ထျန်းလင်၏အစီအစဉ်
Vol. 25 Ch. 342
Translator - Hsue Htet
“ထျန်းလင်ဂိုဏ်းက ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းတွေထဲက တစ်ဂိုဏ်းပဲ။ အတော်လေး အင်အားကြီးမားတယ်။ မင်းရဲ့ကျင့်ကြံဆင့်လေးနဲ့ သူတို့ဂိုဏ်းရဲ့ ဂိုဏ်းတပည့်တစ်ယောက်နဲ့တောင် တိုက်ခိုက်နိုင်မှာမဟုတ်ဘူး။ အဲ့လိုဆိုပြီးလည်း အရမ်းရှက်ရွံ့နေဖို့မလိုဘူး”
ယဲ့မုချင်မှ စကားမဆိုမီတွင် ဧကရီမေသုရှားမှ အထင်မြင်သေးစွာဖြင့်ပြော၏။
ဧကရီမေသုရှား၏အသံတွင် လီချင်းနှင့်အခြားဂိုဏ်းတပည့်များမှာ အနည်းငယ် တုန်ရီသွားရသည်။ သူတို့မှာ ရယ်မောလိုကြပါသော်ငြား မရယ်မောရဲချေ။
“ဧကရီက ကျွန်တော့်အတွက် စိုးရိမ်ပေးတယ်ဆိုတာ ကျွန်တော်သိပါတယ်”
မဟာနတ်ဆိုးရွှမ်ရှသည် ဧကရီမေသုရှားကို ကြည့်လိုက်ရင်းမှတုန်ရီသွားကာ ပီတိဖြာလျက်ပြောလေသည်။
ဤသည်မှာ ဧကရီမေသုရှားမှ သူ့အား ပထမဆုံးအကြိမ် စကားပြောလာခဲ့ခြင်းဖြစ်သည်။ စကားလုံးများမှာ အနည်းငယ်ထေ့ငေါ့ပြောဆိုနေခြင်းဖြစ်သော်ငြား ထိုစကားလုံးများထဲမှ စိုးရိမ်ပူပန်မှုမှာလည်း ရှင်းလင်းမြင်သာပေသည်။
ဧကရီမေသုရှားသည် ပေသန်းရာချီမြင့်မားသော ရေခဲတောင်ထွဋ်ကြီး ဖြစ်နေလျှင်သော်မှ သူ၏စိတ်ပြင်းပြမှုဖြင့် အရည်ပျော်စေနိုင်မည်ဟု မဟာနတ်ဆိုးရွှမ်ရှ ယုံကြည်ထား၏။
ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်း၌ ဧကရီမေသုရှားကဲ့သို့အလှလေးကို မဟာနတ်ဆိုးရွှမ်ရှမှအပ အခြားမည်သူမျှ ဖမ်းဆုပ်ရယူနိုင်မည်မဟုတ်ချေ။
မဟာနတ်ဆိုးရွှမ်ရှ မိမိသည် ဂိုဏ်းချုပ်တမျှ ချောမောခန့်ညားခြင်းမဟုတ်သော်ငြား သူသည်လည်း ချောမောခန့်ညား၍ ချေငံသောအမျိုးသားဖြစ်ပါသည်။ ဧကရီမေသုရှားအတွက် လိုက်ဖက်ညီသောတွဲဖက်ဟုလည်း သတ်မှတ်နိုင်ပေသည်။
နှစ်ပေါင်းထောင်ချီအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့အား စွဲလမ်းစေသောအမျိုးသမီးတစ်ဦး ပေါ်ထွက်လာခဲ့သည်ဖြစ်ရာ မည်သို့ပင်ဖြစ်စေ မဟာနတ်ဆိုးကြီးမိမိမှာ လွဲချော်ခွင့်မပြုနိုင်ပါချေ။
နတ်ဆိုးအိုကြီးကို အထင်မသေးလေနှင့်။ နတ်ဆိုးအိုကြီး၏ကြိုးစားမှုသည် အနှိုင်းမဲ့၏!
“ကျစ်!”
မဟာနတ်ဆိုးရွှမ်ရှ၏စကားကိုကြားသည်တွင် လီချင်းနှင့်အခြားတပည့်များမှာ မဟာနတ်ဆိုးရွှမ်ရှကို မယုံကြည်နိုင်စွာကြည့်လိုက်ကြရင်းဖြင့် ပင့်သက်ရှိုက်မိကြလေသည်။ ဧကရီမေသုရှား၏စကားလုံးများမှာ သိသိသာသာကို အထင်မြင်သေးထေ့ငေါ့လိုက်ခြင်းဖြစ်၏။ သို့သော် မဟာနတ်ဆိုးရွှမ်ရှမှာမူ သူ့အတွက် စိုးရိမ်ပေးသည်ဟု ပြောထွက်လာလေသည်။ ဘယ်လိုတောင် အရှက်မဲ့တာကြီးလဲကွာ?
ဧကရီမေသုရှားသည်လည်း မင်သက်သွားရ၏။ သူမသည်လည်း ရှန်ရှန့်ကျုံဂိုဏ်းသားဖြစ်နေသည်ကြောင့် မဟုတ်ပါလျှင် ထိုနတ်ဆိုးအိုကြီးကို သေအောင်ရိုက်သတ်မိလောက်ပေသည်။
“မင်းရဲ့ကျင့်ကြံမှုအခြေခံက အခုအတော်လေး ကောင်းမွန်လာနေပါပြီ။ ထျန်းလင်ဂိုဏ်းက ထွက်မလာသေးသ၍ မင်းလည်း ရှန်ရှန့်ကျုံဂိုဏ်းအတွက် ဘာမှလုပ်လို့မရသေးဘူး!”
ယဲ့မုချင်သည်လည်း မဟာနတ်ဆိုးရွှမ်ရှကို ခပ်ဖျော့ဖျော့တစ်ချက်ကြည့်လိုက်၏။ ထို့နောက်တွင် မဟာနတ်ဆိုးရွှမ်ရှ၏ မျက်နှာပြောင်တိုက်မှုကို လျစ်လျူရှု၍ ဧကရီမေသုရှားကို ပြော၏။
“ဂိုဏ်းချုပ်ကတော် ရှိနေတာမလို့ ကျွန်မအတွက် စိုးရိမ်ပူပန်မှုမရှိပါဘူး။ ဂိုဏ်းချုပ်ကို တိုက်ခိုက်မှာကိုပဲ စိုးရိမ်မိတာပါ”
ဧကရီမေသုရှားသည် မျက်လုံးလှလှလေးများကို မှေးကျဉ်း၍ တည်ကြည်လေးနက်စွာပြော၏။
“ငါ့ခင်ပွန်းကို တိုက်ခိုက်ရဲရင်တော့ အဲဒီ့ထျန်းလင်ဂိုဏ်းမှာ လူဘယ်နှယောက်ရှိပါစေ ငါသခင်မ သတ်ပစ်ဖို့လုံလောက်မှာမဟုတ်ဘူး”
ယဲ့မုချင်၏ မျက်နှာလှလှလေးမှာ စူပုပ်သွားလျက် အေးစက်စွာပြော၏။
ယဲ့မုချင်၏စကားကြောင့် ခန်းမထဲရှိလူအားလုံးမှာ မထိန်းချုပ်နိုင်စွာ တုန်လှုပ်မိရလေသည်။ ဂိုဏ်းချုပ်ကတော်သည် ဖော်ရွေတတ်သူဖြစ်သော်ငြား အမှန်တကယ် အကြင်နာကင်းမဲ့လိုပါလျှင် ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်သည့်အလား လောကတစ်ခွင်ကို တုန်လှုပ်စေနိုင်သည်ဖြစ်သည်။
ယခုတွင် အခြေအနေမှာ ဤသို့ဖြစ်ရာ အရာအားလုံးမှာ ဂိုဏ်းချုပ်ကတော်ထံတွင် မူတည်ပေသည်။
…..
တစ်ချိန်တည်း၌ပင် ယွမ်ဟွားကောင်းကင်နယ်မြေတစ်နေရာ၊ ဂုဏ်သတင်းကြီးသော ထျန်းလင်ဂိုဏ်းတည်ရှိရာ ရေပေါ်ကျွန်းတစ်ကျွန်းတွင်ဖြစ်သည်။
ခန်းမဆောင်ကြီးထဲတွင် ထျန်းလင်ဂိုဏ်း၏ဂိုဏ်းချုပ် ယွမ်ဝူလင်သည် ထိပ်ဆုံးတွင်ထိုင်နေပြီး ရာချီသော ထျန်းလင်ဂိုဏ်းအကြီးအကဲများသည်လည်း ထိုခန်းမဆောင်ထဲတွင် ရှိနေသည်။
“အလောင်းထိန်းချုပ်သူမျိုးနွယ်စုရဲ့ အကြွင်းအကျန်တွေ ပြန်လည်ရှင်သန်လာကြပြီ။ ကျေးဇူးပြုပြီး အဲဒီ့လူတွေနဲ့ ဘယ်လိုရင်ဆိုင်မယ်ဆိုတာကို ငါဂိုဏ်းချုပ်ကို ပြောဆိုဆွေးနွေးကြပါဦး”
ယွမ်ဝူလင်သည် အကြီးအကဲများကိုကြည့်၍ တည်ကြည်လေးနက်စွာပြော၏။
“ဂိုဏ်းချုပ် အလောင်းထိန်းချုပ်သူမျိုးနွယ်စုကို အထင်သေးလို့မရပါဘူး။ သူတို့ကြောင့် မွန်မြတ်ဘုံလောကမှာ လှိုင်းဂယက်တွေဖြစ်ပေါ်နိုင်ခဲ့တာကိုေတွးကြည့်ရင် သူတို့ရဲ့အင်အားက ကြောက်မက်ဖွယ်ကောင်းတာကို စိတ်ကူးကြည့်နိုင်ပါတယ်။ အကြွင်းအကျန်လေးတွေပဲဖြစ်ပေမယ့် ကျုပ်တို့ထျန်းလင်ဂိုဏ်းတစ်ဂိုဏ်းတည်းရဲ့ အင်အားနဲ့ဆို ဖိအားအရမ်းများပါတယ်”
အကြီးအကဲချုပ်ချိုးဝမ်ယန်မှ ရှေ့သို့ထွက်၍ ပြော၏။
အလောင်းထိန်းချုပ်သူမျိုးနွယ်စု၏ အင်အားသည် ထျန်းလင်ဂိုဏ်းမှ စိတ်ကူးနိုင်သည်ထက် သာလွန်၏။ မွန်မြတ်ဘုံေလာက၏ အထက်ဘုံလောကရှိကျင့်ကြံသူများပင်လျှင် အလောင်းထိန်းချုပ်သူမျိုးနွယ်စုကို မဖျက်ဆီးနိုင်ပေ။ သို့ဖြစ်ရာ ထိုအလောင်းထိန်းချုပ်သူမျိုးနွယ်စုသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို မှန်းဆနိုင်ပေသည်။
အဲဒီ့တစ်အုပ်စုက အကြွင်းအကျန်လေးတွေဆိုတာသာ တကယ်အမှန်ဖြစ်ခဲ့ရင် သူတို့မှာ ဘယ်လိုလုပ်ပြီး တိုက်ခိုက်ဖို့သတ္တိရှိမှာတဲ့လဲ?
ချိုးဝမ်ယန်၏စကားအဆုံးတွင် ထျန်းလင်ဂိုဏ်းအကြီးအကဲများသည် သဘောတူညီစွာ ခေါင်းညိတ်လာကြသည်။ အကြွင်းအကျန်များဆိုလျှင်သော်မှ အထင်မသေးသင့်ပေ။ ခြုံငုံလိုက်ပါလျှင် ထိုသူတို့သည် မွန်မြတ်ဘုံလောကမှ လွတ်မြောက်လာကြသူများပင် မဟုတ်ပါလော။
“တခြားအင်အားစုတွေနဲ့ပူးပေါင်းရင်လည်း အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်တွေက တခြားအင်အားစုတွေရဲ့လက်ထဲကို ကျရောက်သွားနိုင်ခြေရှိတယ်”
ယွမ်ဝူလင်သည် မျက်လုံးများ အနည်းငယ်မှေးကျဉ်းလျက် ပြော၏။
“အဲဒီ့အင်အားစုတွေရဲ့ စွမ်းဆောင်ရည်နဲ့ဆို ကျုပ်တို့ထျန်းလင်ဂိုဏ်းက အင်အားကုန်ဖြန့်ကျက်လိုက်ရင် သူတို့ရဲ့အာရုံစိုက်မှုကို ရှောင်လွှဲနိုင်မှာမဟုတ်ဘူး။ အဲဒီ့အစား သူတို့ကို တိုက်ရိုက်ပဲဆွဲခေါ်လက်တွဲပြီး ဖိအားအချို့မျှဝေလိုက်တာက ပိုကောင်းပါလိမ့်မယ်”
အကြီးအကဲချုပ်မှ ဆက်ပြောသည်။
“ထားလိုက်တော့! ငါကိုယ်တိုင်ဆက်သွယ်လိုက်မယ်! ဒီအတောအတွင်းမှာ အကြီးအကဲက ထျန်းလင်ဂိုဏ်း လက်ရွေးစင်တပည့်တွေကို စုဝေးထားပြီး အမိန့်ကိုစောင့်ဆိုင်းနေပါ”
ယွမ်ဝူလင်သည် အချိန်ခဏမျှစဉ်းစားနေပြီးနောက် ဆက်ပြော၏။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!”
အကြီးအကဲများသည် ထိုမှသာ စိတ်သက်သာရာရစွာဖြင့် အသက်ပြင်းပြင်းရှူသွင်းလိုက်၍ ကျယ်လောင်စွာ ဖြေကြားကြလေသည်။
…..
ဝူဝမ်တောင်တန်း၏အပြင်ဘက်၌ အားရှရှေးဟောင်းဂိုဏ်း၏အကြီးအကဲ၂ ရှယွင်သည် တောက်ပခြင်းနှင့်မှောင်မိုက်ခြင်းေသာ အစောင့်အရှောက်နှစ်ဖွဲ့ကို ဦးဆောင်လာခဲ့သည်။
ဝူဝမ်တောင်တန်းကို စုံစမ်းစစ်ဆေးပြီးနောက် ရှယွင် မျက်မှောင်ကြုတ်မိ၏။ ထူးဆန်းသည့်အရာ တစ်ခုတစ်လေမျှ သူရှာမတွေ့ခဲ့ပေ။ တစ်ခုတည်းသော မူမမှန်ခြင်းဟူ၍ စစ်ဆေးမရသော နေရာတစ်ခုရှိနေခြင်းသာ ဖြစ်သည်။
“အကြီးအကဲရှယွင်က အဖွဲ့ကိုဦးဆောင်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူးပဲ!”
ရှယွင်မှ မျက်မှောင်ကြုတ်၍ စဉ်းစားတွေးတောနေစဉ်၌ ရယ်မောသံကြီးတစ်ခု ပဲ့တင်ထပ်လာခဲ့၍ ရှယွင်အား အတွေးထဲမှ လှုပ်နှိုးလိုက်လေသည်။ မော့ကြည့်လိုက်ရာ သူတို့၏မနီးမဝေးမှ သက်ဆင်းလာနေသည့် ဒါဇင်ကျော်ခန့်ပုံရိပ်များကို မြင်တွေ့လိုက်ရသည်။
ဦးဆောင်လာသူမှာ ချုံရှုရှေးဟောင်းဂိုဏ်း၏ အကြီးအကဲရှုဝူတောက်ဖြစ်ပြီး ထိုသူ၏နောက်၌မူ တောင်ပိုင်းနယ်မြေကို လှုပ်ကိုင်ခဲ့သော ချုံရှုဂိုဏ်းအစောင့်အရှောက်များဖြစ်သည်။
“မတွေ့တာကြာပြီနော် ချုံရှုရှေးဟောင်းဂိုဏ်းရဲ့အကြီးအကဲက အရင်လိုပါပဲရော”
ရှယွင်မှ ပြုံးလျက် ပြန်လည်အရိုအသေပြု၏။
“မင်းတို့လူအိုကြီးနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အမွှမ်းတင်နေတာတွေ တော်ကြစမ်းပါ!”
ရှုဝူတောက်မှ တစ်စုံတစ်ရာပြန်လည်ပြောဆိုတော့မည်တွင် ဒါဇင်ကျော်ခန့်သော လူတစ်စုကို ဦးဆောင်ဆင်းသက်လာသည့် ဝေဝါးဝါးပုံရိပ်မှ ခံ့ညားသည့်အသံဖြင့် ပြောလာခဲ့သည်။
“အကြီးအကဲတိမင်ကို ဂါရဝပြုပါတယ်”
ထိုပုံရိပ်ကိုမြင်သည်နှင့် ရှယွင်နှင့်ရှုဝူတောက်တို့သည် လျစ်လျူမရှုဝံ့စွာ လက်ဟန်ဖြင့် အလျင်အမြန် အရိုအသေပေးကြ၏။
“တိုက်ဆိုင်သွားပြီဆိုမှတော့ အားလုံးအတူသွားကြည့်ကြတာပေါ့”
“ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုကို ထိပါးဝံ့မှတော့ အဲဒီ့လူတွေက အသက်ရှင်ရတာကို စိတ်ကုန်နေတာပဲဖြစ်မယ်!”
ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု၏ အကြီးအကဲတိမင်မှ လက်ကိုဝှေ့ယမ်းလျက် အေးစက်စွာနှာမှုတ်၏။ သူ၏မျက်လုံးများမှာ အလင်းတစ်စ ထင်ဟပ်နေခဲ့သည်။
“ကျုပ်တို့အထူးအင်အားစုသုံးခုက တောင်ပိုင်းနယ်မြေမှာ ရပ်တည်လာတာ အချိန်ကြာမြင့်ခဲ့ပြီ။ ဘယ်တုန်းကမှ ဒီလိုအရှက်တကွဲ မဖြစ်ခဲ့ရဖူးဘူး။ အဲဒီ့လူတွေက ဘယ်သူပဲဖြစ်ပါစေ သေချာပေါက် သေရမယ်!”
ရှယွင်နှင့် ရှုဝူတောက်တို့နှစ်ဦးမှလည်း ခေါင်းညိတ်ထောက်ခံ၏။
သို့ဖြင့် အထူးအင်အားစုသုံးခု၏ အကြီးအကဲသုံးဦး ဦးဆောင်သောလူအုပ်စုသည် ဝူဝမ်တောင်တန်းသို့ဝင်ရောက်၍ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဦးတည်ခဲ့ကြသည်။ နတ်ဝိဇ္ဇာနှောင်းပိုင်းအဆင့်ဖြစ်သော အကြီးအကဲရှယွင်သည်ပင် မူမမှန်သောနေရာကို ရှာတွေ့နိုင်ခဲ့၏။ သို့ဖြစ်ရာ နတ်ဝိဇ္ဇာနှောင်းပိုင်းအထွတ်အထိပ်အဆင့်ဖြစ်သော အကြီးအကဲတိမင်သည်လည်း သေချာပေါက်ရှာတွေ့နိုင်ခဲ့ပြီး မဟုတ်ပါလော။
ဝူဝမ်တောင်တန်း၊ ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ တောင်ကြားသည် တစ်မူထူးခြားသောကြောင့် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ အကြီးအကဲများအုပ်စုသည် တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းအလို့ငှာ ဦးစွာ စူးစမ်းရှာဖွေကြည့်ခြင်းသာ ဖြစ်ပေသည်။
တစ်ချိန်တည်း၌ ရှန်ရှန့်ကျုံဂိုဏ်းတွင်ဖြစ်သည်။ ရှယွင်မှ ဝူဝူဝမ်တောင်တန်းကို ခြုံငုံစစ်ဆေးရန် သူ၏သိမြင်ဝိဥာဉ်ကို စတင်ထုတ်လွှတ်ခဲ့ချိန်၌ပင် ချွမ်ယင်းနှင့်အခြားအကြီးအကဲများမှာ သတိထားမိသွားကြလေသည်။ ထို့ကြောင့် ဂိုဏ်းချုပ်ခန်းမဆောင်သို့သွားရောက်၍ ဝမ်ဖုန်းကို သတင်းပို့ကြသည်။
“ဂိုဏ်းချုပ် နတ်ဝိဇ္ဇာနှောင်းပိုင်းအဆင့်ကျင့်ကြံသူ သုံးယောက်နဲ့ နတ်ဘုရင်အဆင့်ကျင့်ကြံသူ၄၀ကျော် ရှန်ရှန့်ကျုံဂိုဏ်းကို ဦးတည်လာနေပါတယ်”
ချွမ်ယင်းမှ ဝမ်ဖုန်းကို လျှောက်တင်၏။
“ချွမ်ယင်း၊ ချင်းမန့်ယောင်၊ ရှန်းယုထင်း.. မင်းတို့သုံးယောက် ရှန်ရှန့်ကျုံဂိုဏ်းပြင်ကို တိုက်ရိုက်သွားပြီး အလစ်တိုက်ခိုက်မယ်။ အဲဒီ့လူတွေရောက်လာတာနဲ့ ဘာမှအာရုံထားမနေနဲ့။ ဒီတိုင်း ရိုက်သတ်ပစ်လိုက်ကြ!”
ဝမ်ဖုန်း၏မျက်လုံးအစုံ၌ အေးစက်သည့်အလင်းများ တောက်ပသွားခဲ့ပြီး တည်ကြည်လေးနက်စွာပြောခဲ့သည်။