ကောင်းကင်ဘုံ၏ ဓါးတစ်လက်
Vol. 26 Ch. 357
ဘာသာပြန်- The Fate
"ဘုန်း...."
ဧကရာဇ်ဖန်းက လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်ခြင်းနှင့်အတူ ကောင်းကင်ကြီးတစ်ခုလုံး မဲမှောင်လာခဲ့ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး ပျက်စီးတော့မည်ကဲ့သို့ လျှပ်စီးများ လက်လာကာ မိုးချိန်းသံများကလည်းထွက်ပေါ်လာသည်။ မန္တာန်၏ အရှိန်အဟုန်မှာလည်း ပိုမို၍ မြန်ဆန်လာခဲ့သည်။ အမည်မဲ့ဓါးသမားနှင့် သိချင်းတို့နှစ်ယောက်စလုံးဟာ တည်ကြည်လေးနက်သွားပြီး ဧကရာဇ်ဖန်းကို စူးစိုက်ကြည့်လိုက်သည်။
သူတို့က ဧကရာဇ်ဖန်း၏ လျှို့ဝှက်နည်းစနစ်ကို နှောင့်ယှက်ဖျက်ဆီးလိုကြသည်။ သို့ပါသော်လည်း ထိုနည်းစနစ်ကိုသာ နှောင့်ယှက်လိုက်ပါက ဧကရာဇ်ဖန်းက ပေါက်ကွဲသွားပြီး သူတို့ကလည်း ပေါက်ကွဲမှု၏ တန်ပြန်ဒဏ်ကို သက်ရောက်ခံလိုက်ရလိမ့်မည်။ ၎င်းက ကြီးမား သော ဆုံးရှုံးမှုများ ဖြစ်စေလိမ့်မည်။
ထို့အတွက်ကြောင့် ဧကရာဇ်ဖန်းကို လျှို့ဝှက်နည်းစနစ် ပြီးဆုံးအောင် ပြုလုပ်စေလိုက်တာက ပို၍ကောင်းပေလိမ့်မည်။ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းတွင် အစောင့်အရှောက် လီပ်ိုင်ရှိနေရုံသာမက ချွမ်ယင်းလို ဆရာသခင်တစ်ပါးလည်း ရှိနေသေးသည်။ ဒါ့အပြင် သူဆိုသည့် အမည်မဲ့ဓါးသမားကလည်း ဒေါသတကြီး တန်ပြန်တိုက်ခိုက်ပါက ကိုးကွယ်ခံနတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားရှင်ကို သတ်ဖြတ်နိုင်၏။
ထို့ကဲ့သို့သော ယုံကြည်မှုများကြောင့်ထင်၏။ သူတို့သည် ဧကရာဇ်ဖန်း၏ လျှို့ဝှက်နည်းစနစ်ကို နှောင့်ယှက်မတားဆီးခဲ့ကြပါ။
"ငါတို့ အင်အားစုကြီး ၃ စုကို ဒီလောက်အခြေအနေထိ နိမ့်ကျအောင် မင်းတို့က ဖျက်ဆီးခဲ့တယ် ၊ ဒီအရှင်သခင်က ရှန်ရှန့်ကျုံဂိုဏ်းကို အလွတ်မပေးနိုင်ဘူး"
သူ့ခန္ဓာကိုယ်အတွင်းရှိ မြင့်တက်လာသော စွမ်းအားများကို ခံစားလိုက်ရတာကြောင့် ဧကရာဇ်ဖန်းက စိတ်အားတက်ကြွသွားသည်။ သူ့မျက်ဝန်းများမှာ ရဲရဲနီနေပြီး အမည်မဲ့ဓါးသမားနှင့် အခြားသူများကိုစိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
ဤအခြေအနေတွင် အင်အားစု ၃ စု၏ စွမ်းအားရှင်များမှာ သတ်ဖြတ်ခံလိုက်ရပြီး တစ်ဒါဇင်လောက်သာ ကျန်ရှိတော့သည်။ ဧကရာဇ်ဖန်းက ထိုမျှလောက် စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်လိုက်တာတောင် သူတို့ကတော့ ကြောက်ရွံ့နေသေးဆဲပင်။ သူတို့က အရှေ့ကို လာရောက်တိုက်ခိုက်ရဲခြင်းမရှိဘဲ အဝေးတစ်နေရာမှသာ စောင့်ကြည့်နေကြသည်။
"သောက်ကြောက်တွေ..."
သူတို့ဖက်မှ လူများ ကြောက်လန့်နေသေးတာကို တွေ့မြင်လိုက်ရသည့်အခါ ဧကရာဇ်ဖန်း၏နှလုံးသားမှာ နာကျင်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ အထူးအင်အားစု ၃ စု၏ ကံတရားစွမ်းအားများက လျှို့ဝှက်နည်းစနစ်နှင့်အတူ သူ့ခန္ဓာကိုယ်ကို ပေါင်းစပ်လာကြပြီး ခွန်အားကြီးမားသော ဖိအားတစ်ရပ်သည် အရပ်လေးမျက်နှာသို့ ပျံ့ထွက်သွားသည်။
လေထုတစ်ခုလုံးသည် ကွဲကြေနေသော မှန်တစ်ချပ်လိုမျိုး အက်ကွဲကြောင်းများ ဆက်တိုက်ဖြစ်ပေါ်လာရသည်။ တောင်ပိုင်းနယ်မြေကို တစ်စုံတစ်ယောက်ကသာ အမြင့်တစ်နေရာမှ ငုံ့မိုးကြည့်ရှုလျှင် ပင်လယ်ပြင်မှ လှိုင်းလုံးများကဲ့သို့ စွမ်းအားကြီး လှိုင်းတစ်ရပ်သည် အရပ်လေးမျပ်နှာသို့ ပျံ့နှံ့သွားတာကို တွေ့မြင်လိုက်ရမှာပင်။ ဝူဝမ်တောင်တန်းနယ်မြေနှင့် မိုင်တစ်သောင်းပတ် ပတ်လည်ရှိ ကျင့်ကြံသူများ အားလုံးမှာအဆိုပါစွမ်းအားလှိုင်းကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြသည်။ အားနည်းသော ကျင့်ကြံသူများမှာ ချက်ချင်းကို သေဆုံးသွားရသည်။
ဒါက ဘယ်လိုစွမ်းအားမျိုးပါလိမ့်....
၎င်းက တောင်ပိုင်းနယ်မြေတစ်ခုလုံးကို တစ်ကယ်ကြီး သက်ရောက်နိုင်ခဲ့သည်။
တောင်ပိုင်းနယ်မြေတစ်ခုလုံးရှိ ကျင့်ကြံသူများမှာ တွန့်လိမ်နေသော လေထုတစ်နေရာကို လှမ်းကြည့်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်များက ထိန်းချုပ်မရ တုန်ယင်လာသည်။
"မိုးကောင်းကင် ဧကရာဇ်နတ်ဆိုး..."
လေထုအတွင်း ပဲ့တင်ထပ်သွားသော ဧကရာဇ်ဖန်း၏ ဟစ်ကြွေးသံနှင့်အတူ သူ့ဦးခေါင်းအထက်ရှိ တိမ်စိုင်တိမ်လိပ်များမှာ ကွဲအက်သွားပြီး မျက်စိကျိန်းလောက်သော အလင်းရောင်တစ်ခုသည် ကောင်းကင်ဘုံမှနေ၍ ဧကရာဇ်ဖန်း၏ ဦးခေါင်းသို့ သက်ဆင်းသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဆုတ်ဖြဲလိုက်သည်။ အဆိုပါဖြစ်စဥ်မှာ အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းလေ၏။
ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု၏ ပထမဆုံး ပြည့်ရှင်မင်းမိုးကောင်းကင်ဧကရာဇ်နတ်ဆိုးသည် တစ်ချိန်တစ်ခါက ရှန်းရွှမ်ဒေသတစ်ခုလုံး၌ ကျော်ဇော်ခဲ့ဖူးသည်။ အန္တိမနတ်မင်း အထွတ်အထိပ်အဆင့် တည်ရှိမှုများကြားတွင်တောင် ထိပ်တန်းဟု ဆိုနိုင်ခဲ့သည်။
သူသေဆုံးသွားခဲ့တာ အချိန်ကာလများစွာ ကြာမြင့်ခဲ့သော်လည်း ရှန်းရွှမ်ဒေသတစ်ခုလုံးအတွင်း၌ သူ၏ အမွေအနှစ်များမှာ ကျန်ရှိနေသေးသည်။ ဧကရာဇ်ဖန်း၏ လျှို့ဝှက်နည်းစနစ် စွမ်းအားများမှ တစ်ဆင့် ငှားရမ်းသုံးစွဲလိုက်သော မိုးကောင်းကင်ဧကရာဇ်နတ်ဆိုး၏ စွမ်းအားမှာ မိုးကောင်းကင်နတ်မင်းအဆင့် ထိတ်လန့်ဖွယ်စွမ်းအားရှင်များနှင့် နှိုင်းယှဥ်နိုင်ပေ၏။
အလင်းတန်းသက်ဆင်းလာခြင်းနှင့်အတူ ဧကရာဇ်ဖန်းခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအရှိန်အဟုန်များမှာ ထိတ်လန့်ဖွယ်အမြန်နှုန်းဖြင့် မြင့်တက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ ကွဲအက်သွားပြီး အရေပြားပေါ်၌ နက်နဲ သော ကျိန်စာသင်္ကေတများ ဖြစ်ပေါ်လာခဲ့ကာ ပုခုံးများထံမှလည်း အရိုးများ ငေါ့ထွက်လာသည်။ သွေးနီရောင် ဆံသားရှည်ကြီးများက သွေးမြစ်ကြီးစီးဆင်းနေသလိုမျိုး လေထုအတွင်း ယိမ်းခါနေခဲ့၏။
ဤအချိန်တွင် အားရှရှေးဟောင်းဂိုဏ်းနှင့် ချုံရှု ရှေးဟောင်းဂိုဏ်းတို့၏ မဟာဘိုးဘေးနှစ်ယောက်ကတောင် ထိတ်လန့်သွားကြသည်။ သူတို့က မီတာတစ်ရာခန့်အထိ ကြီးမားလာခဲ့သော ဧကရာဇ်ဖန်း၏ ရုပ်သွင်ကို စူးစိုက်ကြည့်လိုက်သည်။ သူတို့ မျက်လုံးများအတွင်း၌ ဧကရာဇ်ဖန်းက ဒေါသထွက်နေသော နတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့သည်။ သူတို့ဟာ ခုခံဖို့တောင် မတွေးခေါ်နိုင်တော့ဘဲ ရုတ်ချည်းဒူးထောက်ကျသွားကာ အရှုံးပေးလိုက်ရသည်။
"သေစမ်း... အရှက်ရစရာကောင်းလိုက်တာ"
ဝမ်ဖုန်းက ကောင်းကင်ယံထိ တဖြည်းဖြည်းမြောက်တက်ကြီးမားလာသော ပုံရိပ်ကြီးကို လှမ်းကြည့်ရင်း ထိတ်လန့်ကြောင်အသွားသည်။ သူ၏ ဦးခေါင်းတစ်ခုလုံး ထုံကျဥ်လာသလိုမျိုး ထိတ်လန့်သွားခဲ့ပြီး သိချင်းကလည်း ဖျတ်ကနဲဆိုသလို ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။
"သေလိုက်တော့!"
ဧကရာဇ်ဖန်း၏ နှုတ်ခမ်းပေါ်၌ စစ်မှန်သော အပြုံးတစ်ပွင့်ဖြစ်ပေါ်လာခဲ့သည်။ ဖျတ်ခနဲဆိုသလို သူဟာ ရွှမ်ယင်းတို့သုံးယောက်၏ အရှေ့၌ ထွက်ပေါ်လာခဲ့ပြီး လက်ဖဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ၎င်းလက်ဖဝါးကြီး သက်ဆင်းသွားသည်နှင့်တစ်ပြိုင်နက် ကမ္ဘာလောကကြီးတစ်ခုလုံးဟာ လေးလံလာခဲ့ပြီး ကမ္ဘာ့မြေထုဟာ တဖြည်းဖြည်းချင်း ကွဲအက်သွားသည်။
"ချွင်!"
ဒီအချိန်မှာဘဲ ဓါးဟိန်းသံတစ်ခုသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့ပြီး အမည်မဲ့ဓါးသမားက သူရဲကောင်းဓါးကို ဆုပ်ကိုင်ကာ ဓါးတစ်လက်ဖြင့် ခုတ်ပိုင်းလိုက်တာကို တွေ့မြင်လိုက်ရသည်။ မျက်စိကျိန်းလောက်သော ဓါးအလင်းတန်းကြီး ထွက်ပေါ်လာခဲ့ပြီး လက်ဖဝါးရာကြီး ရှိရာဘက်သို့ ပြေးဝင်သွားသည်။
ကြီးမားသော လက်ဖဝါးကြီးကို သေးငယ်သော ဓါးအလင်းတန်းလေးက အရှိန်အဟုန်ပြင်းစွာ ထိခတ်သွားခဲ့ပြီး လက်ဖဝါးကြီးက ဓါးအလင်းတန်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
ဘုန်း!
သို့ပါသော်လည်း တန်ပြန်အားကြောင့် အမည်မဲ့ဓါးသမားက လွင့်စင်ထွက်သွားသည် ။ လေထုအတွင်း အကြိမ်ပေါင်များစွာ ဒလိမ့်ခေါက်ကွေး လွင့်ထွက်သွားပြီးနောက် သူက သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းကျောင်းနိုင်ခဲ့ပြီး ဧကရာဇ်ဖန်းကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။
သူက သူ၏ခွန်အားကို အကုန်အသုံးမပြုခဲ့ဘဲ ဧကရာဇ်ဖန်း၏ ခွန်အားကိုသာ စမ်းသပ်ရန် ဓါးအလင်းတန်းထုတ်လွှတ်ခဲ့သော်လည်း လက်ဖဝါးတစ်ချက်တည်းဖြင့် လွင့်ထွက်ခဲ့ရသည်။
"ကျွတ်... ကျွတ် မင်းတို့ အံ့ဩနေပြီလား ၊ ကြောက်လန့်နေကြပြီလား? မစိုးရိမ်ပါနဲ့ ငါမင်းတို့ကို ဖြည်းဖြည်းချင်း သတ်ပစ်မယ် ၊ မင်းတို့ကို ကမ္ဘာပေါ်မှာ အနာကျင်ရဆုံး နည်းလမ်းနဲ့ သေဆုံးစေရမယ်"
ဧကရာဇ်ဖန်းက အမည်မဲ့ဓါးသမားတို့ကို စူးစိုက်ကြည့်လိုက်ပြီး ရက်စက်စွာပြုံးလိုက်သည်။ သူ၏ အသံက ကြမ်းတမ်းခက်ထန်၍ အက်ကွဲနေခဲ့သည်။ လူအများဟာ ထိတ်လန့်တုန်လှုပ်မသွားဘဲ မနေနိုင်ကြတော့ပေ။
သူ၏ စကားကိုကြားလိုက်ရသူမှန်သမျှ အကုန်လုံး ထိတ်လန့်သွားရသည်။
အထူးအင်အားစု ၃ စု၏ ကြီးမြတ်သော ဘိုးဘေးနှစ်ယောက်နှင့် ရှင်သန်ကျန်ရစ်သူတွေကတောင် ဧကရာဇ်ဖန်းကို အကြောက်တရားများ ပြည့်နေသော မျက်လုံးများဖြင့် လှမ်းကြည့်မိလိုက်ကြသည်။
"ကောင်းကင်ဘုံရဲ့ ဓါးတစ်ချက်... သွေးစက်ဓါး ပျံဝဲခြင်း"
ဧကရာဇ်ဖန်း၏ ခွန်အားကို သိရှိသွားပြီးနောက် အမည်မဲ့ဓါးသမားက တုံ့ဆိုင်းမနေခဲ့ပေ။ သူက ရုပ်ခန္ဓာနှင့် သွေးမျိုးဆက် နှစ်ခုစလုံးကို ဖွင့်လှစ်လိုက်ပြီး သူရဲကောင်းဓါးကို ကိုင်ဆောင်ကာ ကောင်းကင်ယံထက်၌ ဓါးနတ်ဘုရားတစ်ပါးကဲ့သို့ ရပ်တည်လိုက်သည်။ ဓါးအလင်းတန်းတစ်ခုသည် သူ့ထံမှ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့ပြီး ကျိန်းစက်သော ဓါးအလင်းတန်းကြောင့် ကောင်းကင်ကြီးကတောင် ပိုမိုလင်းလက်လာခဲ့ကာ နေအလင်းရောင်က သူ့အပေါ် ဖြာဆင်းနေသည်။ သူ့လက်ထဲရှိ သူရဲကောင်းဓါးမှာ နေအလင်းရောင်၌ ပိုမို၍ ထက်မြတောက်လာ၏။
ဓါးတစ်လက်ခုတ်ပိုင်းလိုက်ခြင်းနှင့်အတူ ကောင်းကင်ဟာ ပြတ်တောက်သွားသည်။
ကောင်းကင်နှင့်မြေပြင်အကြားတွင် သွေးကဲ့သို့ စွေးစွေးနီနေသော ဓါးအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး အချိန်နှင့်အာကာသကို ဖြတ်သန်းသွားကာ ဧကရာဇ်ဖန်း၏ ရှေ့၌ ရုတ်တရက်ထွက်ပေါ်လာသည်။ ထိတ်လန့်ဖွယ်ကောင်းသော အမြန်နှုန်းက ဧကရာဇ်ဖန်း၏ မျက်နှာကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့သည်။ သူက တုန့်ပြန်လိုက်သော်လည်း အဆမတန်ကြီးမားနေသော ခန္ဓာကိုယ်ကြောင့် ရှောင်ရှားရန် မဖြစ်နိုင်ခဲ့ချေ။
"တောက်!"
သွေးစက်ကျသံများ ထွက်ပေါ်လာခဲ့သည် ဧကရာဇ်ဖန်း၏ ညာဘက်လက်မောင်းမှာ အမည်မဲ့ဓါးသမား၏ ဓါးချက်အောက်တွင် အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရပြီး လေထုအတွင်း၌ သွေးမိုးကြီးတစ်ခု ရွာသွန်းလာခဲ့၏။
"အားး.... သေချင်နေတာပဲ! ဒီအရှင်သခင်ကို ဘယ်လိုလုပ် နာကျင်အောင် လုပ်ရဲရတာလဲ?"
"ဒီအရှင်သခင်က မင်းရဲ့အလောင်းကို အပိုင်းပိုင်းအစစ ဖြတ်တောက်ပစ်မယ်!"
ပြင်းထန်သော နာကျင်မှုက ဧကရာဇ်ဖန်း၏ ရှိရင်းစွဲဒေါသကို မီးတောင်ကြီး ပေါက်ကွဲသကဲ့သို့ တိုးမြင့်လာစေခဲ့သည်။ သူ၏ မျက်ဝန်းများမှာ အမည်မဲ့ဓါးသမားကို စူးစိုက်ကြည်နေပြီး ခမ်းနားကြီးကျယ်သော သတ်ဖြတ်ခြင်းအရှိန်အဝါများက လေထုအတွင်းဖြစ်တည်လာခဲ့ကာ လေထုကို ရေခဲတမျှ အေးစက်သွားစေခဲ့သည်။ နတ်ဘုရင်အဆင့် စွမ်းအားရှင်များကတောင် ထိန်းချုပ်မရ တုန်ယင်သွားကြရ၏။
အမည်မဲ့ဓါးသမား၏ ဓားချက်က ဧကရာဇ်ဖန်း၏ လက်မောင်းကို ဖြတ်တောက်ပစ်လိုက်ပုံ ပေါ်သော်လည်း အမှန်တစ်ကယ်မှာတော့ သူ၏ ဒေါသကို မီးမြိုက်ပေးခြင်းသာ ဖြစ်၏။ ဤအချိန်တွင် သူ့ထံမှ ထွက်ပေါ်လာသော စွမ်းအားအရှိန် အဟုန်များသည် မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့ကာ အရပ်လေးမျက်နှာကို ပျံ့လွင့်သွားသည်။ ဤစွမ်းအား၏ ရှေ့မှောက်တွင် ကမ္ဘာကြီးတစ်ခုလုံးက အေးခဲသွားပုံပေါ်ပြီး လှုပ်ရှားရန် မလွယ်ကူခဲ့ပေ။