နဝမတောင်ထွတ်ကတပည့်ကို ရှင်းပစ်ချင်တဲ့သူရှိလိမ့်မယ်
Vol. 7 Ch. 95
အခန်း (၉၅) နဝမတောင်ထွတ်ကတပည့်ကို ရှင်းပစ်ချင်တဲ့သူရှိလိမ့်မယ်
ရင်ပြင်ကို ပြုပြင်ပြီးသွားသည်နှင့် ကျန်းလန် ခန်းမဆောင်ကို သန့်ရှင်းရေး လုပ်လိုက်သည်။
သူ့စိတ်များလည်း အတော်လေး တည်ငြိမ်သွားပြီ ဖြစ်၏။
ထို့ကြောင့်… မရဏဂူသို့ပြန်ပြီး ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
ကျင့်ကြံခြင်းက သိပ်ပြီး အခက်အခဲမရှိပေ။
မရှိမှုအာကာသအဆင့် ဆက်လက်မြင့်တက်စေရန် အဆင်မြှင့်ကျင့်ကြံခြင်းများ ပြုလုပ်ခြင်းသာ ဖြစ်၏။
ထို့ပြင်… သူပိုင်ဆိုင်ထားသည့် မှော်ဝင်ပစ္စည်းများကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်လည်း ကျင့်ကြံရမည်ဖြစ်သလို မန္တန်များ ၊ ကျင့်စဉ်များ ပိုမိုကျွမ်းကျင်မှုရှိစေရန်လည်း ကျင့်ကြံရမည် ဖြစ်သည်။
ဤသည်က ကျင့်ကြံခြင်းအဆင့် တစ်ဆင့်တက်တိုင်း ပြုလုပ်ရမည့် အရာများဖြစ်၏။
သို့သော်… မရဏဂူသို့ ပြန်ရောက်သည်နှင့် သူ့ကို အသင့်စောင့်ဆိုင်းနေသည့် ဆရာဖြစ်သူကို တွေ့လိုက်ရသည်။
"ဆရာ…"
ခေါ်သံကြောင့် မော့ကျန်းသုန့်က ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။
"မင်း… အလုပ်တွေ ပြီးသွားပြီလား…"
ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်…"
ခန်းမဆောင်သန့်ရှင်းရေး ၊ ရင်ပြင်ပြုပြင်ခြင်းအလုပ်များ အမှန်တကယ်လည်း ပြီးဆုံးခဲ့ပြီ မဟုတ်ပါလား။
သို့သော်… ဆရာဖြစ်သူက သူ့ကိုတွေ့ချင်လျှင် ခန်းမဆောင်တွင် လာမရှာဘဲ အဘယ့်ကြောင့် မရဏဂူထဲတွင် စောင့်နေရပါသနည်း
ကျန်းလန် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
ထိုစဉ်မှာပင်… မော့ကျန်းသုန့်က အနက်ရောင်သစ်ပင်တစ်ပင်ကို ထုတ်ယူလိုက်၏။ သစ်ပင်ငယ်တွင် အနက်ရောင်ပန်းများပင် ပွင့်လန်းလျှက် ရှိလေသည်။
မော့ကျန်းသုန့်က…
"မင်း သစ်ပင်ပန်းပင်တွေ စိုက်ပျိုးရတာ ဝါသနာပါတယ်ထင်လို့… မရဏဂူထဲမှာ ရှင်သန်နိုင်မယ့် သစ်ပင်မျိုးစေ့တစ်မျိုး ယူလာခဲ့တယ်… ၊ ဒီသစ်ပင်က ရေသဖန်းပင်လို့ ခေါ်တယ်… ၊ သက်တမ်းလည်းရှည်တော့ မင်းအကြာကြီးစိုက်ပျိုးထားလို့ ရတယ်…"
ကျန်းလန်က သစ်ပင်ငယ်ကို တစ်ချက်ကြည့်လိုက်ပြီး…
"ဆရာပြောတော့ သစ်ပင်မျိုးစေ့ဆို… ဘာလို့ အပင်ဖြစ်နေတာလဲ…"
မော့ကျန်းသုန့်က…
"ယူလာတုန်းကတော့ မျိုးစေ့ပဲကွာ… လမ်းမှာ အပင်ပေါက်သွားတာ…"
"……………"
ကျန်းလန် ဆွံ့အသွား၏။
ထို့နောက်… ကျန်းလန် ရယ်ချင်သွားမိသည်။
သားရဲဥလေးပေးစဉ်က အကောင်မပေါက်လေရာ သစ်ပင်မျိုးစေ့ပေးပြန်လျှင်လည်း အပင်မပေါက်မည်ကို ဆရာဖြစ်သူက စိတ်ပူပန်ဟန်ရှိသည်။
ထို့ကြောင့်… လမ်းမှာပင် သစ်ပင်ကြီးထွားမန္တန်အသုံးပြုကာ အပင်ပေါက်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်ဟန်တူ၏။
မော့ကျန်းသုန့်က…
"ဒီ ရေသဖန်းပင်လေးက မရဏအငွေ့အသက်တွေကို စုပ်ယူနိုင်သလို မရဏအငွေ့အသက်တွေရဲ့ လွှမ်းမိုးမှုကိုလည်း လျှော့ချပေးနိုင်တယ်…"
ကျန်းလန် တိတ်ဆိတ်နေ၏။
သူ့အနေဖြင့် မရဏအငွေ့အသက်များ၏ လွှမ်းမိုးမှုကို လျှော့ချရန် မလိုအပ်ပေ။
သို့သော်… ရေသဖန်းပင်ကလည်း မရဏအငွေ့အသက်များစွာကို လျှော့ချပေးနိုင်မည်မဟုတ်ဟု ကျန်းလန် ယူဆမိသည်။
ထို့ကြောင့်… အပင်လေးကို စိုက်ပျိုးထားရန် ဆုံးဖြတ်လိုက်သည်။ ဤသစ်ပင်လေးက သားရဲဥလေးနှင့် အဖော်ရသွားပေလိမ့်မည်။
ထို့နောက်… ကျန်းလန်က သစ်ပင်လေးကို သားရဲဥလေးနံဘေးတွင် ထားလိုက်၏။
မော့ကျန်းသုန့်က ကျန်းလန်ကို သစ်ပင်လေး လက်ဆောင်ပေးပြီးနောက် မရဏဂူထဲမှ ထွက်ခွာသွားလေသည်။
ကျန်းလန်က သူ၏ ကိုယ်ပိုင်အကန့်အသတ်ကို သိရှိသူဖြစ်သည်။ ထို့ကြောင့်… ကျန်းလန်ကို အများကြီး သင်ပြ ၊ ရှင်းပြပေးနေစရာ မလိုပေ။
ထို့ပြင်… ငရဲတံခါးမှ မရဏအငွေ့အသက် ပေါက်ကွဲထွက်နေသည့် အချိန် မဟုတ်လျှင် ကျန်းလန်ကို စိတ်ပူစရာ အကြောင်းမရှိပေ။
ကျန်းလန်၏ ဒဏ်ရာများလည်း သက်သာပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။
ဆရာဖြစ်သူ ထွက်ခွာသွားသည်ကို ကျန်းလန် ကြည့်နေခဲ့သည်။
ပြီးမှ… သားရဲဥလေးနှင့် ရေသဖန်းပင်လေးတို့ကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်ပြီး ကျန်းလန် ကျင့်ကြံခြင်းကို စတင်ပြုလုပ်တော့သည်။
ကျန်းလန်က လုန်ယွိပို့ပေးလိုက်သည့် အပြာရောင်ရေပုလဲကို အသုံးပြုကာ ကျင့်ကြံခြင်း ပြုလုပ်လိုက်၏။ အပြာရောင်ရေပုလဲက ကျောက်စိမ်းရေကန်၏ စွမ်းအားအနှစ်သာရများနှင့် ပြည့်နက်နေသည့် အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်သည်။
သို့သော်… ယခုတစ်ကြိမ်တွင်တော့... သူ့တွင်ရေပုလဲရှိနေကြောင်းကို မည်သူမှ မသိရှိကြပေ။ ထို့ကြောင့်… ရေပုလဲကို အခြားသူများ လုယူမည်ကို စိတ်ပူစရာ မလိုပေ။
မည်သို့ပင်ဖြစ်စေ.... ယခုနှစ်များအတွင်းမှာတော့ အပြင်မထွက်ဘဲနေသည်က သူ့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
………………
ထိုသို့ဖြင့်... အချိန်များ ကုန်ဆုံးသွားခဲ့လေသည်။
အချိန် (၂) လခန့်ကြာပြီးနောက်.... နံနက်ခင်းတစ်ခုတွင် ကျန်းလန် နိုးထလာသည်။
ထိုစဉ်… ခွန်လွန်တောင်တစ်ခွင်မှ ကျယ်လောင်သည့်အသံများ ထွက်ပေါ်နေသည်ကို ကြားလိုက်ရသည်။
တစ်စုံတစ်ခုကို အားပေးချီးမြှောက်နေသည့် အသံများ ဖြစ်ဟန်တူ၏။
"မှော်ဝင်တိမ်တိုက်တောင်ကိုသွားကြတဲ့ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေ ပြန်လာကြတာလားမသိဘူး…"
ကျန်းလန်တွေးလိုက်သည်။
ကျန်းလန် မတ်တတ်ရပ်လိုက်ပြီး အခြေအနေလေ့လာရန် မရဏဂူအပြင်ဘက်သို့ ထွက်လိုက်သည်။
လွန်ခဲ့သည့် (၂) လအတွင်း သူ ကျင့်ကြံရမည့် မန္တန်များ ၊ ကျင့်စဉ်များနှင့် အကျွမ်းဝင်အောင် ကျင့်ကြံခဲ့ ပြီးဖြစ်သည်။
နွားရိုင်းကိုးကောင်စွမ်းအားသည်လည်း နွားရိုင်းရှစ်ကောင်စွမ်းအားအထိ အပြည့်အ၀ အသုံးပြုနိုင်နေပြီ ဖြစ်သည်။ သို့သော်… နောက်ဆုံးအဆင့်ဖြစ်သည့် နွားရိုင်းကိုးကောင်အဆင့်ကိုတော့ ဖြတ်ကျော်နိုင်ခြင်း မရှိသေးပေ။
ကောင်းကင်ဘုံသို့ ခြေလှမ်းကိုးလှမ်း ကျင့်စဉ်သည်လည်း ထို့အတူပင် ဖြစ်၏။
ထို့ပြင်… သူပိုင်ဆိုင်ထားသည့် မှော်ဝင်ပစ္စည်းများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနေနိုင်ပြီ ဖြစ်သည်။
အခြားသောမန္တန်များ ၊ ကျင့်စဉ်များကိုလည်း အမှားမရှိဘဲ ကောင်းမွန်စွာ ကျင့်ကြံနိုင်ခဲ့သည်။
သူက ဝိညာဉ်စကားမန္တန်ကိုလည်း ထပ်မံကျင့်ကြံထားသေးသည်။
နဝမတောင်ထွတ်၏ ခန်းမဆောင်ကို သန့်ရှင်းရေးလုပ်ခြင်း ၊ မြက်ပင် ပေါင်းပင်များ ရှင်းလင်းခြင်းတွင် ဝိညာဉ်စကားမန္တန်က အလွန်အသုံးဝင်သည် မဟုတ်ပါလား။
ဝိညာဉ်သားရဲဥလေးကတော့ ယခင်ကအတိုင်း တိတ်ဆိတ်ငြိမ်သက်လျှက်ပင်ရှိသည်။
သို့သော်… ဆရာဖြစ်သူ လက်ဆောင်ပေးထားသည့် ရေသဖန်းပင်လေးကတော့ မရဏဂူထဲတွင် အဆင်မပြေလှပေ။ သစ်ပင်လေးက တဖြည်းဖြည်း စွမ်းအားများလျော့နည်းလာခဲ့သည်။
ကျန်းလန် သစ်ပင်လေး နေရောင်ခြည်လိုအပ်သည်ဟု ယူဆကာ (၂)ရက်ခန့် နေပူထဲတွင် ထားခဲ့သည်။ သို့သော်… နေရောင်ခြည်နှင့်ထိတွေ့ပြီးမှ သစ်ပင်လေးက ပိုမိုအခြေအနေဆိုးရွားသွား၏။
ထိုသစ်ပင်လေးကို မည်သို့ ပြုစုပျိုးထောင်ရမည်ကို ကျန်းလန် မသိရှိတော့ပေ။
နောက် (၂)လလောက်ဆိုလျှင် ရေသဖန်းပင်လေး သေသွားတော့မည်ဟု ကျန်းလန် ခံစားနေရသည်။
ရေသဖန်းပင်လေးကို ပြုစုပျိုးထောင်ရသည်က သားရဲဥလေးကို ပြုစုပျိုးထောင်ရသည်ထက် ပိုမို ဒုက္ခရောက်ရသည်။
ထို့ကြောင့်… ဆရာဖြစ်သူထံမှ အကြံဉာဏ်တောင်းရန် စဉ်းစားလိုက်မိသည်။
အမှန်တော့… ကျန်းလန်က သိပ်ပြီး ဂရုစိုက်စရာမလိုသည့် သစ်ပင်များကိုသာ သဘောကျသူ ဖြစ်သည်။ သူ၏ သားရဲဥလေးဆိုလျှင် သူ့ကို မည်သည့်ဒုက္ခမှမပေးဘဲ အေးအေးဆေးဆေးပင် ရှိနေလေသည်။
သားရဲဥလေးထံမှ ထွက်ပေါ်နေသည့် အသက်ဓာတ်စွမ်းအားများက တစ်ခါတစ်ရံ အားနည်းသွားတတ်သော်လည်း သူ့ကို ဆက်လက်ရှင်သန်အောင် ပြုစုရသည်က ကျန်းလန်အတွက် အခက်အခဲ သိပ်မရှိပေ။
ကျန်းလန် မရဏဂူထဲမှထွက်လာခဲ့သည်။
နဝမတောင်ထွတ် ခန်းမဆောင်နားရောက်သည့်အခါတွင်တော့ ကောင်းကင်ထက်တွင် ပျံသန်းသွားသည့် မှော်ဝင်ယဉ်ပျံကြီးတစ်စီးကို မြင်လိုက်ရသည်။
ထိုမှော်ဝင်ယဉ်ပျံကြီးမှာ လွန်ခဲ့သည့် (၃)လခန့်က မှော်ဝင်တိမ်တိုက်တာင်သို့ ထွက်ခွာသွားသည့် မှော်ဝင်ယဉ်ပျံကြီး ဖြစ်၏။
မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ ပြီးဆုံးသွားပြီ ဖြစ်ဟန်တူသည်။
"ကြည့်ရတာ ဘာအန္တရယ်မှ ကြုံခဲ့ရတဲ့ပုံ မပေါ်ဘူး…"
မှော်ဝင်ယဉ်ပျံကြီး မည်သည့် ထိခိုက်မှုမှမရှိဘဲ အကောင်းပကတိအတိုင်း ရှိနေသည်ကိုကြည့်ရင်း ကျန်းလန်တွေးလိုက်သည်။
သူက အန္တရယ်ကိုရှောင်တိမ်းရန်အတွက် နဝမတာင်ထွတ်တွင် နေထိုင်ရန် ရွေးခြယ်ခဲ့သော်လည်း ပြဿနာက ခြေထောက်ပေါက်ပြီး ရောက်လာခဲ့သည်။
သူသာ… မှော်ဝင်တိမ်တိုက်တောင်သို့ လိုက်သွားခဲ့လျှင် မည်သည့်ပြဿနာမှ ကြုံတွေ့ရမည်မဟုတ်ဟု တွေးလိုက်မိသည်။
"အင်းလေ… လောကမှာ ဘယ်အရာမှ ကြိုတင်ခန့်မှန်းလို့ မှ မရနိုင်ဘဲ…"
ကျန်းလန် ခေါင်းတစ်ချက်ခါရမ်းရင်း တွေးလိုက်၏။
ထို့နောက်… ဆရာဖြစ်သူ နေထိုင်ရာ နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။
ကျန်းလန်က စိန်ခေါ်မှုများကို အရေးစိုက်သူမဟုတ်ပေ။ မည်သည့်စိန်ခေါ်မှုကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိသူ ဖြစ်သည်။
နဝမတောင်ထွတ်အတွက်ဆိုလျှင်တော့ သူက မဆုတ်မနစ်သောဇွဲဖြင့် ရင်ဆိုင်မည့်သူ ဖြစ်သည်။
သို့သော်… သူရဲဘောကြောင်ခြင်း မဟုတ်သည့်တိုင် သူက ပြင်ပလောကနှင့် ဆက်ဆံရသည်ကို သဘောမကျလှပေ။
မည်သို့ပင်ဖြစ်စေ… အခြေအနေနှင့်အချိန်အခါ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရန်က အဓိကပင် ဖြစ်၏။
"ဆရာ…"
နဝမတောင်ထွတ်အစွန်းသို့ ရောက်သည့်အခါ ကျန်းလန် ဆရာဖြစ်သူကို နှုတ်ဆက်လိုက်သည်။
"ကျန်းလန်… ဘာပြဿနာများရှိလို့ ရောက်လာတာလဲ…"
မော့ကျန်းသုန့်က ကျန်းလန်ကိုလှည့်ကြည့်ရင်း မေးလိုက်သည်။
"ဆရာ… ရေသဖန်းပင်လေးက အခြေအနေဆိုးနေပြီ… သေတော့မလားတောင် မသိဘူး…"
ကျန်းလန်စကားကြောင့် မော့ကျန်းသုန့် အံ့အားသင့်သွားသည်။
"ရေသဖန်းပင်လေး အခြေအနေဆိုးနေတယ်… ဟုတ်လား…"
ရေသဖန်းပင်ဆိုသည်က စိုက်ပျိုးရလွယ်ကူသည့် သစ်ပင်မျိုး မဟုတ်ဘူးလား…။
သူ ပြင်ပလောကသို့ သွားရောက်စဉ်က ထိုသစ်ပင်မျိုးကို အခြားသူများက လွယ်လွယ်ကူကူပင် စိုက်ပျိုးကြသည်ကို တွေ့မြင်ရသည်ပဲလေ…။
ကျန်းလန်က…
"ဟုတ်တယ် ဆရာ… ၊ ကြည့်ရတာ… ရေသဖန်းပင်လေးကို ပြုစုပျိုးထောင်ပေးဖို့ တစ်ခုခုများလိုအပ်နေလား မသိဘူး…"
သစ်ပင်တစ်ပင် ကြီးထွားရန်အတွက် မတူညီသည့် မြေဆီလွှာ သို့မဟုတ် အပူအချိန်များလိုအပ်သည်။
ရေသဖန်းပင်လေးသည်လည်း တစ်စုံတစ်ခု လိုအပ်နေခြင်း ဖြစ်ဟန်တူသည်။
မော့ကျန်းသုန့်က…
"သစ်ပင်ယူလာတဲ့နေရာက လူတွေကို သွားမေးကြည့်မှ ရမယ်ထင်တယ်… ၊ မင်း ခဏစောင့်… နောက်ရက်နည်းနည်းလောက်ဆို ဆရာ သူတို့ကို သွားမေးကြည့်ပေးမယ်… ၊ ပြီးရင် မင်းကို အကြောင်းစုံ ပြန်ပြောပြမယ်…"
ယခင်ကလို အခြေအနေမျိုး ထပ်မံကြုံတွေ့ရသောကြောင့် မော့ကျန်းသုန့် စိတ်ညစ်သွားမိသည်။
သူ ကျန်းလန်ကို သားရဲဥလေး လက်ဆောင်ပေးခဲ့သည်။ သို့သော်… ထိုသားရဲဥလေးက အကောင်ပေါက်မလာခဲ့ပေ။
ကျန်းလန်က ထိုသားရဲဥလေးကို သဘောကျနေသောကြောင့်သာ မော့ကျန်းသုန့် စိတ်သက်သာရာ ရခဲ့သည်။
ယခု… ရေသဖန်းပင်လေးကလည်း မရှင်သန်နိုင်သည့်အဖြစ်သို့ ရောက်ရပြန်လေပြီ…။
သူ… တပည့်ဖြစ်သူကို လက်ဆောင်ပေးလိုက်တိုင်း အဘယ့်ကြောင့် တစ်ခုခု မှားယွင်းနေရပါသနည်း။
မော့ကျန်းသုန့်က…
"ဒါနဲ့… စကားမစပ်… မှော်ဝင်တိမ်တိုက်တောင်က ပြန်လာတဲ့တပည့်တွေ မှော်ဝင်ပစ္စည်းကောင်းတွေ အတော်များများ ရလာကြတယ်ကွ… ၊ သူတို့ မင်းကိုလည်း နဝမတောင်ထွတ်ရဲ့ ဝေစုအဖြစ်နဲ့ မှော်ဝင်ပစ္စည်းအချို့ ခွဲဝေပေးကြလိမ့်မယ်… ၊ နောက်ရက်ဆိုရင်… မင်းဆီပို့ပေးကြလိမ့်မယ်ထင်တယ်… ၊ အဲဒီပစ္စည်းတွေ ယူထားဖို့ မမေ့နဲ့နော်…"
ကျန်းလန် ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်ကဲ့… ဆရာ…"
မှော်ဝင်တိမ်တိုက်တောင်သို့သွားသည့်တပည့်များ မှော်ဝင်ပစ္စည်းကောင်းများရလာသည်ဆိုသည့် အဓိပ္ပါယ်မှာ တိုက်ပွဲတစ်ပွဲ ဆင်နွှဲခဲ့ကြသည်ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။
ထိုအခါမှ… မှော်ဝင်တိမ်တိုက်တောင်သို့ လိုက်မသွားခဲ့မိသည့်အတွက် ကျန်းလန် စိတ်သက်သာရာ ရသွားတော့သည်။
တိုက်ပွဲဆိုလေတိုင်း အားနည်းသည့် ကျင့်ကြံသူများက အမြဲတမ်း ခံရစမြဲ ဖြစ်သည်။
သူသာ မှော်ဝင်တိမ်တိုက်တောင်သို့ လိုက်ပါသွားခဲ့လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်က အားလုံးထဲတွင် အနိမ့်ဆုံး ဖြစ်ပေလိမ့်မည်။ သူက… အများအမြင်တွင် ရွှေပြဒါးအမြုတေအဆင့် ၊ နောက်ဆုံးအဆင့် ဖြစ်သည် မဟုတ်ပါလား။
သို့သော်… ကျန်းလန်နှင့်အတူ ခွန်လွန်တောင်သို့ တစ်နေ့တည်းဝင်ရောက်ကြသူများတွင် သူက ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံး ရောက်ရှိနေသူ ဖြစ်သည်။
ထို့ကြောင့်… သူ့အနေဖြင့် မူလဝိညာဉ်အဆင့်သို့ လျှင်လျှင်မြန်မြန် အဆင့်တက်ရန် မသင့်တော်သေးပေ။
ဆရာဖြစ်သူထံမှ သူသိချင်သည့်အရာများနှင့် သတင်းစကားများ သိခဲ့ရပြီးနောက် ကျန်းလန် မရဏဂူသို့ ပြန်လာပြီး ဆက်လက်ကျင့်ကြံနေလိုက်တော့၏။
……………
ပထမတောင်ထွတ် ခန်းမဆောင်…
ခန်းမထဲတွင် သက်လတ်ပိုင်း လူရွယ် (၂)ယောက် ရှိနေလေသည်။
တစ်ယောက်က ခန်းမဆောင်ပြတင်းတံခါးမှတစ်ဆင့် တောင်အစွန်းသို့ လှမ်းမျှော်ကြည့်ရှုနေသည်။
နောက်တစ်ယောက်ကတော့ ထိုင်ခုံတွင်ထိုင်နေပြီး ကျောက်စားပွဲလေးထက်မှ လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ငှဲ့သောက်နေ၏။
သူတို့ (၂)ယောက်ကို မည်သူမှ မနှောက်ယှက်ရဲကြပေ။
"ခင်ဗျားပြောတာ… ကျုပ်တို့ မှော်ဝင်တိမ်တိုက်တောင်ကို ထွက်သွားတာနဲ့ နတ်လူသားမျိုးနွယ်တွေက ကျောက်စိမ်းရေကန်နတ်ဘုရားမကို စိန်ခေါ်ဖို့ ရောက်လာတယ်… ဟုတ်လား…"
မေးခွန်းကိုမေးလိုက်သူက ပြတင်းတံခါးမှတစ်ဆင့် တောင်အစွန်းကို ငေးကြည့်နေသူ ဖြစ်သည်။
ထိုသူက မှောင်ဝင်တိမ်တိုက်တောင် ခရီးစဉ်ကို ဦးဆောင်သွားသည့် ကျိုးကျုန်းထျန်း ဖြစ်၏။ သူက အဋ္ဌမတောင်ထွတ်၏ တောင်သခင်လည်း ဖြစ်လေသည်။
ဖုန်းယီရှောက်က လက်ဖက်ရည်ကြမ်းတစ်ငုံကို သောက်လိုက်ရင်း အေးဆေးသည့်လေသံဖြင့်…
"နတ်လူသားမျိုးနွယ်တွေက ဘယ်အချိန် အငိုက်ဖမ်းပြီး လာရမလဲဆိုတာ သိတယ်လေ…"
"ခင်ဗျားတို့က စိန်ခေါ်ပွဲကို ဘာလို့ သဘောတူလိုက်ရတာလဲ…"
ကျိုးကျုန်းထျန်းက နတ်လူသားမျိုးနွယ်များ၏ ဆီလျော်မှုမရှိသည့် စိန်ခေါ်မှုကို ခွန်လွန်တောင်အနေဖြင့် အရေးစိုက်စရာမလိုဟု ခံယူထားသည်။
ဖုန်းယီရှောက်က သူ့အမေးကို အဖြေမပေးဘဲ ကျောက်စိမ်းအပိုင်းအစလေးတစ်ခုကို ထုတ်ယူကာ ကျိုးကျုန်းထျန်းထံသို့ ပစ်ပေးလိုက်သည်။
ထိုအရာက မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးတစ်ခု ဖြစ်၏။
ကျိုးကျုန်းထျန်းက ထိုမှော်ဝင်ပစ္စည်းလေးကို တစ်ချက်ကြည့်လိုက်ပြီး ခွန်လွန်ဂိုဏ်းချုပ်နှင့် နတ်လူသားမျိုးနွယ်များကြားမှ သဘောတူညီချက်ကို ချက်ချင်းပင် သိရှိနားလည်သွားသည်။
နတ်လူသားမျိုးနွယ်များက ခွန်လွန်ဂိုဏ်းချုပ် သူတို့ကိုပေးထားသည့် လက်မှတ်ကို ထုတ်ပြသည့်အခါ သူတို့၏တောင်းဆိုချက်များကို ခွန်လွန်တောင်က မငြင်းဆန်နိုင်ခဲ့ပေ။
သူတို့၏ စိန်ခေါ်ခြင်းကို ငြင်းဆိုနိုင်သူမှာ ဂိုဏ်းချုပ်တစ်ယောက်သာ ရှိသည်။
သို့သော်… ဂိုဏ်းချုပ်က တံခါးပိတ်ကျင့်ကြံခြင်း ပြုလုပ်နေသည်မှာ နှစ်ပေါင်းရာနှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်ထိ ပြန်ထွက်လာခြင်း မရှိသေးပေ။
ထို့ကြောင့်… တောင်သခင်များက မည်သို့မှ မတတ်သာဘဲ နတ်လူသားမျိုးနွယ်များ၏ စိန်ခေါ်မှုကို သဘောတူခဲ့ရခြင်း ဖြစ်၏။
ကျိုးကျုန်းထျန်းက…
"ဒါဖြင့်… သူတို့က (၃)ရက်အတွင်း တောင်ထွတ် (၈)ခုက တပည့်တွေကို အနိုင်ယူခဲ့တာပေါ့… ဟုတ်လား…"
ဖုန်းယီရှောက်က အေးဆေးစွာဖြင့် လက်ဖက်ရည်တစ်ငုံသောက်လိုက်ရင်း…
"ဒါပေါ့ဗျာ… မီးကင်ထားတဲ့ ဓားနဲ့ ထောပတ်တုံးကို လှီးဖြတ်လိုက်သလိုပေါ့…"
ကျိုးကျုန်းထျန်းက…
"နဝမတောင်ထွတ်က တပည့်ကို ရှုံးနိမ့်မယ်လို့တော့ ဒီကောင်တွေ ထင်ထားမှာမဟုတ်ဘူး… ၊ ဒါနဲ့ အဲဒီကောင်တွေ ပြန်သွားကြပြီလား…"
ဖုန်းယီရှောက်က သူ့လက်ထဲမှ လက်ဖက်ရည်ကြမ်းပန်းကန်ကို အသာချလိုက်ပြီး ကျိုးကျုန်းထျန်းကို လှမ်းကြည့်လိုက်သည်။
"မြောက်ရှိုးတစ်ယောက်ကတော့ ဘယ်ပျောက်သွားမှန်း မသိဘူး ၊ ဒါပေမဲ့ ကျန်တဲ့ အင်မော်တယ် (၃)ယောက်ကတော့ အပြန်လမ်းမှာ အမှုန့်ချေခံလိုက်ရတာ အရိုးအသားတောင် ရှာမတွေ့ဘဲ သေကုန်ကြပြီ…"
ကျိုးကျုန်းထျန်း အနည်းငယ် အံ့အားသင့်သွားသည်။
သို့သော်… မကြာမီ အခြေအနေကို သဘောပေါက်သွား၏။
ဖုန်းယီရှောက်က လက်ဖက်ရည်ကြမ်းပန်းကန်ကို ပြန်ကိုင်လိုက်ရင်း…
"နဝမတောင်ထွတ်က တပည့်က အချို့ကိစ္စတွေမှာ အတော်လေး ထူးချွန်လွန်းတယ် ၊ ဒီတော့ သူ့ကို ရှင်းပစ်ချင်တဲ့သူတွေ ရှိလိမ့်မယ်… ဒါ သဘာဝပဲလေ…"