သိချင်း၏ဓားစွမ်းအင်
Vol. 25 Ch. 349
Translator - Hsue Htet
ရှန်ရှန့်ကျုံဂိုဏ်းတောင်ကြား အပြင်ဘက်၌ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ကောင်းကင်ထက်တွင်ရပ်၍ ရှန်ရှန့်ကျုံဂိုဏ်းရှိရာသို့ အထင်မြင်သေးစွာဖြင့် ကြည့်နေရကြသည်။ ဤတောင်ကြားငယ်လေးမှ ဂိုဏ်းတစ်ဂိုဏ်းသည် အထူအင်အားစုသုံးစုကို အင်အားပေါင်းစည်းစေခဲ့သည်တဲ့။ ဘယ်လိုတောင် ရယ်ဖို့ကောင်းလိုက်သလဲလို့!
“ဒါက အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းတဲ့လား။ ဘာမှလည်း ထူးခြားနေတာမရှိပါဘူး”
ယန်လဲ့အင်မော်တယ်မြို့သခင်ငယ်သည် တောင်ကြားလေးကို အထင်မြင်သေးစွာကြည့်နေရင်းမှ ရေရွတ်၏။
မြို့သခင်ငယ်သည် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုနှင် အခြားရှေးဟောင်းဂိုဏ်းကြီးများကို ပူးပေါင်းချီတက်စေနိုင်စွမ်းသည့် ရှန်ရှန့်ကျုံဂိုဏ်းဟူသည် ဤမျှသာမန်ဆန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ဤသို့သော ဂိုဏ်းဌာနမျိုးကို အလကားပေးလျှင်သော်မှ သူ မရယူလိုပါ။
“ရှန်ရှန့်ကျုံဂိုဏ်း ထွက်လာကြစမ်း!”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည့် ရှေ့သို့တိုးသွား၍ ဆိတ်ငြိမ်နေသာတောင်ကြားကို စိုက်ကြည့်လျက် အေးစက်စွာလှောင်ရယ်၏။ သူ၏အသံမှာ လောကတစ်ခွင်ကို တုန်ခါသွားစေသည်။
အထူးအင်အားသုံးစု၏ ကျင့်ကြံသူများသည် နတ်စစ်သည်ကြီးများအလား တန်းစီရပ်နေကြသည်။ သူတို့သည် စွမ်းအင်ထုတ်လွှတ်ခြင်း မရှိကြသော်ငြား သူတို့၏အသက်ရှူငွေ့ဖြင်ပင် ဝူဝမ်တောင်တန်းတစ်ခုလုံးကို တောက်ပနေစေလေသည်။ ကောင်းကင်ယံမှာ ကြည်စင်နေရာမှ မှိန်ဖျော့ဖျော့အလင်းရောင်သို့ ပြောင်းလဲသွားခဲ့သည်။
“ဝှစ်!”
ထိုအခိုက်တွင် ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာအရပ်မှ တောက်ပသောဓားရောင်ခြည်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဓားရောင်ခြည်ဖြတ်သန်းသွားရာတစ်လျှောက်လုံးရှိ လေဟာပြင်မှာ ကွဲအက်သွား၏။ ပြင်းထန်ထက်ရှသော ဓားချက်ကြောင့် အထူးအင်အားစုသုံးစု၏ ကျင့်ကြံသူများမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြရသည်။
“ဘုန်း!”
အထူးအင်အားစုသုံးစု၏ ဘိုးဘေး၁၁ဦးသည် စူးရှသည့်ဓားရောင်ခြည်ကို မြင်သောအခါ မျက်လုံးအစုံတို့မှာ အေးစက်သွားကြလျက် တစ်ပြိုင်နက်တည်း ရှေ့တိုး၍ လက်ဖဝါးရိုက်ချက်များ ထုတ်လွှတ်လိုက်ကြသည်။ ဧရာမလက်ဖဝါးရိုက်ချက်ကြီးများသည် ရေပြင်ညီအနေအထားဖြင့် ရုတ်ချည်းပျံထွက်လာခဲ့ပြီး ဓားရောင်ခြည်ကို ဖျက်ဆီးလိုက်သည်။
“ရှန်ရှန့်ကျုံဂိုဏ်းကို ထိပါးရဲတယ်! သွားသေလိုက်တော့!”
မောက်မာခက်ထန်သောအသံသည် တောင်ကြားတစ်ခွင်၌ ပေါက်ကွဲထွက်သွားခဲ့ပြီး ထိုအသံနှင့်အတူ ပုံရိပ်ဒါဇင်ကျော်ခန့် ထွက်အပေါ်လာခဲ့သည်။
ဝမ်ဖုန်းသည် အထူးအင်အားစုသုံးစုကို တည်ငြိမ်အေးဆေးစွာ ကြည့်နေခဲ့သည်။ ဝမ်ဖုန်း၏နောက်၌ ချွမ်းယင်၊ အမည်မဲ့ဓားသမား၊ သိချင်းနှင့် အခြားသော ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများစွာ ရပ်နေကြသည်။
“သိချင်း မင်းဘာလုပ်နေတာလဲ? ချက်ချင်းပြန်လာခဲ့စမ်း!”
ဝမ်ဖုန်းတို့ ထွက်ပေါ်လာကြသည်နှင့် မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်နှင့် အခြားသော ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုသားများသည် ဝမ်ဖုန်း၏နောက်ရှိ သိချင်းကို မြင်သွားကြ၍ မျက်နှာအမူအရာ ပြောင်းလဲသွားကြလေသည်။ မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် ချက်ချင်း ဟိန်းဟောက်လာ၏။
“အဲဒါ တောင်ပိုင်းနယ်မြေရဲ့ နံပါတ်တစ်အလှလေးမဟုတ်လား? တကယ်ကို ချောမောလှပတာပဲ။ ဒီမြို့သခင်ငယ် အမြင်ကျယ်သွားရပါတယ်”
မြို့သခင်ငယ်သည် သိချင်းကိုမြင်တွေ့လိုက်သည်နှင့် မျက်လုံးများအရောင်လက်သွား၍ နူးညံ့စွာရေရွတ်လေသည်။
ကနဦး၌ မြို့သခင်ငယ်သည် တောင်ပိုင်းနယ်မြေ၏ နံပါတ်တစ်အလှလေးဟူသည် သာမန်မိန်းမလှလေးတစ်ဦးဟုသာ တွေးထင်ခဲ့သည်။ ခြုံငုံလိုက်ပါလျှင် မြို့သခင်ငယ်ဖြစ်သူမှာ အလယ်ပိုင်းတိုက်မကြီးမှ မဟုတ်ပါလော။ သူ မမြင်တွေ့ဖူးသည့် အလှတရားမျိုး ရှိနိုင်ပါ၏လော။ သို့ဖြစ်ရာ တောင်ပိုင်းနယ်မြေ၏ နံပါတ်တစ်ပြိုင်ဘက်ကင်းအလှလေးဟူသည် ဘာများထူးခြားနိုင်ပါ့အံ့နည်း။
သို့သော် သိချင်းကို မြင်တွေ့ပြီးနောက်တွင်မူ မိမိ၏အတွေးတို့ မှားယွင်းခဲ့သည်ကို နားလည်သွားရသည်။ အလယ်ပိုင်းတိုက်မကြီး၏ နတ်သမီးများအဖြစ် တင်စားခေါ်ဝေါ်ခြင်းခံရသော မိန်းမလှပေးများပင်လျှင် သိချင်းနှင့် မယှဉ်နိုင်ပါချေ။
ညှို့ယူဆွဲဆောင်နိုင်စွမ်းသော၊ အေးစက်မှုဖြင့် အထက်တန်းဆန်သော ဤသို့အရှိန်အဝါမျိုးကို သူပထမဆုံးအကြိမ် မြင်တွေ့ဖူးရခြင်းဖြစ်သည်။
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်မှ ဟိန်းဟောက်လာသော်ငြား သိချင်းသည် အကြည့်တစ်ချက်ပင် မျှဝေလိုခြင်းမရှိ၍ လျစ်လျူရှုထားလေသည်။
“ဝမ်ဖုန်း မင်းဘယ်လိုတောင် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုရဲ့မင်းသမီးကို ပြန်ပေးဆွဲရဲတာလဲ!”
သိချင်း၏အပြုအမူကို မြင်တွေ့ပြီးသည်တောင်မှ ထိုမျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် ဝမ်ဖုန်းတို့မှ သိချင်းကို ပြန်ပေးဆွဲခဲ့သည်ဟု တွေးနေသေး၏။ မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် ခြင်္သေ့တစ်ကောင်အလား အဆက်မပြတ် ဟိန်းဟောက်နေတော့ရာ လေဟာပြင်မှာ သာမန်မျက်လုံးဖြင့်မြင်တွေ့နိုင်သည်အထိ တွန့်လိမ်ပုံပျက်လာတော့သည်။
“သွား အခုက မင်းကိုယ်မင်း သက်သေပြရမယ့်အချိန်ပဲ!”
ဝမ်ဖုန်းသည် မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်၏ ဟိန်းဟောက်နေမှုကို လျစ်လျူရှု၍ ဘေးရှိသိချင်းကို ခပ်ဖျော့ဖျော့ပြောလိုက်သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ တည်ငြိမ်မှုအတွက်ဆိုလျှင် ဝမ်ဖုန်း၌ ဆန့်ကျင်ဘက်လိင်အား ညှာတာကာကွယ်တတ်ခြင်းဟူသည်လည်း မရှိပါချေ။
“အဲဒီ့ကျင့်ကြံသူတွေကို သတ်လိုက်ရင် သိချင်းကို ဂိုဏ်းချုပ်ရဲ့အစေအပါးဖြစ်ခွင့်ပေးမှာလား?”
ဝမ်ဖုန်း၏စကားအဆုံးတွင် သိချင်းသည် တောက်ပစွာသောမျက်ဝန်းအစုံဖြင့် နူးညံ့စွာရေရွတ်၏။
ဒီမိန်းကလေးက တကယ်ကြီး ငါ့ခန္ဓာကိုယ်ကို တပ်မက်နေတာပဲ!
ဝမ်ဖုန်း သိချင်းကိုကြည့်၍ ခေါင်းခါရမ်းလိုက်သည်။ မင်းက ဘယ်လိုပဲ ဆွဲဆောင်မှုရှိပါစေဦးတော့ ငါဝမ်ဖုန်းရဲ့နှလုံးသားကို မယိမ်းယိုင်စေနိုင်ပါဘူး။
သိချင်း၏မျက်နှာမှာ မည်းမှောင်သွား၍ စကားမဆိုတော့ဘဲ ဝမ်ဖုန်းကို သေချာအကဲခတ်ကြည့်နေခဲ့သည်။ ထို့နောက် သူမ၏နှစ်လိုဖွယ်ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုတို့ ရပ်နေရာသို့ ဦးတည်ပျံသန်းသွားခဲ့သည်။
သိချင်း ပြန်လာသည်ကို မြင်သောအခါ မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်နှင့် မျိုးနွယ်စုသားများသည် ကျေနပ်ဝမ်းမြောက်သွားကြ၏။ သူတို့သည် ဝမ်ဖုန်းမှာ အထူးအင်အားစုသုံးစု၏ ဖိအားဒဏ်ကို ခံနိုင်ရည်မရှိတော့၍ သိချင်းကို ပြန်လွှတ်ပေးခဲ့သည်ဟု တွေးထင်နေခြင်းဖြစ်သည်။
သို့ဖြစ်ရာ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုသည်လည်း သိချင်းကို အသုံးချ၍ ယန်လဲ့အင်မော်တယ်မြို့တော်သို့ တက်လှမ်းနိုင်ပေမည်။
ဘုန်း!
သို့သော်ငြား အချိန်ခဏမျှကြာမြင့်ပြီးနောက်၌ မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်နှင့် မျိုးနွယ်စုအကြီးအကဲများအားလုံးမှာ အံ့ဩထိတ်လန့်သွားကြရလေသည်။ သူတို့သည် သိချင်းကို သူစိမ်းတစ်ယောက်အလား ကြည့်နေခဲ့ကြ၏။
သိချင်းထံမှ နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့်စွမ်းအင်များ တုံ့ဆိုင်းခြင်းမရှိ ဖြာထွက်လာခဲ့ပြီး သိချင်း၏လက်ထဲ၌ ဆန်းကြယ်သောစွမ်းအင်များဖြင့်လွှမ်းခြုံနေသည့် ဓားရှည်တစ်လက် ထွက်ပေါ်လာခဲ့သည်။ တုနှိုင်းမစွမ်းနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်၍ လွှမ်းမိုးနိုင်စွမ်းသော ဓားစွမ်းအင်သည် ကောင်းကင်ထက်မှ တိမ်စိုင်မည်းများကို ရုတ်ချည်းရှင်းလင်းလိုက်လေသည်။
တိမ်စိုင်များကြားမှ နေရောင်ခြည်လင်းဖြာနေလေရာ သိချင်းကို ဓားနတ်ဘုရားမတစ်ပါးကဲ့သို့ ပုံရိပ်ထင်ဟပ်စေသည်။ အေးစက်လှပသောမျက်နှာမှာ ထူးခြားသည့်ဆွဲဆောင်မှုတစ်မျိုး ထင်ဟပ်နေလေရာ အဝေးမှ စောင့်ကြည့်နေသည့် ယန်လဲ့မြို့သခင်ငယ်မှာလည်း အလွန်တရာ ရွှင်ပျလာတော့သည်။ ဤမျှချောမောလှပ၍ ကျင့်ကြံမှုအားကောင်းမွန်သည့် မိန်းမလှလေးသည် သေချာပေါက် သူ့အပိုင်ဖြစ်ရပေမည်။
“ကောင်းကင်ဘုံဓားချက်၉ဖြာ!”
သိချင်းသည် ဓားရှည်ကိုကိုင်ဆောင်လျက် အေးစပ်စွာလှောင်ရယ်၏။ ခမ်းနားထည်ဝါသော စွမ်းအင်စီးဆင်းမှုသည် ဓားရှည်ကို တောက်ပလင်းလက်စေသည်။ ဓားချက်မခုတ်ပိုင်းမီတွင် သိချင်း၏ရှေ့၌ ဓားရောင်ခြည်ပုံရိပ်၉ဖြာ ပေါ်ထွက်လာခဲ့သည်။ ထိုဓားရောင်ခြည်သည် အလွန်အရာ ထက်ရှလှသည်မှာ မြင်ရသူအပေါင်းကို အသားများထိုးစိုက်ခံရသည်ကဲ့သို့ စပ်ဖျဉ်းဖျဉ်းခံစားရစေ၏။
ဘုန်း!
သိချင်းမှ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်နှင့်တစ်ပြိုင်နက် ဓားရောင်ခြည်ပုံရိပ်၉ခုသည် တားဆီးဟန့်တားခြင်းငှာ မစွမ်းဆောင်နိုင်သော၊ ကြောက်မက်ဖွယ်သော ဓားသွားတို့ဖြင့် မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်နှင့် အခြားသူများသို့ ဦးတည်သွားကြသည်။ ဓားရောင်ခြည်ပုံရိပ်၉ဖြာ၏စွမ်းအင်သည် နတ်မင်းအဆင့်ရှိ ကျင့်ကြံသူများစွာတို့နှင့် ယှဉ်နိုင်စွမ်းရှိ၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ?”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် အရှိန်ပြင်းစွာ ဦးတည်လာနေသော ဓားရောင်ခြည်ပုံရိပ်၉ခုကို ကြောင်အစွာငေးစိုက်ကြည့်နေရင်းဖြင့် မယုံကြည်နိုင်စွာရေရွတ်၏။ သူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည်ဟု သူအမြဲတွေးထင်ခဲ့သူသည် မိမိထက်ပို၍ အင်အားကြီးနေခဲ့သည်။ မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်မှာ ဤအဖြစ်အပျက်ကို အိပ်မက်,မက်နေသည့်အလား ခံစားနေရပေသည်။
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် တုံးအ၍ ဘိုးဘေးများသည်လည်း အရည်အချင်းမရှိကြပေ။ တစ်ယောက်ချင်းစီတိုင်းမှာ အံ့ဩထိတ်လန့်စွာ မျက်မှောင်ကြုတ်ကြည့်နေကြ၏။
နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့်ရဲ့ တိုက်ခိုက်မှုလေးက သူတို့ဘိုးဘေးတွေ ခုခံတိုက်ခိုက်ရင် ခံနိုင်ရည်ရှိမတဲ့လား!
ဘုန်း!
ဓားရောင်ခြည်ပုံရိပ်၉ခုမှ သူတို့ကို ရိုက်ခတ်လုနီးတွင် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုဘိုးဘေး၅ဦးထံမှ အင်အားကြီးမားသည့် စွမ်းအင်ကြီး၅ခုဖြာထွက်လာခဲ့သည်။ ဘိုးဘေး၅ဦးသည် ဆန်းကြယ်ချိပ်တံဆိပ်စည်းကို ကိုင်ဆောင်၍ တစ်ပြိုင်နက်တည်း လက်များလှုပ်ရှားလာကြ၏။။ သူတို့၏လက်များမှ ခမ်းနားထည်ဝါသောစွမ်းအင်များနှင့် ပဟေဠိဆန်သောအက္ခရာများ ပေါ်ထွက်လာကြပြီး လက်ကိုင်ပါဓားရှည်တစ်လက် ဖြစ်တည်လာခဲ့ပြီးနောက် ဓားပေါင်းသောင်းချီပျံသန်းသွားသည့်အလား ခုတ်ပိုင်းလိုက်လေသည်။
ဘုန်း!
ဓားချက်များ၏ထိခတ်မှုသည် ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းလုံးကြီး ဖြစ်တည်သွားစေပြီး နေရာရှိလူအားလုံးမှာ မိုင်အနည်းငယ် နောက်ဆုတ်လိုက်ကြရသည်။ အားလုံးမှာ တိုက်ပွဲအလယ်နေရာကို အံ့အားခြင်းကြီးစွာ ကြည့်ရှုနေကြသည်။ အထူးသဖြင့် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု၏ ကျင့်ကြံသူများဖြစ်သည်။ သူတို့မှာ သိချင်း၏စွမ်းအင်ကို မယုံကြည်နိုင်ဖြစ်နေကြဆဲပင်။
သိချင်းရဲ့စွမ်းအင်က အားကောင်းလွန်းလို့ မျိုးနွယ်စုဘိုးဘေးတွေတောင်မှ ခက်ခက်ခဲခဲတိုက်ခိုက်နေရတယ်တဲ့လား?!
“အမြန်လှုပ်ရှားကြတာပေါ့.. အဆုံးသတ်ရလဒ်ကို မြန်မြန်လေးပြလိုက်ကြမယ်လေ!”
သိချင်းမှ အမှန်တကယ်တိုက်ခိုက်သည်ကို မြင်သောအခါ ဝမ်ဖုန်းလည်း တုံ့ဆိုင်းမှုမရှိ လက်ကိုဝှေ့ယမ်းလိုက်သည်။
မည်သည့်အကြောင်းကြောင့်မသိပေ.. ကပ်ဘေးအန္တရာယ်တစ်စုံတစ်ရာ ရှိလိမ့်မည်ဟု ဝမ်ဖုန်းအမြဲ ခံစားနေရသည်။ ထို့ပြင် ထိုကပ်ဘေးမှာ အထူးအင်အားစုသုံးစုကြောင့် ဖြစ်တည်ခြင်းမဟုတ်ဟုလည်း ခံစားနေရ၏။ ထို့ကြောင့် ဝမ်ဖုန်း အချိန်မဆွဲလိုပေ။ ဤအထူးအင်အားစုသုံးစုကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းလိုသည်။ တောင်ပိုင်းနယ်မြေကို သိမ်းပိုက်ပြီး စနစ်အဆင့်မြှင်တင်၍ အင်အားတည်ဆောက်ရန် လိုလား၏။