စစ်ပွဲနတ်ဘုရားချွမ်ယင်း ။သက်ဆင်းလာသော ဓားတစ်ချက်။
Vol. 26 Ch. 358
ဘာသာပြန်- The Fate
အဆုံးမဲ့ဒေါသတရားများဖြင့် ဧကရာဇ်ဖန်းက လှုပ်ရှားလိုက်ပြီး အမည်မဲ့ဓားသမား၏ရှေ့မှောက်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သူ၏ဧရာမလက်သီးကြီး ဆန့်တန်းထွက်ပေါ်ခဲ့ပြီး ၎င်းလက်သီးကြီးက လေထုတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ကွဲအက်စေလိုက်သည်။ ပူပြင်းတောက်လောင်နေသော နေတစ်စင်းလိုမျိုး အဆိုပါလက်သီးကြီးက အမည်မဲ့ဓားသမားထံ ပြေးဝင်သွားသည်။
ခမ်းနားကြီးကျယ်သောစွမ်းအားများ ကိန်းဝပ်နေသော လက်သီးကြီးက အမည်မဲ့ဓားသမား၏မျက်နှာကို ပြောင်းလဲသွားစေခဲ့သည်။ သူက ဓားကို ပင့်မလိုက်ပြီး အလျှင်အမြန်ခုခံလိုက်သည်။
ကမ္ဘာလောကကြီးအတွင်း၌ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ အမည်မဲ့ဓားသမား၏ ခန္ဓာကိုယ်တစ်ခုလုံးက အမြှောက်ဆံတစ်ခုလိုမျိုး လွင့်စင်ထွက်သွားပြီး ပါးစပ်အပြည့်သွေးတစ်လုတ်သည် လေထုအတွင်း၌ ပျံ့လွင့်သွားသည်။ မိုင်ထောင်ချီ လွင့်စင်သွားပြီးမှသာ သူက ခန္ဓာကိုယ်ကို ပြန်လည်တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။
အမည်မဲ့ဓါးသမား၏ ကျင့်ကြံမှုက နတ်ဝိဇ္ဇာအထွတ်အထိပ်ကိုတောင် မရောက်သေးသော်လည်း သူက ကိုးကွယ်ခံနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်ကို သတ်ဖြတ်နိုင်သော သွေးစွန်းဓားကွက်ကို ထုတ်ဖော်လိုက်သည်။ သို့ပါသော်လည်း ဤအချိန်တွင် ဧကရာဇ်ဖန်း၏ခွန်အားမှာ မိုးကောင်းကင်အဆင့်ထိတောင် ရောက်ရှိနေခဲ့လေသည်။ ထို့အတွက်ကြောင့် ဧရာမလက်သီးကြီးကို အမည်မဲ့ဓားသမားက ခုခံနိုင်ခဲ့တာကတောင် အားလုံးကိုထိတ်လန့်သွားစေခဲ့ပြီဖြစ်သည်။
ဧကရာဇ်ဖန်းက မဲမှောင်နေသောမျက်နှာဖြင့် အမည်မဲ့ဓားသမားကို စူးစိုက်ကြည့်လိုက်သည်။ ရှန်ရှန်ကျုံဂိုဏ်း၏စွမ်းအားရှင်မှာ ဒီလောက်အထိမာကြောနေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ ထိုလက်သီးချက်ဖြင့် သူက အမည်မဲ့ဓားသမားကို အပိုင်းပိုင်းအစစပေါက်ကွဲစေပြီး ရှန်ရှန်ကျုံဂိုဏ်းကို ထိတ်လန့်အောင်လုပ်ဖို့ စီစဥ်ထားခဲ့သည်။ ဒါကိုတောင်........
" အရမ်းသန်မာလိုက်တာ.. "
ဝမ်ဖုန်းက ထိတ်လန့်သွားသည်။
" စစ်ပွဲနတ်ဘုရား !နတ်မင်းတာအိုရဲ့ ဆန်းပြားမှု! "
အမည်မဲ့ဓားသမား ဒဏ်ရာရသွားတာမြင်တော့ တစ်ဖက်တွင်ရှိနေသောချွမ်ယင်းသည် ငြိမ်သက်မနေနိုင်တော့ပါ။ သူရဲ့ပုံရိပ်က ရုတ်တရက်လှုပ်ရှားသွားပြီး အမည်မဲ့ဓားသမား၏ရှေ့၌ ထွက်ပေါ်လာခဲ့ကာ ဧကရာဇ်ဖန်းကို တားဆီးလိုက်သည်။ သူက တိုးညှင်းစွာရေရွတ်လိုက်ပြီး ခမ်းနားကြီးကျယ်သော အရှိန်အဝါများကိုထုတ်ဖော်လျက် ဧကရာဇ်ဖန်း၏ စွမ်းအားအရှိန်အဝါများကို ပိတ်ဆို့လိုက်သည်။
စစ်ပွဲနတ်ဘုရားအခြေအနေကို ဝင်ရောက်သွားခဲ့သော ချွမ်းယင်းသည် ခန္ဓာကိုယ်အရွယ်အစား သေးငယ်သော်လည်း သူ့ခန္ဓာကိုယ်မှ ထုတ်လွတ်နေသော စွမ်းအားများမှာ အလွန်ပင်ပြင်းထန်လှသည်။ ဤအချိန်တွင် ကမ္ဘာကြီးကတောင် ချွမ်ယင်း၏စွမ်းအားများ သက်ရောက်မှုကို ခံလိုက်ရကာ ရုတ်တရက်နေကြတ်ခြင်း ဖြစ်ပေါ်လာခဲ့သည်။
" ဘုန်း..."
ကောင်းကင်နှင့်မြေပြင်ကြားတွင် နားကွဲလုမတတ် ကျယ်လောင်သောမိုးခြိမ်းသံကြီးများ ဖြစ်ပေါ်လာခဲ့ကာ ချွမ်းယင်း၏ဦးခေါင်းထက်၌ မရေမတွက်နိုင်သော မိုးကြိုးများနှင့်လျှပ်စီးများ လင်းလက်လာသည်။ မိုးကြိုးကပ်ဘေးတစ်ခု ဖြစ်တည်လာသလိုမျိုး ပြင်းထန်သည့် မိုးခြိမ်းသံနှင့် လျှပ်စီးလက်မှုများကြောင့် ဧကရာဇ်ဖန်းကတောင် ရပ်တန့်သွားပြီး မိုးကောင်းကင်ကို မော့ကြည့်လိုက်ပေသည်။
ဤသည်မှာ စစ်နတ်ဘုရားကပ်ဘေး ပုံရိပ်လေးဆယ့်ကိုးခုထဲမှ ကောင်းကင်နှင့်ကမ္ဘာမြေ ထိုက်ကျိပုံရိပ်ဖြစ်သည်။ ၎င်းမှာ စကြာဝဠာအတွင်းရှိ မိုးကြိုးစွမ်းအားများကို အသုံးပြုပြီး တစ်စုံတစ်ယောက်၏ခွန်အားကို မြှင့်တင်ပေးကာ အထွတ်အထိပ်အခြေအနေ၌ ရပ်တည်နိုင်စေသည်။
ရိုးရှင်းစွာဖြင့် ၎င်းကကမ္ဘာကြီးအတွင်းရှိ အရာအားလုံး၏ အဆီအနှစ်များကို ကိုယ်ပိုင်စွမ်းအားအဖြစ်စုပ်ယူနိုင်ပြီး ယင်နှင့်ယန်ကြားရှိ ဆန်းပြားမှုကို ဖလှယ်ကာ အဆုံးအစမဲ့ သံသရာစက်ဝန်းကို ဖြစ်ပေါ်စေလျက် အကန့်အသတ်မဲ့သောစွမ်းအားများကို ပေးသနားသည်။ ဒါကဒဏ္ဍာရီတစ်ခု ဟုတ်မနေပါပေ။
ချွမ်ယင်း၏အမူအရာမှာ ထူးမခြားနားသာ။ ထိုသူက ထူထဲသောမဟူရာဓားကြီးကို ညာဖက်လက်ဖြင့်ဆုပ်ကိုင်ထားပြီး ၎င်းဓားပေါ်သို့ ဘယ်ဖက်လက်ကိုပါ ဖိတင်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက မဟူရာဓားကြီးနှင့်ပေါင်းစပ်သွားပုံပေါ်ပြီး ပြီးပြည့်စုံသော ဓားအရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။
သူ၏ခြေထောက်များမှာ အနည်းငယ်ကွေးညွှတ်သွားပြီး မဟူရာဓားကို ကိုင်ဆောင်ကာ အောက်ခြေမှအပေါ်ထိတိုင် ပင့်မြောက်ခုတ်ပိုင်းလိုက်သည်။ အရာအားလုံးဖျက်စီးခံလိုက်ရပြီး ဝမ်ဖုန်းတို့အုပ်စုကတောင် မိုင်ထောင်ချီကွာဝေးသည်အထိ ဆုတ်ခွာလိုက်ရသည်။
ဒေါင်လိုက်အတိုင်းစတင်ဖြစ်ပေါ်ပြီး ရေပြင်ညီမျဥ်းအတိုင်းပိတ်ကာထားခဲ့သော ၎င်းထိတ်လန့်ဖွယ်ကောင်းသည့်ဓားစွမ်းအင်သည် လူသားတိုင်းကို တိုက်ပွဲမြေပြင်ကြီးတစ်ခုအလယ်သို့ ရောက်နေသလို ခံစားလိုက်ရစေသည်။ သူတို့က လူပုဂ္ဂိုလ်တစ်ယောက်နဲ့ ရင်ဆိုင်နေရတာမဟုတ်ဘဲ သတ်ဖြတ်လိုသော ထောင်ချီသည့်စစ်သည်များဖြင့် ရင်ဆိုင်နေရသည့်အလား။
ဤအချိန်တွင် ချွမ်ယင်းက စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေလေသည်!
မဟူရာဓားကြီးကို ချွမ်ယင်းက ဦးခေါင်းထက်၌ မြင့်မြင့်ပင့်မြှောက်ထားခဲ့သည်။ သိပ်သည်းသော လျှပ်စီးများမှာ မိုးကောင်းကင်အတွင်း လင်းလက်လျက်ရှိပြီး တစ်စုံတစ်ခု၏ ဆွဲငြို့ခြင်းခံလိုက်ရသလိုမျိုး မဟူရာဓားကြီးအပေါ်သို့ ပြေးဝင်သက်ဆင်းသွားကြသည်။
" သေလိုက်တော့ "
ချွမ်ယင်းက ရက်စက်စွာဟစ်ကြွေးလိုက်ပြီး သူ့၏ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများကို ဓားအတွင်းသို့သွင်းလိုက်သည်။ ဓားရှည်ထံမှ မီးပွားများနှင့်လျှပ်စီးများ အဆက်မပြတ်လင်းလက်လျက်ရှိသည်။ သူက ထိတ်လန့်ဖွယ်လျှပ်စီးများ ထုတ်လွှတ်နေသောဓားကို ကိုင်ဆောင်လျက် ရုတ်တရက်ခုတ်ပိုင်းလိုက်သည်။ ပြင်းထန်သောအရှိန်အဟုန်ဖြင့် ဓားကြီးသည် လေထုကိုဆုတ်ဖြဲသွားပြီး လူတိုင်းဟာ ဓားသွားရာလမ်းကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ရပါ။ ဧကရာဇ်ဖန်းကတောင်မှ မှုန်ဝါးဝါးသာ တွေ့မြင်လိုက်ရသည်။
" ထျန်းဟွမ်နတ်ဆိုးလက်သီး "
လျှပ်စီးအလင်းတန်းများက ဧကရာဇ်ဖန်းကို ခြိမ်းခြောက်မှုတစ်ရပ် ခံစားလိုက်ရေစသည်။ သူဟာ ငရဲဘုံနှင့်မဝေးကွာတော့တဲ့အလားပင်။ အဆုံးစွန်သောဖိအားများကြောင့် သူက ရုတ်တရက်လှုပ်ရှားလိုက်သည်။ သူ၏ဘယ်ခြေကို ဆောင့်ချလိုက်သည်။ လေထုမှာပေါက်ကွဲသွားခဲ့သည်။ ထို့နောက် သူ့တစ်ကိုယ်လုံးရှိ ခွန်အားများကို စုပေါင်းလိုက်ပြီး လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
အဝါရောင်လက်သီးကြီးတစ်ခုသည် ရုတ်တရက်ပြေးထွက်သွားခဲ့သည်။ လက်သီး၏ပြင်းထန်သော အရှိန်အဟုန်က အရပ်လေးမျက်နှာကို ပျံ့နှံ့သွားခဲ့ကာ နတ်ဆိုးခြင်္သေ့တစ်ကောင်၏ အော်ဟစ်သံနှင့်အတူ ဓားချက်ကို ခုခံပိတ်ဆို့လိုက်သည်။
ဓားအလင်းတန်းနှင့်အရှိန်အဟုန်ပြင်းသော လက်သီးတို့ထိတွေ့မိသွားသည်။ ကမ္ဘာလောကကြီးတစ်ခုလုံး၌ ထိတ်လန့်ဖွယ်အသံကြီးတစ်သံ ဖြစ်ပေါ်လာခဲ့ပြီး ကမ္ဘာကြီးကို ဖျက်စီးပစ်နိုင်သော စွမ်းအားလှိုင်းများသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။
ထိုစွမ်းအားလှိုင်းများ၏ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းပုံက ဝမ်ဖုန်းနှင့်အခြားသူများကိုတောင် အမူအရာပြောင်းလဲသွားစေသည်။ အမည်မဲ့ဓားသမား၊ သိချင်း၊ ဝမ်ဖုန်းနှင့် ကျန်သောရှန်ရှန်ကျုံဂိုဏ်းမှလူများဟာ အတူတကွစုပေါင်းလိုက်ကြပြီး သူတို့ကိုယ်ရှိစွမ်းအားများကိုထုတ်လွှတ်လျက် ကျယ်ပြောသောအကာအကွယ်ဒိုင်းကာကြီးကို ပုံဖော်လိုက်ရသည်။ အဆိုပါဒိုင်းကာ အကာအကွယ်ကြီးက ရှန်ရှန်ကျုံဂိုဏ်းမှ လူများအားလုံးကို လွှမ်းခြုံထားပြီး ထိတ်လန့်ဖွယ်စွမ်းအားလှိုင်း၏ သက်ရောက်မှုမှကာကွယ်ပေးလိုက်သည်။
စွမ်းအားရှင်ပေါင်းများစွာဟာ အကာအကွယ်များတည်ဆောက်၍ စွမ်းအားလှိုင်းကြီးကို ခုခံလိုက်ရသည်။ သို့သော်လည်း အင်အားစုသုံးစုမှ ကျန်ရစ်သော စွမ်းအားရှင်များနှင့် ကြီးမြတ်သောဘိုးဘေးနှစ်ယောက်တို့ကတော့ ကံမကောင်းခဲ့ကြပါ။ သူတို့ကအကောင်းဆုံးခုခံလိုက်သော်လည်း ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားလှိုင်းကြီးကို မရပ်တန့်နိုင်ခဲ့ပေ။ ဤစွမ်းအားကြီးကြောင့် သူတို့၏ခန္ဓာကိုယ်များက ချက်ချင်းပေါက်ကွဲသေဆုံးသွားရသည်။
သာမန်အခြေအနေတွင်ဆိုပါက ထိုလူများက တောင်ပိုင်းနယ်မြေတွင် ပထမတန်းစား ဆရာသခင်များဖြစ်ကြလေသည်။ သူတို့ခြေတစ်ချက်ဆောင့်လိုက်ရုံမျှဖြင့် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်အောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။ ကံမကောင်းစွာဖြင့် ဤအချိန်မှာတော့ သူတို့က တိုက်ပွဲအရှိန်အဝါများ၏ သက်ရောက်မှုကြောင့် သေဆုံးသွားခဲ့ရသည်။ ဒါက အလွန်ပဲဝမ်းနည်းဖွယ်ကောင်းသော အဆုံးသတ်ပင်။
သူ၏မူလရည်ရွယ်ချက်မှာ အထူးအင်အားစုသုံးစုမှ ကျန်ရစ်နေသူများကို ကယ်တင်ရန်ဖြစ်သော်လည်း မတော်တဆမှုတစ်ခုကြောင့် ထိုလူတွေကို သတ်မိလိုက်လိမ့်မယ်ဆိုတာကို ဧကရာဇ်ဖန်းတစ်ယောက် ဘယ်တုန်းကမှ တွေးထင်မထားခဲ့ဖူးပေ။ ကံတရားက တကယ့်ကို နောက်ပြောင်ကျီစယ်လှသည်။
" ဘယ်လို....ဘယ်လိုလုပ် "
အချိန်အတော်လေးကြာသည့်အခါ မီးခိုးလုံးများပျက်ပြယ်သွားပြီး ဧကရာဇ်ဖန်း၏ မယုံကြည်နိုင်သော ရေရွက်သံကြီး ထွက်ပေါ်လာသည်။ ဝမ်ဖုန်းနှင့်အခြားသူများက ထိုနေရာသို့ စိုက်ကြည့်လိုက်ကြသည်။ တခဏအတွင်း၌ ဝမ်ဖုန်းတို့အုပ်စု၏ မျက်နှာပေါ်၌ အပြုံးများဖြစ်တည်လာကြသည်။
ဧကရာဇ်ဖန်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ နှစ်ပိုင်းဖြတ်တောက်ခံလိုက်ရပြီး ရေတံခွန်စီးပြိုသကဲ့သို့ ကြက်သွေးရောင်သွေးများ စီးကျနေခဲ့ကာ မိုင်ထောင်ချီပတ်ပတ်လည်ကို နီစွေးသွားစေခဲ့သည်။ အဲ့ဒီသွေးပင်လယ်ကြီးကို ဆက်လက်ဖွံ့ဖြိုးရန်ခွင့်ပြုလိုက်ပါက နှစ်ထောင်ပေါင်းအနည်းငယ် ကြာရှည်သည့်အခါ ဤနေရာ၌ မကောင်းဆိုးဝါးများနှင့်တစ္ဆေသရဲများ မွေးဖွားလာနိုင်သည်။
မိုင်တစ်သောင်းပတ်ပတ်လည်ရှိ မြေထုကတောင်ရှည်လျားကျဥ်းမြောင်းသော ချောက်နက်ကြီးအဖြစ် ဖြတ်ပိုင်းခံလိုက်ရကာ အဆိုပါချောက်နက်ကြီးအပေါ်၌ လျှပ်စီးများလင်းလက်လျက် ရှိနေသေးသည်။
" ဒီ...ဒီအရှင်သခင်က လက်မခံနိုင်ဘူး "
ထက်ပိုင်းဖြတ်ခံလိုက်ရသော ဧကရာဇ်ဖန်း၏မျက်ဝန်းများက ချွမ်ယင်းကို စူးစူးရဲရဲစိုက်ကြည့်နေပြီးမြေပြင်ပေါ်ကို ပြိုလဲသွားသည်။ ဤသည်မှာ အထူးအင်အားစုသုံးစု၏ ပျက်သုန်းခြင်းလည်း ဖြစ်ပေတော့သည်။
တခြားတစ်ဖက်မှာတော့ ချွမ်ယင်းက မဟူရာဓားကို ဘယ်ဖက်လက်ဖြင့် ဆုပ်ကိုင်ထားပြီး ဓားဖျားကိုညာဖက်လက်ဖြင့် ညင်သာစွာထိတွေ့လိုက်သည်။ သူဟာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု ရှိမနေပါပေ။ မိုးကြိုးများနှင့်လျှပ်စီးများ လင်းလက်နေသော မိုက်မှောင်နေသည့် ကမ္ဘာကြီးတွင် သူက အမှီအခိုကင်းသော မိုးကြိုးနတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်ထည်ဝါနေသည်။
" ဝေါင်း "
နဂါးဟိန်းသံကြီးနဲ့တူသော လင်းယုန်ငှက်အော်မြည်သံလေးတစ်သံက အချိန်အတော်လေးကြာသည့်တိုင်အောင် လောကကြီးအတွင်းပဲ့တင်ထပ်သွားသည်။ ချွမ်ယင်း၏မျက်လုံးများက ကျိန်းစပ်လောက်သည်အထိ လင်းလက်နေခဲ့သည်။ ၎င်းက အရာအားလုံးကို ဖြတ်သန်းကြည့်ရှူ့နိုင်သည့်အလားပင်။
ချွမ်ယင်းဟစ်ကြွေးလိုက်ပြီးနောက် ထိပ်လန့်ခြောက်ခြားပြီး နက်ရှိုင်းသောအရှိန်အဝါများက သူ၏ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။ သူဟာပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိသွားသည်။
သို့ပါသော်လည်း ဤတိုက်ပွဲအပြီးတွင် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ခမ်းနားထည်ဝါသော ချွမ်ယင်း၏ပုံရိပ်က ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများနှင့် ဂိုဏ်းတပည့်များ၏ စိတ်ထဲ၌မြဲမြံစွာ တံဆိပ်ခပ်နှိပ်ပြီး ဖြစ်ပေသည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသည့်တိုင်အောင် သူတို့ကတော့ မိုးကြိုးများနှင့် လျှပ်စီးများလင်းလက်နေခဲ့ကာ ရန်သူကို ဓားတစ်လက်ဖြင့်ခုတ်ပိုင်းလိုက်သည့် ချွမ်ယင်း၏ပုံရိပ်ကို မေ့မရနိုင်လောက်တော့ပါ။
ဝမ်ဖုန်း၏မျက်နှာထက်၌ စိတ်ကျေနပ်နေသော အပြုံးတစ်ပွင့်ထွက်ပေါ်လာသည်။ သူတွေ့မြင်လိုက်ရသည်က ချွမ်ယင်း၏စစ်နတ်ဘုရားပုံရိပ်သာမက ရှန်ရှန်ကျုံဂိုဏ်း၏ အနာဂတ်လဲဖြစ်လေသည်။