ထိုက်ကျိပြန်လည်ထမြောက်ခြင်းဆေးလုံး
Vol. 26 Ch. 359
ဘာသာပြန်- The Fate
" ဒင်၊ အထူးအင်အားစုသုံးစုမှ ရန်သူများကို ချေမှုန်းပြီးသွားသည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ ဆုလာဘ်အနေနဲ့ ဂိုဏ်းအမှတ်သုံးဘီလီယံ ၊ နတ်မင်းနယ်ပယ် အဆင့်မြင့်ဆင့်ခေါ်ခွင့်ငါးကြိမ် ဆုချလိုက်သည်။ "
" ဒင်၊ ကိုးကွယ်ခံနတ်မင်းအလယ်အလတ်အဆင့် စွမ်းအားရှင်၁၁ယောက်နှင့် အခြားစွမ်းအားရှင်များကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ တာဝန်ဆုလာဘ်အနေနဲ့ ဂိုဏ်းအမှတ်၃၀ဘီလီယံနှင့် နတ်မင်းနယ်ပယ် အဆင့်မြင့်ဆင့်ခေါ်ခွင့် အကြိမ်သုံးဆယ် ဆုချလိုက်သည်။ "
" ဒင်၊ တောင်ပိုင်းနယ်မြေတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့တဲ့အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ တောင်ပိုင်းနယ်မြေတစ်ခုလုံး၏ ကံတရားတွေကို လက်ခံရရှိလိုက်ပြီး ရှန်ရှန့်ကျုံ့ဂိုဏ်း၏ကံတရားတွေက များစွာတိုးတက်လာကာ တစ်ဆယ်ဘီလီယံကျော်သွားပါပြီ။ ဆုလာဘ်အနေနဲ့ ဂိုဏ်းအမှတ်၁၀ဘီလီယံ၊ နတ်မင်းနယ်ပယ် အဆင့်မြင့်ဆင့်ခေါ်ခွင့် အကြိမ်နှစ်ဆယ်ဆုချလိုက်သည်။ "
" ဒင်၊ စနစ်နဲ့ဂိုဏ်းကို အဆင်မြှင့်တင်ဖို့အတွက် လိုအပ်ချက်များနှင့်ပြည့်စုံသွားသည်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ပိုင်ရှင် အဆင့်မြှင့်တင်ပါမည်လား။ "
တိုက်ပွဲပြီးဆုံးသွားပြီးနောက် ပြုလုပ်ရမည်ကိစ္စရပ်များကို ဂိုဏ်းအကြီးအကဲများအား ညွှန်ကြားပြီးသည့်အခါ ဝမ်ဖုန်းက ဂိုဏ်းချုပ်ခန်းမအတွင်းသို့ ပြန်လည်ထွက်ခွာသွားသည်။ သူထိုင်ချလိုက်သည်နှင့်တပြိုင်နက် သူ၏စိတ်အာရုံအတွင်း၌ စနစ်၏အေးစက်သောအသံများ တစ်သံပြီးတစ်သံထွက်ပေါ်လာကာ ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ယင်လာသည်။
ငါချမ်းသာပြီကွ !
တောင်ပိုင်းနယ်မြေကို အပြည့်အဝအုပ်စိုးနိုင်ခြင်းက သူ့ကိုဂိုဏ်းအမှတ်ဘီလီယံဆယ်ချီနှင့် ဆင့်ခေါ်ခွင့်အကြိမ် ဒါဇင်ပေါင်းများစွာ ရရှိစေလိုက်သည်။ ဒါ့အပြင် သူနှင့်ရှန်ရှန့်ကျုံ့ဂိုဏ်း၏ကံတရားကလည်း မြောက်များစွာတိုးတက်ခဲ့သည်။ ဤသည်မှာ တကယ့်ကို ကျောက်ခမန်းလိလိ ဆုလာဘ်များပင်။
" ဘယ်လိုလဲဂိုဏ်းချုပ်။ အခုကျွန်မကိုယုံကြည်ပြီလား။ "
ဝမ်ဖုန်းက စိတ်လှုပ်ရှားနေစဉ်တွင် သိချင်းက ခန်းမကြီးထဲကို ဝင်ရောက်လာခဲ့သည်။ သူမ၏လှပသောမျက်နှာထက်၌ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာသည်။ ၎င်းလှပခမ်းနားသောမျက်ဝန်းများမှာ ဝမ်ဖုန်း၏စိတ်ဝိညာဥ်အနက်ပိုင်းသို့ စိုက်ကြည့်နေသည့်အလားပင်။ သူမကတိုးညှင်းစွာရေရွတ်ပြောဆိုလိုက်သည်။
သစ်ခွပန်းလေးလိုမျိုး ကျော့ရှင်းသာယာသည့် အသံလေးတစ်သံသည် စိတ်လှုပ်ရှားနေသောဝမ်ဖုန်းကို ပြန်လည်နိုးထစေလိုက်သည်။ သူက အောက်ဘက်ရှိသိချင်းကို စိုက်ကြည့်လိုက်ပြီး မျက်ဝန်းအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။
ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုမှ သန်မာသောသူများနှင့်တိုက်ခိုက်ရသည့်အခါ သိချင်းက အရမ်းကို ဆုံးဖြတ်ချက်ပြတ်သားနေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ သူမက ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုရဲ့ မိသားစုဝင်တစ်ယောက်နဲ့တောင်မတူညီခဲ့ပဲ ရန်သူတစ်ယောက်နှင့်တောင် တူညီနေခဲ့သည်။
အကြိမ်ရာပေါင်းများစွာ ပြန်လည်ဝင်စားရရင်တောင်မှ သိချင်၏နှလုံးသားထဲတွင် ဝမ်ဖုန်း၏နေရာကို မည်သူကမှမယှဉ်နိုင်ဘူးဆိုတာကို ဝမ်ဖုန်းတစ်ယောက်ကတော့ ဘယ်သိပါ့မလဲ။ ကမ္ဘာကြီးတစ်ခုလုံးနှင့် ရန်သူဖြစ်ရရင်တောင် သူမက ဝမ်ဖုန်း၏ဘေးမှာပဲ ခိုင်ခိုင်မာမာရပ်တည်နေမှာသာ။
" ကောင်းပြီ။ မင်းရှန်ရှန့်ကျုံ့ဂိုဏ်းမှာ နေနိုင်ပါတယ်။ အခုချိန်ကစပြီး မင်းက အကြီးအကဲတစ်ယောက်ဖြစ်သွားပြီ။ "
ခဏတာတွေးတောလိုက်ပြီးသည့်နောက် ဝမ်ဖုန်းကသိချင်းကို နက်ရှိုင်းစွာစိုက်ကြည့်လျက် ပြောလိုက်သည်။
သိချင်းမှာဘယ်လိုရည်ရွယ်ချက်တွေပဲရှိရှိ သူမ၏အပြုမှုများက ဝမ်ဖုန်း၏ယုံကြည်မှုကို အနိုင်ယူလိုက်သည်။ ဒါ့အပြင် သိချင်း၏ကျင့်ကြံမှုကလည်း အားမနည်းပါပေ။ သူမ၏တိုက်ပွဲဝင်ခွန်အားကလည်း ပို၍တောင်ထိတ်လန့်ဖွယ်ကောင်းနေသည်။ သူမမှာ တန်ဖိုးများစွာရှိပါသည်။ ဝမ်ဖုန်းက သူမကို ရှန်ရှန့်ကျုံဂိုဏ်းအတွင်းဝင်ရောက်ခွင့်ပြုရာမှာ လက်မတွန့်နေတော့ပေ။
သိချင်းတွင် ထူးဆန်းသောအတွေးများရှိနေရင်တောင် ဝမ်ဖုန်းက ထိုအတွေးများကို ဖယ်ရှားပစ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေသည်။
" ကျေးဇူးတင်ပါတယ်ဂိုဏ်းချုပ်။ "
ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ သိချင်း၏အပြုံးက ပို၍တောက်ပလာသည်။ သူမကလှပသောမျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ ပြောဆိုလိုက်သည်။ " ဂိုဏ်းချုပ်၊ ချင်းအာရဲ့ ပြောင်မြောက်တဲ့လုပ်ဆောင်မှုတွေကြောင့် ချင်းအာက ဂိုဏ်းချုပ်ရဲ့အစေခံ ဖြစ်လာတော့မှာလား။ "
ဝမ်ဖုန်း၏နှုတ်ခမ်းမှာ တွန့်ကောက်သွားခဲ့သည်။ သူကကောင်းကင်ပေါ်ကို တိတ်ဆိတ်စွာ မော့ကြည့်လိုက်မိသည်။
မြတ်စွာဘုရား။ ဒါကဘယ်တော့မှ အဆုံးသတ်မှာလဲကွာ?
သို့ပါသော်လည်း ယဲ့မုချင်အပေါ်ထားရှိသော ဝမ်ဖုန်း၏နှလုံးသားကို အလှတရားဖြင့် ဆွဲဆောင်နိုင်လိမ့်မည်ဟု တွေးတောခဲ့လျှင် သူမမှားသွားပေလိမ့်မည်။
ဝမ်ဖုန်း၏နှလုံးသားက မြစ်တစ်စင်းအလား နေနေ့ညညအရှိန်အဟုန်မပြတ် သစ္စာရှိစွာစီးဆင်းနေဆဲသာ။
ဝမ်ဖုန်း၏မျက်လုံးအိမ်အတွင်းမှ လွမ်းဆွတ်တမ်းတသော အရိပ်အယောင်များကို တွေ့မြင်လိုက်ရသည့်အခါ သိချင်း၏မျက်နှာမှာ မဲမှောင်သွားသည်။ ထိုအကြောင်းတွေးကြည့်ရပါလျှင် သူမအတိတ်ဘဝ၌ဖြစ်စေ၊ လက်ရှိနိုင်ဖြစ်စေ သူမ၏တည်ရှိမှုက ဤကမ္ဘာပေါ်ရှိအမျိုးသားထောင်ချီကို လှုပ်ရှားစေခဲ့သည်ချည်းသာဖြစ်၏။
သာမန်လူတစ်ယောက်သာဆိုပါက သိချင်း၏သန်မာအားကောင်းသော တိုက်စစ်အောက်တွင် ဘယ်လောက်ပဲလူကြီးလူကောင်းဆန်ပါစေ ကျရှုံးရမှာသာဖြစ်၏။ မည်သူကမျှ ဝမ်ဖုန်းလို ရပ်တည်နေနိုင်မှာမဟုတ်ပါ။
သို့ပါသော်လည်း ဒါကပဲ သိချင်းကို ပိုမိုတမ်းတစွဲလမ်းစေခဲ့သည်။
ရယူပိုင်ဆိုင်လို့မရသေးတဲ့အချစ်။ အဲဒါကိုအချစ်လို့ခေါ်တာလား။ ယခင်အတိတ်ဘဝများ၌ဖြစ်စေ များစွာသောအကြောင်းအရင်းများကြောင့် သူမကဝမ်ဖုန်းအတွက် တိုက်ခိုက်ရမည်ဆိုတာကို သိရှိခဲ့သည်။ ယခင်ဘဝများက ယဲ့မုချင်ကသာ အောင်နိုင်သူဖြစ်ခဲ့သည်။ သို့သော် ယခုဘဝမှာတော့ သူမက ဘယ်လိုပဲဖြစ်ဖြစ် တိုက်ခိုက်ရယူဖို့ ဆုံးဖြတ်ထားပါသည်။
စိတ်ဆန္ဒသာရှိနေသရွေ့မဖြစ်နိုင်သောအရာဟူ၍မရှိနိုင်!
သိချင်း မင်းလုပ်နိုင်ပါတယ် !
သိချင်း၏စိတ်အတွင်း၌ စိတ်ပျက်အားပျော့မှုများမှာ တစ်ခဏတာသာ ပေါ်ပေါက်လာခဲ့ပြီး ပျောက်ကွယ်သွားခဲ့ကာ အဆုံးအစားမဲ့သောယုံကြည်မှုများဖြင့် အစားထိုးလာသည်။
ဝမ်ဖုန်းက သိချင်း၏စကားများကို အဖြေပြန်မပေးခဲ့ပါ။ သိချင်းက သူမ၏ကိုယ်ပိုင်အတွေးထဲ၌ နစ်မျောနေခဲ့သည်။ ခန်းမသတစ်ခုလုံးမှာရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားပြီး အသက်ရှူသံမျှင်းမျှင်းသာ ထွက်ပေါ်နေခဲ့သည်။
" ဂိုဏ်းချုပ် ! "
ဤကဲ့သို့တိတ်ဆိတ်နေသော အချိန်ကာလတွင် အနည်းငယ်စိတ်ဖိစီးနေသည့် အသံတစ်သံက ခန်းမကြီးအတွင်း၌ ထွက်ပေါ်လာသည်။ ဝမ်ဖုန်းကမျက်မှောင်ကြုတ်လိုက်သည်။ ၎င်းမှာ ကောကျင့်၏အသံသာဖြစ်၏။ ကောကျင့်၏ စိတ်နေစိတ်ထားဖြင့်ဆိုပါက သူဘယ်လိုလုပ် စိတ်ဖိစီးရမည်နည်း။
ပြဿနာဖြစ်လာလေပြီ။
ဝမ်ဖုန်းနှင့် သိချင်းတို့၏အမူအရာများမှာ ပြောင်းလဲသွားခဲ့သည်။ သူတို့၏ပုံရိပ်များက ခန်းမအတွင်းမှ တပြိုင်တည်းပျောက်ကွယ်သွားကြကာ ခန်းမအပြင်ဘက်၌စောင့်နေသော ကောကျင့်၏အရှေ့ဘက်၌ ထွက်ပေါ်လာကြသည်။ ဝမ်ဖုန်း၏မျက်နှာက မဲမှောင်လာကာ မေးမြန်းလိုက်သည်။ " ဘာဖြစ်တာလဲ။ "
" ကျန်းစန်ဖုန်းနနဲ့ တခြားသူတွေ .. ! "
ကောကျင့်က ရှန်ရှန့်ကျုံ့ဂိုဏ်းအပြင်ဘက်ကို လက်ညှိုးညွှန်ပြပြီး ပြာလောင်ခတ်စွာပြောလိုက်သည်။
သို့ပါသော်လည်း ကောကျင့်အသံစတင်ထွက်ပေါ်လာပြီး သူ့စကားဆုံးအောင် မပြောနိုင်သေးခင်မှာ ဝမ်ဖုန်း၏ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။ ဒါကိုမြင်တော့ ကောကျင့်နှင့်သိချင်းတို့ကလည်း အလျင်အမြန်လိုက်ပါသွားကြသည်။
ရန်ရှန့်ကျုံ့ဂိုဏ်းအပြင်ဘက်တောင်ကြားထဲ၌ ဝမ်ဖုန်းထွက်ပေါ်လာသည့်အခါ ဂိုဏ်းအကြီးအကဲများစွာလည်း ရှိနေကြသည်။ အမည်မဲ့ဓါးသမားနှင့်ချွမ်ယင်းတို့မှာ ချွေးအေးများထွက်နေကြပြီး ကျန်းစန်ဖုန်းနှင့် အခြားသူများ၏အသက်ကို ကယ်တင်ရန် စွမ်းအားများ အဆက်မပြတ် လွှဲပြောင်းပေးနေ၏။
" ဂိုဏ်းချုပ် ရောက်လာပြီ ! "
" ဂိုဏ်းချုပ် ၊ ကျန်းစန်ဖုန်းတို့ကို ကြည့်ပေးပါဦး။ "
ဝမ်ဖုန်းထွက်လာတာကိုမြင်တော့ ရှန်ရှန့်ကျုံ့ဂိုဏ်းအကြီးအကဲများက ကယ်တင်ရှင်တစ်ယောက်ကို တွေ့မြင်လိုက်သလိုမျိုး အလျင်အမြန်ပြေးလာကာ ကပျာကယာပြောလိုက်သည်။
ဤအချိန်တွင် ဝမ်ဖုန်းက ကျန်းစန်ဖုန်းနှင့် အခြားသူများ၏အခြေအနေကို တွေ့မြင်လိုက်ရသည်။ သူ၏မျက်နှာမှာ ရုတ်တရက်မှောင်မည်းသွားပြီး အထွတ်အထိပ်ဒေါသတရားကလည်း ဖြစ်ပေါ်လာခဲ့သည်။ သူ၏ရင်ဘက်မှာနိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့ပြီး အချိန်မရွေးပေါက်ကွဲတော့မည်ကဲ့သို့ ထင်မှတ်ရချေပြီ။ ခမ်းနားကြီးကျယ်သောအရှိန်အဝါများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကိုအသက်ရှုကြပ်စေလိုက်သည်။
ဤအချိန်တွင် ကျန်းစန်ဖုန်းနှင့်အခြားသူများက သွေးများဖြင့်စိုရွှဲနေကြသည်။ သူတို့ကိုယ်ပေါ်ရှိ အနာရွတ်များမှာလည်း ထိတ်လန့်ဖွယ်ကောင်းလှကာ သူတို့ကိုယ်တွင်းရှိ ရှင်သန်ခြင်းစွမ်းရည်များမှာ ပျောက်ကွယ်လုမတတ်ဖြစ်နေခဲ့သည်။ အမည်မဲ့ဓါးသမားနှင့် ချွမ်ယင်းတို့လို ဆရာသခင်များက သူတို့၏အသက်ကို အတွင်းအားများဖြင့် ဆက်နေခဲ့၍မဟုတ်ပါက ဝမ်ဖုန်းရောက်လာသည်အထိတိုင်အောင် အသက်ရှင်နိုင်မည်မဟုတ်ပါချေ။
" ဒါကိုဘယ်သူလုပ်ခဲ့တာလဲ ? "
ငရဲဘုံကိုးဘုံမှရေခဲကဲ့သို့ အေးစက်သောအသံက ဝမ်ဖုန်း၏နှုတ်ဖျားမှ ထွက်ပေါ်လာသည်။ အရိုးခိုက်လုမတတ်အေးစက်သော သတ်ဖြတ်ခြင်းအရှိန်အဝါများလည်း လွင့်ပျံ့ထွက်လာသည်။ ဤအချိန်တွင် သူ၏နှလုံးသားထဲ၌ အဘယ်မျှလောက်ဒေါသထွက်နေပြီဆိုတာကို မည်သူကမှ တွေးဆနိုင်မည်မဟုတ်ပါပေ။
ကျန်းစန်ဖုန်းနှင့်အခြားသူများက သူ၏လက်အောက်ငယ်သားများသာဖြစ်သော်လည်း သက်ရှိလူသားများသာဖြစ်ကြသည်။ ဒါ့အပြင် သူ့နောက်ကို ပထမဆုံးလိုက်ခဲ့သော သူများလည်းဖြစ်၏။ သူတို့၏အဆင့်အတန်းမှာ ဝမ်ဖုန်း၏နှလုံးသားထဲ၌ ယဲ့မုချင်ထက် တစ်ဆင့်သာနိမ့်ကျသည်။
ယခုအချိန်မှာတော့ ကျန်းစန်ဖုန်းနှင့်အခြားသူများက သေမင်းနှင့်စစ်ခင်းနေကြရသည်။ ၎င်းထိတ်လန့်ဖွယ်အမာရွတ်များက ဝမ်ဖုန်း၏အာရုံကြောများကို တုန်ခါစေခဲ့ကာ အဆက်မပြတ် ဒေါသထွက်လာစေခဲ့သည်။
" ကျွန်ေတာ်လည်းမသိဘူး။ တိုက်ပွဲမြေပြင်ကိုရှင်းလင်းနေတုန်း ကျန်းစန်ဖုန်းတို့က သွေးတွေစိုရွဲပြီး ထွက်လာကြတာ။ ကျွန်တော်မေးခွန်းမမေးနိုင်ခင်မှာ သူတို့အားလုံးမေ့မြောသွားကြတာ။ "
သူတို့၏ဘေးနားတွင်ရှိနေသော ရှန်းဝမ်စန်းက အလျင်အမြန်ပြောလိုက်သည်။
" စနစ် ၊ ကျန်းစန်ဖုန်းနဲ့ အခြားသူတွေကိုကယ်တင်ဖို့ နည်းလမ်းမရှိဘူးလား။ "
ဝမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။ ပေါက်ကွဲလုမတတ်ဖြစ်နေသော ဒေါသများကိုဖိနှိပ်ကာ လျို့ဝှက်စွာမေးလိုက်သည်။
" ဒင် ၊ ပိုင်ရှင်က ထိုက်ကျိပြန်လည်ထမြောက်ခြင်းဆေးလုံးကို လဲလှယ်နိုင်ပါတယ်။ ဝိညာဉ်စွမ်းအား တစ်စွန်းတစ ကျန်နေဦးမယ်ဆိုရင်တောင်မှ အဲ့ဒီ့ဆေးလုံးက ရှင်သန်ခြင်းစွမ်းရည်တွေကို ပြန်လည်ဆောင်ကျဉ်းပေးနိုင်ပါတယ်။ တန်ဖိုးက၁၁ဘီလီယံပါ။ "
" စနစ် ၊ ထိုက်ကျိပြန်လည်ထမြောက်ခြင်းဆေးလုံးတွေကို လဲလှယ်လိုက်ပါ။ "
စနစ်၏အသံကိုကြားလ်ိုက်ရသည့်အခါ ဝမ်ဖုန်းက တုန့်ဆိုင်းမနေဘဲပြောလိုက်သည်။
ဂိုဏ်းအမှတ်၁၁ဘီလီယံ ။ ၎င်းတို့ကိုထီကံစမ်းရန်အသုံးပြုပါက ကိုးကွယ်ခံနတ်မင်းအဆင့် ဒါဇင်ကျော်ကိုဖန်တီးနိုင်လေသည်။ သို့ပါသော်လည်း ဝမ်ဖုန်း၏မျက်လုံးထဲတွင် ကျန်းစန်ဖုန်းနှင့်အခြားသူများ၏အသက်ဖြင့် မနိုင်းယှဉ်နိုင်ပါ။ ဂိုဏ်းအမှတ်ဘယ်လောက်လိုအပ်သည်ဖြစ်ပါစေ သူက တုန့်ဆိုင်းနေမှာမဟုတ်ပါချေ။
ကျန်းစန်ဖုန်းတို့လို အကြီးအကဲများပဲဖြစ်ပါစေ၊ ဂိုဏ်းတပည့်များပဲဖြစ်ပါစေ၊ သူ၏ရှန်ရှန့်ကျုံ့ဂိုဏ်းက မည်သူ့ကိုမှ လက်လွှတ်ဆုံးရှုံးခံမည်မဟုတ်ပါ။ ငရဲကိုသွားရမယ်ဆိုရင်တောင် သူတို့ကိုပြန်ဆွဲခေါ်လာမယ်။
ငရဲဘုံကိုးဘုံနှင့် တမလွန်နယ်မြေ၊ သမုဒ္ဒရာကြီးလေးစင်နှင့် စကြာဝဠာကြီးရှစ်ခွင်၊ ကောင်းကင်နှင့်မြေကြီးကြားမှာ မည်သူကမှ ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့လူတွေကို ထိခိုက်အောင်မပြုနိုင်စေရဘူး။ အဲ့ဒီလိုလုပ်တဲ့လူတွေကလည်း ကျိန်းသေပေါက် သေဆုံးစေရမယ်!