံခါးပေါက်လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းက ကျန်းစန်းဖုန်းနှင့်အခြားသူများကို ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမအတွင်း ခေါ်ဆောင်သွားခဲ့သည်။
ဝမ်ဖုန်း ဂိုဏ်းချုပ်ခန်းမအတွင်း ဝင်ရောက်လိုက်သည်နှင့် ခန်းမကြီးအတွင်းလှဲလျောင်းနေသော ကြီးမားသည့်အဖြူရောင် အမြှီးကိုးချောင်း မြေခွေးတစ်ကောင်ကို တွေ့မြင်လိုက်ရသည်။ ၎င်းက ခန်းမကြီးတစ်ခုလုံးနီးပါးကို နေရာယူထားပြီး ထိုသားရဲကြီးအသက်ရှူလိုက်တိုင်းတွင် ခန်းမအတွင်း၌ လေးလံသောဖိအားများ ပြည့်နှက်ဖြစ်တည်လာရသည်။
" ဂိုဏ်းချုပ်ကို..တွေ့ဆုံပါတယ်"
အမြှီးကိုးချောင်းမြေခွေးက ဝမ်ဖုန်းကိုတွေ့မြင်လိုက်ရသည့်အခါ ကြည်လင်သန့်ရှင်းသောအသံဖြင့် ပြောဆိုလိုက်သည်။ ဝါဖုန်း၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။ ဒီအမြှီးကိုးချောင်းမြေခွေးက အမလေးလား။
" အရမ်းကြီးယဥ်ကျေးနေစရာမလိုဘူး။ မင်းခန်းမထဲမှာနေနိုင်ပါတယ်။ "
ဝမ်ဖုန်းကပြုံးလိုက်ပြီး လက်ကိုဝေ့ရမ်းလိုက်သည်။
ဒါကိုမြင်တော့ အမြှီးကိုးချောင်းမြေခွေးက ကြီးမားသောခေါင်းကြီးကို ညိမ့်ပြလိုက်ပြီး ဗိုက်လှန်ကာ ဆက်လက်အိပ်စက်လိုက်သည်။
ဝါဖုန်းက အဓိကပုလ္လင်ပေါ်တွင် ထိုင်ချလိုက်ပြီးသည့်နောက် ချွမ်ယင်း ၊ ချင်းမန်ယောင်နှင့် ရှန်းယုထင်း တို့ကလည်းထွက်ပေါ်လာကြသည်။
ချွမ်ယင်းတွင်ပိန်ပါးသော ခန္ဓာကိုယ်ရှိပြီး ကောင်းကင်တမျှကျယ်ပြောသော တောက်ပသည့်မျက်ဝန်းများနှင့် နက်ရှိုင်းသော စိတ်နေစိတ်ထားရှိ၏။ သူ၏စိတ်ကိုလူအများခန့်မှန်းရန် ခဲယဥ်းလှပေသည်။
ချင်းမန်ယောင်ကလည်း ပိန်ပါးသောအသွင်အပြင်ရှိပြီး ဖြောင့်တန်းသောခါး ၊ ကျက်သရေရှိသော ခြေထောက်သွယ်သွယ်လေးများနှင့် ကျော့ရှင်းသောအသွင်အပြင်ရှိ၏။ သူမက အဖြူရောင်ဖျင်ကြင်းအင်္ကျီကိုသာ ဝတ်ဆင်ထားသော်လည်း သာမန်အမျိုးသမီးများ နှိုင်းယှဥ်မရသော အလှအပနှင့်ဆွဲဆောင်မှုကို ထုတ်လွှတ်နေလေသည်။
ရှန်းယုထင်းကတော့ တင်းကြပ်သောအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြည်လင်သန့်ရှင်းပြီး ထူးဆန်းသည့် အသွင်အပြင်ရှိ၏။ သူ၏ရှည်သွယ်သောမျက်ဝန်းများအတွင်း၌ လှောင်ပြောင်သရော် သည့် အပြုံးများရှိနေခဲ့သည်။ သူက ကမ္ဘာကြီးအတွင်းရှိသက်ရှိများကို ငံု့မိုးကြည့်ရှု့သော ရက်စက်ကြမ်းကြုတ်ကာ မောက်မာသည့်တည်ရှိမှုတစ်ခုလည်း ဖြစ်ချေသည်။
" ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ်။ "
ထိုလူသုံးယောက်ရောက်လာပြီးသည်နှင့်တစ်ပြိုင်နက် တစ်ဘက်တွင်လှဲလျောင်းနေသော အမြှီးကိုးချောင်းမြေခွေးကို တွေ့မြင်လိုက်ရသည့်အခါ သူတို့၏မျက်ဝန်းများမှာ အနည်းငယ်ကျဥ်းမြောင်းသွားကြသည်။ သူတို့က ဝမ်ဖုန်းကိုအလျှင်အမြန်ဂါရဝပြုလိုက်ပြီး
" မင်းတို့အရမ်းကြီးယဥ်ကျေးနေစရာမလိုပါဘူး။ မင်းတို့သုံးယောက်ရဲ့ အကူအညီနဲ့ဆို ငါရဲ့ရှန်ရှန်ကျုံဂိုဏ်းက ပိုလို့တောင်စွမ်းအားကြီးလာတော့မှာပဲ။'' ဝမ်ဖုန်းကလက်ကိုဝေ့ရမ်းလိုက်ကာ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
" ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး။ "
ချွမ်ယင်းတို့သုံးယောက်က လေးလေးစားစားဂါရဝပြုလိုက်ပြီး တည်ကြည်စွာပြောလိုက်သည်။
" သွားပါ...လှည့်ပတ်ကြည့်ရှု့ပြီး အနားယူလိုက်ဦး။ တစ်ချိန်တည်းမှာ ရှန်ရှန်ကျုံဂိုဏ်းနဲ့အသားကျအောင် လုပ်လိုက်ပေါ့။ " ဝမ်ဖုန်းကခေါင်းညိတ်လိုက်ပြီး တိုးဖွစွာ ရေရွတ် လိုက်သည်။
" ကောင်းပါပြီ "
ထိုသို့ပြောလိုက်ပြီးနောက် ချွမ်ယင်းတို့သုံးယောက်က ခန်းမကြီးအတွင်းမှ လှည့်ပြီးထွက်ခွာသွားတော့သည်။
တစ်ချိန်တည်း၌ တောင်ပိုင်းနယ်မြေ၏ အချက်အချာနေရာတွင် ရှေးဟောင်းအားရှဂိုဏ်း ၊ ရှေးဟောင်းချုံရှုဂိုဏ်းနှင့် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုတို့သည် သုံးမြှောင့်ပုံသဏ္ဍာန် နေရာယူထားကာ အလယ်ပိုင်းဒေသတစ်ခုလုံးကို အုပ်စိုးထားခဲ့သည်။
ရှေးဟောင်းအားရှဂိုဏ်း၏ နန်းတော်ကြီးအတွင်း၌ ဂိုဏ်းချုပ် ရှဝူရှန်းသည် အမြင့်မားဆုံးနေရာ၌ ထိုင်နေခဲ့ကာ သူ့အောက်ဖက်ရှိအကြီးအကဲများကို ငုံ့မိုးကြည့်ရှု့ပြီး အေးစက်စွာနှာမှုတ်လိုက်သည်။ " အဲ့ဒီကောင်စုတ်လေးသုံးယောက်! သူတို့က ဂိုဏ်းတူအကိုကြီးတွေကိုမှီအောင် ဘယ်လိုကြိုးစားကျင့်ကြံရမခဲမသိဘဲ အားနည်းတဲ့လူကိုပဲ တချိန်လုံးအနိုင်ကျင့်ဖို့ စဥ်းစားနေကြတယ်။ ငါတို့အားရှဂိုဏ်းကြီးကို တကယ်အရှက်ရစေတာပဲ "
ရှေးဟောင်းအားရှဂိုဏ်း၏ စစ်သူကြီးကိုးယောက်အနက် ပထမဆုံးစစ်သူကြီးသည် တောင်ပိုင်းနယ်မြေရှိ လူငယ်ပါရမီရှင်များအားလုံးထဲတွင် ထိပ်ဆုံး၌ရပ်တည်နေနိုင်သည်။
" ဂိုဏ်းချုပ်...သူတို့ကို အပြစ်မတင်ပါနဲ့။ သူတို့ဂုဏ်သရေနတ်မင်းအဆင့်ကို တက်ရောက်ဖို့ အချိန်လည်းအကြာကြီးမယူခဲ့ရဘူးလေ။ အင်အားစုကြီးကြီးငယ်ငယ်က လူငယ်ပါရမီရှင်တွေနဲ့ သွားရောက်လေ့ကျင့်တာက အဆင်ပြေပါတယ်။ " အကြီးအကဲတစ်ယောက်က အပြုံးဖွဖွပြုံးလျက် ပြောလိုက်သည်။
" အဲ့ဒီ အင်အားစုကြီးကြီးငယ်ငယ်က လူငယ်မျိုးဆက်တွေကို ပါရမီရှင်လို့ပြောဖို့ ထိုက်တန်လို့လား။ သူတို့က ဘာများသင်ကြားပေးနိုင်မှာမလို့တုန်း။ " ရှဝူရှန်က အထင်အမြင်သေးစွာပြောလိုက်သည်။
" ဂိုဏ်းချုပ်... လျိုရှ ၊ ယဲ့ဟုန်နှင့်တောက်ကုန်းတို့ရဲ့ စိတ်ဝိညဥ်ချပ်ပြားတွေ ကျိုးပျက်သွားပြပြီ။ " ခန်းမအပြင်ဖက်မှ မှိုင်းညှို့နေသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာအားရှရှေးဟောင်းဂိုဏ်း၏ ဒုတိယအကြီးအကဲရှယွင်၏ စကားဖြစ်သည်။
" ဘာ..."
" ရဲတင်းလိုက်လေ "
ရှယွင်၏စကားကို ကြားလိုက်ရသည့်အခါ ရှဝူရှန်းနဲ့အကြီးအကဲများမှာ ဒေါ်သထွက်သွားကြသည်။ ရှဝူရှန်းက သူ့အရှေ့ရှိ စားပွဲခုံကြီးကိုတောင် လက်ဝါးဖြင့်ပြင်းထန်စွာ ရိုက်ထည့်လိုက်လေသည်။ ထိတ်လန့်ဖွယ်ကောင်းသောအရှိန်အဝါကြီးသည် ခန်းမကြီးတစ်ခုလုံး၌ ပြည့်နှက်လာခဲ့သည်။
" ဘယ်သူက ငါတို့အားရှဂိုဏ်းရဲ့ ပါရမီရှင်တွေကို သတ်ဖြတ်ရဲတာလဲ။ "
ရှဝူရှန်းက ရှယွင်ကို ရေခဲတမျှအေးစက်သောအကြည့်ဖြင့် စိုက်ကြည့်ပြီး အော်ဟစ်ပြောဆိုလိုက်သည်။
ထိပ်တန်းပါရမီရှင်တစ်ယောက် ဆုံးရှုံးရခြင်းကတောင် သူတို့အားရှရှေးဟောင်းဂိုဏ်းကြီးအတွက် အထိနာပေသည်။ ထိပ်တန်းပါရမီရှင်သုံးယောက် တစ်ပြိုင်တည်းဆုံးရှုံးလိုက်ရသည်ဆိုလျှင် ပြောဖွယ်ရာမရှိတော့လေပြီ။ သူ၏အားရှဂိုဏ်းကြီးတွင် တပည့်ပေါင်းတစ်သိန်းခန့်ရှိသော်လည်း ထိပ်တန်းပါရမီရှင်မှာ ကိုးယောက်သာရှိသည်။ အဆိုပါထိပ်တန်းပါရမီရှင်များ အဘယ်မျှလောက်တန်ဖိုးရှိသည်ကို တွေးတောကြည့်ပါလေ။
" ဘယ်သူက ငါတို့ရှေးဟောင်းအားရှဂိုဏ်းရဲ့ တပည့်တွေကို ထိရဲတာလဲ။ သူတို့အားလုံးသေရမယ်! "
" ဘယ်သူလဲဆိုတာကို အခုထိရှာမတွေ့သေးပါဘူး။ ဒါပေမဲ့ သူတို့သေဆုံးတဲ့နေရာက ဝူဝမ်တောင်တန်းတွေထဲမှာပါ ။ " ဒုတိယအကြီးအကဲရှယွင်သည် မဲမှောင်နေသောမျက်နှာဖြင့် ပြောဆိုလိုက်သည်။ သူကလဲ အရမ်းဒေါ်သထွက်နေပေသည်။ ယဲ့ဟုန်က သူ၏တိုက်ရိုက်တပည့်ဖြစ်ပြီး သူကယဲ့ဟုန်ကို မျှော်လင့်ချက်များပုံအပ်ထားခဲ့သည်။
အခုယဲ့ဟုန်သေဆုံးပြီဆိုတော့ သူ့ရဲ့မျှော်လင့်ချက်များလည်း လုံးဝသွားလေပြီ။
" ဝူဝမ်တောင်တန်းနယ်မြေလား'.ဟမ်.'မင်းမရှာဖွေနိုင်ဘူးဆိုရင် ဝူဝမ်တောင်တန်းနယ်မြေတစ်ခုလုံး ဖျက်စီးခံရမယ်။ မင်းကိုယ်တိုင်လှုပ်ရှားလိုက်ပြီး အစောင့်အရှောက်အဖွဲ့ကိုလဲ ခေါ်ဆောင်သွားပါ။ သုံးရက်အတွင်း ဝူဝမ်တောင်တန်းနယ်မြေထဲမှာ အသက်ရှင်ကျန်ရစ်သူမရှိစေနဲ့။ "
ရှဝူရှန်း၏မျက်ဝန်းများသည် နီရဲလာပြီး သူ၏ဒေါ်သအရှိန်အဝါများက ခန်းမကြီးတစ်ခုလုံးကို ခါယိမ်းစေခဲ့သည်။ သူကရှယွင်ကို အေးတိအေးစက် စိုက်ကြည့်လိုက်ပြီး အနည်းငယ်သောခံစားချက်မရှိသည့်အသံဖြင့် ပြောဆိုလိုက်သည်။