မင်းတော့ ဒုက္ခရောက်ပြီ
Vol. 63 Ch. 979
နင်ယန်၊ ဝူကျန်းဝူနှင့် ခေါင်းဆောင်သည် ဆေးဆိုင်၏ တည်နေရာအတိအကျကို မသိထားကြပေ။ ဤအခိုက်အတန့်မှာ သူတို့အားလုံးသည် ပြိုကျပျက်စီးနေသော မြို့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ရွှီချင်းသည် နေလုံးထဲမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ မြို့ထဲသို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။ သူက ဆေးဆိုင်၏ မူလတည်နေရာဘေးတွင် အရုပ်ဆိုးသော အမူအရာဖြင့် ရပ်လိုက်သည်။
ဤနေရာတွင် အချိန်အတော်ကြာရှိနေခဲ့သော ဆေးဆိုင်သည် ယခု အပျက်အစီးပုံသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဘေးပတ်ဝန်းကျင်သည် ဖရိုဖရဲဖြစ်နေပြီး သစ်သားအပိုင်းအစများကို မြေပြင်ပေါ်မှ နေရာတိုင်းမှာ မြင်တွေ့နိုင်သည်။
လင်းအာသည်လည်း ရွှီချင်း၏ ဘေးတွင် ထွက်ပေါ်လာသည်။ သူက သူ့အရှေ့မှ ဆေးဆိုင်ကို ကြည့်လိုက်ပြီးနောက် ဆွံ့အသွားသည်။
ခေါင်းဆောင်နှင့် တခြားလူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။ အပျက်အစီးပုံကို ကြည့်နေရင်း ခေါင်းဆောင်သည် ချောင်းဟန့်လိုက်သည်။
“ ချင်းလေး… ငါတို့နေရာမှားပြီး ရောက်လာတာလား… ဒီနေရာမှာ ဆေးဆိုင်မရှိပါဘူး ”
ခေါင်းဆောင်သည် စကားဆုံးအောင် ပြောပြီးနောက် အရှေ့သို့ လျှောက်သွားပြီး မြေပြင်ပေါ်မှ သစ်သားအပိုင်းအစတစ်ခုကို ကောက်ယူရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ချင်းလေး… ဒီနေရာမှာ ဆေးဆိုင်တစ်ကယ်ပဲ ရှိတယ်… အယ်… ဒီစာလုံးကို ကြည့်စမ်း… အစိမ်းရောင်လို့ ရေးထားတယ် ”
ခေါင်းဆောင်သည် အံ့အားသင့်စွာ ပြောသည်။
ရွှီချင်း၏ အမူအရာသည် အရုပ်ဆိုးလာသည်။
နင်ယန်သည် မျက်တောင်ခတ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ဆရာ… ငါတကယ် စိတ်မကောင်းပါဘူး… ”
အေးတိအေးစက် အလင်းတန်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဝူကျန်းဝူသည်တော့ ဤအခွင့်အရေးကို လုံးဝလက်လွှတ်မခံမည်မှာ ရှင်းလင်းသည်။ သူက သက်ပြင်းရှည်ကြီးချလိုက်သည်။
“ လှပါတယ်ဆိုတဲ့ ပင်လယ်ကြီးက မိလ္လာကန်အဖြစ် ပြောင်းလဲသွားတယ်… ဝမ်းနည်းစရာပဲ… အနီရောင်ပန်းပွင့်တွေကလည်း ခွေးချေးအဖြစ် ပြောင်းကုန်ပါလား… တကယ်လို့ မင်းမယုံရင် အရှေ့ကို… ”
ဝူကျန်းဝူက သူ၏ ကဗျာကို ပြီးဆုံးအောင် မပြောနိုင်ခင်မှာ ကြက်တူရွေးလေးသည် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ ကောင်းကင်ဘုံက လူတိုင်းအပေါ် သနားကြင်နာတာပဲ ”
ရွှီချင်းသည် ကြက်တူရွေးလေးကို စိုက်ကြည့်လိုက်စဉ် အေးတိအေးစက် အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ ထိုအခိုက်အတန့်မှာ လင်းအာသည် အခြေအနေကို နားလည်သွားသည်။ သူ၏ မျက်နှာသေးသေးလေးမှာ ဒေါသဖြင့် ပြည့်နှက်သွားသည်။ ဤဆေးဆိုင်သည် သူ၏ အိမ်ဖြစ်သည်။ ယခု သူ၏ အိမ်က ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
အရိပ်လေးသည် လင်းအာ၏ ဒေါသကို အာရုံခံမိသည်။ သို့ဖြစ်၍ ၎င်းသည်လည်း ဒေါသထွက်သော စိတ်ခံစားချက်ကို ထုတ်လွှတ်လိုက်သည်။
ကျင်းကန်းဂိုဏ်းဘိုးဘေးက ပျံသန်းထွက်လာပြီး နတ်ငါးအရိုးဆူးချွန်သည် တဝီဝီမြည်သံကို ထုတ်လွှတ်လာသည်။
“ သခင်… သခင်မ… ကျွန်တော့်ကို အမိန့်သာ ပေးလိုက်ပါ… နောက်ကွယ်က ပါဝင်ပတ်သက်တဲ့လူတိုင်းကို ကျွန်တော်သုတ်သင်ပစ်ပါ့မယ် ”
“ ဟုတ်တယ်… ဘယ်လိုကောင်က အတင့်ရဲလို့ အခုလိုလုပ်ရဲတာလဲ ”
လီယိုဖေးသည် နောက်ကောက်ကျန်ရန် ဆန္ဒမရှိပေ။ သူက ချက်ချင်း အရှေ့ထွက်လာပြီး ဒေါသထွက်စွာ ပြောသည်။
မည်သို့ဖြစ်ပါစေ ဘဝကံကြမ္မာဆိုးတောင်တန်းသည် သူ၏ မွေးရပ်မြေဖြစ်သည်။ ဆရာသခင်၏ ဆေးဆိုင်သည် ဤနေရာမှာ တကယ်ကြီး ဖျက်ဆီးခံလိုက်ရသည်။ ဆရာသခင်အတွက် သူရပ်တည်ပေးသင့်ဟု ခံစားမိသည်။ ဤကိစ္စကို မည်သူက လုပ်သည်ဖြစ်ပါစေ သူ၏ သဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ပြထားရမည်။
ဤအခိုက်အတန့်မှာ ရွှီချင်းတို့အုပ်စု ရောက်ရှိလာသည်ကို မြို့ထဲမှာ အလုပ်များနေကြသော မီးခိုးရောင်ဝတ်ရုံဝတ် ကျင့်ကြံသူများက သတိထားမိသွားကြသည်။ သူတို့က ရန်လိုသော အကြည့်ဖြင့် ရွှီချင်းတို့အုပ်စုကို ဝိုင်းထားလိုက်ကြသည်။
သို့သော်လည်း သူတို့က အနားမကပ်နိုင်ခင် သက်တံ့တစ်ခုသည် အဝေးမှ ရုတ်တရက် ပျံသန်းလာသည်။ ထိုသက်တံ့သည် မြို့ထဲမှ မီးခိုးရောင်ဝတ်ရုံဝတ် ကျင့်ကြံသူများကို လျစ်လျူရှုထားလျက် ရွှီချင်း၏ အရှေ့သို့ ရောက်ရှိလာပြီး ပုံရိပ်တစ်ခုသို့ ပြောင်းလဲသွားသည်။ ထိုသူသည် မြေကမ္ဘာဂိုဏ်းမှ ချန်းဖန်ကျိုးဖြစ်သည်။
ဆေးဆိုင်ပျက်စီးသွားသည့်အချိန်မှစ၍ သူသည် ဤနေရာကို အထူးအာရုံစိုက်ခဲ့သည်။ သို့ဖြစ်၍ သူက ဝမ်းနည်းစိတ်မကောင်းသော အမူအရာဖြင့် ချက်ချင်း ပျံသန်းလာပြီး ရွှီချင်းကို လေးနက်စွာ အရိုအသေပေးလိုက်သည်။
“ ဆရာသခင်… အဲ့ဒါ ကျွန်တော် အသုံးမကျလို့ပါ… ကျွန်တော် ဆရာသခင်ရဲ့ ဆေးဆိုင်ကို မကာကွယ်ပေးနိုင်ခဲ့ဘူး ”
ရွှီချင်းသည် အမူအရာကင်းမဲ့သော အမူအရာဖြင့် ချန်းဖန်ကျိုးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ဘယ်သူလဲ ”
“ အဲ့ဒါက ပြင်ပအင်အားစုပါ… သူတို့က ဒီနေရာကို အပိုင်သိမ်းပြီး အားလုံးကို မောင်းထုတ်ပစ်ခဲ့ပါတယ်… သူတို့က ဒီနေရာမှာ ဂိုဏ်းတစ်ခု တည်ထောင်ချင်နေပါတယ်… အဖွဲ့ခေါင်းဆောင်က လူပုလေးဖြစ်ပြီး သူ့ကိုယ်သူ တာအိုပညာရှင်မူလို့ ခေါ်ပါတယ် ”
ချန်းဖန်ကျိုးက အလျင်စလို ပြောသည်။ သို့သော်လည်း သူက ဆက်ပြောတော့မည့်အချိန် လီယီုဖေး၏ မျက်လုံးသည် ရုတ်တရက် ပြူးကျယ်လာသည်။
ချက်ချင်းဆိုသလို မိုးကြိုးတစ်သိန်းက သူ၏ စိတ်ထဲမှာ ပေါက်ကွဲသွားသည့်အလား ခံစားမိသွားသည်။ သူက ရုတ်ချည်း ချန်းဖန်ကျိုး၏ အရှေ့သို့ ပြေးသွားပြီး အလျင်စလို မေးသည်။
“ မင်းပြောတဲ့လူက တာအိုပညာရှင်မူလို့ခေါ်တဲ့ လူပုလေးဆိုတာ သေချာလား ”
ချန်းဖန်ကျိုးသည် ထိတ်လန့်သွားပြီး အမြန်ခေါင်းညိတ်လိုက်သည်။
သူ၏ အဖြေက မိုးကြိုးတစ်သိန်းထက် ကျော်လွန်သွားစေသည်။ ဤသည်မှာ မိုးကြိုးတစ်သန်းက တစ်ချိန်တည်းမှာ ပေါက်ကွဲသွားသည့်အလားပင်။
လီယိုဖေးသည် တုန်ယင်လာပြီး စိတ်ထဲမှာ ညည်းညူလိုက်သည်။ သူက အနောက်လှည့်လိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ဘုတ်ခနဲ ဒူးထောက်ချလိုက်သည်။
“ ဆရာသခင်… နားလည်မှုလွဲတာပါ… အဲ့ဒါက သေချာပေါက် နားလည်မှုလွဲတာပါ… ”
“ အဲ့ဒီတာအိုပညာရှင်မူက ငါ့ရဲ့ အမည်ခံတပည့်ပါ… ဒီကိစ္စကို ငါကိုင်တွယ်လိုက်ပါ့မယ်… ငါ အခုချက်ချင်း ကိုင်တွယ်လိုက်ပါ့မယ် ”
လီယိုဖေးသည် တုန်လှုပ်ချောက်ချားသွားသည်။ သူ၏ အမည်ခံတပည့်က ဤကဲ့သို့ ကဒ်ဘေးကြီးကို ဖိတ်ခေါ်လိုက်သည်ဟု တွေးမိသွားသောအခါ သူ၏ နှလုံးသားသည် အပြင်းအထန် တုန်ခါလာသည်။ သူက တစ်ဖက်လူကို အမြန်ရှာပြီး သေသည်အထိ ရိုက်သတ်ပစ်ချင်လာသည်။
ရွှီချင်းသည် အမူအရာကင်းမဲ့စွာဖြင့် လီယိုဖေးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ထိုအကြည့်သည် ဤကာလအတောအတွင်း တစ်ဖက်လူပြုလုပ်ခဲ့သော အလောင်းများ ခွဲခြမ်းစိတ်ဖြာခြင်းကို သူ့အား ပြန်အမှတ်ရသွားစေသည်။ သူက အဖိုးအိုကို အမှတ်မထင် ကြည့်လိုက်သည်။
သူက တုန်ယင်လာပြီး ကျယ်လောင်စွာ ပြောသည်။
“ ဆရာသခင်… အဲ့ဒီကိစ္စကို ငါ အခုချက်ချင်း ဆောင်ရွက်လိုက်ပါ့မယ် ”
သူက စကားပြောပြီးနောက် နတ်ဘုရားအသိစိတ်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သူက တည်နေရာကို မှတ်သားပြီးနောက် ချက်ချင်း ပျံသန်းသွားသည်။ သူက မထွက်သွားခင် သူ၏ ဝိညာဉ်နတ်သူငယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ မီးခိုးရောင်ဝတ်ရုံဝတ် တပည့်များကို အော်ပြောလိုက်သည်။
“ ငါက မင်းတို့ဂိုဏ်းခေါင်းဆောင်ရဲ့ ဆရာပဲ… မင်းတို့အားလုံး အနောက်ပြန်ဆုတ်ကြစမ်း… တကယ်လို့ မင်းတို့ အရှေ့ကို ခြေတစ်လှမ်းတိုးရဲရင် နောက်ကျရင် ငါလာသတ်ပစ်မယ် ”
သူ၏ စကားနှင့် ဝိညာဉ်နတ်သူငယ်အဆင့် အရှိန်အဝါသည် ကြီးမားသော ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေပြီး သူတို့သည် အရှေ့သို့ ခြေတစ်လှမ်း မရွှေ့ဝံ့ကြတော့ပေ။
လီယိုဖေးသည် အစွမ်းကုန်သုံး၍ သူ၏ နတ်ဘုရားအသိစိတ်က သတ်မှတ်ထားသော နေရာဆီသို့ ဦးတည်ပျံသန်းသွားသည်။ သူက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
‘ ခွေးကောင်… တပည့်မိုက်… မင်းက ဘယ်လောက်သတ္တိကောင်းနေလို့ ဒီကြောက်စရာကောင်းတဲ့ ဆေးဆိုင်ကိုမှ သွားဖျက်ဆီးရတာလဲ ’
သူက ကျိန်ဆဲနေသော်လည်း ဤတပည့်ကို အလွန်တန်ဖိုးထားဆဲပင်။ သို့သော်လည်း သူ့မှာ ရန်သူအများအပြားရှိနေသဖြင့် သူ၏ သရုပ်အစစ်အမှန်ကို တစ်ဖက်လူအား မပြောပြခဲ့ပေ။
သို့သော်လည်း တစ်ဖက်လူက သေတော့မည်ကို သူက မကြည့်ရက်ပေ။ ထို့ကြောင့် သူက အလျင်ကုန်သုံး၍ တာအိုပညာရှင်မူ၏ ယာယီဂိုဏ်းစခန်းထဲသို့ ဝင်ရောက်သွားသည်။
သူက တပည့်ဖြစ်သူ၏ အရှိန်အဝါရှိသော အိမ်ထဲသို့ အတင်းအဓမ္မ ပျံသန်းသွားသည်။
အိမ်ထဲတွင် တာအိုပညာရှင်မူသည် ဝတ်ရုံနက်အဖိုးအို၏ အရှေ့တွင် ရိုသေလေးစားစွာ ဒူးထောက်နေသည်။ သူက ခေါင်းငုံ့ထားလျက် ဆရာအသစ်၏ သင်ကြားပြသမှုကို နားထောင်နေသည်။
“ တာအိုပညာရှင်မူ… မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အဆင်ပြေပေမယ့် မင်းရဲ့ ကျင့်ကြံခြင်းအတတ်ပညာက မသန့်စင်ဘူး… တကယ်လို့ မင်းက ငါ့မန္တန်တွေကို ကျင့်ကြံချင်တယ်ဆိုရင် အရင်က မင်းသင်ထားခဲ့တဲ့ အစုတ်အပြတ်တွေကို စွန့်လွှတ်ရလိမ့်မယ် ”
“ မင်းရဲ့ ပင်ကိုယ်ပါရမီက မဆိုးပါဘူး… ဒါပေမဲ့ မင်းက လူညံ့ကို ဆရာအဖြစ် သတ်မှတ်ခဲ့တာ ကံဆိုးတာပဲ… ဒါကြောင့် ဒီနှစ်တွေမှာ မင်းရဲ့ ကျင့်ကြံခြင်းက တိုးတတ်မလာတာ ”
ဝတ်ရုံနက်အဖိုးအိုသည် တည်ငြိမ်စွာ ပြောသည်။ လောဘအရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ဖျတ်ခနဲ ထွက်ပေါ်လာသည်ကိုတော့ တာအိုပညာရှင်မူ မမြင်လိုက်ပေ။ သူက တာအိုပညာရှင်မူကို တခြားရည်ရွယ်ချက်ကြောင့် တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။ သူက ဆက်လက် စကားပြောတော့မည့်အချိန် သူ၏ နှလုံးသည် တုန်လှုပ်လာသည်။ သူက ခေါင်းမော့လိုက်ပြီး အပြင်ကို ကြည့်လိုက်လေရာ မျက်မှောင်ကြုတ်သွားသည်။
ဤသည်ကို တာအိုပညာရှင်မူ ကြားသောအခါ သူက ပိုပြီးရိုသေလေးစားလာပြီး တိုးညင်းစွာ ပြောသည်။
“ ဒီတပည့်က အရင်က တုံးအခဲ့ပါတယ်… တစ်တောင်ထက် ပိုမြင့်တဲ့တောင် ရှိတယ်ဆိုတာကို မသိဘဲ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်… ”
သူ၏ စကားဆုံးသည်နှင့် ရင်းနှီးသော အသံသည် အိမ်အပြင်ဘက်မှ ပျံ့လွင့်လာသည်။
“ တာအိုပညာရှင်မူ… ဒီကို ထွက်လာခဲ့စမ်း ”
တာအိုပညာရှင်မူသည် မျက်လုံးပြူးကျယ်သွားပြီး တစ်ခဏကြာ ဆွံ့အသွားသည်။ သူက အနောက်လှည့်လိုက်စဉ် အိမ်တံခါးသည် အပြင်ဘက်မှ အတင်းအဓမ္မ ရိုက်ချိုးဖွင့်မှုကြောင့် ဝုန်းခနဲ ကျိုးပဲ့သွားသည်။ ထို့နောက် လီယိုဖေး၏ ပုံရိပ်က ထွက်ပေါ်လာသည်။
လီယိုဖေးကို မြင်လိုက်သည်နှင့်ချက်ချင်း တစ်ဖက်လူ၏ အသွင်ပုံစံကို သူမရင်းနှီးသော်လည်း ထိုသူ၏ အကြည့်၊ အသံနှင့် စွမ်းအင်အတတ်အကျလှိုင်းများကြောင့် တစ်ဖက်လူသည် လျှို့ဝှက်ဆန်းကြယ်သော သူ့ဆရာဖြစ်ကြောင်း တာအိုပညာရှင်မူ ချက်ချင်း မှတ်မိသွားသည်။
ယင်းက သူ့ကို ဇဝေဇဝါဖြစ်သွားစေသည်။ သူက စကားပြောတော့မည့်အချိန် လီယိုဖေးသည် အရှေ့သို့ ပြေးလာပြီး သူ့ကို အဝေးသို့ ခေါ်ဆောင်သွားရန် ဂုတ်ကို ကိုင်ဆွဲလိုက်သည်။
“ အယုတ်တမာကောင်… မြန်မြန် ငါ့နောက်လိုက်ပြီး ဆရာသခင်ကို တောင်းပန်စမ်း… ဒါမှသာ မင်းအသက်ရှင်ဖို့ အခွင့်အရေးရှိမှာ ”
သူ၏ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံခြင်းကြောင့် အေးစက်စက် စကားသံသည် မိုးခြိမ်းသံသဖွယ် ထွက်ပေါ်လာသည်။ လီယိုဖေး၏ ခန္ဓာကိုယ်သည် ရပ်တန့်သွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သွေးသည် သူ၏ ပါးစပ်ထဲမှ စီးကျလာသည်။ သူက ဝတ်ရုံနက်အဖိုးအိုကို စိုက်ကြည့်လိုက်သည်။
“ ဆရာသခင်မဟူရာမျက်လုံး ”
“ လီယိုဖေး… ဒီတော့ ဒီတာအိုပညာရှင်မူက မင်းရဲ့ အရင်တပည့်ပေါ့… ဒါပေမဲ့ သူ့ကို ငါ့တပည့်အဖြစ် လက်ခံပြီးပြီ… မင်းနဲ့သူ့ကြားမှာ ဘာဆက်ဆံရေးမှ မရှိတော့ဘူး ”
ဆရာသခင်မဟူရာမျက်လုံးက တည်ငြိမ်စွာ ပြောသည်။
လီယိုဖေးသည် သူ့တပည့်က ဘက်ပြောင်းသွားကြောင်း သဘောပေါက်သွားသည်။ သူက ခေါင်းညိတ်လိုက်ပြီး တာအိုပညာရှင်မူကို ကြည့်လိုက်သည်။
“ မင်းရဲ့ ရှင်းပြချက်ကို ပြောပါ ”
တာအိုပညာရှင်မူသည် တုံ့ဆိုင်းသွားပြီး လီယိုဖေးကို လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
“ စီနီယာ…”
“ ကောင်းပြီ… ငါနားလည်ပြီ ”
လီယိုဖေးသည် တာအိုပညာရှင်မူ၏ စကားကို ကြားဖြတ်ပြောလိုက်သည်။ အကယ်၍ အတိတ်တုန်းကဆိုလျှင် သူက ဒေါသထွက်ကောင်း ထွက်လိမ့်မည်။ သို့သော် ယခု သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“ ကောင်းပြီ… အဲ့ဒါကို မင်းပါးစပ်ကနေ ပြောတာပဲ… မင်းနဲ့ ငါက ဘာမှမသက်ဆိုင်တော့ဘူး… အခုကစပြီး မင်းက ငါ့တပည့်မဟုတ်တော့ဘူး… ဒါပေမဲ့ တာအိုပညာရှင်မူ… မင်းက တစ်ခါက ငါ့တပည့်ဖြစ်ခဲ့ဖူးတာကို ထောက်ထားပြီး သတိပေးလိုက်မယ်… မင်းတော့ ဒုက္ခအကြီးကြီးရောက်ပြီ ”
လီယီုဖေးသည် ခေါင်းခါလိုက်သည်။ သူ၏ စကားဆုံးသည်နှင့် ခြေသံများသည် အိမ်အပြင်ဘက်မှ ထွက်ပေါ်လာပြီး အော်ဟစ်သံများက ပဲ့တင်ထပ်သွားသည်။ ရွှီချင်းနှင့် တခြားလူများသည် အပြင်ဘက်မှာ ရောက်ရှိနေကြပြီဖြစ်ပြီး အိမ်ထဲသို့ လျှောက်ဝင်လာကြသည်။
ထိုမြင်ကွင်းသည် တာအိုပညာရှင်မူကို နှလုံးတုန်သွားစေသည်။ ဆရာသခင်မဟူရာမျက်လုံး၏ အကြည့်သည် အပြင်ဘက်သို့ ရောက်ရှိသွားပြီး ရွှီချင်းနှင့် တခြားလူများထံသို့ ကျရောက်သွားသည်။ သို့သော်လည်း သူ၏ အမူအရာသည် နည်းနည်းမှ ပြောင်းလဲသွားခြင်းမရှိပေ။ သူက ဖြည်းညင်းစွာ ပြောသည်။
“ ဝိညာဉ်နတ်သူငယ်အဆင့် ကောင်လေးတွေကများ ဆရာကြီးပုံစံ ဟန်ဆောင်ရဲကြတယ် ”
“ တာအိုပညာရှင်မူ… ငါမင်းကို စောစောက သင်ပေးခဲ့တဲ့ အတတ်ပညာကို လက်တွေ့တိုက်ပွဲမှာ ဘယ်လိုအသုံးချရလဲဆိုတာ သေချာကြည့်ပါ ”
ထိုသို့ပြောပြီးနောက် ဆရာသခင်မဟူရာမျက်လုံးသည် တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်သည်။ သူက လက်နှစ်ဖက်ကို အနောက်ပို့လိုက်ပြီး အိမ်အပြင်သို့ လျှောက်သွားသည်။ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံခြင်းအရှိန်အဝါသည် ဤအခိုက်အတန့်မှာ ပေါ်လျှိုးထွက်လာသည်။ တစ်ချိန်တည်းမှာ လျှို့ဝှက်ရတနာသိုက်တစ်ခုသည် သူ၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။
လျှို့ဝှက်ရတနာသိုက်ထဲတွင် မီးတောင်ကြီးတစ်ခုရှိနေသည့်အလား ပမာဏများပြားသော မီးတောက်များကို မှုတ်ထုတ်လိုက်သည်။ ရတနာသိုက်ထဲတွင် ကောင်းကင်ဘုံတာအို၏ ဟိန်းသံသဲ့သဲ့လည်း ထွက်ပေါ်နေလေရာ ဘေပတ်ဝန်းကျင်မှ နိယာမများကို ပြောင်းလဲသွားစေသည်။ မရေမတွက်နိုင်သော ပုံရိပ်ယောင်အရိပ်များသည် ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။
ထိုပုံရိပ်ယောင်များသည် ရက်စက်ကြမ်းကြုတ်ပြီး တစ်ယောက်ပြီးတစ်ယောက် ဟိန်းဟောက်လိုက်ကြသည်။
သူ၏ အံ့မခန်းစွမ်းအားသည် လေနှင့် တိမ်တိုက်များကိုပင် လှုပ်ခါသွားစေသည်။
ထို့နောက် သူက နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရွှီချင်းနှင့် တခြားလူများ၏ အရှေ့မှာ ရပ်လိုက်သည်။ သူ့အနောက်မှ လျှို့ဝှက်ရတနာသိုက်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အနက်ရောင်မှော်သင်္ကေတတစ်ခုကို ဖွဲ့စည်းသွားသည်။
မှော်သင်္ကတေသည် တဖြည်းဖြည်း ကြီးထွားလာလေရာ ပေတစ်သောင်းအရွယ်အစားထိ ရောက်ရှိလာသည်။ ယင်းက ကောင်းကင်အသွင် ပြောင်းလဲသွားပြီး ရှိန်လောက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေလေရာ မြေပြင်နှင့် ကျောက်တုံးများသည် ပြိုကျပျက်စီးသွားကြသည်။
“ တပည့်… သေချာကြည့်ထားပါ… ဒါက စောစောက ငါမင်းကို သင်ပေးထားတဲ့ မဟာမိစ္ဆာချိပ်တံဆိပ်ပဲ ”
ဆရာသခင်မဟူရာမျက်လုံးသည် တည်ငြိမ်စွာ ပြောပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက အရှိန်အဝါသက်သက်ဖြင့် သူ့အရှေ့မှ ကြက်ကလေး ငှက်ကလေးများကို ဖိနှိပ်ချင်ဟန် ရသည်။
ထိုအခိုက်အတန့်မှာ ထူးဆန်းသော အကြည့်သည် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ နင်ယန်သည် ပြုံးလိုက်ပြီး ဝူကျန်းဝူသည် ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့လိုက်သည်။ ရွှီချင်းသည်တော့ အမူအရာကင်းမဲ့စွာ ရှိနေသည်။
သူတို့သည် မှော်သင်္ကေကို လျစ်လျူရှုထားကြသည်။ သူတို့အားလုံးသည် ဘေးသို့ လှည့်လိုက်ပြီး အိမ်ရှေ့စံမင်းသားကို အရိုအသေပေးလိုက်ကြသည်။
“ အဖိုး ”
အိမ်ရှေ့စံမင်းသားသည် ကြက်တူရွေးလေးကို စနောက်နေသည်။ သူက ယင်းကို ကြားသောအခါ ခေါင်းမော့လိုက်ပြီး ဆရာသခင်မဟူရာမျက်လုံးကို ကြည့်လိုက်သည်။
ယင်းက အကြည့်တစ်ချက်မျှသာ ဖြစ်သည်။
ဆရာသခင်မဟူရာမျက်လုံးသည် နှလုံးခုန်မြန်လာပြီး တိုက်ရိုက် ကျောက်ရုပ်ဖြစ်သွားသည်။ ထို့နောက် ဘုတ်ဟူသော မြည်သံဖြင့် မြေပြင်ပေါ် ပြုတ်ကျသွားသည်။ ကောင်းကင်ပေါ်မှ အနက်ရောင်ချိပ်တံဆိပ်သည် ပျောက်ကွယ်သွားပြီး လျှို့ဝှက်ရတနာသိုက်သည် လွင့်ပြယ်သွားသည်။
သွေးသည် သူ၏ ဒွါရခုနစ်ပေါက်မှ ရေတံခွန်အလား စီးကျလာသည်။
သူ၏ သွေးသည် ခေါင်းဆောင်ကဲ့သို့ မပေါများသည်မှာ ထင်ရှားသည်။ ထို့ကြောင့် ပန်းထွက်လာသော သွေးသည် အနည်းငယ် အားနည်းပေသည်။
ဘေးပတ်ဝန်းကျင်သည် ချက်ချင်း တိတ်ဆိတ်သွားသည်။