မိုးကောင်းကင်၏ကံတရား
Vol. 26 Ch. 356
ဘာသာပြန်- The Fate
လီပိုင်တစ်ယောက် ပျော်ရွှင်ဝမ်းမြောက်စွာ ထွက်ခွာသွားသည်ကိုကြည့်နေရင်း ဝမ်ဖုန်း၏မျက်နှာထက်၌ ရူးကြောင်ကြောင်အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက ရုတ်တရက်ခံစားလိုက်ရသည်။ လီပိုင်သေရည်သောက်တာ ကြိုက်တာကလည်း ဆိုးတဲ့အရာတော့ မဟုတ်ပါဘူး။
ခေါင်းကိုခါယမ်းလိုက်ပြီး ဝမ်ဖုန်းကတိုက်ပွဲမြေပြင်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ကာ သူ့မျက်ဝန်းထဲ၌ အလင်းတန်းတစ်ခု ဖြစ်တည်လာသည်။ သူဟာ လက်နှစ်ဖက်ကိုနောက်ပစ်လျက်မတ်တပ်ရပ်နေသည့်အခါ အဆုံးအစမဲ့သောလွှမ်းမိုးခြင်းများနှင့် ပြိုင်ဘက်ကင်းမာန်မာနတရားတို့ ရုတ်တရက်ပေါ်ထွန်းလာရသည်။
ရှန်ရှန့်ကျုံ့ဂိုဏ်းအကြီးအကဲများ၏ လိုက်လံသတ်ဖြတ်မှုအောက်တွင် အထူးအင်အားစုသုံးစုသည် နိဂုံးချုပ်သွားလေပြီ။ ရာချီသောနတ်ဘုရင်အဆင့်ကျင့်ကြံသူများ သတ်ဖြတ်ခံလိုက်ရပြီး ဒါဇင်အနည်းငယ်ကသာကျန်ရစ်ပြီး ခုခံတိုက်ခိုက်နေကြသည်။ ထိုသူတို့ကလည်း ရှန်ရှန့်ကျုံ့ဂိုဏ်းအကြီးအကဲများ၏ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကိုခံရပြီး ဒဏ်ရာအနာတရများရနေကြကာ ကျဆုံးရန်အချိန်ကြာတော့မည်မဟုတ်ပေ။
ဒီအချိန်အထိ အသက်ရှင်နိုင်သေးသောစွမ်းအားရှင်များမှာ အထူးအင်အားစုသုံးစုမှ ဆရာသခင်များနှင့် ဘိုးဘေးများသာ။ အထူးအင်အားစုသုံးစုတွင် ဘိုးဘေးဆယ့်တစ်ယောက်ရှိသော်လည်း လက်ရှိ၌ ချွမ်ယင်းတို့ကို တိုက်ခိုက်နေသော ဘိုးဘေးများသာ အသက်ရှင်ကျန်ရစ်တော့သည်။
ဒါကလည်း ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများက သူတို့ကိုသုံးပြီး လက်ရည်သွေးနေကြ၍ဖြစ်သည်။ တစ်ချိန်ထဲမှာပဲ သူတို့က ထွက်ပြေးနေကြသော အထူးအင်အားစုသုံးစု၏ စွမ်းအားရှိများကိုလည်း တချက်တချက် လိုက်လံသတ်ဖြတ်နေရသေးသည်။ ဒီလိုမှမဟုတ်ပါက ၎င်းဘိုးဘေးများမှာ ယခုအချိန်အထိတိုင်အောင် ရှင်သန်နိုင်မှာမဟုတ်ပါပေ။
ဝူလောင်ကို လီပိုင်က သတ်ဖြတ်ခဲ့သည့်မြင်ကွင်းမှာ အထူးအင်အားစုသုံးစု၏သတ္တိများကို ဖျက်စီးသွားခဲ့လေသည်။ ယခုအချိန်တွင်သူတို့ဟာ ဤအိပ်မက်ဆိုးနယ်မြေမှ လွတ်မြောက်လိုသော စိတ်ဆန္ဒသာ ရှိပေတော့သည်။ သူတို့က အရှိန်ဟုန်အပြည့်ဖြင့်ရောက်လာခဲ့ကြသော်လည်း ယခုတော့ခွေးများလို ထွက်ပြေးနေရသည်။ မည်သူကမှ ဤအဖြစ်အပျက်ကို ယုံကြည်နိုင်မည်မထင်ပါ။
တောင်ပိုင်းနယ်မြေတွင်အထူးအင်အားစုသုံးစုရှိ၏။ သူတို့ဟာ တောင်ပိုင်းနယ်မြေအတွင်း၌ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ရပ်တည်နေနိုင်ခဲ့သည်။ သူတို့ခွေးတွေဝက်တွေလို ထွက်ပြေးရတဲ့နေ့မျိုး ရောက်လာလိမ့်မည်ဟု ဘယ်သူကများ ထင်ထားလိမ့်မည်နည်း။
ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု၏ ကြီးမြတ်သောဧကရာဇ်ဖန်းသည် နေရာအနှံ့အပြားကိုထွက်ပြေးသွားသော အထူးအင်အားစုသုံးစု၏ စွမ်းအားရှင်များကိုကြည့်နေရင်း သူ၏မျက်နှာက အလွန်အမင်းရုပ်ဆိုးအကျည်းတန်လာခဲ့၏။ အထူးအင်အားစုသုံးစု တောင်ပိုင်းနယ်မြေအတွင်း၌ ပေါ်ပေါက်လာချိန်မှစ၍ ဤမျှလောက်ထိတိုင်အောင် အတုန်းအရုံးမရှုံးနိမ့်ဖူးပေ။
အထူးအင်အားစုသုံးစုမှစွမ်းအားရှင်များသည် ခုခံတိုက်ခိုက်ရန်စိတ်ကူး အနည်းငယ်တောင်ရှိမနေတော့ဘဲ ထွက်ပြေးချင်နေကြသည်။ ဒီလိုသာဆက်သွားနေပါက သူတို့အားလုံးမလွတ်မြောက်နိုင်မှာကို စိုးရွံ့မိ၏။ ဒါက အထူးအင်အားစုသုံးစုရဲ့နောက်ဆုံးနေ့ရက်ပဲလား?...
မဟုတ်ဘူး!
တော်ဝင်မိသားစုက ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု ဖျက်ဆီးခံလိုက်ရမှာကိုခွင့်မပြုနိုင်ဘူး!
ဧကရာဇ်ဖန်းသည် ချုံရှုရှေးဟောင်းဂိုဏ်းနှင့် အားရှရှေးဟောင်းဂိုဏ်းတို့၏ ဘိုးဘေးများကိုလှမ်းကြည့်လိုက်ပြီး သူ့မျက်ဝန်းများအတွင်း၌ စိတ်ပိုင်းဖြတ်မှုများဖြစ်ပေါ်လာကာ အံကိုတင်းတင်းကြိတ်လျက်ပြောလိုက်သည်။
" မင်းတို့နှစ်ယောက် ငါတို့အထူးအင်အားစုကြီးသုံးစုက ဒီအချိန်မှာ ကပ်ဘေးကြီးကိုရင်ဆိုင်နေရပြီ။ ဒီလိုဆက်သွားရင် ငါတို့မလွှဲမရှောင်သာဖျက်ဆီးခံရမှာပဲ။ သေတဲ့အထိတိုက်ခိုက်မှ အသက်ရှင်ဖို့အခွင့်အရေးရှိလိမ့်မယ်။ "
ရှန်ရှန့်ကျုံ့ဂိုဏ်း၏သဘောထားဖြင့်ဆိုပါက သူတို့အားလုံး လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သူကသိနေခဲ့သည်။ သူတို့ဟာ ရှန်ရှန့်ကျုံ့ဂိုဏ်းစွမ်းအားရှင်များ၏ အလွယ်တကူသတ်ဖြတ်ခြင်းကိုတောင် ခံရနိုင်သည်။ အထူးအင်အားစုသုံးစုမှစွမ်းအားရှင်များကို စိတ်အားတက်ကြွအောင်ပြန်လုပ်ပြီး တွန်းလှန်တိုက်ခိုက်ရမည်။
" ဧကရာဇ်ဖန်း ၊ ငါလည်းပဲ ရှန်ရှန့်ကျုံ့ဂိုဏ်းက ကြောက်စရာကောင်းတယ်ဆိုတာကိုသိတယ်။ ဒါပေမယ့် ငါတို့မလွတ်မြောက်နိုင်ဘူး။ ရှန်ရှန့်ကျုံ့ဂိုဏ်းစွမ်းအားရှင်တွေနဲ့ တိုက်ခိုက်ရတာကလည်း သေခြင်းပဲကွ ။ အဲဒီလူက ကိုးကွယ်ခံနတ်မင်းအထွတ်အထိပ်အဆင့်မှာရှိတဲ့ အကြီးအကဲဝူကိုတောင် တိုက်ကွက်တစ်ကွက်ထဲနဲ့ သတ်ဖြတ်နိုင်ခဲ့တာ။ ငါတို့အားလုံး တားဆီးနိုင်မှာမဟုတ်ဘူး။ " ချုံရှုရှေးဟောင်းဂိုဏ်း၏ ကြီးမြတ်သောဘိုးဘေးက ခါးသီးစွာပြုံးလိုက်ပြီး အသံကူးပြောင်းခြင်းစွမ်းရည်ဖြင့် ပြောလိုက်သည်။
သူတို့အဆုံးစွန်ထိတိုင် တုန်လှုပ်နေ၍မဟုတ်ပါက သူတို့၏အဆင့်အတန်းများနှင့် အဘယ်မှာလျှင် ထွက်ပြေးကြပါမည်နည်း။
အားရှရှေ့ဟောင်းဂိုဏ်း၏ ကြီးမြတ်သောဘိုးဘေး ကလည်း ဘာတစ်ခွန်းမှမပြောခဲ့သော်လည်း ခါးသီးစွာပြုံးပြလိုက်သည်။ သူကပြင်းပြင်းထန်ထန်တိုက်ခိုက်သတ်ဖြတ်နေသော အမည်မဲ့ဓားသမားကိုစူးစိုက်ကြည့်လိုက်ပြီး သူ့နှလုံးသားအတွင်းမှအကြောက်တရားများမှာ ပို၍ပြင်းထန်လာသည်။ ထိုလူ၏ဓါးချီက အင်မတန်မှပြင်းထန်လှပြီး ကိုးကွယ်ခံနတ်မင်း အလယ်အလတ်အဆင့်၌ရှိနေသောသူ့ကိုတောင် ထိပ်လန့်ခြောက်ခြားစေသည်။
သူတကယ့်ကို စဉ်းစားမရတော့ပေ။ ရှန်ရှန့်ကျုံ့ဂိုဏ်းက ဘယ်ကထွက်လာတာလဲ။ သူတို့မှာဘယ်လိုလုပ် ဒီလောက်အစွမ်းထက်တဲ့အကြီးအကဲတွေ ရှိနေရတာလဲ။
ရှန်ရှန့်ကျုံ့ဂိုဏ်းက အရမ်းကြောက်စရာကောင်းကြောင်း သူသာသိထားပါက ရှန်ရှန့်ကျုံ့ဂိုဏ်း၏ရန်သူ ဘယ်တော့မှလုပ်မိမှာမဟုတ်ပါ။ လူငယ်ပါရမီရှင်တွေ သေတယ်ဆိုလည်း သေတယ်ပဲပေါ့။ သူ့မှာ လူငယ်ပါရမီရှင်တွေ အများကြီးရှိနေသေးတာပဲလေ။ ပါရမီရှင်တွေနည်းနည်းလောက်ကြောင့် ဂိုဏ်းတစ်ဂိုဏ်းလုံးကို စတေးရတာ တန်ရဲ့လား။
ဒီအကြောင်းတွေးလိုက်ပြီးနောက် အားရှရှေးဟောင်းဂိုဏ်း၏ ကြီးမြတ်သောဘိုးဘေးသည် အလွန်အမင်းဒေါသထွက်လာခဲ့သည်။ သူက ရှန်ရှန့်ကျုံ့ဂိုဏ်းကို ရန်စခဲ့သောလျိုရှ၏ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစအစ ဖြတ်တောက်ချင်သည်အထိ မုန်းတီးလာခဲ့သည်။
" ဒီလိုဆိုရင် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့တဲ့ အထူးအင်အားစုကြီးတွေကို မင်းတို့လက်ထဲ ဖျက်ဆီးခံတော့မလို့လား။ " ကြီးမြတ်သော ဘိုးဘေးနှစ်ယောက်၏စကားကို ကြားလိုက်ရသည့်အခါ ဧကရာဇ်ဖန်းကဒေါသထွက်မသွားဘဲ မေးမြန်းလိုက်သည်။
သူဟာလည်း ရှန်ရှန့်ကျုံ့ဂိုဏ်းကို ထိတ်လန့်နေမိသည်။ အခြားသူတွေရဲ့အကြောက်တရားကို လှောင်ပြောင်ဖို့ သူသည်လည်း အရည်အချင်းပြည့်မှီခြင်းမရှိပါပေ။
ဧကရာဇ်ဖန်း၏စကားကို ကြားလိုက်ရသည့်အခါ ဘိုးဘေးနှစ်ယောက်က တစ်ချိန်ထဲမှာပဲ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
သူတို့ဘယ်လိုလုပ် ဖြစ်စေချင်ပါ့မလဲ။
" ဒီဧကရာဇ်မှာ နည်းလမ်းတစ်ခုရှိတယ်။ ဒါကရှန်ရှန့်ကျုံ့ဂိုဏ်းကို ဖျက်ဆီးနိုင်ကောင်း ဖျက်ဆီးနိုင်လိမ့်မယ်။ အခြေအနေကဘယ်လောက်ပဲဆိုးဝါးပါစေ အခြေခံအုတ်မြစ်တစ်ချို့ကိုတော့ ချန်ထားခဲ့နိုင်ရမယ်။ ငါတို့ဒီလိုလုပ်လိုက်တာနဲ့တပြိုင်နက် ငါတို့ရဲ့အင်အားစုတွေကိုတော့ စွန့်ခွာရလိမ့်မယ်။ သူတို့ဘယ်အချိန်လောက်ကြာမှ တစ်ဖန်ပြန်လည်မြင့်တက်လာမှာလဲဆိုတာကိုတော့ သိနိုင်မှာမဟုတ်တော့ဘူး။ " ဧကရာဇ်ဖန်း၏မျက်ဝန်းများသည် လေးနက်လာပြီး အသံကူးပြောင်းခြင်းစွမ်းရည်ဖြင့် ပြောဆိုလိုက်သည်။
" ဧကရာဇ်ဖန်းပြောတာအမှန်ပဲ ။ အပြည့်အဝဖျက်ဆီးခံလိုက်ရတာထက်စာရင် အခြေခံအုတ်မြစ်တချို့ကျန်ရစ်ခဲ့တာက ပိုကောင်းပါတယ်။ "
" ဟုတ်တယ် ။ ရှန်ရှန့်ကျုံ့ဂိုဏ်းက အထူးအင်အားစုသုံးစုကို ဒီအခြေအနေအထိတိုင်အောင် ပျက်စီးဆုတ်ယုတ်စေခဲ့တယ်။ မျှော်လင့်ချက်ရှိနေသေးသရွေ့ တန်ကြေးကဘယ်လောက်ပဲဖြစ်ဖြစ် ငါလည်းစမ်းသပ်ကြည့်ချင်တယ်။ "
ဧကရာဇ်ဖန်း၏စကားကို ကြားလိုက်ရသည့်အခါ ဘိုးဘေးနှစ်ယောက်၏မျက်ဝန်းများအတွင်း၌ စိတ်လှုပ်ရှားမှုများဖြစ်ပေါ်လာပြီး အလျင်စလိုပြောလိုက်သည်။
" ငါ ၊ ရှေးဟောင်းလွင်ပြင် အပျက်အစီးတစ်ခုကို သွားလာလှုပ်ရှားတုန်းက မပြည့်စုံသေးတဲ့နည်းစနစ်တစ်ခုကိုရရှိခဲ့တယ်။ အဲ့ဒီ့နည်းစနစ်ကို မြင့်မြတ်တဲ့ကောင်းကင်ဘုံ ကံတရားတောင်းခံခြင်းနည်းစနစ်လို့ခေါ်တယ်။ ကံတရားရဲ့စွမ်းရည်နဲ့ သေမင်းနတ်ဘုရားကိုစိတ်ကျေနပ်အောင် ပြုမူရမယ်။ "
ဧကရာဇ်ဖန်း၏အသံက ဘိုးဘေးနှစ်ယောက်ကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့၏မျက်နှာများပေါ်၌ တုန်လှုပ်ခြောက်ခြားမှုများဖြစ်ပေါ်လာသည်။ ကံတရားချီဟာ မမြင်တွေ့နိုင်၊ အကောင်အထည်မဖော်နိုင်သော်လည်း ၎င်းက အမှန်တကယ်တည်ရှိလေသည်။ ဧကရာဇ်ဖန်းပြောဆိုခဲ့တာ မှားယွင်းမှုမရှိတော့ပေ။ သူတို့သာ သူတို့၏ကိုယ်ပိုင်ကံတရားချီများကို အသုံးပြုလိုက်လျှင် ဒီကပ်ဘေးကိုဖြတ်ကျော်ခဲ့လျှင်တောင်မှ အချိန်အတော်ကြာသည့်တိုင်အောင် အားနည်းသွားပေလိမ့်မည်။ သူတို့က သာမန်အင်အားစုများတောင် ဖြစ်လာနိုင်သည်။
" တန်ကြေးကမြင့်မားတယ်။ ဒါပေမယ့်ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့ဖျက်ဆီးခံရမှာထက်တော့ ပိုကောင်းပါသေးတယ်။ " အကြီးအကဲနှစ်ယောက် တုန့်ဆိုင်းနေတာကို တွေ့မြင်လိုက်ရသည့်အခါ ဧကရာဇ်ဖန်းကထပ်မံပြောဆိုလိုက်သည်။
" ကောင်းပြီ !"
ဘိုးဘေးနှစ်ယောက်က အံကိုတင်းတင်းကြိတ်လိုက်ပြီး နက်ရှိုင်းစွာပြောဆိုလိုက်သည်။ အမည်မဲ့ဓါးသမားနှင့် အခြားသူများ၏စွမ်းအားက သူတို့ကို ကြောက်ရွံတုန်လှုပ်လာစေသည်။ ဧကရာဇ်ဖန်းနှင့် အသံကူးပြောင်းစကားပြောဆိုနေချိန်အတွင်း သူတို့၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာအနာတရများ ပိုမိုတိုးပွားလာခဲ့သည်။ သူတို့သာတုန့်ဆိုင်းနေပါက ကျိန်းသေပေါက်သေရပေလိမ့်မည်။
" ကောင်းပြီ။ မင်းတို့က ကြီးမြတ်တဲ့ဘိုးဘေးတွေပဲ။ ကံတရားကမင်းတို့အပေါ် စောင်မပါလိမ့်မယ်။ မင်းတို့ရဲ့လက်တွေကို ဒီဧကရာဇ်ရဲ့ပခုံးပေါ် တင်ထားလိုက်။ ဒီဧကရာဇ်က ကံတရားလျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်မယ်။ " ဧကရာဇ်ဖန်း၏မျက်ဝန်းများအတွင်း၌ နားမလည်နိုင်သောအကြည့်တစ်ခုဖြစ်ပေါ်လာပြီး လေးနက်စွာပြောလိုက်သည်။
ဘုန်း !
ဧကရာဇ်ဖန်း၏စကားကို လက်ခံရရှိလိုက်သည့်အခါ ဘိုးဘေးနှစ်ယောက်သည် မြင့်မြတ်သောစွမ်းအားများကို ထုတ်ဖော်လိုက်လျက် အမည်မဲ့ဓါးသမားနှင့် သိချင်းတို့ကို ဆုတ်ခွာသွားစေရန်ဖိအားပေးလိုက်သည်။ ထို့နောက်ဧကရာဇ်ဖန်း၏ပုခုံးပေါ်၌ လက်များထပ်လိုက်သည်။
" ကောင်းကင်နှင့်မြေကြီး၏ကံကြမ္မာ၊ သေသူတို့၏စိတ်ဝိညာဉ်၊ အထွတ်အထိပ်၌ရပ်တည်ကုန်သော ထာဝရရှင်သန်သူအရှင်တို့၊ အကျွန်ုပ်အား အမှန်တရားကိုနားလည်ရန် ဆောင်ကျဉ်းပါလော့။ ကောင်းကင်နှင့်မြေကြီး၊ နတ်ဘုရားတို့၏အမှန်တရားအပါအဝင်၊ ကျွန်ုပ်၏နှလုံးသားကိုဖော်ပြရန် ကံတရားကိုအသုံးပြုပါ၏။ ကောင်းကင်နှင့်မြေကြီးအတွင်းရှိ သေမင်းနတ်ဘုရား နှစ်သိမ့်ကျေနပ်ပါလော့။"
ဧကရာဇ်ဖန်းသည် လက်အုပ်ချီလိုက်ပြီး ထူးခြားဆန်းကြယ်သော မန္တန်တစ်ပုဒ်ကို ရေရွတ်လိုက်၏။ ခမ်းနားကြီးကျယ်သောအသံကြီး မြည်ဟည်းထွက်ပေါ်လာခြင်းနှင့်အတူ သူ့ထံမှ လျှို့ဝှက်ဆန်းကြယ်သောအရှိန်အဝါများလည်း ထွက်ပေါ်လာသည်။ ၎င်းအရှိန်အဝါများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ထိုအရာက ဧကရာဇ်ဖန်းကို တစ်လုတ်ထဲမျိုချသတ်ဖြတ်ရန် စီစဉ်လိုက်၏။ အမည်မဲ့ဓါးသမားနှင့် သိချင်းတို့၏အမူအရာများမှာ ပြောင်းလဲသွားခဲ့သည်။ သူတို့က ၎င်းအရှိန်အဝါများကြောင့် အနောက်ကိုဆုတ်ခွာသွားရသည်။
အမည်မဲ့ဓါးသမားတို့နှစ်ယောက်သည် အဝေးတစ်နေရာ၌ မတ်တပ်ရပ်နေကြရင်း လျှို့ဝှက်ဆန်းကြယ်သောသင်္ကေတများ ခန္ဓာကိုယ်တစ်ခုလုံးဖုံးလွှမ်းလာခဲ့သော ဧကရာဇ်ဖန်းကိုတည်ကြည်လေးနက်စွာ စိုက်ကြည့်လိုက်ခဲ့ကြသည်။ ဤအချိန်တွင် သူတို့က ဧကရာဇ်ဖန်းထံမှ သန်မာသောခြိမ်းခြောက်မှုတစ်မျိုးကို ခံစားနေရသည်။ ထိတ်လန့်ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်မျိုး ထွက်ပေါ်လာတော့မည့်အလား သူတို့၏နှလုံးသားများကထိန်းချုပ်မရ တုန်ယင်လာကြတော့သည်။
ချွမ်ယင်း၏ပုံရိပ်က ရုတ်တရက်ပျောက်ကွယ်သွားပြီး အမည်မဲ့ဓါးသမား၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။ သူက အစကနေအဆုံးအထိ ထိုဘိုးဘေးများကိုသတ်ဖြတ်ရန် အစစ်အမှန်ခွန်အား အသုံးပြုခဲ့ခြင်းမရှိပေ။ သူဟာဆော့ကစားနေခဲ့ခြင်းသာ။
သို့ပါသော်လည်း ဧကရာဇ်ဖန်းထံမှ သူကိုယ်တိုင်တောင် လျစ်လျူမရှုနိုင်သည့် လျို့ဝှက်ဆန်းကျယ်သော စွမ်းအားတစ်ခုကို ဤအချိန်၌ ခံစားလိုက်ရသည်။