ဝူရှန်းထျန်းကျွန်း
Vol. 26 Ch. 363
ဘာသာပြန်- The Fate
ဝမ်ဖုန်းက လက်သီးဆုပ်လိုက်သည်။ သူ့ကိုယ်တွင်းရှိ ထူးခြားဆန်းကြယ်သော စွမ်းအားများကို ခံစားလိုက်ရသည့်အခါ သူ့မျက်နှာထက်၌ စိတ်ကျေနပ်နေသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူဟာ ကိုးကွယ်ခံနတ်မင်းအထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့လေပြီ။ ယခုလေးတင်မှ အဆင့်တက်လာခြင်းဖြစ်သော်လည်း မှော်လက်နက်အစုံလိုက်နှင့် အသန်မာဆုံးရုပ်ခန္ဓာကို မှီခိုအားထားလိုက်ပါက အန္တိမနတ်မင်းအဆင့် စွမ်းအားရှင်များနှင့်တောင် ရင်ဆိုင်ရန် ယုံကြည်မှုရှိလေသည်။ သူ၏တိုက်ပွဲဝင်စွမ်းအားမှာ အဆင့်နှင့်တိုက်ရိုက်အချိုးကျမနေပါချေ။
"ဟမ်.."
ဤအချိန်တွင် ခန်းမကြီးမတွင်းရှိ လေထုမှာ တုန်ခါလာပြီး လူပေါင်းများစွာဟာ လေထုအတွင်းမှ ထွက်ပေါ်လာကြသည်။
ဦးဆောင်လာသူသည် ခရမ်းရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောခန့်ညားသောမျက်နှာနှင့် ကျောက်စိမ်းရောင်အသားအရေရှိသည်။ သူ့ခန္ဓာကိုယ်ထံမှ လျို့ဝှက်ဆန်းကျယ်သော အရှိန်အဝါတစ်ခုထုတ်လွှတ်နေပြီး လူအများကို စေ့စေ့စိုက်မကြည့်ရဲအောင်ဖြစ်လာစေခဲ့သည်။ သူ၏မျက်ဝန်းများဟာ ကြယ်ရောင်စုံသော ကောင်းကင်ကြီးအလား နက်ရှိုင်းကျယ်ပြောလှလေသည်။
နောက်တစ်ယောက်ကတော့ နှင်းဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ထိုသူက အိုမင်းပုံပေါ်သော်လည်း သူ့ခန္ဓာကိုယ်မှ ခမ်းနားကြီးကျယ်သော အသက်ဓာတ်စွမ်းအားများ ထုတ်လွှတ်နေခဲ့သည်။ သူ၏အနည်းငယ် မှေးကျဥ်းနေသော မျက်ဝန်းများအတွင်းက အချိန်နှင့်လေဟာပြင်ကို ဖြတ်သန်းလာသော တုန်လှုပ်ဖွယ်ကောင်းသည့် ညဏ်ပညာအား တွေ့မြင်နိုင်သည်။
နောက်ဆုံးတစ်ယောက်ကတော့ ပုခုံးထိအောင် ဆံပင်များဝဲပျံကျနေသော အမျိုးသားတစ်ယောက်ဖြစ်လေသည်။ သူ၏အသားအရေမှာ အနည်းငယ်နီမြန်းသည်။ သူ့အရေပြားကလဲ ကလေးငယ်လေးတစ်ယောက်အလား နူးညံ့နေ၏။ သူ၏လက်များဟာ လျှပ်စီးအလား ခမ်းနားထည်ဝါလှပြီး စွတ်စွတ်ဖြူသော ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။ သူက စွမ်းအားအနည်းငယ်ကိုမှ ထုတ်လွှတ်မနေသော်လည်း အကြည့်တစ်ချက်ဖြင့်ပင် ထိုလူမှာ သွားရှုပ်၍မရသော လူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။
ထိုလူသုံးယောက်မှာ မြင့်မြတ်သောဆရာသခင် လင်းတုန်လိုင် ၊ ကောင်းကင်ဘုံဆရာသခင်စွန်းအန်းနှင့် သွေးစွန်းလက် လီကုန်းတို့ဖြစ်ကြသည်။
" ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ်။ "
ဝမ်ဖုန်းကို တွေ့မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူတို့သုံးယောက်က လျစ်လျူမရှု့ရဲဘဲ လေးလေးစားစားဂါရဝပြုလိုက်သည်။
" မင်းတို့အရမ်းကြီး ယဥ်ကျေးနေစရာမလိုပါဘူး။ မင်းတို့သုံးယောက်ရဲ့ စွမ်းအားနဲ့ဆို ငါ့ရဲ့ရှန်ရှန်ကျုံဂိုဏ်းလည်း ပိုလို့တောင် စွမ်းအားကြီးလာတော့မှာပဲ။ ငါကလည်း ဒီဒေသတစ်ခုလုံးကို အုပ်စိုးနိုင်လိမ့်မယ်။ " ဝမ်ဖုန်း၏မျက်နှာထက်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး လက်ကိုဝေ့ရမ်းကာဖြင့် တိုးညှင်းစွာပြောလိုက်သည်။
" ကျွန်တော်တို့က ဂိုဏ်းချုပ်အနောက်ကိုလိုက်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ ရှန်ရှန်ကျုံဂိုဏ်းကို ဂုဏ်ရောင်ထွန်းပြောင်စေရပါမယ်!။ "
လင်းတုန်လိုင်နှင့်အခြားသူများထံမှ ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာပြီး ခန်းမကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
" မကြာခင်မှာ တိုက်ပွဲကြီးကြီးမားမား ရှိလာလိမ့်မယ်။ မင်းတို့အရင်ဆုံး သွားရောက်အနားယူလိုက်ပါ။"
ဝမ်ဖုန်းကအပြုံးတစ်ပွင့်နှင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
" ကောင်းပါပြီ ဂိုဏ်းချုပ် "
ထွက်ခွာသွားသော လင်းတုန်လိုင်တို့၏ နောက်ကျောပြင်ကို လှမ်းကြည့်ရင်း ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ ညဏ်ပညာအလင်းတန်းများ ကွန့်မြူးလာခဲ့သည်။ မြေအောက်ဘုံလောကစစ်တပ်က ရှန်ရှန်ကျုံဂိုဏ်းစွမ်းအားရှင်တွေကို ဘယ်လိုများခုခံနိုင်မလဲဆိုတာကို သူသိချင်နေမိသည်။
" စနစ်....အစောင့်အရှောက်ဆင့်ခေါ်ခြင်း အခွင့်အရေးကို အသုံးချလိုက်ပါ။"
ဝမ်ဖုန်းက ဒုတိယအစောင့်အရှောက်အပေါ် လွန်စွာမျှော်လင့်ချက်ထားခဲ့သည်။ ဒုတိယအစောင့်အရှောက်၏ စည်းမျဥ်းများဖြင့်ဆိုပါက ဆင့်ခေါ်ခံလိုက်ရသော စွမ်းအားရှင်မှာ အနည်းဆုံးထျန်းဒန်အဆင့်ကို ရောက်ရှိနေလိမ့်မည်။ ထိုအဆင့်က အမှောင်လောကတောက်တျဲ၏ အဆင့်နှင့်ညီမျှသည်။သို့ရာတွင် ကွာခြားချက်လဲ ရှိနေသေးသည်။ အပြင်ဘက်တွင်ဆိုလျှင်တောင် အခက်အခဲတစ်စုံတစ်ရာကြုံရပါက အစောင့်အရှောက်များကို အကူအညီ လှမ်းတောင်းနိုင်သည်။
" ဒင် ... ဒုတိယမြောက်အစောင့်အရှောက် ရှီကန်တန်ကို ဆင့်ခေါ်ပြီးတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ သူ့ရဲ့စွမ်းအင်ဇယားကို စစ်ဆေးကြည့်မလား ။"
စနစ်၏အသံ ထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်း၏မျက်စိသူငယ်အိမ်များဟာ တုန်ခါသွားပြီး ထိတ်လန့်နေသော အမူအရာတစ်ခုဖြစ်ပေါ်လာသည်။ ဒုတိယမြောက်အစောင့်အရှောက်အနေနဲ့ ဒီလိုဇာတ်ကောင်မျိုးကို ဆင့်ခေါ်မိလိမ့်မည်ဟု သူထင်မထားခဲ့ဘူး။
တိုင်တောင်ကြီးရဲ့ ကျောက်တုံးသူတောင်စင် ရှီကန်တန်ဟာ ကောင်းကင်ဘုံစစ်ပွဲနတ်ဘုရား ယန်ကျန်းရဲ့တပည့်ဖြစ်သည်။ သူဟာ အရှေ့အရပ်ရှိ တိုင်တောင်ပေါ်က ဧရာမကျောက်တုံးကြီးတစ်တုံးမှ ကောင်းကင်နှင့်မြေပြင်အတွင်းရှိ ဝိညာဥ်စွမ်းအင်များကို စုပ်ယူခြင်းဖြင့် သန္ဓေတည်ခဲ့သည်။
လောကကြီးအတွင်းနေထိုင်ခဲ့ပြီးနောက် သူဟာ နာကျည်းမှုများကို အကျင့်သီလဖြင့် ဖြေဖျောက်ခဲ့ပြီး လူအများကိုလည်း ဆန်းကြယ်သောစွမ်းအင်များ အသုံးပြုလျက် ကာကွယ်ပေးခဲ့လေသည်။ ထို့အတွက်ကြောင့် လူပေါင်းများစွာ၏ချစ်ခြင်းမေတ္တာကို ရရှိခဲ့သူလည်းဖြစ်သည်။ ယင်းနောက် နီကျားနှင့်ပူးပေါင်းပြီး သူ့အယောင်ဆောင်ခဲ့သော ဧရာမမကောင်းဆိုးဝါးများကို သုတ်သင်ခဲ့ကာ သုံးဘုံလောကရဲ့ ကြီးမြတ်သော ကာကွယ်စောင့်ရှောက်သူဖြစ်လာခဲ့သည်။ ကျောက်စိမ်းဧကရာဇ်ကိုယ်တော်တိုင်က သူ့ကို မြင့်မြတ်သော ရွှေဆေးဝါးဘုရင်ဘွဲ့ထူး ပေးအပ်ခဲ့ရလေသည်။
သူ့စိတ်အတွင်းရှိ ရှီကန်တန်၏သတင်းအချက်အလက်များကို ပြန်လည်အမှတ်ရလာအောင် ကြိုးစားလိုက်ရင်း ဝမ်ဖုန်းက တခဏကြာအောင် စိတ်လှုပ်ရှားသွားခဲ့သည်။ သူကလျင်မြန်စွာပြောလိုက်သည်။
" စစ်ဆေးလိုက် "
" ဒင် .... ရှီကန်တန်၏စွမ်းအင်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။ "
အမည် _ ရှီကန်တန်
ဘွဲ့ _ ထိုက်ရှန်းတောင်စောင့်နတ်ဘုရား ၊ သုံးဘုံလောကရဲ့ကြီးမြတ်သော ကာကွယ်သူဝူရှန်းထျန်းကျွန်း
လက်ရှိကျင့်ကြံခြင်းအဆင့် _ ထျန်းဒန်အထွတ်အထိပ်
ကောင်းကင်ဘုံအထူးစွမ်းအားများ _ နဂါးငါးကောင် အစစ်အမှန်မိုးကြိုးပစ်ခတ်ခြင်း
ကောင်းကင်ဘုံမှော်ရတနာများ _ ကျောက်တုံးနတ်ဘုရားဓား ၊ ကျောက်တုံးနတ်ဘုရားတူကြီး၊ ပန်ဂုကိုင်ထျန်းယွဲ့"
" မှတ်ချက် _ ဒီအစောင့်အရှောက်ဟာ ထီကံစမ်းမှုမှာ ပါဝင်မှာမဟုတ်ပါဘူး။ "
ရှီကန်တန်ရဲ့စွမ်းအင်ဇယားကို စစ်ဆေးကြည့်လိုက်ရင်း ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဟုတ်ပါပေသည်။ ဒုတိယမြောက်အစောင့်အရှောက်အဖြစ် ရှီကန်တန်ကို ဆင့်ခေါ်မိတဲ့အတွက် ဝမ်ဖုန်းက ပိုလို့တောင် ဝမ်းသာပျော်ရွှင်နေသည်။ ယခုအချိန်တွင် လီပိုင်၏ကျင့်ကြံမှုက မေ့လျော့ခံအာကာပြင် ပထမဆင့် ထျန်းမိန် အထွတ်အထိပ်အဆင့်ကို ရောက်နေခဲ့သည်။ လီပိုင်ထွက်လာပါက ဘယ်သူကများသူ့ကို ရင်ဆိုင်နိုင်ပါဦးမလဲ?
" စနစ်...ဂိုဏ်းနဲ့စနစ်ကို အဆင့်မြှင့်တင့်ဖို့ လိုအပ်ချက်တွေက ဘာတွေလဲ။ " ခဏတာတွေးလိုက်ပြီးနောက် ဝမ်ဖုန်းက ကျယ်လောင်စွာမေးလိုက်သည်။
" ဒင်...ရှန်းရွှမ်ဒေသတစ်ခုလုံးကို အုပ်စိုးပြီး ရှန်းရွှမ်ဒေသတစ်ခုလုံးရဲ့ ကံတရားတွေကို ရယူလိုက်ပါ။ ဒီလိုဆိုရင် စနစ်ကို အဆင့် (11) ကို မြှင့်တင်နိုင်ပါလိမ့်မယ်။ "
"ရှန်းရွှမ်ဒေသတစ်ခုလုံးလား..."
ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး တိုးညင်းစွာပြောလိုက်သည်။
ယခုအချိန်တွင် သူဟာ တောင်ပိုင်းနယ်မြေကို အုပ်စိုးပြီးလေပြီ။ ရှန်းရွှမ်ဒေသတစ်ခုလုံးကို အုပ်စိုးဖို့အတွက် သိပ်မလိုတော့ပေ။ ရှန်ရှန်ကျုံဂိုဏ်း၏ လက်ရှိခွန်အားဖြင့်ဆိုပါက ရှန်းရွှမ်ဒေသကြီးတစ်ခုလုံးကို အုပ်စိုးရာ၌ များစွာခက်ခဲတော့မည်မဟုတ်ပါ။
ဟုတ်ပါပေသည်။ ဝမ်ဖုန်းတွင် လုပ်စရာနောက်တစ်ခု ရှိနေသေးသည်။ ကျန်းစန်ဖုန်းနှင့်အခြားသူများအတွက် လက်စားချေပေးပြီး မြေအောက်ဘုံလောကမှလူများကို ဖျက်စီးပစ်ရမယ်။ ရှန်ရှန်ကျုံဂိုဏ်းမှလူများကို ထိခိုက်ရဲသူသည် ထိုက်တန်သောဒဏ်ကြေးကို ပေးဆပ်စေရမည်။
နောက်တစ်နေ့တွင် ရှန်ရှန်ကျုံဂိုဏ်းကွင်းပြင်ကြီးထဲ၌ ဂိုဏ်းအကြီးအကဲများစွာ ရှိနေကြသည်။ ကွင်းပြင်ကြီးတစ်ခုလုံး၌ လေးလံသော စိတ်ပျက်အားလျော့ဖွယ်လေထုကြီး ကြီးစိုးနေခဲ့ကြသည်။ ဘေးဖက်မှစောင့်ကြည့်နေကြသော ဂိုဏ်းတပည့်များက တစ်ယောက်ပြီးတစ်ယောက် စိတ်လှုပ်ရှားနေကြကာ အသက်ကိုတောင် အောင့်ထားကြလေသည်။
ဤသည်မှာ သူတို့ဂုဏ်ယူရသော ရှန်ရှန်ကျုံဂိုဏ်းဖြစ်သည်။ မိုးကောင်းကင်ကြီးတမျှ သန်မာပြီး ထိုဂိုဏ်းကိုဝင်ခွင့်ရခြင်းက သူတို့အတွက် ကောင်းချီးကြီးဖြစ်လေသည်။ သူတို့ရော အဲ့ဒီအကြီးအကဲတွေလိုမျိုး ဘယ်တော့များမှ အစွမ်းထက်လာမှာလဲ။
" ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ်။ "ကွင်းပြင်ကြီးအတွင်းသို့ ဝမ်ဖုန်းရောက်လာသည့်အခါ များစွာသော အကြီးအကဲများက တစ်ယောက်ပြီးတစ်ယောက် ဂါရဝပြုလိုက်သည်။ ၎င်းအသံကြီးက ရှန်ရှန်ကျုံဂိုဏ်းတစ်ခုလုံးကို တုန်ခါစေခဲ့သည်။ ပြင်းစွာသော အရှိန်အဟုန်က ရှန်ရှန်ကျုံဂိုဏ်း၏တပည့်များကို စိတ်လှုပ်ရှားသွားစေသည်။ သူတို့အားလုံးက ဝမ်ဖုန်းကို တလေးတစားလှမ်းကြည့်လိုက်သည်။
ဤအချိန်တွင် အစောင့်အရှောက်လီပိုင်၏ဘေး၌ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ယောက် ရှိနေခဲ့သည်။ သူမက ဝမ်ဖုန်း၏ဘေး၌ မတ်တပ်ရပ်နေသည်။ သူမသည်ကား ရှန်ရှန်ကျုံဂိုဏ်း၏ ပထမအစောင့်အရှောက်သားရဲ ကိုးမြှီးမြေခွေးမှ အသွင်ပြောင်းထားခြင်းသာ။
ထိုစွဲမက်ဖွယ်ကောင်းသောပုံရိပ်က အောက်ဖက်၌ရှိနေသော သိချင်းကို အံကြိတ်မိလိုက်စေသည်။ သူမက ကိုးမြှီးမြေခွေးကို တောက်လောင်နေသောမျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီး နှလုံးသားအတွင်းမှ ဟစ်ကြွေးလိုက်သည်။ မြေခွေးလေး... ဂိုဏ်းချုပ်ကို ဆွဲဆောင်ရဲရင် နင့်ရဲ့အရေခွံကို ဆုတ်ဖြဲပစ်မှာနော်!
" အရမ်းကြီးယဥ်ကျေးနေစရာမလိုပါဘူး။ "
ဝမ်ဖုန်းက သိချင်း၏သေးငယ်သော လှုပ်ရှားမှုများကို မတွေ့မြင်ခဲ့ပါ။ သူကရှန်ရှန်ကျုံဂိုဏ်းအကြအကဲများကို အပြုံးဖွဖွပြုံးလျက် ဝေ့ဝဲကြည့်လိုက်ပြီး လက်တစ်ဖက်ကို ခါရမ်းကာဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
အောက်ဘက်ရှိ ဒါဇင်ချီသော အကြအကဲများကို ကြည့်ရှူ့ရင်း ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထိုသူများမှာ ရှန်ရှန်ကျုံဂိုဏ်း၏ ကျောရိုးကြီးများဖြစ်ကြသည်။ သူတို့အားလုံးဟာ သာမန်လူများနှင့်မတူဘဲ ထူးကဲသောစွမ်းအားများပိုင်ဆိုင်ထားသည့် လူအများကြားမှ သူရဲကောင်းများသာ။
သူ့ရှန်ရှန်ကျုံဂိုဏ်းတစ်ဂိုဏ်းလုံး၏ ခွန်အားကိုသာ အသုံးချလိုက်ပါက မြေအောက်ဘုံလောကရဲ့ ရှေ့ပြေးတပ်မှာ ရှန်ရှန်ကျုံဂိုဏ်းကို ဘယ်လိုမျိုးရင်ဆိုင်ဦးမလဲဆိုတာ ဝမ်ဖုန်းသိချင်နေပေသည်။
ဤအချိန်တွင် ဝမ်ဖုန်းက ဂိုဏ်းအကြီးအကဲများကို ချန်ထားခဲ့ရန် မတွေးတောတော့ပါ။ အမှောင်လောကအတွင်းရှိ တောက်တျဲ၏စွမ်းအားဖြင့်ဆိုပါက ဘယ်သူကမှ ရှန်ရှန်ကျုံဂိုဏ်းကို တိုက်ခိုက်နိုင်မှာမဟုတ်ပါ။ ဂိုဏ်းတပည့်များရဲ့အရည်အချင်း လိုအပ်နေသေး၍မဟုတ်ပါက ဝမ်ဖုန်းက အချို့သောတပည့်များကို အတွေ့အကြုံရရန် ခေါ်ဆောင်သွားဖို့ကိုတောင် စီစဥ်ခဲ့သေးသည်။
သို့ပါသော်လည်း သနားစရာပင်။ စနစ်က တပည့်များအားလုံးကို ဘေးထွက်ဆိုကျိုးမရှိ အဆင့်ကြီးတစ်ဆင့်မြင့်တက်စေခဲ့သော်လည်း မြေအောက်ဘုံလောကရဲ့ ရှေ့ပြေးတပ်နှင့် နှိုင်းယှဥ်ရပါက ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားများမှာ အနည်းငယ်ဆိုးရွားနေသေးသည်။
သူ့ရှန်ရှန်ကျုံဂိုဏ်းတွင် သန်မာသောလူများ၊ များစွာရှိနေသော်လည်း ဤတကြိမ်ရင်ဆိုင်ရမည့် မြေအောက်ဘုံလောက၏ ရှေ့ပြေးတပ်တွင် လူပေါင်း ၅ သောင်းကျော် ရှိနေခဲ့သည်။ ဒါ့အပြင် စစ်မြေပြင်ဆိုတာက အချိန်နှင့်အမျှ ပြောင်းလဲနေသည်။
" သွားကြစို့ ...လက်စားချေကြရအောင် ..."
ဝမ်ဖုန်းကလက်ကို ဝှေ့ရမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ သူ၏အသံက ရှန်ရှန်ကျုံဂိုဏ်း ကွင်းပြင်အလယ်၌ ဟိန်းထွက်သွားခဲ့သည်။
ထိုသို့ပြောလိုက်ပြီးနောက် ဝမ်ဖုန်းက အရင်ဦးဆုံးထွက်ခွာသွားခဲ့ကာ ရှန်ရှန်ကျုံဂိုဏ်းမှပျောက်ကွယ်သွားလေသည်။ သူ့နောက်မှ ကိုးမြှီးမြေခွေး ၊ လီပိုင်နှင့် ဂိုဏ်းအကြီးအကဲများစွာက တစ်ယောက်ပြီးတစ်ယောက် လိုက်ပါသွားသည်။
Show quoted text