ယန်လဲ့အင်မော်တယ်မြို့တော်။
Vol. 25 Ch. 345
Translator - Hsue Htet
ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု၏ ခန်းမဆောင်ကြီးထဲ၌ မျိးနွယ်စုခေါင်းဆောင်ထျန်းလင်သည် ထိပ်ဆုံးတွင် ထိုင်နေ၏။ အောက်ဘက်တွင် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု အကြီးအကဲများ ထိုင်နေကြပြီး တစ်ဖက်တွင်တော့ ချောမောသည့်လူငယ်တစ်ဦးနှင့် ဆံဖြူအဘိုးအိုတစ်ဦးတို့ ထိုင်နေကြသည်။
ခန်းမဆောင်၏အလယ်တွင်မူ လှပချောမောသောမိန်းမငယ်လေးများစွာတို့သည် တင့်တယ်လှပစွာ ကိုယ်ကိုလှုပ်ယိမ်းကခုန်နေကြ၏။ ထိုမိန်းမလှလေးများသည် တစ်ချက်တစ်ချက် လက်ကောက်ဝတ်ကိုပင့်မြှောက်လိုက် မျက်လွှာချလိုက်ဖြင့် တစ်ခါတစ်ရံတွင် လက်ချောင်းသွယ်သွယ်တို့ကို ပျော့ပျောင်းစေကာ ယပ်တောင်ကို ခေါက်ချီ၊ဖြန့်ချီ ပြုကြလေသည်။ တစ်ခါတစ်ရံတွင် ယပ်တောင်ကိုအသုံးပြု၍ နဂါးတစ်ကောင်ကို စုတ်တံဖြင့်ရေးဆွဲနေသည့်အလားဖြင့် ကျောက်စိမ်းလက်သွယ်သွယ်တို့သည် လေတွင်ဝေ့ဝဲနေလျက် ကျက်သရေတင့်တယ်လှပေသည်။
သို့သော်ငြား ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု အကြီးအကဲများသည် ထိုအမျိုးသမီးတစ်စုထံတွင် အာရုံရှိမနေကြပါ။ ချောမောသည့်လူငယ်လေးကိုသာ ရိုသေလေးစားမှုတို့ဖြင့် ကြည့်နေကြသည်။
“မြို့သခင်ငယ်က ဒီထိအောင် ခရီးဝေးနှင်လာခဲ့တာ ကျုပ်တို့ထျန်းဟွမ်မျိုးနွယ်စုအနေနဲ့ ဂုဏ်တက်ရပါတယ်”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်မှ ကျောက်စိမ်းသေရည်ခွက်ကို ပင့်မြှောက်၍ အပြုံးဖြင့် စကားဆိုသည်။
ဂုဏ်သရေကြီးမြတ်သော မျိုးနွယ်စုခေါင်းဆောင်သည် လူငယ်လေးတစ်ဦးကို လေးစားယဉ်ကျေးမှုဖြင့် ဆက်ဆံသည်။ ၎င်းအကြောင်းရာသာ ပေါက်ကြားသွားခဲ့ပါလျှင် တောင်ပိုင်းနယ်မြေတစ်ခုလုံးမှာ သေချာပေါက် ပွက်လောရိုက်သွားပေလိမ့်မည်။
“မျိုးနွယ်စုခေါင်းဆောင် ယဉ်ကျေးလွန်းနေပါပြီ”
လူငယ်လေးသည်လည်း ခွက်ကိုပင့်မြှောက်၍ သိမ်မွေ့စွာပြောလာခဲ့သည်။
“အကြီးအကဲ၂ မြို့သခင်ငယ်ကို အဖော်ပြုပေးဖို့ ချင်အာကို လာခဲ့ဖို့သွားပြောပေးပါဦး”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်၏ မျက်လုံးအစုံမှာ အလင်းတစ်စထင်ဟပ်နေလျက် အကြီးအကဲ၂ကို ညွှန်ကြား၏။
ထိုစကားအဆုံးတွင် နေရာရှိ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုအားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့အားလုံး မျိုးနွယ်စုခေါင်းဆောင်၏ အကြံအစည်ကို နားလည်လိုက်ကြပါ၏။ မြို့သခင်ငယ်ဟူသော သရုပ်သည် သူတို့မျိုးနွယ်စုမှ ခယဝယပြုမူရန် ထိုက်တန်လေသည်။
“ဒါနဲ့ မိန်းကလေးချင်က တောင်ပိုင်းနယ်မြေရဲ့ ထိပ်တန်းအလှလေးလို့ ကျော်ကြားတဲ့သူမဟုတ်လား?”
ပထမဆုံးအကြိမ်အဖြစ် မြို့သခင်ငယ် ကုကျင်းဝုပေါ်၏ ရေသေကဲ့သို့ေသာမျက်နှာထက်တွင် အပြောင်းအလဲလှိုင်းငယ်အချို့ ထင်ဟပ်သွားခဲ့ပြီး စိတ်ဝင်တစားဖြင့် မေးမြန်းလာခဲ့သည်။
“ဒါပေါ့ဗျာ။ အကယ်၍ မြို့သခင်ငယ် စိတ်ဝင်စားရင် ဒီမျိုးနွယ်စုခေါင်းဆောင်က ဆုံးဖြတ်ချက်ချပေးပြီး မိန်းကလေးချင်ကို မြို့သခင်ငယ်နဲ့ လက်ဆက်ပေးနိုင်ပါတယ်”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်မှ ခေါင်းညိတ်၍ ကျယ်လောင်စွာရယ်မော၏။
ထိုစကားတွင် လူငယ်လေးသည် စကားမဆိုဘဲ ခပ်ဖျော့ဖျော့ပြုံး၏။ သူ၏သရုပ်သည် သာမန်မိန်းကလေးတစ်ဦးမှ လိုက်ဖက်ညီနိုင်သော အဆင့်အတန်းမဟုတ်ပေ။ သေချာပေါက်ပင် တိုင်းပြည်နှင့်မြို့ကြီးတစ်ခုလုံးကို အမှန်တကယ် မွှေနှောက်ရှာဖွေခြင်းသည်လည်း မဆိုးလှသည့်အကြံဖြစ်ပါ၏။
ဘုန်း!
ထိုအခိုက်အတန့်၌ ခန်းမဆောင်ကြီးတစ်ခုလုံး တုန်ခါသွား၍ လေပြင်းတစ်ဝှေ့ တိုက်ခတ်သွားခဲ့သည်။ ထျန်းဟွမ်မျိုးနွယ်စုအားလုံးနှင့်အတူ လူငယ်လေးသည်လည်း ရုတ်ချည်းထရပ်၍ ဝူဝမ်တောင်တန်းရှိရာအရပ်သို့ အကြည့်ပို့မိကြ၏။
“ဘာဖြစ်တာလဲ? ဒါစွမ်းအင်လှိုင်းပဲ.. သွားစစ်ဆေးကြည့်စမ်း!”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်မှ မျက်နှာပျက်ယွင်းစွာဖြင့် အော်ဟစ်အမိန့်ပေးလေသည်။
စွမ်းအင်လှိုင်းရောက်လာခဲ့ရာအရပ်သည် အကြီးအကဲ၃နှင့်အစောင့်အရှောက်များကို စုံစမ်းစစ်ဆေးရန်စေလွှတ်လိုက်သော ဝူဝမ်တောင်တန်းရှိရာအရပ်ဖြစ်သည်။
ဝူဝမ်တောင်တန်းမှာ အကြီးအကဲ၃နဲ့အဖွဲ့သားတွေ ခုထိရှိနေကြသေးတာများလား?
“မြို့သခင်ငယ်ကို အနှောင့်အယှက်ဖြစ်စေမိပါပြီ”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် စိတ်တွင်းမှသံသယတို့ကို ဖိနှိပ်လိုက်ပြီး လူငယ်လေးကို အရိုအသေပြုလျက် တည်ကြည်လေးနက်စွာပြောလိုက်သည်။
“ရပါတယ်”
လူငယ်လေးသည် အရေးမထားဟန် လက်ကိုဝှေ့ယမ်း၍ သူ၏ဘေးရှိ လူအိုကြီးကိုကြည့်၍ တီးတိုးပြောခဲ့သည်။
“အကြီးအကဲဝူ ခုနက စွမ်းအင်လှိုင်းက…?”
“မြို့သခင်ငယ်ကို ဖြေကြားပါတယ်။ ဒီလိုစွမ်းအင်လှိုင်းမျိုးရိုက်ခတ်ဖို့ဆိုရင် အနည်းဆုံး နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူတွေရဲ့တိုက်ပွဲ ဖြစ်ပါလိမ့်မယ်”
လူအိုကြီးမှ ပြန်လည်ဖြေကြားသည်။
လူငယ်လေး၏မျက်လုံးများ၌ အလင်းတစ်စ တောက်ပသွား၍ ဝူဝမ်တောင်တန်းရှိရာအရပ်သို့ ငေးစိုက်ကြည့်လေသည်။ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုများသည်လည်း အခြေအနေကို အတိအကျ မသိကြပါချေ။
ယန်လဲ့အင်မော်တယ်မြို့တော်၌ မြို့သခင်ငယ်ဟူသည် တစ်ဦးတည်းမဟုတ်ပေ။ များစွာသောမြို့သခင်ငယ်များကို အနိုင်ရယူပြီးမှသာ မြို့အရှင်သခင်ကြီး ဖြစ်လာနိုင်ပေသည်။ သို့ဖြစ်ရာ နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူဟူသည် သူ၏အာရုံကို ဆွဲဆောင်ရန်လုံလောက်ပေသည်။
“မျိုးနွယ်စုခေါင်းဆောင်!”
မြို့သခင်ငယ်မှ တွေးတောနေစဉ်တွင် ထျန်းဟွမ်မျိုးနွယ်စုအကြီးအကဲ၂သည် မျက်နှာအမူအရာပျက်ယွင်းစွာဖြင့် ခန်းမဆောင်ထဲသို့ ပြန်ရောက်လာခဲ့သည်။ အကြီးအကဲ၂သည် မျိုးနွယ်စုခေါင်းဆောင်ကိုတစ်လှည့် မြို့သခင်ငယ်ကိုတစ်လှည့်ကြည့်ရင်းဖြင့် စကားဆိုရန် တုံ့ဆိုင်းနေလေသည်။
“ပြောစရာရှိတာပြောစမ်း!”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည်လည်း မျက်နှာပျက်ယွင်းလာခဲ့၍ ကြိမ်းမောင်းလိုက်၏။
“မိန်းကလေးချင် မရှိတော့ပါဘူး”
အကြီးအကဲ၂မှ အံကိုတင်းတင်းကြိတ်၍ပြော၏။
“ရဲတင်းလိုက်တာ!”
“ပုံမှန်အခြေအနေတွေမှာ ဘယ်လိုပဲပြဿနာရှာပျော်ပါးတတ်ဦးတော့ ရတယ်။ အခုက မြို့သခင်ငယ်ရောက်နေတာကို သူက ပြဿနာရှာရဲသေးတယ်!”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်၏မျက်နှာမှာ အတော်လေး မည်းမှောင်နေခဲ့လေပြီ။ မိန်းကလေးချင်သည် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုမှ ယန်လဲ့အင်မော်တယ်မြို့တော်သို့ တက်လှမ်းနိုင်ရန်အတွက် သော့ချက်ဟုဆိုနိုင်၏။ ထိုအကြောင်းရင်းကြောင့်သာ သူမကို ယခုအချိန်ထိ ကျွေးမွေးစောင့်ရှောက်လာခဲ့ခြင်း မဟုတ်ပါလော။
ပိုမိုကောင်းမွန်သည့် ေနာက်ခံကို ရရှိပိုင်ဆိုင်နိုင်ရန်အတွက် လက်ထပ်ရခြင်းမှာ အမျိုးသမီးများအတွက် ပုံမှန်ကိစ္စရပ်ဖြစ်သည်။ အင်အားကြီးမားသည့်အင်အားစုကြီးများနှင့် လက်ဆက်နိုင်ရန်အတွက် ပြိုင်ဘက်ကင်းအလှတရားကို ရရှိနိုင်မည့်ကျင့်စဉ်များကို ကျင့်ကြံခြင်းပင် ရှိတတ်ကြ၏။
“မြန်မြန်ရှာဖို့မလုပ်သေးဘူးလား”
အကြီးအကဲ၂မှ နေရာ၌ရပ်နေသေးသည်ကို မြင်ေသာအခါ မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် ဒေါသအငွေ့အသက်ကို စိုးစဉ်းမျှ မပေါ်လွင်စေဘဲနှင့် ကြိမ်းမောင်းလိုက်သည်။
“ဟုတ်ကဲ့ပါ!”
အကြီးအကဲ၂သည်လည်း အလျင်အမြန်ခေါင်းညိတ်၍ လှည့်ထွက်သွားခဲ့သည်။
“မြို့သခင်ငယ်ကို စိတ်အနှောင့်အယှက်ဖြစ်စေမိပြန်ပါပြီ။ ဒီမျိုးနွယ်စုခေါင်းဆောင်က ချင်အာကို အလိုလိုက်ထားမိလို့ပါ”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် မြို့သခင်ငယ်ကို အရိုအသေပြု၍ တောင်းပန်စကားဆိုလိုက်၏။
ဤလူငယ်လေးမှာ ယန်လဲ့အင်မော်တယ်မြို့တော်၏ များစွာသောမြို့သခင်ငယ်များထဲမှ တစ်ဦးသာဖြစ်သော်ငြား သူ၏အင်အားသည် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုမှ ကိုင်တွယ်နိုင်သည့်အရာ မဟုတ်ပါချေ။ တခြားအရာများမဆိုထားနှင့် ထိုလူငယ်၏ဘေးရှိ လူအိုကြီးသည်ပင် နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့်ဖြစ်နိုင်ပြီး ကျန်အင်အားများကိုမူ ဖောက်ထွင်းမြင်နိုင်စွမ်း မရှိပါချေ။
မြို့သခင်ငယ်၏မျက်နှာမှာ အတော်လေးဖြူဖျော့သွားခဲ့ပြီး စကားမဆိုချေ။
မြို့သခင်ငယ်၏ ထိုသို့သောအပြုအမူသည် မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်ကို ပို၍မျက်နှာပျက်ယွင်းသွားစေခဲ့သည်။ မိန်းကလေးချင်ကိုလည်း ဒေါသစိတ်ပြင်းထန်လာရ၏။ ဤမြို့သခင်ငယ်နှင့် လက်ထပ်ပေးရမည်ကြောင့် မဟုတ်ပါလျှင် ထိုမိန်းကလေးကို သတ်ပစ်လိုက်ပြီးဖြစ်ပေရော့မည်။
“မျိုးနွယ်… မျိုးနွယ်စုခေါင်းဆောင်!”
ထိတ်လန့်နေသောအသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြောက်ရွံ့တုန်လှုပ်နေဟန်သော အကြီးအကဲ၄သည် ခန်းမဆောင်ထဲသို့ အလျင်စလိုဝင်ရောက်လာခဲ့သည်။
“ဘာကိစ္စလဲ?”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် အကြီးအကဲ၄ကို ဒေါသတကြီးကြည့်လိုက်ပြီး အေးစက်စွာနှာမှုတ်၏။
ယနေ့အစီအစဉ်မှာ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုမှ ယန်လဲ့မြို့သခင်ငယ်၏ရှေ့မှောက်တွင် ကောင်းမွန်သည့်ပုံစံကို ပြသရန်ဖြစ်ခဲ့သည်။ သို့သော် ရလဒ်သည်တော့….
“အကြီးအကဲ၃ သူ.. သူတို့အားလုံး သေသွားပါပြီ! ခုနတုန်းက စွမ်းအင်လှိုင်းက အကြီးအကဲ၃နဲ့အဖွဲ့က ကိုယ့်ကိုယ်ကိုဖောက်ခွဲလိုက်တာကြောင့် ဖြစ်ပေါ်လာခဲ့တာပါ”
အကြီးအကဲ၄သည် ချွေးစေးတို့ကို ဖိသုတ်၍ ကြောက်လန့်ခြင်းကြီးစွာပြော၏။
ကံကောင်းထောက်မစွာဖြင့် ဝူဝမ်တောင်တန်းသို့ စေလွှတ်ခံရသူမှာ မိမိမဟုတ်ခဲ့၍ တော်သေးသည်။ မဟုတ်ပါက ယနေ့ သေဆုံးရသူမှာ မိမိကိုယ်တိုင် ဖြစ်ပေလိမ့်မည်။
“ဘာ?”
ထိုစကားအဆုံးတွင် မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်နှင့် နေရာရှိ ထျန်းဟွမ်မျိုးနွယ်စု အကြီးအကဲများအားလုံးမှာ မျက်လုံးအိမ်များ ကျဉ်းကျုံ့သွားရလျက် အလိုအလျောက် ထရပ်မိကြလေသည်။ ထိုအခိုက်အတန့်တွင် ခန်းမဆောင်ကြီးတစ်ခုလုံး၌ အေးစက်ဖိစီးသောလေထုကြီး လွှမ်းခြုံသွားလေရာ ခန်းမလယ်တွင် တင့်တယ်လှပစွာကခုန်နေသော အမျိုးသမီးများမှာ ထိတ်လန့်တုန်ရီလာကြရသည်။
မြို့သခင်ငယ်နှင့်လူအိုကြီးတို့ပင်လျှင် အံ့အားသင့်မှုအချို့ ထင်ဟပ်သွားရသည်။ တောင်ပိုင်းနယ်မြေသည် အလယ်ပိုင်းတိုက်မကြီးမျှ အင်အားမကြီးမားသော်ငြား ဤတောင်ပိုင်းနယ်မြေ၌မူ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုသည် စစ်မှန်သောအရှင်သခင်ဖြစ်၏။
အဲဒါကို တစ်ယောက်ယောက်က ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုကို သတ်ရဲပြီး မျိုးနွယ်စုအကြီးအကဲကိုတောင် ကိုယ့်ကိုယ်ကိုဖောက်ခွဲစေနိုင်ခဲ့တယ်ပေါ့လေ?
စိတ်ဝင်စားစရာပဲ!
“ဘယ်သူလဲ?! ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုအကြီးအကဲကို ထိပါးရဲတာ!”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်၏ ခန္ဓာကိုယ်မှ ပြင်းစွာသောဒေါသမာန်ဟုန်များ ဖြာထွက်လာခဲ့သည်။ မျိုးနွယ်စုခေါင်းဆောင်သည် အကြီးအကဲ၄ကို စူးရဲစွာစိုက်ကြည့်နေ၏။ ခေါင်းဆောင်တစ်ဦးအနေဖြင့် အကြီးအကဲ၃ အသတ်ခံလိုက်ရခြင်းကို ဒေါသဖြစ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် လူမှုရေးကိုအနှောင့်အယှက်ဖြစ်စေသည့် အပြုအမူအမှားများ ကျူးလွန်မိ၍မဖြစ်ချေ။
သို့သော်ငြား ယန်လဲ့အင်မော်တယ်မြို့တော်၏ မြို့သခင်ငယ်တစ်ပါးရှေ့၌ သူ၏ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု အကြီးအကဲသည် မိမိကိုယ်ကိုဖောက်ခွဲဖြင်းဖြင့် သေဆုံးသွားခဲ့ရသည်။ သို့ဖြစ်ရာ မြို့သခင်ငယ်သည် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုကို အဘယ်သို့ တွေးမြင်ပါမည်နည်း။ မြို့သခင်ငယ်သည် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုကို စိတ်ပျက်သွားခဲ့ပြီး ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုအား အမြင့်သို့တက်လှမ်းစေမည့် သူ၏အစီအစဉ်မှာ ပျက်စီးသွားခဲ့ပါလျှင် သို့ဖြစ်ပါလျှင် မိမိမှာ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု၏ တာဝန်မကျေပွန်သည့် အပြစ်သားဖြစ်ရပေရော့မည်။
“ရှန်ရှန့်ကျုံဂိုဏ်းလို့အမည်ရတဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ။ ကျွန်တော်တို့ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု အကြီးအကဲနဲ့အတူ ရှေးဟောင်းဂိုဏ်းနှစ်ခုရဲ့ အကြီးအကဲတွေလည်း အသတ်ခံခဲ့ရပါတယ်”
“ရှန်ရှန့်ကျုံဂိုဏ်း? တောင်ပိုင်းနယ်မြေမှာ ဘယ်တုန်းက ရှန်ရှန့်ကျုံဂိုဏ်းဆိုတာ ရှိလာရတာလဲ?”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် အေးစက်စွာမေးမြန်း၏။
မျိုးနွယ်စုခေါင်းဆောင် မိမိပင် မကြားဖူးခဲ့သော ဂိုဏ်းတစ်ဂိုဏ်းသည် တောင်ပိုင်းနယ်မြေ၏ထိပ်တန်းအင်အားစုသုံးခုကို ဆန့်ကျင်တိုက်ခိုက်ပြီး အကြီးအကဲများကိုပင် သတ်ဖြတ်ဝံ့၏။ လာရောက်သူများမှာ သေချာပေါက် ကောင်းမွန်သူများ မဟုတ်နိုင်ပေ။
“လတ်တလောမှ တောင်ပိုင်းနယ်မြေမှာ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီ့ဂိုဏ်း ထွက်ပေါ်လာချင်းမှာပဲ ဝမ်ရှခန်းမကို ဖျက်ဆီးခဲ့ပါတယ်။ အဲဒီ့ေနာက် အင်အားစုကြီးသုံးခုရဲ့ အကြီးအကဲတွေကို သတ်ခဲ့ပါတယ်”
အကြီးအကဲ၄မှ အလျင်အမြန် တုံ့ပြန်ခဲ့သည်။