ဟုန်မန့်နတ်ဘုရားနယ်မြေ ပြန်လည်ထမြောက်ခြင်း
Vol. 25 Ch. 347
Translator - Hsue Htet
ရှန်ရှန်ကျုံဂိုဏ်းခန်းမဆောင်ထဲတွင် မိန်းကေလးချင်း (သိချင်း) သည် ရင်းနှီးကျွမ်းဝင်နေသည့်ပုံရိပ်ကို သူမ၏ နှစ်လိုဖွယ်ခန္ဓာကိုယ်လေး တုန်ရီနေလျက်ဖြင့် ကြည့်နေခဲ့သည်။ မျိုးဆက်၉ဆက် ပြောင်းလဲသည့်တိုင်၊ နှစ်ပေါင်းအသင်္ချေကြာမြင့်ပြီးသည့်တိုင် တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုအမျိုးသားကို သူမ,မှတ်မိနိုင်ပါ၏။
ထိုအမျိုးသား၏ပုံရိပ်သည် သူမ၏စိတ်ဝိဉာဉ်တွင် နက်ရှိုင်းစွာထွင်းထုထားပြီး ဘယ်သောအခါမျှ မေ့လျော့သွားမည်မဟုတ်ပေ။
အတိတ်ကာလ၌ သိချင်းသည် ပုရွက်ဆိတ်တစ်ကောင်အလား အထုံပါရမီနိမ့်ပါးသည့် ပြိုင်ဘက်ကင်းမိန်းမလှလေး ဖြစ်ခဲ့သည်။ မတော်တဆဖြစ်ရပ်များ မရှိခဲ့ပါလျှင် သူမ၏ကံကြမ္မာသည် အင်အားကြီးသူ၏ ဆော့ကစားဖွယ်အရာလေးတစ်ခု ဖြစ်လာရမည်ဖြစ်သည်။
ထိုအမျိုးသားသည် သူမကို ကျောထက်တွင်သယ်ပိုး၍ အလောင်းနှင့်သွေးပင်လယ်တွင် ရုန်းကန်ခဲ့သူဖြစ်သည်။ သူမကို ကောင်းကင်ကိုဆန့်ကျင်စွမ်းသော သိုင်းပညာကိုပေးအပ်ခဲ့ပြီး သေမျိုးခန္ဓာမှ အမတအရှင်များ၏မျိုးဆက်အဖြစ် ကြီးပြင်းစေခဲ့သးဖြစ်သည်။ နောက်ဆုံးသောတိုက်ပွဲတွင် အရာအားလုံးနှင်ရင်း၍ သူတို့ကို ကာကွယ်ပေးခဲ့သူမှာလည်း ထိုအမျိုးသားဖြစ်သည်။
အခြားသူများအတွက်မူ သူမသည် ရိုင်းပျခက်ထန်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုအမျိုးသားအတွက်သာလျှင် သူမသည် ရေသဖွယ် နူးညံ့ပျော့ပျောင်း၏။
နှစ်ပေါင်းများစွာတိုင် သူမ၏နှလုံးအိမ်၌ ချစ်ခြင်းမေတ္တာသည် အမြစ်တွယ်နေခဲ့ပြီး အခြားမည်သည့်အမျိုးသားဖြစ်စေ လောကပြိုင်ဘက်ကင်းပုဂ္ဂိုလ်လျှင်သော်မှ သူမ၏နှလုံးသားမှ လက်မခံနိုင်ခဲ့ပေ။
မျက်မှောက်အချိန်ကာလထိတိုင် ထိုအမျိုးသားနှင့် တိုက်ပွဲများအကြောင်း ဒဏ္ဍာရီဇာတ်လမ်းများစွာ တည်ရှိနေဆဲဖြစ်သည်။ သို့သော် သူမ လိုလားသည်မှာ ထိုအမျိုးသား၏နှလုံးသား၌ ယဲ့မုချင်တစ်ဦးတည်းမဟုတ်ဘဲ သူမလည်း ရှိနေစေချင်မိသည်။
“မိန်းကေလးချင်းက ဒီဂိုဏ်းချုပ်ကို လာတွေ့မယ်လို့ မျှော်လင့်မထားမိဘူးပဲ ဘာကိစ္စရှိလို့များလဲ?”
ခန်းမဆောင်အလယ်တွင် ရပ်နေသော လှပသည့်ပုံရိပ်လေးကိုကြည့်၍ ဝမ်ဖုန်း သံသယမကင်းစွာ မေးမြန်းလိုက်သည်။
ဝမ်ဖုန်း တွေ့မြင်ခဲ့ဖူးသည့် အမျိုးသမီးများအားလုံး၌ သူ၏ဇနီးသည်ယဲ့မုချင်သာလျှင် ဤမိန်းကလေးနှင့် ယှဉ်နိုင်လိမ့်မည်ကို ဝန်ခံရပေမည်။
ဤမိန်းကလေး၏ ပြိုင်ဘက်ကင်းလောက်အောင် လှပချောမောသောရုပ်ရည်သာမက သူမ၏ ပင်ကိုစရိုက်ပုံစံသည်လည်း ရေခဲတမျှ အေးစက်၍ အိမ်မက်ကမ္ဘာမှ လျှောက်ထွက်လာခဲ့လေသော ရေနတ်သမီးတစ်ပါးအလား ဖြစ်ပေသည်။
ဤအမျိုးသမီးကို ဝမ်ဖုန်း တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။ သို့သော် အကြောင်းရင်းမသိရသော်ငြား တစ်ဦးနှင့်တစ်ဦး အချိန်ကြာမြင့်စွာ သိကျွမ်းခဲ့ဖူးသည်ကဲ့သို့သော ရင်းနှီးကျွမ်းဝင်မှုကို အနည်းငယ်ခံစားမိနေ၏။ ထိုခံစားချက်မှာ ယဲ့မုချင်နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ရချိန်၏ခံစားချက်နှင့် အတော်လေးတူညီပေသည်။
ကွာခြားချက်မှာ ယဲ့မုချင်နှင့် ဆုံတွေ့ခဲ့ချိန်တွင် အချိန်ကြာမြင့်စွာ ချစ်ကျွမ်းဝင်ခဲ့ဖူးသည့် ချစ်သူကဲ့သို့သောခံစားချက်ဖြစ်ခဲ့ပြီး ဤမိန်းကလေးကို မြင်တွေ့ရခြင်းမှာမူ နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ခဲ့သော သေခြင်းရှင်ခြင်းတို့ကို မျှဝေခဲ့ဖူးသည့် မိတ်ဆွေဟောင်းကဲ့သို့သော ခံစားချက်မျိုးဖြစ်သည်။
“သိချင်း ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်လိုပါတယ်။ ကျေးဇူးပြုပြီး ဂိုဏ်းချုပ်အရှင် လိုက်လျောပေးစေလိုပါတယ်”
သိချင်းမှ အရိုအသေပြုလျက် တည်ကြည်စွာပြော၏။
သိချင်း၏စကားအဆုံး၌ ဝမ်ဖုန်း မျက်လုံးများကိုမှေးကျဉ်း၍ သေချာအကဲခတ်ကြည့်လိုက်သည်။ ဝမ်ဖုန်းမှာ အနည်းသော်မျှ မပျော်ရွှင်မိဘဲနှင့် သတိကပ်သွားမိ၏။
လှပထူးဆန်းသော အမျိုးသမီးတစ်ဦးမှ ရုတ်တရက်ရောက်လာ၍ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ရန် တောင်းဆိုခဲ့သည်။ ၎င်းမှာ လိမ်လည်လှည့်ဖျားလိုသော အကြံအစည်မရှိဟု ဆိုလာပါလျှင် ဝမ်ဖုန်း သေချာပေါက် မယုံကြည်ပါချေ။
အထူးအင်အားစုမှ ကျင့်ကြံသူများကို သတ်ဖြတ်ပြီးနောက်တွင် ရှန်ရှန့်ကျုံဂိုဏ်းသည် တောင်ပိုင်းနယ်မြေတစ်ခွင်ကို တုန်လှုပ်စေခဲ့ပြီး အမည်ကျော်ကြားလာခဲ့သည်မှာ အမှန်ဖြစ်သည်။ သို့သော် ဤသို့သောကျင့်ကြံသူတစ်ဦးကို ရှန်ရှန့်ကျုံဂိုဏ်းကို ဆန္ဒအလျောက် ဝင်ရောက်စေလိုသည်အထိ မလုံလောက်ပေ။
“စနစ် ဒီမိန်းကလေးရဲ့အချက်အလက်တွေကို စစ်ဆေးကြည့်လိုက်”
ဝမ်ဖုန်း စိတ်ထဲမှပြောလိုက်သည်။
“ဒင်! စုံစမ်းစစ်ဆေးရန်အတွက် ဂိုဏ်းအမှတ်သန်းတစ်ရာကို အလိုအလျောက် အသုံးပြုလိုက်ပါပြီ”
“ဒင်! မိန်းကလေးချင်း (သိချင်း)၊ ဟုန်မန့်နတ်ဘုရားနယ်မြေမှ ပြန်လည်ဝင်စားသူ၊ လက်ရှိတွင် တောင်ပိုင်းနယ်မြေ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု၏ နံပါတ်တစ်မိန်းမလှ၊ ကျင့်ကြံမှုအေခြခံမှာ နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့်ဖြစ်ပြီး ပြင်ပကျင့်ကြံမှုအခြေခံမှာ ဂုဏ်သရေနတ်မင်းအထွတ်အထိပ်အဆင့် ဖြစ်ပါတယ်”
စိတ်တွင်းမှ အေးစက်သည့်အသံကြောင့် ဝမ်ဖုန်း အံ့ဩထိတ်လန့်သွားရသည်။
ဟုန်မန့်နတ်ဘုရားနယ်မြေ?
“ဟုန်မန့်နတ်ဘုရားနယ်မြေက ကျင့်ကြံမှုအခြေခံ အမြင့်မားဆုံးနယ်မြေပါ။ ဟုန်မန့်နတ်ဘုရားနယ်မြေရဲ့လူတွေဟာ အတွေးတစ်စနဲ့ ကမ္ဘာတစ်ခုကို ဖန်ဆင်းနိုင်၊ ဖျက်ဆီးနိုင်ပါတယ်”
ကောင်းလေစွ! ဒီလိုအံ့ချီးဖွယ်ပြန်လည်မွေးဖွားမှုကြီးက ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ချင်တယ်တဲ့လား?
“ဒီဂိုဏ်းချုပ်က ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုရဲ့ အကြီးအကဲတွေနဲ့အစောင့်အရှောက်တွေကို သတ်ခဲ့တယ်ဆိုတာ မိန်းကလေး မသိဘူးလား?”
ဝမ်ဖုန်းသည် စိတ်တွင်းမှ အံ့အားသင့်မှုကိုဖိနှိပ်၍ အပြုံးမမည်သောအပြုံးဖြင့် သိချင်းကို ကြည့်နေခဲ့သည်။
“ဂိုဏ်းချုပ်ဝမ်ကို အပြစ်ပြုခဲ့မှတော့ သေသင့်ပါတယ်”
သိချင်း၏မျက်လုံးများ၌ အေးစက်မှုတို့ ဖြတ်ပြေးသွားခဲ့၍ ပြောလာခဲ့သည်။ သူမ၏နှစ်လိုဖွယ်သောခန္ဓာကိုယ်မှာ ရေခဲတမျှသော သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ဖြင့် ပြည့်နှက်သွားခဲ့ပြီး ခန်းမဆောင်ကြီး၏အပူချိန်မှာလည်း လျင်မြန်စွာကျဆင်းသွားတော့သည်။
ဒီအမျိုးသမီးက တကယ်ပဲ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ချင်တာများလား?
ဝမ်ဖုန်းမှာ သိချင်း၏စကားလုံးများကြောင့် အတော်လေး အံ့အားသင့်သွားရသည်။ မည်သို့ပင် ပြန်လည်ဝင်စားသူဖြစ်သော်ငြား ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုဝင်ပင် မဟုတ်ပါလော။
ဒါမှမဟုတ် မိမိ၏ချောမောခန့်ညားမှုမှာ လှပတင့်တယ်လှသော ဤမိန်းကလေးကို အပတ်တကုတ်ကြိုးစားစေရန်အထိ ချောမောလွန်းနေခြင်းပေလော?
ကောင်းကင်ဘုံသည် မိမိအား အဖြစ်သဘော မွေးဖွားပေးခဲ့ခြင်းမဟုတ်၊ ရှည်လျားသောညဉ့်ယံကဲ့သို့ အနှိုင်းမဲ့ချောမောခန့်ညားစွာ မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။
ဝမ်ဖုန်း၏ စဉ်းစားတွေးတောနေသော မျက်နှာအမူအရာကိုကြည့်ခြင်းဖြင့် သိချင်းမှာ အဘယ်သို့များ ဝမ်ဖုန်း၏အတွေးကို မသိဘဲရှိပါအံ့နည်း။ သိချင်းသည် ချယ်ရီနှုတ်ခမ်းလေးများ ကွေးညွတ်စွာဖြင့် ပြောလာခဲ့သည်။
“အကယ်၍ ဂိုဏ်းချုပ်ဝမ် သိချင်းကို မယုံကြည်ဘူးဆိုရင် သိချင်း ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုကို ဂိုဏ်းချုပ်ဝမ်အတွက် ဖျက်ဆီးပေးနိုင်ပါတယ်”
ထိုစကားအဆုံး၌ ဝမ်ဖုန်းသည် သိချင်းကို သေချာအကဲခတ်ကြည့်ရှု၍ တည်ကြည်လေးနက်စွာပြော၏။
“ခုလောလောဆယ်တော့ ငါမင်းကို ယုံကြည်လိုက်မယ်။ ဒါပေမဲ့ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု ကျူးကျော်ဝင်ရောက်လာချိန်ကျရင် မင်းကို ဓားစာခံအဖြစ် အသုံးပြုမယ်ဆို ဆန္ဒရှိရဲ့လား?”
ဤအမျိုးသမီးမှ ရှန်ရှန့်ကျုံဂိုဏ်းအတွက် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုကို အမှန်တကယ် ဖျက်ဆီးပေးနိုင်ပါလျှင် ဝမ်ဖုန်းအနေဖြင့်လည်း ဤအမျိုးသမီးကို ရှန်ရှန့်ကျုံဂိုဏ်းသားအဖြစ် လက်ခံရန် မငြိုငြင်ပါချေ။ သူမ၌ အခြားအကြံအစည်ရှိနေလျှင်သော်မှ မိမိမှာ ထိန်းချုပ်နိုင်စွမ်းရှိသည် မဟုတ်ပါလော။
သို့သော် သိချင်း၌ အခြားအကြံအစည်ရှိခဲ့ပါလျှင် ၎င်းမှာ ဝမ်ဖုန်း၏ခန္ဓာကို ပိုင်ဆိုင်ရခြင်းသာဖြစ်လိမ့်မည်ဟု ဝမ်ဖုန်း အဘယ်သို့များ သိနိုင်ပါအံ့နည်း။
“သိချင်းက ဂိုဏ်းချုပ်ဝမ်ရဲ့ဓားတစ်လက်ဖြစ်ပေးပြီး ရန်သူတွေကို ရှင်းလင်းဖို့ဆန္ဒရှိပါတယ်”
သိချင်းမှ အရိုအသေပြု၏။ ပြိုင်ဘက်ကင်းမိန်းမလှလေး၏ ခမ်းနားသောအရှိန်အဝါသည် နူးညံ့တည်ကြည်သည့် အသံနှ့င်အတူ ခန်းမအတွင်း လွှမ်းခြုံသွားခဲ့သည်။
သိချင်းသည်လည်း ပျော်ရွှင်ဝမ်းမြောက်နေပါ၏။ တစ်ချိန်တစ်ခါကလည်း သူမ ထိုစကားကို ပြောဖူးခဲ့သည်။ လက်ရှိကာလမှာ အချိန်ကာလနေရာဒေသတို့ကို ဖြတ်ကျော်၍ သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့်အချိန်သို့ ပြန်လည်ရောက်ရှိသွားသည်ဟု ထင်မှတ်ရပေသည်။
ထိုအချိန်တုန်းက သူ၏ချစ်ခင်နှစ်ခြိုက်မှုကို လက်ခံရရှိခဲ့သော သူမသည် ယခုကဲ့သို့ပင် သူ၏လက်ထဲမှ အထက်ရှဆုံးသော ဓားတစ်လက်အဖြစ်ဖြင့် ရန်သူများကို ရှင်းလင်းပေးလိုခဲ့သည်။
“ဒင်! ဟုန်မန့်နတ်ဘုရားနယ်မြေ၏ ပြန်လည်ဝင်စားသူကို ခန့်အပ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်တစ်ဘီလီယံနှင့် နတ်မင်းအဆင့်ကျပန်းဆင့်ခေါ်ခွင့်၅ခုကို ရရှိပါတယ်”
သိချင်း၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်း၏စိတ်တွင်းမှ စနစ်၏အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။
“ကိစ္စမရှိတော့ရင် မင်းအရင်သွားလိုက်ပါဦး။ ဒီဂိုဏ်းချုပ်က မင်းကို ရှန်ရှန့်ကျုံဂိုဏ်းနဲ့ရင်းနှီးစေဖို့အတွက် အကြီးအကဲတစ်ယောက်ကို ချိန်းဆိုလိုက်ပါမယ်”
ဝမ်ဖုန်း စနစ်၏အသံကို လျစ်လျူရှု၍ သိချင်းကိုပြောခဲ့သည်။
“သိချင်းမှာ သေးငယ်တဲ့တောင်းဆိုမှုလေးတစ်ခုရှိပါတယ်။ ကျေးဇူးပြုပြီး ဂိုဏ်းချုပ်ဝမ် လိုက်လျောပေးဖို့ မျှော်လင့်ပါတယ်”
သိချင်း၏ မျက်လုံးလှလှလေးများတွင် တင်းကြပ်မှုအချို့ထင်ဟပ်သွားလျက် လက်ဟန်ဖြင့်အရိုအသေပြု၏။
“အို? ဒီတိုင်းပြောထုတ်လိုက်ပါ”
ဝမ်ဖုန်းသည် အနည်းငယ်အံ့အားသင့်သွားသော်ငြား သိချင်းကို ချက်ချင်း သဘောမတူညီခဲ့ပေ။ ထိုအမျိုးသမီးမှ ဆက်လက်လုပ်ဆောင်မည့်အရာတို့ကို သူသိချင်လှသည်။
“သိချင်း ဂိုဏ်းချုပ်ရဲ့ဘေးမှာပဲ ရှိနေလိုပါတယ်။ အစေခံတစ်ယောက်အဖြစ်ဆိုရင်တောင်မှ သိချင်း ဆန္ဒရှိပါတယ်”
သိချင်း၏စကားကြောင့် ဝမ်ဖုန်းမှာ မင်သက်သွားရလေသည်။
ဒီအမျိုးသမီးက တကယ်ကြီး ငါ့ကိုစွဲလမ်းနေတာလား?
အမှန်အတိုင်းဆိုရပါလျှင် ဝမ်ဖုန်းသည် ဤအမျိုးသမီးကို မည်သို့တုံ့ပြန်ရမည် မသိပေ။ သို့သော် ထိုစကားကြောင့် အနည်းငယ်လည်း မိမိကိုယ်ကို ဂုဏ်ယူဝံ့ကြွားမိရ၏။ ဤကဲ့သို့သော မိန်းမလှလေးသည် သူ၏အစေခံဖြစ်ရန် ဆန္ဒရှိနေလေသည်။
ဘယ်လိုလုပ်ရမယ်မသိရင် ဒီတိုင်းရယ်နေလိုက်သင့်လား?!
မည်သည့်အကြောင်းကြောင့်မသိချေ.. ဤမြင်ကွင်းကို ယဲ့မုချင် မြင်တွေ့ခဲ့လျှင် မည်သို့တုံ့ပြန်မည်ကို ဝမ်ဖုန်း သိချင်စိတ်ဖြစ်လာမိသည်။ ဖြစ်နိုင်သည်မှာ အနည်းငယ် စိတ်လှုပ်ရှားသွား၍ ဝမ်ဖုန်း၏နှလုံးသားကို သော့ခတ်သိမ်းဆည်းရန် အပူတပြင်း နည်းလမ်းရှာဖွေလောက်ပေမည်။
“မလိုအပ်ပါဘူး။ ဒီဂိုဏ်းချုပ်က တစ်ယောက်တည်းနေရတာကို ကျင့်သားရနေပါပြီ။ သွားလိုက်ပါတော့”
အနည်းငယ် ကသိကအောက်ဖြစ်ရသော်ငြား ဝမ်ဖုန်း သဘောမတူညီခဲ့ပါ။ လက်ကိုဝှေ့ယမ်း၍ ခပ်ဖျော့ဖျော့ငြင်းဆိုလိုက်သည်။
ဤအမျိုးသမီး၏ဇာစ်မြစ်သည် ထူးခြားပြီး သူမ၏ရည်ရွယ်ချက်ကိုလည်း မသိရသေးပေ။
ဒီအမျိုးသမီးရဲ့ ရည်ရွယ်ချက်ကို မသိရသေးခင်အထိ သူနဲ့အဆင်ပြေပြေ ဆက်ဆံပေးသင့်လား?
ဝမ်ဖုန်း၏အဖြေစကားတွင် သိချင်းသည် စိတ်ဓာတ်ကျမသွားခဲ့ဘဲ ပို၍ခိုင်မာသည့်ဆန္ဒ ဖြစ်တည်သွားခဲ့သည်။ ဝမ်ဖုန်း၏နံဘေးရှိ အစေခံဖြစ်မလာနိုင်သ၍ လက်မလျှော့မည့်ဟန်ပန်ကို ထုတ်ဖော်ပြသနေခဲ့သည်။