← Chapters

သူတို့ရဲ့နည်းလမ်းအတိုင်း ပြန်ပေးဆပ်ခိုင်းရမှာပေါ့!

Vol. 25 Ch. 344

သူတို့ရဲ့နည်းလမ်းအတိုင်း ပြန်ပေးဆပ်ခိုင်းရမှာပေါ့!

Vol. 25 Ch. 344

Translator - Hsue Htet 

ဘုန်း!

အကာအကွယ်စည်းအတွင်းမှ စူးရှတောက်ပသော အဖြူရောင်အလင်းများထွက်ပေါ်လာခဲ့ပြီး ကနဦးတွင် ‌မည်းမှောင်နေခဲ့သောကမ္ဘာကို နေ့တာအဖြစ် ပြောင်းလဲပေးခဲ့သည်။ ထိုအလင်းနှင့်အတူ ကြောက်မက်ဖွယ်သော စွမ်းအင်လှိုင်းများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။ 

အကာအကွယ်စည်းကို ဖြိုခွင်းဖြတ်ကျော်ပြီးနောက် အင်အားကြီးမားစွာသော နတ်ဆိုးစွမ်းအင်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်ယံမှ ဓားရောင်ခြည်သည်လည်း ကျိုးပျက်သွားခဲ့သည်။ ‌ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးကို ဖျက်ဆီးဟန်သော စွမ်းအင်လှိုင်းများသည် ကောင်းကင်ထက်မှ အမည်မသိလူသုံးဦးကို အနည်းငယ် မျက်နှာပျက်ယွင်းသွားစေသည်။

“ရက်စက်ယုတ်မာလိုက်တာ!”

အမည်မဲ့ဓားသမား၏နှုတ်ခမ်းထောင့်တို့ တွန့်ကွေးသွား၍ တီးတိုးရေရွတ်၏။

အမည်မဲ့ဓားသမားသည် မုန်တိုင်းထန်သောပင်လယ်ပြင်ကဲ့သို့သော စွမ်းအင်လှိုင်းတို့ကို လက်ဝှေ့ယမ်း၍ ဖျက်ဆီးလိုက်သည်။

သူ၏ကျင့်ကြံဆင့်သည် နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့်သာ ဖြစ်သော်ငြား သိုင်းပညာနယ်ပယ်၌မူ နတ်ဘုရားဓားအဆင့်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် သာမန်တိုက်ခိုက်ချေမှုန်းစွမ်းရည်ဖြင့် ‌ကိုးကွယ်ခံနတ်မင်းအဆင့်ကျင့်ကြံသူနှင့် ယှဉ်နိုင်စွမ်း၏။

သို့သော် အမည်မဲ့ဓားသမားတို့သုံးဦးသည် ဆက်လက်မတိုက်ခိုက်ဘဲ လက်ကိုနောက်ပစ်လျက် လေဟာပြင်ထက်တွင် ရပ်နေကြ၏။ သူတို့သည် တိမင်နှင့်အခြားသူများကို ခပ်ဖျော့ဖျော့ပြုံးရယ်လျက် လှောင်ရယ်ဟန်တို့ဖြင့် ကြည့်နေခဲ့သည်။

အချိန်အနည်းငယ်ကြာမြင့်ပြီးနောက်တွင်မှ ကောင်းကင်တစ်ခွင်ဖုံးလွှမ်းနေခဲ့သော ဖုန်မှုန့်အခိုးအငွေ့များမှာ ပျောက်ကွယ်သွားတော့သည်။ သို့မှသာ တွင်းနက်ကြီး၏အလယ်ဗဟိုတွင် ရပ်နေကြသော တိမင်နှင့်အခြားသူများကို ရှင်းလင်းပြတ်သားစွာမြင်တွေ့နိုင်ရ၏။ တွင်းနက်ထဲရှိ တိမင်နှင့်အခြားသူများသည်တော့ အမည်မဲ့ဓားသမားတို့အား ရှက်ရွံ့မှုနှင့်အတူ စူးရဲစွာစိုက်ကြည့်နေခဲ့သည်။

“မင်းတို့ဘယ်သူလဲ? ဘယ်လိုတောင် အထူးအင်အားစုသုံးစုကို တိုက်ခိုက်ရဲတာလဲ?”

တိမင်မှာ ဒေါသဖြစ်လွန်း၍ စူးရဲသောအကြည့်တို့ဖြင့် အော်ဟစ်ကြိမ်းမောင်းလေသည်။ 

ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု၏ တတိယအကြီးအကဲတစ်ဦးဖြစ်သည့်အလျောက် ဤသို့အရှက်ရခြင်းမျိုးကို သူမကြုံတွေ့ခဲ့ဖူးပေ။ တောင်ပိုင်းနယ်မြေတစ်ခုလုံး၌ သူ၏အဆင့်အတန်းသည် အမြင့်ဆုံးအဆင့်အတန်းအဖြစ် မသတ်မှတ်နိုင်သော်ငြား အဆင့်အတန်းမြင့်မားသူများထဲမှ တစ်ဦးဖြစ်သည်။ 

ယနေ့ဖြစ်ရပ်သာ သတင်းပျံ့နှံ့သွားပါလျှင် လူအပေါင်းတို့မှာ သေချာပေါက် အားရပါးရလှောင်ရယ်ကြပေလိမ့်မည်။

တိမင်တို့အုပ်စုမှာ မည်မျှဒေါသဖြစ်နေသည်ဖြစ်စေ ကြောက်ရွံ့စိတ်လည်း တည်ရှိနေဆဲဖြစ်၏။ မိမိကိုယ်ကိုဖောက်ခွဲခဲ့သည့် ကျင့်ကြံသူ၉ဦးကြောင့် မဟုတ်ပါလျှင် ထိုလျှို့ဝှက်ဆန်းကြယ်လူသုံးဦး၏ ပြင်းထန်‌သောတိုက်ခိုက်မှုမှ ရုန်းထွက်နိုင်ခဲ့မည်မဟုတ်ပေ။

“ပုရွက်ဆိတ်တစ်အုပ်ကများ ဆူဆူပူပူလုပ်ဝံ့ရသလား!”

တိမင်၏အော်ဟစ်ကြိမ်းမောင်းသံအဆုံး၌ အမည်မဲ့ဓားသမားသည် စကားမဆိုပေ။ သို့သော် ဘေးရှိ ရှန်းယုထင်းမှ ထေ့ငေါ့ပြောဆိုလိုက်ပြီး မျက်နှာထက်မှ အထင်မြင်သေးခြင်းကိုလည်း စိုးစဉ်းသော်မျှ ဖုံးကွယ်ထားခြင်းမရှိပေ။ 

“အထူးအင်အားစုသုံးစုရဲ့ ကျင့်ကြံသူတွေကိုသတ်လိုက်တာ မင်းတို့လား?”

တိမင်၏မျက်နှာမှာ မှုန်မှိုင်းနေလျက် အမည်မဲ့ဓားသမားတို့အား ခက်ထန်စွာကြည့်လျက်ဖြင့် ပြော၏။ တိမင်၏ပြောစကားမှာ အမေးစကားဖြစ်သော်ငြား သူ၏အသံအနေအထားမှာမူ အဖြေကိုသေချာနေခဲ့ပြီးဖြစ်သည်။

ထိုလူများမှ သတ်ခဲ့ခြင်းမဟုတ်ပါလျှင် ဘာကြောင့်များ သူတို့ကို ယခုကဲ့သို့ အလစ်တိုက်ခိုက်ပါမည်နည်း။

“အတိတ်ကာလမှာ ခင်ဗျားတို့အထူးအင်အားစုသုံးစုက တောင်ပိုင်းနယ်မြေကို အုပ်စိုးခဲ့တယ်။ ဒါပေမဲ့ အခု ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းရောက်လာပြီမို့ ခင်ဗျားတို့အတွက် ရွေးချယ်စရာက အညံ့ခံဖို့နဲ့ သေဖို့ပဲရှိနိုင်မယ်!”

ရှန်းယုထင်းသည် တိမင်၏အမေးကို လျစ်လျူရှု၍ တည်ကြည်လေးနက်စွာပြော၏။

“ရူးနေတာပဲ!”

အထူးအင်အားစုသုံးစု၏ အကြီးအကဲသုံးဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့၏မျက်လုံးများ၌ အဓိပ္ပာယ်ဖော်ဆောင်ရန်ခက်ခဲသော အလင်းတို့ထင်ဟပ်နေခဲ့သည်။ သူတို့၏အင်အားသည် ထိုလူများ၏ပြိုင်ဘက် မဖြစ်နိုင်သည်ကို‌ ကောင်းစွာသိပါ၏။

နတ်ဘုရင်အဆင့်ကျင့်ကြံသူ၉ဦးမှ ‌ကိုယ့်ကိုယ်ကိုဖောက်ခွဲလိုက်ခြင်းသည်ပင် စတေးမှုကြီးဖြစ်နေခဲ့ပြီဖြစ်ရာ ဆက်လက်ဖောက်ခွဲရန် တိုက်တွန်းပါလျှင် ကျန်ရှိ‌ေသာကျင့်ကြံသူများသည် မိမိတို့၏အမိန့်ကိုနာခံလိမ့်မည်ဟု သူတို့ယုံကြည်ချက်မရှိပါချေ။

လူတို့သည် ရက်စက်မှုမရှိဘဲနှင့် ရပ်တည်နိုင်လိမ့်မည်မဟုတ်!

အနည်းငယ်မျှ အသံပို့ဆောင်ဆက်သွယ်ပြီးနောက်တွင် ကျင့်ကြံသူများစွာတို့သည် အကြီးအကဲသုံးဦး၏ လှည့်စားခြင်းကို ခံလိုက်ရပြန်သည်။ ထို့နောက် သူတို့သည် အေးစက်စွာပြုံးရယ်၍ လျှို့ဝှက်ဆန်းကြယ်လူများကို စိတ်ဆုံးဖြတ်ပြီးသောအကြည့်တို့ဖြင့် ကြည့်လာကြသည်။

သေချာပေါက်ပင် ဤကျင့်ကြံသူများမှာ တုံးအနေခြင်း မဟုတ်ရပါ။ သူတို့၌ ရွေးချယ်စရာမရှိသည်ကို သိရှိနေကြခြင်းသာဖြစ်ပါ၏။ သူတို့၌ ငဲ့ကွက်ရမည့် မိသားစုများရှိနေသေး၏။ အချို့မှာ မိသားစု၏အဓိကကျ‌ေသာထောက်တိုင်များ ဖြစ်ကြသည်။

ဤလျှို့ဝှက်ဆန်းကြယ်လူများ၏ အင်အားဖြင့် သူတို့အားလုံး မလွတ်မြောက်နိုင်မည်ကို စိုးရိမ်ရ၏။ သို့ဖြစ်ရာ အကြီးအကဲနှင့် ကတိကဝတ်ပြုလုပ်ခြင်းသည် ပိုမိုကောင်းမွန်သောရွေးချယ်မှု ဖြစ်နိုင်ပေသည်။

“သတ်!”

မည်သည့်နတ်ဘုရင်အဆင့်ကျင့်ကြံသူများမှ အော်ဟစ်ဟိန်းဟောက်သည် မသိနိုင်ပေ။ ဒါ‌ဇင်ကျော်သော နတ်ဘုရင်အဆင့်ကျင့်ကြံသူများသည် ရုတ်တရက်ရှေ့သို့ထွက်လာကြ၍ သူတို့၏ခန္ဓာကိုယ်တွင်းစွမ်းအင်များသည် အထိန်းအကွပ်မဲ့စွာလှည့်ပတ်နေကာ အမည်မဲ့ဓားသမားတို့ထံသို့ တစ်ဟုန်ထိုးပြေးဝင်လာရင်းဖြင့် မိမိကိုယ်ကိုဖောက်ခွဲသည့်စွမ်းအင်နှင့်အတူ အစိတ်စိတ်အမွှာမွှာပြိုကွဲကြလေသည်။

ဒါဇင်ကျော်သော နတ်ဘုရင်အဆင့်ကျင့်ကြံသူများ၏ မိမိကိုယ်ကိုဖောက်ခွဲခြင်းစွမ်းအင်ကို နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်လျှင်သော်မှ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

“မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဇာစ်မြစ်က ဘာလဲ?”

စွမ်းအင်များ မဆုတ်မနစ်ဖြာထွက်လာသည်ကို ကြည့်ရင်းဖြင့် တိမင်၏မျက်နှာအမူအရာမှာ အလွန်မည်းမှောင်လာတော့သည်။ သူ၏စိတ်နှလုံးမှ ဒေါသမာန်ဟုန်သည် မီးတောင်အလား ထကြွလာနေ၏။ တိမင်သည် အမည်မဲ့ဓားသမားတို့ကို စူးရဲစွာကြည့်လျက် အံ့ကိုတင်းတင်းကြိတ်၍မေးမြန်းလာ၏။

တောင်ပိုင်းနယ်မြေ၌ အထူးအင်အားစုသုံးစု စတင်ရပ်တည်ခဲ့ချိန်မှစ၍ ယခုလက်ရှိအချိန်အထိ အထူးအင်အားစုသုံးစုကို ဤသို့အခြေအနေသို့ တွန်းပို့နိုင်သည့်အင်အားစု မရှိခဲ့ဖူးပေ။ ယခုတွင် ကျင့်ကြံသူဒါ‌ဇင်ကျော် ထပ်မံဆုံးရှုံးသွားခဲ့ရလေပြီ။ အထူးအင်အားစုသုံးစု၏ နောက်ခံအရ နတ်ဘုရင်အဆင့်ကျင့်ကြံသူ ၁၀ဦးခန့် ဆုံးရှုံးရခြင်းသည်ပင် ကြီးမားသောဆုံးရှုံးမှုကြီးဟု သတ်မှတ်နိုင်‌ေပသည်။

“ငါတို့သတင်းပြန်ပို့ရမယ်! သုံးယောက်တည်းနဲ့တောင် ငါတို့ကို ဒီအခြေအနေထိ တွန်းပို့နိုင်ရင် ရှန်ရှန့်ကျုံဂိုဏ်းက ပေါ့သေးသေးမဖြစ်နိုင်ဘူး!”

ရှယွင်မှ ခေါင်းခါယမ်းလျက် လေးနက်စွာပြော၏။

စကားသံအဆုံးတွင် မည်သူမျှ စကားဆိုမလာတော့ပေ။ သူတို့သည် ဒါဇင်ကျော် ကျင့်ကြံသူတို့၏ ဖောက်ခွဲခြင်းစွမ်းအင်နှင့် ရှန်ရှန့်ကျုံဂိုဏ်းသားသုံးဦး၏ ထိပ်တိုက်ရင်ဆိုင်မှုကို ကြည့်နေခဲ့ကြသည်။ သူတို့သည် ထိုရှန်ရှန့်ကျုံဂိုဏ်းသားသုံးဦးမှ အထူးအင်အားစုသုံးစု ကျင့်ကြံသူများ၏ မိမိကိုယ်ကိုဖောက်ခွဲမှုစွမ်းအင်အောက်တွင် အစိတ်စိတ်အမွှာမွှာ ပြိုလဲသေဆုံးသွားရသည့်မြင်ကွင်းကို စိတ်ကူးထားကြပြီးဖြစ်သည်။

ဟမ်!

အမည်မဲ့ဓားသမားတို့၏ ဆယ်မီတာခန့်အကွာအဝေး၌ နတ်ဘုရင်အဆင့်ကျင့်ကြံသူ ဒါ‌ဇင်ကျော်သည် မိမိကိုယ်ကိုဖောက်ခွဲခြင်းစွမ်းအင်တို့ကို ထုတ်လွှတ်ဖြာထွက်စေခဲ့ရာ ကမ္ဘာလောကကြီးတစ်ခုလုံး တုန်ခါသွား၏။ လေဟာပြင်သည် အဆက်မပြတ်တုန်ခါနေကာ အက်ကွဲကြောင်းများလည်း ပင့်ကူအိမ်အလား ဖြစ်တည်လာခဲ့သည်။

ထိုမျှကြောက်ခမန်းလိလိသော ဖောက်ခွဲစွမ်းအင်၏ရှေ့မှောက်၌ပင် ထိုရှန်ရှန့်ကျုံဂိုဏ်းသားသုံးဦးသည် လက်ကိုနောက်ပစ်လျက်ဖြင့် စိတ်အေးလက်အေးရပ်နေကြသောကြောင့် တိမင်တို့အားလုံးမှာ အံ့ဩရှုပ်ထွေးကုန်ကြရသည်။

သူတို့ထွက်မပြေးကြဘူးလား?

ခဏအကြာတွင်မူ တိမင်နှင့်အခြားသူများမှာ မျက်လုံးများမှေးကျုံ့သွားရသည်။ ထိုလူများ အဘယ်ကြောင့် ထွက်မပြေးကြသည်ကို သူတို့နောက်ဆုံးတော့ သိလိုက်ရလေပြီ။

နတ်ဘုရင်အဆင့်ကျင့်ကြံသူများ ပေါက်ကွဲလုနီးတွင် ပိန်ပါးသွယ်လျသော ပုံရိပ်တစ်ခုသည် ထိုသုံးဦး၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်၏ စူးရှသောမျက်ဝန်းအစုံမှာ ကျယ်ပြောသည့် ကြယ်တာရာကောင်းကင်ပြင်ကဲ့သို့ တဖိတ်ဖိတ်တောက်ပနက်နဲ၏။

ထိုပုံရိပ်သည် လက်ကိုဆန့်ထုတ်၍ ဝှေ့ယမ်းလိုက်သည်။ နတ်ဘုရင်အဆင့်ကျင့်ကြံသူအုပ်စုသည် ထိုပုံရိပ်၏ ကျယ်ပြောသောစွမ်းအင်ဖြင့် ဖိနှိပ်ခြင်းခံလိုက်ရသည်။ ထိုပုံရိပ်၏စွမ်းအင်သည် သူတို့၏ခန္ဓာကိုယ်ကို ဖိနှိပ်ရုံသာမက ‌ပေါက်ကွဲလုနီးသော ခန္ဓာကိုယ်တွင်းစွမ်းအင်များကိုလည်း ဖိနှိပ်ထား၏။ 

“သူတို့နည်းလမ်းအတိုင်း သူတို့ကိုပြန်ပေးဆပ်ခိုင်းရမှာပေါ့!”

ချွမ်းယင်သည် အထူးအင်အားစုသုံးစု၏ အကြီးအကဲသုံးဦးကို အထင်မြင်သေးစွာကြည့်လျက် ခပ်ဖျော့ဖျော့ရေရွတ်၏။

စကားအဆုံးတွင် လက်ကိုဖြန့်လိုက်ရာ ခမ်းနားကြီးကျယ်သောစွမ်းအင်များ သူ၏လက်ဖဝါးထက်သို့ စုဝေးဖြစ်တည်လာခဲ့ပြီး လင်းလက်စွာ စူးရှတောက်ပနေပေသည်။ ထို့နောက် ပြင်းထန်ကြမ်းကြုတ်စွာ စွမ်းအင်များကို တွန်းထုတ်လိုက်၏။

နတ်ဘုရင်အဆင့်ကျင့်ကြံသူအုပ်စုမှာ နောက်သို့ပျံထွက်သွား၏။ အရှိန်နှုန်းမှာ အလွန်လျင်မြန်လှသည်။ စက္ကန့်ပိုင်းလေးအတွင်း၌ ထိုကျင့်ကြံသူအုပ်စုသည် တိမင်နှင့်အခြားသူများရှိရာသို့ ပြန်လည်ရောက်ရှိသွား‌လေသည်။ ပြန်လည်ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် သူတို့၏ပေါက်ကွဲလုနီးစွမ်းအင်တို့ကို ဖိနှိပ်ထားသည့်စွမ်းအင်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

“မဖြစ်ဘူး! ပြန်သွား!”

ချွမ်းယင်မှ လက်ဖြင့်တွန်းထုတ်သည်ကို မြင်တွေ့လိုက်သည်တွင် တိမင်သည် မူမမှန်ခြင်းကို ချက်ချင်းခံစားမိလိုက်၏။ ကံဆိုးစွာဖြင့် မူမမှန်ခြင်းကို ခံစားမိပါသော်ငြား သူတို့၏ နောက်ဆုတ်ရှောင်တိမ်းသည့်အရှိန်သည် ချွမ်းယင်ကြောင့် နောက်သို့ပျံထွက်လာသည့် နတ်ဘုရင်အဆင့်ကျင့်ကြံသူအုပ်စု၏အရှိန်နှုန်းထက် နှေးကွေးနေဆဲဖြစ်ခဲ့သည်။

“မလုပ်နဲ့!”

အထူးအင်အားစုသုံးစု အကြီးအကဲတို့၏ ‌ထိတ်လန့်စွာအော်ဟစ်မြည်တမ်းမှုအောက်၌ပင် နတ်ဘုရင်အဆင့်ကျင့်ကြံသူအုပ်စု၏ ခန္ဓာကိုယ်များသည် သိသာစွာဖောင်းပွလာခဲ့ပြီး နားကွဲလုမတတ်‌‌ေသာ ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ ကမ္ဘာလောကတစ်ခုလုံးမှာ ထုံထိုင်းသွားတော့သည်။ 

ဝူဝမ်တောင်တန်း၏တစ်ဝက်ခန့်ကို ဖုံးလွှမ်းထားသောတိမ်တိုက်သည် ကောင်းကင်ထက်သို့မြင့်တက်သွားပြီး ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးကို စွမ်းအင်လှိုင်းတစ်ခုမှ ဖျက်ဆီးခဲ့သည့်အလား အရပ်လေးမျက်နှာ၌ ဖုန်မှုန့်မီးခိုးများ ပျံ့လွင့်နေခဲ့သည်။

ဝူဝမ်တောင်တန်းအစွန်အဖျား၌ စိတ်ဝင်စားဖွယ်ဖြစ်ရပ်ကို မျက်မြင်တွေ့လို၍ လာရောက်ကြည့်ရှုကြသော ကျင့်ကြံသူများစွာတို့ ပုန်းခိုနေလျက်ရှိသည်။ ထိုကျင့်ကြံသူများမှာ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကြောင့် အလျင်စလိုရှောင်တိမ်းလိုက်ကြရ၏။ ကျင့်ကြံဆင့်နိမ့်ပါးသူများမှာ သွေးမှုန်သွေးစများအဖြစ်သို့ ရုတ်ချည်းပေါက်ကွဲသွားရပြီး ကျင့်ကြံဆင့်မြင့်မားသူများမှာလည်း မလွတ်မြောက်နိုင်ခဲ့ဘဲ ဒဏ်ရာအပြင်းအထန် ရသွားကြလေသည်။

ဝူဝမ်တောင်တန်းတစ်ခုလုံး ပျက်စီးသွားရရုံမျှမက တောင်ပိုင်းနယ်မြေ၏ နေရာဒေသအများစုသည်လည်း ထိုစွမ်းအင်လှိုင်းကြောင့် တုန်ခါသွားခဲ့ရသည်။ ‌တောင်ပိုင်းနယ်မြေ၏ ကျင့်ကြံသူအားလုံးမှာ ‌ဝူဝမ်တောင်တန်းရှိရာအရပ်သို့ ထိတ်လန့်တကြား လှမ်းမျှော်ကြည့်ရကုန်၏။

All Chapters