← Chapters

ပိတ်မိသွားသောသားရဲ၏ဟိန်းဟောက်သံ

Vol. 25 Ch. 343

ပိတ်မိသွားသောသားရဲ၏ဟိန်းဟောက်သံ

Vol. 25 Ch. 343

Translator - Hsue Htet 

ရှန်ရှန့်ကျုံဂိုဏ်းတောင်ကြား၏အပြင်ဘက်၌ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု အကြီးအကဲ၃တိမင် ဦးဆောင်သောအဖွဲ့နှင့် ရှယွင်၊ ရှုဝူတောက်တို့ ဦးဆောင်သောအဖွဲ့များ ဆင်းသက်လာကြသည်။

အကြီးအကဲတိမင်သည် ရှန်ရှန့်ကျုံတောင်ကြားကို ကြည့်ရှုရင်းဖြင့် မျက်ခုံးနှစ်လွှာ တွန့်ချိုးသွား၏။ သေးသွယ်သည့်တောင်ကြားငယ်လေးသည် ပြိုင်ဘက်ကင်းသားရဲတစ်ကောင်ကဲ့သို့သော ခံစားချက်မျိုးကို ရရှိစေလျက် စိုးထိတ်ကြောက်ရွံ့မှုတစ်မျိုးကို ခံစားရစေသည်။

သူ၏ဘေးရှိ ရှယွင်နှင့်ရှုဝူတောက်တို့ကို လှည့်ကြည့်ရာ သူတို့သည်လည်း ဝေ့ဝဲကြည့်ရှုနေကြ၏။ သူတို့သုံးဦးသည် တည်ကြည်လေးနက်နေကြသည်။ ဤတောင်ကြားငယ်လေးသည် သူတို့ကို စိတ်မအေးဖြစ်စေ၏။

‌အတော်လေး မူမမှန်နေချေ။

ဝူဝမ်တောင်တန်းတစ်ခုလုံးကို သိမြင်ဝိဉာဉ်တစ်ချက်စေလွှတ်မှုဖြင့်ပင် စူးစမ်းလေ့လာနိုင်စွမ်း၏။ ဤတောင်ကြားတစ်ခုတည်းကိုသာ စိုးစဉ်းသော်မျှ မစူးစမ်းနိုင်ဘဲ ရှိနေရသည်။ သို့ဖြစ်ရာ သူတို့၏စွမ်းအင်ဖြင့် ဤတောင်ကြားကို ခွဲခြမ်းစိတ်ဖြာ၍မရနိုင်ဟု ‌ဆိုလိုနေပေသည်။ 

“ဝင်ကြည့်ကြမယ်!”

အကြီးအကဲတိမင်သည် မျက်နှာအနည်းငယ်မည်းမှောင်သွားလျက် ပြော၏။

ရှယွင်၊ရှုဝူတောက်တို့သည်လည်း အသံမပြုဘဲခေါင်းညိတ်၏။ အကြီးအကဲသုံးဦးသည် မိမိ၏အဖွဲ့အသီးသီးကို ဦးဆောင်၍ တောင်ကြားသို့ ဆက်လက်ချဉ်းကပ်ကြသည်။

“ဓားရှည်တစ်သောင်း ဂိုဏ်းသို့ပြန်လည်!”

တောင်ကြား၏ မီတာတစ်ရာခန့်အဝေးသို့ ချဉ်းကပ်လိုက်သည်နှင့်တစ်ပြိုင်နက် နူးညံ့သည့်ရေရွတ်သံတစ်ခုသည် လောကတစ်ခွင် ပဲ့တင်ထပ်လာခဲ့သည်။ ထိုအသံနှင့်အတူ တိမ်းရှောင်ရန်ခက်ခဲသော နတ်ဘုရားဓားရောင်ခြည်ကဲ့သို့သော ဓားရောင်ခြည်တစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။

“ဘယ်သူလဲ?”

ဓားရောင်ခြည်ကို ခံစားမိသောကြောင့် တိမင်နှင့်အခြားသူများသည် မျက်နှာအမူအရာပြောင်းလဲသွားကြပြီး အသံနိမ့်ဖြင့်အော်ပြော၏။

သူတို့၏ခန္ဓာကိုယ်မှ အင်အားကြီးမားသည့်အရှိန်အဝါများ ဖြာထွက်လာခဲ့ပြီး လောကတစ်ခွင်လွှမ်းခြုံသွားသည်။ သူတို့အားလုံးမှာ တောင့်တင်းနေကြလျက် မျက်လုံးများသည် ဓားရောင်ခြည်ကိုရှာဖွေရင်းဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲစူးစမ်းနေကြသည်။ သို့သော် ဓားရောင်ခြည်ကို မည်သည့်နေရာတွင်မှ ရှာဖွေမတွေ့နိုင်ချေ။ ကမ္ဘာလောကတစ်ခုလုံး၌ စိမ့်ဝင်ပျံ့နှံ့နေသည့်အလား ဓားရောင်ခြည်သည် အရပ်လေးမျက်နှာ၌ ပြည့်နှက်နေပေသည်။

ဟမ်!

အရပ်လေးမျက်နှာမှ ဓားသံများ ရုတ်တရက်ထွက်ပေါ်လာ၍ အေးစက်သည့်အလင်းတောက်ပနေသော ပုံရိပ်ယောင်ဓားရှည်များ အရပ်လေးမျက်နှာမှ ထွက်ပေါ်လာခဲ့ကာ တိမင်တို့အားလုံးကို ဝန်းရံထားသည်။ ထိုပုံရိပ်ယောင်ဓားရှည်များ၏ ထက်ရှသောထိပ်ဖျားဓားသွားတို့သည် တိမင်တို့အားလုံးကို လှုံ့ဆော်နေပေသည်။

ဓားရှည်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တိမင်နှင့်အခြားသူများသည် မျက်နှာအမူအရာ အကြီးအကျယ်ပြောင်းလဲသွား၏။ နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူများပင်လျှင် ၎င်းဓားရှည်၏ ထက်ရှသောဓားသွားထိပ်ဖျား‌တို့ကြောင့် ထိတ်လန့်သွားရသည်။ သူတို့အများစုမှာ ဓားသိုင်းကျင့်ကြံသူများဖြစ်ကြပါ၏။ သို့သော် ဤသို့သန့်စင်သော နတ်ဘုရားဓား၏ ဓားရောင်ခြည်ကိုမူ သူတို့မ‌မြင်တွေ့ဖူးကြချေ။

ဤသို့သန့်စင်သောဓားရောင်ခြည်ကို ထုတ်လွှတ်အသုံးပြုနိုင်ရန်အတွက် ဓားသိုင်းပညာရပ်ကို မည်မျှပမာဏအထိ ရူးသွပ်ရလိမ့်မည်နည်း။

“အမြန်! ခုခံကြ!”

တိမင် အလျင်စလို အော်ဟစ်၏။

သူ၏ခန္ဓာကိုယ်တွင်းစွမ်းအင်များသည် ကောင်းကင်ထိတိုင် မြင့်တက်သွားပြီး စွမ်းအင်အလင်းသည် လေဟာပြင်ကို တုန်ခါသွားစေ၏။ နတ်ဝိဇ္ဇာနှောင်းပိုင်းအထွတ်အထိပ်အဆင့် ကြီးကျယ်ခမ်းနားသောစွမ်းအင်သည် တုံ့ဆိုင်းချန်လှပ်မှုမရှိ ဖြာထွက်လာခဲ့ပြီး နောက်ဘက်မှ ရှယွင်၊ ရှုဝူတောက်နှင့် အခြားကျင့်ကြံသူများသည်လည်း အသီးသီး စွမ်းအင်များ ဖြာထွက်လာကြသည်။

“သတ်!”

နူးညံ့သည့်ရေရွတ်သံ ထပ်မံပေါ်ထွက်လာခဲ့ပြီး တိမင်နှင့်အခြားသူများအားလုံးကို ဝန်းရံထားသည့်ဓားများသည် သူတို့ထံသို့ ရုတ်ချည်းဦးတည်လာကြသည်။ မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ ထိုဓားများသည် လေဟာပြင်ကို ထိုးဖောက်၍ တိမင်နှင့်အခြားသူများကို ခုတ်ပိုင်းထိုးစိုက်လေသည်။

“ခုခံကြ!”

တိမင်နှင့်အခြားသူများမှလည်း ဟစ်ကြွေးလျက် နတ်ဝိဇ္ဇာနှောင်းပိုင်းအဆင့်ကျင့်ကြံသူသုံးဦးသည် နတ်ဘုရင်အဆင့်ကျင့်ကြံသူ၄၀နှင့် ဆက်နွယ်ပူးပေါင်း၍ ‌အကာအကွယ်စည်းတစ်ခုဖန်တီးခြင်းဖြင့် ဓားများ၏ကြောက်ခမန်းလိလိသော တိုက်ခိုက်မှုကို ခုခံကြသည်။

ပထမအကြိမ်ထိခတ်ခြင်းသည် အကာအကွယ်စည်းပထမအလွှာကို တုန်ခါသွားစေခဲ့ပြီး ထို့နောက်တွင် ဒုတိယအကြိမ်၊ တတိယအကြိမ် ထိခတ်ခြင်းများ ဆက်တိုက်ဖြစ်တည်ခဲ့သည်။ မရေမတွက်နိုင်အောင်သော ပုံရိပ်ယောင်ဓားများသည် လှိုင်းလုံးကြီးအလား ကြောက်မက်ဖွယ်သော၊ အကြွင်းမဲ့သော၊ ကောင်းကင်ဘုံကို ဖြိုခွင်းနိုင်လောက်သောအင်အားကို သယ်ဆောင်ထားလေသည်။

ဘုန်း!

နားကွဲလုမတတ်သောပေါက်ကွဲသံကြီးသည် ဝူဝမ်တောင်တန်းတစ်ခုလုံး၌ ပဲ့တင်ထပ်သွားပြီး ဓားရောင်ခြည်ရိုက်ခတ်မှုသည် အနီးဝန်းကျင်ရှိ ရှေးဟောင်းသစ်ပင်ကြီးများကို အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားစေခဲ့သည်။

တစ်ပြိုင်နက်တည်းပင် ချင်းမန့်ယောင်နှင့်ရှန်းယုထင်းတို့သည် နတ်ဘုရင်အထွတ်အထိပ်အဆင့်စွမ်းအင်တို့ကို တုံ့ဆိုင်းခြင်းမရှိ ဖြာထွက်ထုတ်လွှတ်၍ သူတို့ထံမှ စွမ်းအင်လှိုင်းလုံးကြီးသည် နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်သည်။

ကြောက်ခမန်းလိလိသော နတ်ဆိုးမိစ္ဆာစွမ်းအင်များ ကောင်းကင်ထက်တွင် ရှုပ်ထွေးကျပ်သိပ်နေစေလေရာ ရှန်းယုထင်းမှာ ပြိုင်ဘက်ကင်းနတ်ဆိုးမိစ္ဆာအရှင်သခင်ကြီးအလား ထင်မှတ်ရပေသည်။

“မှော်စွမ်းအင်!!”

ရှန်းယုထင်းသည် လက်နှစ်ဖက်ကို ပွေ့ဖက်ဟန်ယှက်သွယ်လျက် အသံနိမ့်ဟစ်ကြွေးသံသည်လည်း မသဲမကွဲမိုးထစ်ချုန်းသံအလား အရပ်လေးမျက်နှာ ပဲ့တင်ထပ်သွား၏။ ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအင်များသည်လည်း ကောင်းကင်ထက်မှ ဖားတစ်ကောင်အလား အကာအကွယ်စည်းသို့ တစ်ဟုန်ထိုးပစ်ဝင်သွားလေသည်။

ချက်ချင်းပင် အကာအကွယ်စည်းသည် မှောင်စွမ်းအင်နှင့်အတူ အနှိုင်းမဲ့ဓားစွမ်းအင်တို့ဖြင့် ဝန်းရံခံလိုက်ရပြီးနောက် အဆက်မပြတ် တိုက်စားခံရလေသည်။

တစ်ဖက်တွင်လည်း ချင်းမန့်ယောင်သည် လေဟုန်စီးဓားကို ထုတ်ယူလိုက်ရာ ဧရာမဓားရောင်ခြည်ကြီးသည် ထက်ရှသည့်ဓားသွားနှင့်အတူ လင်းလက်သွား၍ ခုတ်ပိုင်း၏။

“သေစမ်း!”

အကာအကွယ်စည်းအတွင်းရှိ တိမင်နှင့်အခြားသူများမှာ အလွန်ကြည့်ရဆိုးနေခဲ့လေပြီ။ သူတို့မှာ ဒေါသတကြီး ကျိန်ဆဲမိကြ၏။ သူတို့၏ခန္ဓာကိုယ်တွင်းစွမ်းအင်တို့ကို အဆက်မပြတ်ထုတ်လွှတ်ခြင်းဖြင့် အကာအကွယ်စည်းကို အားဖြည့်နေကြရသည်။ 

ကြောက်မက်ဖွယ်စွမ်းအင်များသည် အကာအကွယ်စည်းကို ထိခတ်ရုံမျှမက သူတို့၏နှလုံးအိမ်သို့လည်း ထိခတ်၏။ နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူသုံးဦးပင်လျှင် စိတ်နှလုံးတွင်းမှ ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်ပေ။

နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူ၃ဦးနှင့် နတ်ဘုရင်အဆင့်ကျင့်ကြံသူများစွာတို့‌ ပေါင်းစည်းဖန်တီးသော အကာအကွယ်စည်းကို နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးသူများပင်လျှင် ဖြိုခွင်းရန်မတတ်နိုင်ချေ။

သို့သော် စည်းအပြင်ဘက်ရှိ လျှို့ဝှက်ဆန်းကြယ်သောလူအချို့၏ အဆက်မပြတ်တိုက်ခိုက်မှုအောက်၌ သူတို့ဖန်တီးထားသော အကာအကွယ်စည်းမှာ တစ်နည်းတစ်ဖုံ ခံနိုင်ရည်လျော့နည်းလာရလေသည်။ အကာအကွယ်စည်းကို ခိုင်မာတောင့်‌တင်းစေရန် စွမ်းအင်များထုတ်လွှတ်ဖြည့်ဆည်းနေသောကြောင့် မဟုတ်ပါလျှင် ဤအကာအကွယ်စည်း ကျိုးပေါက်သွားခဲ့သည်မှာ ကြာခဲ့လေရော့မည်။ အဘယ်သို့များ ကြောက်ရွံ့စိတ် မရှိနိုင်ပါအံ့နည်း။

ရန်သူကို မျက်နှာချင်းဆိုင်မြင်တွေ့နေရသည်သော်မှ တန်ပြန်တိုက်ခိုက်နိုင်ခြင်းမရှိဘဲနှင့် ခုခံမှုကိုသာ အစွမ်းကုန်အားထုတ်နေရခြင်းသည် သူတို့ကို ပို၍အရှက်ရစေ၏။ ဤသတင်းစကား ပျံ့နှံ့သွားခဲ့လျှင်သော်မှ မည်သူမျှ မယုံကြည်လိမ့်မည်ကို စိုးရီမ်ရသည်။

“မင်းတို့က ဘယ်သူတွေလဲ?!”

တိမင်သည် အရှက်ရမှုကို သည်းခံနိုင်စွမ်းကုန်ဆုံးသွားခဲ့ကာ စွမ်းအင်ကိုအသုံးပြု၍ အော်ဟစ်ကြိမ်းမောင်းလာ၏။ သူ၏ခံ့ညားကြီးမားသောအသံကြီးသည် ပိတ်လှောင်ခံရသောသားရဲတစ်ကောင်၏ နောက်ဆုံးသောဟိန်းဟောက်သံအလား အကာအကွယ်စည်းကိုဖြတ်ကျော်၍ လောကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။

အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သော်ငြား လျှို့ဝှက်ဆန်းကြယ်လူတို့သည် ပြန်လည်ဖြေကြားခြင်း မပြုချေ။ ထိုအစား တိုက်ခိုက်မှုသည် ပို၍ပြင်းထန်လာခဲ့ပြီး စွမ်းအင်ပစ်လွှတ်မှုသည်လည်း တစ်ချက်ပြီးတစ်ချက် တရစပ်ပစ်လွှတ်လာခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်လူနှစ်ဦးမှာ နတ်ဝိဇ္ဇာအဆင့်ဖြစ်နိုင်သည်ဟု သူတို့ခံစားမိ၏။ သူတို့ကို ပို၍ကြောက်လန့်တုန်လှုပ်စေသည့် ကျန်တစ်ဦးကိုမူ ခန့်မှန်း၍မရချေ။ 

“ဒီတိုင်းဆက်သွားလို့မဖြစ်ဘူး!”

တိမင်၏မျက်နှာမှာ မှုန်မှိုင်းနေ၍ အံ့ကိုတင်းတင်းကြိတ်ထား၏။

“ငါတို့ဂိုဏ်းသုံးခုထဲက နတ်ဘုရင်အဆင့်ကျင့်ကြံသူ သုံးယောက်စီက ကိုယ့်ကိုယ်ကိုဖောက်ခွဲလိုက်ဖို့လိုတယ်။ ဒီနည်းလမ်းနဲ့ပဲ ငါတို့အသက်ရှင်ဖို့ အခွင့်အရေးရနိုင်မယ်!”

ရှယွင်၏မျက်လုံးများ၌ အကြင်နာကင်းမဲ့ခြင်းသော ရောင်ဝါများလင်းလက်နေလျက် လေးနက်စွာပြော၏။

နတ်ဘုရင်အဆင့်ကျင့်ကြံသူ၉ဦးမှ မိမိကိုယ်ကို ဖောက်ခွဲလိုက်ပါလျှင် ထိုလူများသည် နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့လျှင်သော်မှ သေချာပေါက် သက်ရောက်မှုရှိလိမ့်မည်ဟု ရှယွင် ယုံကြည်သည်။ ၎င်းအခွင့်အရေးတွင် သူတို့အတွက် အသက်ရှူချောင်နိုင်ပေသည်။ 

သေချာပေါက်ပင် ထိုကျင့်ကြံသူ၉ဦးသည် မိမိကိုယ်ကိုဖောက်ခွဲဖျက်ဆီးရန် ဆန္ဒရှိရမည်ဖြစ်ပြီး ၎င်းမိမိကိုယ်ကို‌ ဖောက်ခွဲဖျက်ဆီးသည့် စွမ်းအင်တစ်စိတ်တစ်ပိုင်းဖြင့် သူတို့ကို ကာကွယ်ပေးရပေမည်။ သို့မဟုတ်ပါက စည်းအပြင်ရှိ ထိုလျှို့ဝှက်ဆန်းကြယ်လူများကို မသက်ရောက်မီ၌ မိမိတို့အရင် ပေါက်ကွဲသွားကြပေလိမ့်မည်။

ရှယွင်၏စကားကြောင့် နောက်ဘက်ရှိ နတ်ဘုရင်အဆင့်ကျင့်ကြံသူအားလုံး၏ မျက်နှာအမူအရာတို့မှာ သိသိသာသာပြောင်းလဲသွားကြ‌‌သည်။

“ကိုယ့်ကိုယ်ကိုဖောက်ခွဲဖို့ ဆန္ဒရှိတဲ့သူ‌ေတွကို အဲဒီ့လူ‌ေတွရဲ့နောက်မျိုးဆက်ကို ဒီအကြီးအကဲက အရာအားလုံးနဲ့ရင်းပြီး အစွမ်းကုန်လေ့ကျင့်ပေးမယ်လို့ ကတိပေးတယ်!”

တိမင်နှင့်အခြားသူများအားလုံးသည် တစ်ပြိုင်နက်တည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

“အချိန်ဆွဲနေရင် အားလုံးအတူသေရုံပဲရှိမယ်!”

တိမင်နှင့်ရှုဝူတောက်တို့၌ နတ်ဘုရင်အဆင့်ကျင့်ကြံသူအုပ်စုနှင့် ဆွေးနွေးတွေးတောနေရန် အချိန်မရှိတော့သည်ဖြစ်ရာ ထပ်မံ၍အော်ပြောလိုက်ကြသည်။

All Chapters