ဂိုဏ်းချုပ်အရှင်အတွက် တိုက်ခိုက်မယ်!
Vol. 25 Ch. 346
Translator - Hsue Htet
“ဝမ်ရှခန်းမကို ဖျက်ဆီးခဲ့တယ်ပေါ့လေ? အတင့်ရဲလွန်းတာပဲ!”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် အေးစက်စွာ လှောင်ရယ်၏။ ဝမ်ရှခန်းမ၏အင်အားသည် ကြီးမားလွန်းလှသည် မဟုတ်သော်ငြား နောက်ခံသည် သာမန်မဟုတ်ပေ။ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုပင်လျှင် ဝမ်ရှခန်းမကို ရှင်းလင်းရန်ကို ရှောင်ဖယ်လိုခဲ့ရာ ထိုရှန်ရှန့်ကျုံဂိုဏ်းသည် အဘယ်သို့များ ဝမ်ရှခန်းမကို ဖျက်ဆီးဝံ့ရသနည်း။
သို့သော် ထိုရှန်ရှန့်ကျုံဂိုဏ်းမှာ ထိုမျှသောရဲစွမ်းသတ္တိမှ မရှိလျှင် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုကိုလည်း ထိပါးဝံ့ခဲ့မည်မဟုတ်ပေ။
“အကြီးအကဲ၄ ရှေးဟောင်းဂိုဏ်းနှစ်ဂိုဏ်းကို ကိုယ်တိုင်ဆက်သွယ်လိုက်ပါ။ သူတို့နဲ့ပူးပေါင်းပြီး အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးပစ်ရမယ်!”
“ငါမျိုးနွယ်စုခေါင်းဆောင်က ပူးပေါင်းတိုက်ခိုက်ဖို့အတွက် ရှေးဟောင်းဂိုဏ်းတွေကို ဖိတ်ကြားလိုတယ်!”
“ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုကို ထိပါးဝံ့မှတော့ ဒီအရှက်ရမှုကို သွေးနဲ့ပဲ ပြန်ဆေးကြောနိုင်လိမ့်မယ်!”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်၏ မျက်လုံးအစုံတို့မှာ နီရဲနေလျက်ဖြင့် ဟစ်ကြွေး၏။
“ဟုတ်ကဲ့ပါ မျိုးနွယ်စုခေါင်းဆောင်!”
အကြီးအကဲ၄သည် လျစ်လျူမရှုဝံ့စွာ အရိုအသေပြုပြီးနောက် ရှေးဟောင်းဂိုဏ်းနှစ်ဂိုဏ်းသို့ ဦးတည်သွားတော့သည်။
“လူပြက်တစ်အုပ်ရဲ့ အာရုံဆွဲဆောင်မှုကြောင့် မြို့သခင်ငယ်ကို ဧည့်ဝတ်မကျေပွန်ဖြစ်သွားရပါပြီ။ ဒီမျိုးနွယ်စုခေါင်းဆောင်ကို မြို့သခင်ငယ် ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် မြို့သခင်ငယ်ကို လက်ဟန်ဖြင့်အရိုအသေပြု၍ ပြောလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် စိတ်တွင်း၌ အလွန်အမင်းဒေါသဖြစ်နေပါသော်ငြား မြို့သခင်ငယ်ကိုမူ ရင်းနှီးပျူငှာသောမျက်နှာအမူအရာကို ထိန်းသိမ်းပြသဆဲဖြစ်၏။
“ကိစ္စမရှိပါဘူးဗျာ။ မျိုးနွယ်စုခေါင်းဆောင်နဲ့အတူ ဒီမြို့သခင်ငယ်ကိုလည်း အတူလိုက်ပါခွင့်ပေးဖို့ တောင်းဆိုလိုပါတယ်။ ဒီမြို့သခင်ငယ်က အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းကိုလည်း စိတ်ဝင်စားမိပြီး ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု ဘိုးဘေးတွေရဲ့ အစွမ်းအစတွေကိုလည်း မြင်တွေ့ချင်မိပါတယ်”
မြို့သခင်ငယ်မှ လက်ကိုဝှေ့ယမ်း၍ ရယ်မော၏။
“အဲဒါဆိုရင်တော့ မြို့သခင်ငယ် ကျေးဇူးပြုပြီး အချိန်ခဏစောင့်ဆိုင်းပေးပါ”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် လက်ဟန်ဖြင့် အရိုအသေပြုပြောဆိုပြီးနောက် ခန်းမဆောင်ထဲမှ ထွက်ခွာ၍ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု အတွင်းပိုင်းထဲသို့ ဦးတည်သွားခဲ့သည်။ ကနဦး၌ လှုပ်ရှားသက်ဝင်နေခဲ့သော ခန်းမဆောင်ကြီးမှာ ရုတ်ချည်း အေးစက်သွားတော့သည်။
“အကြီးအကဲဝူ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းကို ဘယ်လိုမြင်လဲ?”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင် ထွက်ခွာသွားပြီးနောက်တွင် မြို့သခင်ငယ်သည် တောက်ပသောမျက်လုံးအစုံဖြင့် ဘေးရှိလူအိုကြီးအား မေးမြန်း၏။
“ရှန်ရှန့်ကျုံဂိုဏ်းကို အတိအကျတော့ မပြောနိုင်ပေမယ့် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုရဲ့ ဘိုးဘေးတွေက အားနည်းတဲ့သူတွေတော့မဟုတ်ဘူး။ တခြားရှေးဟောင်းဂိုဏ်းနှစ်ဂိုဏ်းနဲ့ပါ အင်အားပေါင်းစည်းလိုက်ရင် ဆင်လေးကောင်ရဲ့အင်အားနဲ့ညီမျှတယ်လို့ သတ်မှတ်နိုင်ပါတယ်”
လူအိုကြီးဝူသည် မုတ်ဆိတ်မွေးကိုပွတ်သပ်၍ တွေးတောလျက်ပြော၏။
မြို့သခင်ငယ်သည် ကျီစယ်ကစားဟန်သောအပြုံးဖြင့် ပြုံးလိုက်သည်။
အဲ့တော့ သူသိမ်းပိုက်သင့်တယ် မဟုတ်လား? နှင်းတောထဲတွင် မီးဖိုခြင်းဖြစ်သော်ငြား အတော်လေး စိတ်ဝင်စားဖို့ကောင်းပေသည်။
…..
“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲ ချွမ်းယင်၊ အမည်မဲ့ဓားသမား၊ ချင်းမန့်ယောင်၊ ရှန်းယုထင်းတို့မှ နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူ၃ဦးနှင့် နတ်ဘုရင်အဆင့်ကျင့်ကြံသူ၄၅ဦးကို သတ်ဖြတ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် ၁၃ဘီလီယံနှင့် အဆင့်မြင့်နတ်မင်းအဆင့်ကျပန်းဆင့်ခေါ်ခွင့်၁၀ခု ရရှိပါတယ်”
“ဒင်! အင်အားစုသုံးခုကိုဖျက်ဆီးခြင်းတာဝန်ကို အောင်မြင်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်တစ်ဘီလီယံနှင့် အဆင့်မြင့်နတ်မင်းအဆင့်ကျပန်းဆင့်ခေါ်ခွင့်၃ခု ရရှိပါတယ်”
ရှန်ရှန့်ကျုံဂိုဏ်းချုပ်ခန်းမဆောင်ထဲ၌ ဝမ်ဖုန်းသည် စိတ်တွင်းမှ စနစ်၏အချက်ပေးသံကြောင့် အားရကျေနပ်နေခဲ့သည်။
သေချာပေါက်ပင် ရန်သူကိုသတ်ဖြတ်ခြင်းသည် လျင်မြန်စွာ ပိုင်ဆိုင်မှုကြွယ်ဝစေမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်၏!
“စနစ် အဆင့်၁၀ကိုမြှင့်ဖို့ ဘာတွေလိုအပ်လဲ?”
ဝမ်ဖုန်း စိတ်လှုပ်ရှားနေမှုကို ဖိနှိပ်၍ စိတ်ထဲမှ မေးမြန်းလိုက်သည်။
ဝမ်ဖုန်းသည် စနစ်အဆင့်၁၀သို့မြှင့်တင်နိုင်ရန် မျှော်လင့်နေခြင်းဖြစ်၏။ စနစ်အဆင့်၁၀သို့ မြှင့်တင်ပြီးလျှင် ရှန့်ရှန့်ကျုံဂိုဏ်း၏ ဒုတိယမြောက်အစောင့်အရှောက်ကို ဆင့်ခေါ်နိုင်ပေမည်။
“ဒင်! စနစ်အဆင့်၁၀သို့မြှင့်တင်ရန်အတွက် ရှန်ရှန့်ကျုံဂိုဏ်းကို တောင်ပိုင်းနယ်မြေရဲ့ အရှင်သခင်ဖြစ်စေပြီး တောင်ပိုင်းနယ်မြေတစ်ခုလုံးရဲ့ ကံကောင်းမှုချီတွေကို ရယူဖို့လိုအပ်ပါတယ်”
စနစ်၏အသံအဆုံးတွင် ဝမ်ဖုန်း မျက်လုံးအနည်းငယ် မှေးကျဉ်းလိုက်မိသည်။ ယခုအခြေအနေအရ တောင်ပိုင်းနယ်မြေ၏ အင်အားစုကြီးသုံးခုနှင့် ရှန်ရှန့်ကျုံဂိုဏ်းတွင် တစ်ဦးသာလျှင် ရှင်သန်ကျန်ရစ်နိုင်ရန် ကံကြမ္မာဖန်နေခဲ့လေပြီ။
“စနစ် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေ အားလုံးကို နတ်ဘုရင်အထွတ်အထိပ်အဆင့်ကိုမြှင့်ပေးဖို့အတွက် ဂိုဏ်းအမှတ်ဘယ်လောက် လိုအပ်မလဲ?”
ဝမ်ဖုန်း မျက်လုံးများမှေးကျဥ်းလျက် စိတ်ထဲမှ မေးလိုက်သည်။ လက်ရှိသည် တိုက်ပွဲကျရောက်အံ့ဆဲဆဲအချိန်ဖြစ်ရာ ထီလက်မှတ်လဲလှယ်၍ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို အဆင့်မြှင်ပေးရခြင်းမှာ ပုံမှန်ဖြစ်သည်။
“ဒင်! ဂိုဏ်းအမှတ်၁၅ဘီလီယံ ကုန်ကျပါမယ်”
ကောင်းရော ဒီစနစ်က တကယ်လက်မည်းကြီးပဲဟ!
ဝမ်ဖုန်း၏မျက်နှာမှာ မည်းမှောင်နေတော့သည်။ စိတ်ထဲမှလည်း မကျေမနပ်ပြောဆိုနေ၏။ မိမိ၌ လက်ရှိတွင် ဂိုဏ်းအမှတ်စုစုပေါင်း ၂၅ဘီလီယံသာ ရှိသည်။ ၎င်းကို ထိုသောက်ကျိုးနည်းစနစ်သည် စုဆောင်းမှုလေးနည်းနည်းရှိနေသည်နှင့် ကုန်စင်အောင် ယူသွားချင်ပြန်လေသည်။
“စနစ် ဂိုဏ်းအမှတ်၁၅ဘီလီယံကို ထီလက်မှတ်နဲ့လဲလှယ်မယ်။ ရလာတဲ့ ကျင့်ကြံမှုအခြေခံတွေကို ငါဂိုဏ်းချုပ်နဲ့ ဂိုဏ်းအကြီးအကဲတွေကို ဝေမျှပေးလိုက်ပါ။ ကျင့်ကြံမှုအငွေ့အသက်တွေကိုတော့ ဖုံးကွယ်ထားမယ်”
အဆုံးတွင်တော့ ဝမ်ဖုန်းသည် အံကိုတင်းတင်းကြိတ်၍ ထီလက်မှတ်ရယူရန်သာ ရွေးချယ်ခဲ့ရလေသည်။
“ဒင်! ချင်းမန့်ယောင်၏ကျင့်ကြံမှု သုံးပုံတစ်ပုံကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်!...”
“ဒင်! ရရှိသည့်ကျင့်ကြံမှုအခြေခံများကို ဝေမျှပေးပြီးပါပြီ။ ဂိုဏ်းချုပ်မှ နတ်ဘုရင်အထွတ်အထိပ်အဆင့်သို့ရောက်ရှိခြင်းအတွက် ဂုဏ်ပြုပါတယ်။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများလည်း နတ်ဘုရင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပါပြီ”
တစ်နာရီကြာမြင့်ပြီးနောက်၌ စနစ်၏အသံ ထပ်မံထွက်ပေါ်လာခဲ့ပြီး တစ်ပြိုင်နက်တည်းပင် ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ ရှင်းပြရန်နက်နဲသော စွမ်းအင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းစွမ်းအင်မှာ အင်အားကြီးမားလှစွာသော နတ်ဘုရင်အထွတ်အထိပ်အဆင့်စွမ်းအင်လှိုင်းကြီး ဖြစ်သည်။
ခန္ဓာကိုယ်တွင်းစွမ်းအင်ကို စစ်ဆေးပြီးနောက်တွင် ဝမ်ဖုန်းသည် လက်ကိုနောက်ပစ်၍ရပ်နေရင်းဖြင့် အထူးအင်အားစုသုံးစုရှိရာအရပ်သို့ လှောင်ရယ်ဟန်ဖြင့် ကြည့်နေခဲ့သည်။
…..
တစ်ပြိုင်နက်တည်း၌ ဝူဝမ်တောင်တန်း၏ မိုင်တစ်ရာအကွာအဝေးခန့်သို့ လှပချောမောသောပုံရိပ်တစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။ သူမသည် သန့်ရှင်းစင်ကြယ်သော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမသည် နက်မှောင်သော ဆံနွယ်ရှည်တို့ဖြင့် တင့်တယ်လှပလွန်းသည်မှာ ရိုးရှင်းလှသည့်ဝတ်ရုံသည်ပင် သူမ၏အလှတရားကို ဖုံးလွှမ်းနိုင်စွမ်းမရှိချေ။ သဘာဝဆန်သော အလှတရားဖြင့် မျက်လုံးအစုံကို ခပ်သာသာမှေးကျဉ်းထားကာ တည်ငြိမ်အးဆေးသည့် မျက်နှာအမူအရာရှိသည်။ အခြားသူများမှာ သူမ၏စိတ်ခံစားချက်တို့ကို မှန်းဆရန် မတတ်နိုင်ပါချေ။
ထိုအမျိုးသမီးကို မြင်တွေ့ရလိုက်ရသူမှာ အလွန်တရာ ထိတ်လန့်သွားနိုင်ပေ၏။ တောင်ပိုင်းနယ်မြေတစ်ခုလုံးကို လှုပ်ခတ်နိုင်စွမ်းသော ထိပ်တန်းမိန်းမလှချင်သည် ဤနေရာတွင် ပေါ်ထွက်လာခဲ့၏။ ဤသတင်းစကား ပျံ့နှံ့သွားခဲ့ပါလျှင် တောင်ပိုင်းနယ်မြေရှိ လူငယ်အမျိုးသားအားလုံးမှာ ရူးသွပ်သွားနိုင်ကောင်းသည်။
“ရှန်ရှန့်ကျုံဂိုဏ်းတဲ့လား? ရှင်က လွဲပြီး တခြားဘယ်သူကများ အဲ့ဒီ့နာမည်ကို သုံးရဲမှာလဲ?”
မိန်းကလေးချင်သည် ပျက်ဆီးနေသည့် ဝူဝမ်တောင်တန်းကို အဝေးမှ ရပ်တန့်ငေးစိုက်ကြည့်နေရင်းဖြင့် တီးတိုးရေရွတ်၏။ သူမသည် ရှန်ရှန့်ကျုံဂိုဏ်းရှိရာအရပ်သို့ ငေးမျှော်ကြည့်နေခဲ့သည်။
“အဲဒီ့လူတွေ ငါပြန်လည်မွေးဖွားလာခဲ့ပြီး ရှင်နဲ့ရင်းနှီးသိကျွမ်းတယ်ဆိုတာကို သိသွားကြရင် မနာလိုအားကျကုန်တော့မှာပဲ”
မိန်းကလေးချင်သည် ရယ်မောဖွယ်အကြောင်းအရာတစ်ခုကို စဉ်းစားမိသည့်အလား ကျီစယ်နောက်ပြောင်ဟန် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
ဤမြင်ကွင်းကို ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုမှ မြင်တွေ့ခဲ့ပါလျှင် သေချာပေါက် အံ့ဩထိတ်လန့်ကုန်ကြပေမည်။
မိန်းကလေးချင်သည် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုခေါင်းဆောင်၏ ရှေ့မှောက်၌ တစ်ကြိမ်တစ်ခါသော်မှ ပြုံးရယ်ခြင်း မရှိခဲ့ဖူးပေ။ အချိန်ကြာမြင့်လာသည်နှင့်အမျှ ထျန်းဟွမ်မျိုးနွယ်စုသည် မိန်းကလေးချင်မှာ ပြုံးရယ်ခြင်းမပြုတတ်ဟု မှတ်ယူခဲ့ကြလေသည်။ အခိုက်အတန့်တိုင်း၌ သူစိမ်းဆန်သော အငွေ့အသက်များသာ ထုတ်လွှတ်နေခဲ့၏။
“ယဲ့မုချင် ဂိုဏ်းချုပ်အရှင်အပေါ်ထားရှိတဲ့ ငါ့ရဲ့အချစ်ကလည်း နင့်ထက် မနည်းပါဘူး!”
“ဂိုဏ်းချုပ်အရှင်အတွက် ငါတိုက်ခိုက်နိုင်တယ်၊ ဂိုဏ်းချုပ်အရှင်ရဲ့ နောက်မှာအမြဲရှိပေးနိုင်တယ်၊ ဂိုဏ်းချုပ်အရှင်အတွင် ငါ့အသက်ကိုတောင် ပေးဆပ်နိုင်တယ်။ ဒါပေမဲ့ ယဲ့မုချင် ဂိုဏ်းချုပ်အရှင်အတွက် ငါနင်နဲ့ နောက်ဆုံးအထိ တိုက်ခိုက်ရလိမ့်မယ်!”
မိန်းကလေးချင် ချိုသာနူးညံ့စွာ ပြုံးလိုက်၏။ သူမ၏မျက်လုံးလှလှလေးများ၌ တည်ကြည်အေးစက်သည့်အငွေ့အသက်အချို့ ထင်ဟပ်သွားခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်းသို့ တစ်လှမ်းချင်း ဦးတည်လျှောက်လှမ်းသည်။ သူမ၏ထိုအရှိန်သည် အင်အားကြီးကျင့်ကြံသူများထက် အားမနည်းပါချေ။
မျက်တောင်တစ်ခတ်မျှ အချိန်အတွင်း၌ မိန်းကလေးချင်သည် ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ တောင်ကြား၏အထက်ကောင်းကင်သို့ ရောက်ရှိခဲ့သည်။ တောင်ကြားထံမှ ရင်းနှီးကျွမ်းဝင်နေသော အငွေ့အသက်ကို ခံစားရင်းဖြင့် မိန်းကလေးချင်၏ စွဲမက်ဖွယ်ကိုယ်လေးမှာ တုန်ရီလာ၏။ အေးစက်နေခဲ့သော သူမ၏မျက်ဝန်းလှလှလေးများမှ တောက်ပသောအလင်းငယ်များ လင်းလက်လာခဲ့သည်။
“ဘယ်သူလဲ?!”
နူးညံ့သည့်အသံနှင့်အတူ ချွမ်းယင်၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။ ချွမ်းယင်သည် မိန်းကလေးချင်ကို သတိတကြီးဖြင့် အေးစက်စွာကြည့်ရှုအကဲခတ်နေ၏။ သူ၏ရှေ့ရှိ အမျိုးသမီးသည် သူ့အား စိတ်လှုပ်ရှားထိတ်လန့်မှုကို ခံစားရနေစေသည်။
ချွမ်းယင်၏အသံကြောင့် မိန်းကလေးချင်သည် သူမ၏ ပုံမှန်အေးစက်သည့်ပုံစံသို့ ပြန်လည်ပြောင်းလဲသွားခဲ့ပြီး လက်နှစ်ဖက်ယှက်၍ ပြောခဲ့သည်။
“ကျင့်ကြံသူအရှင်ကို နှုတ်ဆက်ပါတယ်။ ကျွန်မ တိချင်က ရှန်ရှန့်ကျုံဂိုဏ်းချုပ်ကို တွေ့ဆုံဖို့ရောက်လာခဲ့တာပါ။ ကျေးဇူးပြုပြီး ကျင့်ကြံသူအရှင်က သတင်းပို့ပေးပါဦး”