ဂိုဏ်းချုပ်ကတော်! မဟာနတ်ဆိုးရွှမ်ရှက တိုက်ခိုက်ခွင့်တောင်းခံပါတယ်
Vol. 25 Ch. 341
Translator - Hsue Htet
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!”
ရှယွင်မှ လက်ဟန်ဖြင့်အရိုအသေပြု၍ ဖြေကြားသည်။
ရှေးဟောင်းဂိုဏ်းများ၏ ရှေးဟောင်းအစောင့်အရှောက်များသည် နတ်ဘုရင်အဆင့်သို့ အသီးသီးရောက်ရှိနေကြပြီး စစ်မှန်သောတည်ရှိမှုကြီးများ ဖြစ်ကြသည်။
“ဂိုဏ်းချုပ် ဒီတစ်ကြိမ် ယဲ့ဟုန်နဲ့အခြားသူတွေနဲ့ အတူသွားခဲ့တဲ့ ထိပ်တန်းကျင့်ကြံသူနှစ်ယောက်လည်း ဝူဝမ်တောင်မှာ သေဆုံးခဲ့ပါတယ်တဲ့”
စဉ်းစားပြီးနောက် ရှယွင်မှ တစ်ဖန်ပြောခဲ့သည်။
“အို? ဘယ်လိုဖြစ်တာလဲ? ဝူဝမ်တောင်တန်းလေးက ဘယ်လိုလုပ်ပြီး အထူးအင်အားစုသုံးခုရဲ့ ထိပ်တန်းကျင့်ကြံသူတွေကို သတ်နိုင်မှာလဲ? ဘာဖြစ်ခဲ့တာလဲ?”
ရှယွင်၏စကားအဆုံးတွင် ရှဝူဟွမ်နှင့် ရှကျုံတို့သည် မျက်မှောင်ကြုတ်လျက် မယုံသင်္ကာဖြင့်ပြော၏။
သူတို့အတွက်မူ ဝူဝမ်တောင်တန်းဟူသည် မျက်လုံးထဲထည့်ရန်လိုအပ်သည့်အရာ မဟုတ်နေပေ။ သူတို့၏အာရုံစိုက်မှုနှင့် ထိုက်တန်သည်မှာ ဝမ်ရှခန်းမသာ ဖြစ်သည်။ သို့သော် ဝမ်ရှခန်းမသည် သူ၏ထိပ်တန်းကျင့်ကြံသူများကို ထိပါးဝံ့မည်မဟုတ်ကြောင်း ရှဝူဟွမ် ယုံကြည်၏။ ဝမ်ရှခန်းမမှာ ထိုမျှထိ အတင့်မရဲနိုင်ပေ။
“ဝူဝမ်တောင်တန်းမှာ လျှို့ဝှက်ချက်ကြီးတစ်ခုခု ရှိနေတာဖြစ်နိုင်တယ်။ အကြီးအကဲ၂.. အကြီးအကဲက အစောင့်အရှောက်တစ်ဖွဲ့ကိုခေါ်ပြီး အဲဒီ့ကို သိုသိုသိပ်သိပ် သွားလိုက်ပါ။ တကယ်ပဲ လျှို့ဝှက်ချက်တစ်ခုခုရှိနေရင် ကျုပ်တို့အားရှရှေးဟောင်းဂိုဏ်းရဲ့ လက်ထဲမှာထိန်းသိမ်းဖို့ သေချာပါစေ”
ရှဝူဟွမ်၏မျက်လုံးအစုံမှာ အကြံအစည်ဖြင့်လင်းလက်သွားလျက် အမိန့်ပေးခဲ့သည်။
လက်ရှိတွင် ရှဝူဟွမ်သည် ဒေါသဖြစ်မနေခဲ့တော့ပါ။ မိမိ၏အားရှရှေးဟောင်းဂိုဏ်းမှ ကျင့်ကြံသူများသာ ဖျက်ဆီးခံရခြင်းဖြစ်ပါလျှင် သူသေချာပေါက် ဒေါသဖြစ်မည်ဖြစ်၏။ သို့သော် အခြားအင်အားစုမှ နှစ်ဦးသည်လည်း သေဆုံးခဲ့သည်။ သို့ဖြစ်ရာ သူ၏စိတ်နှလုံးမှာ မျှတသည်ဟု ခံစားရသည်။
သူသည် ဝူဝမ်တောင်တန်းအကြောင်းကို သိမြင်စူးစမ်းလိုစိတ်ရှိ၏။ ယဲ့ဟုန်တို့သည် ထိပ်တန်းပါရမီရှင်များ မဟုတ်ကြသော်ငြား သူတို့၏အင်အားသည် အသေးအဖွဲလေးမျှတော့ မဟုတ်ပါချေ။ အခြားအင်အားစုများမှ ထိပ်တန်းကျင့်ကြံသူများဖြင့် ပေါင်းစည်းခဲ့သည်တွင် သူတို့၏အင်အားမှာ အတန်ကြီးမားသောအင်အားဖြစ်သည်။
ထို့ပြင် သူတို့ကို အစောင့်အရှောက်များမှ စောင့်ရှောက်ပေးထားသည်ဖြစ်၏။ ထို့ကြောင့် ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသောအရာမှာ ဝူဝမ်တောင်တန်းတွင် လျှို့ဝှက်ချက်ကြီးတစ်စုံတစ်ရာရှိနေခြင်းပင် ဖြစ်ပေမည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ရှယွမ်မှ အလျင်စလို လက်ဟန်ဖြင့်အရိုအသေပြု၍ တုံ့ပြန်လိုက်သည်။ ထို့နောက် ပြင်ဆင်ရန်အတွက် ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။
တစ်ချိန်တည်း၌ပင် အခြားအင်အားစုနှစ်ခုသည်လည်း အလွန်ဒေါသဖြစ်နေကြ၍ ဝူဝမ်တောင်တန်းကို စုံစမ်းစစ်ဆေးရန်အတွက် အဖွဲ့အသီးသီးကိုစေလွှတ်ခဲ့ကြသည်။ အထူးအင်အားစုကြီးသုံးခုရပ်တည်နေသည့် တောင်ပိုင်းနယ်မြေတွင် ဤသို့သောဆုံးရှုံးမှုမျိုး တစ်ကြိမ်တစ်ခါမျှ မဖြစ်ခဲ့ဖူးပေ။
“ကြားပြီးကြပြီလား? ထိပ်တန်းကျင့်ကြံသူသုံးယောက် ကျဆုံးသွားခဲ့တယ်တဲ့!”
“ဘာရယ်? ဘယ်လိုဖြစ်နိုင်မှာလဲ? သူတို့က အထူးအင်အားစုရဲ့ ထိပ်တန်းကျင့်ကြံသူတွေလေ!”
“ပြောကြတာတော့ ဝူဝမ်တောင်တန်းမှာ အသတ်ခံလိုက်ရတာတဲ့။ ဖန်းယင်ဟောက်က ဘယ်သူလဲမသိပေမယ့် အဲ့လူ တကယ်သတ္တိကောင်းတာပဲ”
“အို ဘယ်လိုပဲဖြစ်ဖြစ် ပါရမီရှင်သုံးယောက်ကို သတ်ဖြတ်ရဲခဲ့မှတော့ အဲ့လူရဲ့ကံကြမ္မာက သေခြင်းနဲ့အဆုံးသတ်ဖို့ သတ်မှတ်ထားပြီးနေပြီ”
တောင်ပိုင်းနယ်မြေကြီးတစ်ခုလုံးမှာ ရုတ်တရက်ဆန်လှသောသတင်းကြောင့် အံ့ဩထိတ်လန့်နေကြသည်။ ကျင့်ကြံသူများစွာတို့သည် ၎င်းအကြောင်းရာကို ဆွေးနွေးနေကြ၏။ ဤသည်မှာ နှစ်ထောင်ချီကာလများအတွင်း အထူးအင်အားစုကြီးသုံးခုအတွက် အပြင်းထန်ဆုံးသော စိန်ခေါ်မှုကြီးဖြစ်သည်။
ကျင့်ကြံမှုအခြေခံမြင့်မားသော ကျင့်ကြံသူအချို့သည် ထိုမျှသတ္တိကောင်းသူမှာ မည်သူဖြစ်သည်ကို သိရှိလိုကြ၍ ဝူဝမ်တောင်တန်းသို့ အသီးသီးဦးတည်သွားကြသည်။ တောင်ပိုင်းနယ်မြေ၌ ဤသို့စိတ်ဝင်စားဖွယ်ရာများ မဖြစ်ပျက်ခဲ့သည်မှာ အလွန်ကြာမြင့်လှပြီဖြစ်သောကြောင့် ကျင့်ကြံသူအများစုမှာ ကြည့်ရှုပျော်ပါးလိုကြ၏။
ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းချုပ်ခန်းမဆောင်ထဲ၌ ဝမ်ဖုန်းသည် မျက်လုံးအစုံကိုဖိမှိတ်၍ အသက်ရှူနှုန်းကို ထိန်းညှိနေသည်။ ထို့နောက် ရုတ်ချည်း မျက်လုံးဖွင့်ဟလာ၍ အလင်းတန်းတစ်စ ဖြတ်ပြေးသွား၏။
“ဒင်! အထူးအင်အားစုသုံးခုအား ဖျက်ဆီးခြင်းတာဝန်ကို ဖွင့်လှစ်လိုက်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဆုလာဘ်: ဂိုဏ်းအမှတ်တစ်ဘီလီယံ၊ အဆင့်မြင့်နတ်မင်းအဆင့်ကျပန်းဆင့်ခေါ်ခွင့် ၃ခု”
“ဒီတာဝန်ရောက်လာတာမြန်သားပဲ”
ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်တို့မှာ လှောင်ရယ်ဟန်ထင်ဟပ်နေလျက် အရေးမထားဟန်ပြော၏။
ဝမ်ဖုန်း စိုးရိမ်ပူပန်ခြင်းမရှိပါဘဲ မျှော်လင့်တကြီးဖြစ်နေမိ၏။ ဤသည်မှာ ရှန်ရှန့်ကျုံဂိုဏ်း၏ ရှန်းရွှမ်ဒေသ၊တောင်ပိုင်းနယ်မြေတွင် ပထမဆုံးသောတိုက်ပွဲဖြစ်လိမ့်မည်။ ထို့အတူ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂုဏ်သတင်းကျော်ကြားမှုအတွက် ပထမဆုံးသောတိုက်ပွဲလည်းဖြစ်၏။
“ချွမ်းယင်၊ ချင်းမန့်ယောင်၊ ရှန်းယုထင်း၊… နားထောင်ကြ! အထူးအင်အားစုသုံးခုက ရှန်ရှန့်ကျုံဂိုဏ်းကို ကျူးကျော်တော့မယ်။ ရှန်ရှန့်ကျုံဂိုဏ်းကို ကျူးကျော်ဝင်ရောက်ရဲတဲ့ ဘယ်သူဖြစ်ပါစေ အကုန်သေရမယ်!”
ဝမ်ဖုန်း၏မျက်လုံးများမှာ အလင်းစများေတာက်ပနေလျက် ချွမ်းယင်နှင့်အခြားသူများကို အသံပို့ဆောင်လိုက်သည်။
“ဟုတ်ကဲ့ပါ!”
ချွမ်းယင်နှင့်အခြားသူများသည် သူတို့၏အခန်းအသီးသီးမှ ဝမ်ဖုန်း၏အသံပို့ဆောင်မှုကို လက်ခံရရှိပြီးနောက် ပြန်လည်တုံ့ပြန်လိုက်သည်။ ထို့နောက် သူတို့၏သိမြင်ခြင်းဝိဉာဉ်တို့ကို တောင်ကြားတစ်ခုလုံးအား ဖုံးလွှမ်းစေခဲ့သည်။ တစ်စုံတစ်ယောက်ချဉ်းကပ်လာပါလျှင် သူတို့၏သိရှိမှုကို ရှောင်လွှဲနိုင်လိမ့်မည်မဟုတ်ပေ။
…..
တစ်ချိန်တည်း၌ ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းတွင်ဖြစ်သည်။
ယဲ့မုချင်သည် ထိပ်ဆုံးတွင်ထိုင်နေခဲ့ပြီး နောက်ဘက်တွင် ဝမ်ချုံးယန်၊ အောက်ဘက်တွင် မဟာနတ်ဆိုးရွှမ်ရှနှင့် လီချင်းတို့ကဲ့သို့သော ဂိုဏ်းတပည့်များ ရပ်နေကြပြီး အခြားတစ်ဖက်တွင် အလောင်းထိန်းချုပ်သူမျိုးနွယ်၏ဆက်ခံမှုဖြစ်သော အလောင်းဝိဉာဉ်ကိုလက်ခံထားသည့် အလောင်းထိန်းချုပ်သူအရှင်သခင်များ ရပ်နေကြသည်။
အလောင်းထိန်းချုပ်သူမျိုးနွယ်များ၏ ထိပ်ဆုံးတွင်ရပ်နေသူမှာ ရှည်သွယ်မှေးကျဉ်းသည့် လာဗန်ဒါမျက်ဝန်းတစ်စုံဖြင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ၏မျက်ဝန်းအစုံမှာ တောက်ပရွှန်းလဲ့နေပြီး နှစ်လိုဖွယ်ကောင်းလှသည်။ သူမသည် ကျက်သရေတင့်တယ်ထည်ဝါသော ခရမ်းရောင်ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားသည်။ ခန္ဓာကိုယ်သည် မက်မွန်သီးမှည့်ေလးကဲ့သို့ ပြည့်ဝိုင်း၍သိမ်မွေ့ဟန်ရှိလေရာ အလွန်နှစ်လိုဖွယ်ဆွဲဆောင်မှုရှိလှသည်။
သုံးထောင်ခန့်သော ပိုးသားပြာစလေးများမှာ သူမ၏ဆွတ်ပျံ့သောပခုံးနှင့် နွဲ့လျသောခါးထက်တို့တွင် တွဲလောင်းကျနေကြ၏။ ပန်းထိုးဝတ်ရုံ၏အောက်လွှာတွင် ခရမ်းပြာနုရောင်မြွေအမြီးသည် ခပ်သာသာလွှဲယမ်းနေ၏။ အရိုင်းဆန်သောညှို့ဓာတ်သည် လေထုထဲသို့ စိမ့်ဝင်ပျံ့နှံ့နေလျက် လူအပေါင်းကို ပူပြင်းမှုတစ်မျိုးခံစားစေသည်။
ထိုအမျိုးသမီးမှာ အလောင်းထိန်းချုပ်သူမျိုးနွယ်စုမှ တန်ကြေးကြီးစွာပေးဆပ်၍ ကယ်တင်ထားခဲ့သော ဧကရီမေသုရှားဖြစ်သည်။
လီချင်းနှင့်အခြားတပည့်များမှာ ကြမ်းပြင်ကိုသာ မလွှဲတမ်းစိုက်ကြည့်နေခဲ့ကြသည်။ ဧကရီမေသုရှားကဲ့သို့သော ညှို့ဓာတ်ပြင်းလှသောတည်ရှိမှုကို ဤလူငယ်လေးများမှာ အဘယ်သို့များ ကြည့်ရှုနိုင်ပါမည်နည်း။ တစ်ချက်မျှသောအကြည့်သည်ပင် ဤလူငယ်လေးများကို နှာခေါင်းသွေးလျှံကျနိုင်စေပေသည်။
လီချင်း၏နှလုံးသားမှာ လင်းဖေးဝူဖြင့်သာ ပြည့်နှက်နေသည်ဖြစ်ပါသော်ငြား ဧကရီမေသုရှား၏ညှို့ဓာတ်ကိုမူ ခုခံနိုင်စွမ်းမရှိပါချေ။ လီချင်းဖြစ်စေ၊ အခြားဂိုဏ်းတပည့်များဖြစ်စေ ဧကရီမေသုရှားသည် သူတို့မှ ဖမ်းဆုပ်ရယူနိုင်သောပုဂ္ဂိုလ် မဟုတ်သည်ကို ကောင်းစွာသိနားလည်ကြပါ၏။ အကျိုးမရှိဘဲ တောင်းဆိုခြင်းဖြင့် လစ်ဟာမှုနှင့်စိတ်မသက်မသာဖြစ်ခြင်းတို့ကို ခံစားရခြင်းထက် အစတည်းကပင် အဝေးသို့ရှောင်ဖယ်ထားသည်မှာ ပိုမိုကောင်းမွန်ပေလိမ့်မည်။
ဧကရီမေသုရှားမှ အလောင်းထိန်းချုပ်သူမျိုးနွယ်စုကို ဦးဆောင်၍ ရှန်ရှန့်ကျုံဂိုဏ်းသို့ ချဉ်းကပ်လာခဲ့ချိန်တွင် မဟာနတ်ဆိုးရွှမ်ရှသည် ဆန့်ကျင်သောအပြုအမူကို လုပ်ဆောင်ခဲ့သည်။ သို့ဖြင့် ဧကရီမေသုရှား၏ ကိုင်ပေါက်ခြင်းကို ခံလိုက်ရလေသည်။
ထိုအခြင်းအရာကိုတွေးမိရာတွင် လီချင်းနှင့်ဂိုဏ်းတပည့်များသည် မဟာနတ်ဆိုးရွှမ်ရှကို မသိမသာခိုးကြည့်လိုက်ကြသည်။ လီချင်းတို့သည် မဟာနတ်ဆိုးရွှမ်ရှကို များစွာလေးစားမိရသည်။
အကြောင်းမှာ မဟာနတ်ဆိုးရွှမ်ရှ၏ မျက်နှာအရေထူသည့်စွမ်းရည်ကြောင့်သာမက ခံနိုင်ရည်အားကောင်းခြင်းကြောင့်လည်းဖြစ်သည်။ ရွှမ်လင်းလိပ်ရုပ်ခန္ဓာပိုင်ရှင်ဖြစ်သော လီချင်းမှာ မဟာနတ်ဆိုးရွှမ်ရှအား ဒူးထောက်ခစားရန် လိုလားမိရပါ၏။
ဧကရီမေသုရှား၏ ကိုင်ပေါက်ခြင်းကို ခံရပြီးချိန်တိုင်းတွင် မဟာနတ်ဆိုးရွှမ်ရှသည် နောက်တစ်နေ့တွင်လည်း သူ့အားကိုင်ပေါက်မည့်တစ်စုံတစ်ယောက်ကို ရှာဖွေလိုလှသည်။
ဧကရီမေသုရှား၏ ပြင်းထန်သောဒေါသအဟုန်အောက်တွင် မဟာနတ်ဆိုးရွှမ်ရှ၏ရုပ်ခန္ဓာသည် အဆင့်မြင့်တက်လာခဲ့သည်ကြောင့်လည်း မဟာနတ်ဆိုးရွှမ်ရှသည် ပို၍တက်ကြွလာခဲ့ခြင်းဖြစ်၏။ မဟာနတ်ဆိုးရွှမ်ရှသည် ဤသို့ပင် ပြောခဲ့သေး၏။
‘ငါ့ရဲ့ခန္ဓာကွဲကြေသွားရင်တောင်မှ ဧကရီရဲ့ဂါဝန်စအောက်ခြေမှာ ဒီနတ်ဆိုးအိုကြီးက ဒူးထောက်ခစားနေဦးမှာ’'ဟူ၍။
ရှန်ရှန့်ကျုံဂိုဏ်းတပည့်များမှာ မဟာနတ်ဆိုးရွှမ်ရှကို အံ့အားသင့်နေကြသည်။ ဤနတ်ဆိုးအိုကြီး၌ ဝီရိယကြီးစွာသောတစ်ဘက်ခြမ်းရှိနေလိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ပေ။
အကြိမ်ပေါင်းများစွာထိတိုင် ဧကရီမေသုရှားသည် မဟာနတ်ဆိုးရွှမ်ရှကို စကားတစ်ခွန်းမဆိုခဲ့ပေ။ မျက်နှာကိုပင် တစ်ချက်မကြည့်ဘဲနှင့် ကိုင်ပေါက်ခံလိုက်ရလေသည်။
လောကကြီး၌ အချစ်ဟူသည် အဘယ်အရာနည်းဟု မေးခွန်းထုတ်ပါလျှင်
သေခြင်းရှင်ခြင်းကို သင်ကြားပေးသည့်အရာဟုသာ ဖြေကြားရပေမည်။
“သခင်မ အဲဒီ့နေ့က အလောင်းထိန်းချုပ်သူမျိုးနွယ်စု ပေါ်ထွက်လာတာမှာ ထျန်းလင်ဂိုဏ်းက အလောင်းထိန်းချုပ်သူမျိုးနွယ်စု ပြန်လည်ရှင်သန်လာတာကို သတိထားမိပုံရတယ်။ အဲဒါက ရှန်ရှန့်ကျုံဂိုဏ်းအပေါ် သက်ရောက်မှုရှိလာပြီး အလောင်းထိန်းချုပ်သူမျိုးနွယ်စုကိုလည်း သုတ်သင်ဖို့ကြိုးပမ်းလာမှာကို စိုးရိမ်မိပါတယ်”
ဧကရီမေသုရှား၏ ချယ်ရီနှုတ်ခမ်းလေးများမှ အထက်တန်းဆန်ဆန်အေးစက်သော အသံထွက်ပေါ်လာခဲ့သည်။ သူမသည် ယဲ့မုချင်အား ရိုသေလေးစားမှုဖြင့် ကြည့်နေခဲ့သည်။ ဧကရီမေသုရှားသည် ဘုရင်မတစ်ပါးကဲ့သို့ အထက်တန်းကျ၍ အထက်စီးဆန်သူဖြစ်သည်။ သူမ၏လေးစားရိုသေမှုကို ခံရသူမှာ ယဲ့မုချင်တစ်ဦးတည်းသာရှိသည်။
ဧကရီမေသုရှား၏အသံ ထွက်ပေါ်လာသည်တွင် မဟာနတ်ဆိုးရွှမ်ရှသည် ဧကရီမေသုရှားကို ငေးစိုက်ကြည့်နေ၏။ အံ့ချီးဖွယ်အသံလေးသည် နွေးထွေးမှုဖြင့် နတ်ဆိုးအိုကြီး၏နှလုံးသားထဲတွင် လှိုင်းဂယက်ထန်သွားစေခဲ့ကာ အချိန်တိုင်းစက္ကန့်တိုင်းတွင် သူမ၏အနားသို့ ချဉ်းကပ်လိုစိတ်များ ပြင်းပြလာရသည်။
“ဂိုဏ်းချုပ်ကတော်! မဟာနတ်ဆိုးရွှမ်ရှက တိုက်ခိုက်ဖို့တောင်းဆိုပါတယ်”
မဟာနတ်ဆိုးရွှမ်ရှသည် ဦးခေါင်းကိုမော့ချီလျက် ရှေ့သို့ထွက်၍ ရိုသေကျိုးနွံစွာဖြင့် အရိုအသေပြုတောင်းဆိုလေသည်။
ထိုအခိုက်အတန့်တွင် မဟာနတ်ဆိုးရွှမ်ရှသည် ဧကရီမေသုရှားကို ကြည့်မနေခဲ့တော့ပါ။ ဧကရီမေသုရှား၏ရန်သူသည် ငါနတ်ဆိုးအိုကြီး၏ရန်သူဖြစ်၏။
ငါမဟာနတ်ဆိုးရွှမ်ရှ၏ရှေ့မှောက်တွင် ဧကရီမေသုရှားအား မည်သူတစ်ဦးတစ်ယောက်သော်မျှ ထိခိုက်နာကျင်စေခြင်း မပြုနိုင်စေရ!