ရိုးစင်းပြီး နွေးထွေးသော ဆေးဆိုင်လေး(က)
Vol. 63 Ch. 980
တာအိုပညာရှင်မူသည် မျက်လုံးပြူးကျယ်သွားပြီး စိတ်ရှုပ်ထွေးသော အကြည့် ဖြစ်ပေါ်လာသည်။ သူက နေရာမှာ မိန်းမောတွေဝေစွာ ရပ်နေပြီး သွေးအန်နေသော ပုဂ္ဂိုလ်ကို ကြည့်လိုက်သည်။ သူ၏ မျက်စိကိုယ်ပင် မယုံကြည်နိုင်တော့ပေ။
သူ၏ နှလုံးသားထဲမှာ တစ်ဖက်လူသည် ဖော်မပြနိုင်အောင် အစွမ်းကြီးမားသူ ဖြစ်သည်။
“ ဘာ… ဘာဖြစ်သွားတာလဲ… ”
တာအိုပညာရှင်မူသည် တုန်ယင်သွားပြီး သူ၏ အသက်ရှူသံက မြန်ဆန်လာသည်။ လောကကြီးက ချာချာလည်သွားသည်ဟု သူခံစားမိသွားသည်။ မည်သို့ဖြစ်ပျက်သွားကြောင်း သူဘာမှနားမလည်တော့ပေ။ ဆရာသခင်မဟူရာမျက်လုံးကို အကြည့်တစ်ချက်ဖြင့် သွေးအန်စေနိုင်သော အဖိုးအိုက မည်သည့်ကျင့်ကြံခြင်းအဆင့်မှာဖြစ်ကြောင်း သူမစဉ်းစားတတ်ပေ။
ထိုသို့သော ပုဂ္ဂိုလ်က မည်သို့ကြောင့် သူ့ကို ကိုယ်တိုင်လာရှာကြောင်း သူနားမလည်ပေ။ သူသည် မည်သည့်ပညာရှင်ကျင့်ကြံသူကိုမှ မဆန့်ကျင်ခဲ့ပေ။
သူက တွေးဝေနေစဉ် လီယိုဖေးသည် သက်ပြင်းချလိုက်သည်။
တစ်ဖက်လူက သူ့အား သစ္စာဖောက်ခဲ့သော်လည်း သူ့တပည့်ဖြစ်နေဆဲပင်။ ထို့ကြောင့် သူက အရှေ့တတ်လိုက်ပြီး လီယိုဖေးကို ဖမ်းဆုပ်လိုက်ကာ ရွှီချင်း၏ အရှေ့သို့ တရွတ်တိုက် ဆွဲခေါ်သွားသည်။ ထို့နောက် သူက အသေကုန် ရိုက်တော့သည်။
တာအိုပညာရှင်မူကို လူရုပ်မပေါ်တော့အောင် ရိုက်နှက်ပြီးနောက် လီယိုဖေးသည် ရွှီချင်းကို ရိုသေလေးစားစွာ ပြောသည်။
“ ဆရာသခင်… ကျုပ်တို့ သူ့ကို သတ်သင့်လား ”
ထိုစကားကို ကြားသောအခါ တာအိုပညာရှင်မူသည် မိန်းမောတွေဝေနေရာမှ နိုးလာသည်။ နာကျင်မှုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်နေသော်လည်း သူသည် မညည်းညူဝံ့ပေ။ ယင်းအစား သူက တုန်တုန်ယင်ယင် ပြောသည်။
“ ဆ… ဆရာ… အဲ့ဒါ နားလည်မှုလွဲတာပါ… ငါ… ငါ… ဘယ်သူ့ကိုမှ မဆန့်ကျင်ခဲ့ပါဘူး ”
“ မင်းလူတွေက မြို့ပေါ်က ဆေးဆိုင်ကို မဖျက်ဆီးခဲ့ဘူးလား ”
လီယိုဖေးသည် ထိုခွေးကောင်ကို စိုက်ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်လိုက်သည်။
“ ဆေးဆိုင်လား ”
တာအိုပညာရှင်မူသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ချန်းဖန်ကျိုးပြောခဲ့သော ဆေးဆိုင်ကို သူပြန်အမှတ်ရသွားသည်။ သူ၏ မျက်လုံးသည် ရုတ်တရက် ပြူးကျယ်လာပြီး အသိစိတ်သည် လှိုင်းတံပိုးထသွားသည်။
ထိုမြို့ပေါ်တွင် ဆေးဆိုင်တစ်ဆိုင်ရှိကြောင်း သူမှတ်မိသည်။ ချန်းဖန်ကျိုးက ထိုဆေးဆိုင်ကို လုံးဝမထိရန် သူ့အား သတိပေးခဲ့သည်။
သို့သော်လည်း သူက နားမထောင်ခဲ့ပေ…
‘ ဘယ်လိုဖြစ်ရတာလဲ… အဲ့ဒါ ဘာဆေးဆိုင်မို့လို့လဲ… ဘာလို့ ဒီလိုဖြစ်ရတာလဲ… ’
တာအိုပညာရှင်မူ၏ နှလုံးသားထဲမှာ နောင်တဖြင့် ပြည့်နှက်နေပြီး အဆုံးမဲ့သော အကြောက်တရားက ထွက်ပေါ်လာသည်။ လီယိုဖေး၏ ရိုက်ချက်မှ ဒဏ်ရာများအပြင် သူ၏ စိတ်ခံစားချက်များက ပရမ်းပတာဖြစ်လာသောကြောင့် သူက နေရာမှာ သတိလစ်သွားသည်။
လီယိုဖေးသည် တာအိုပညာရှင်မူ၏ အမူအရာကို မြင်ပြီးနောက် ထိုတပည့်ကို သူသင်ကြားပေးခဲ့စဉ်က အချိန်ကို ပြန်အမှတ်ရသွားသည်။ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး ရွှီချင်းကို အသနားခံစွာ ကြည့်လိုက်သည်။ သူ့တပည့်ဟောင်း၏ အသက်သည် တစ်ဖက်လူ၏ အတွေးပေါ်မှာ မူတည်ကြောင်း သူသိသည်။
ရွှီချင်းသည် လီယိုဖေး၏ အသနားခံမှုကို မြင်သည်။ သူ၏ အကြည့်က သတိလစ်နေသော တာအိုပညာရှင်မူထံသို့ ကျရောက်သွားပြီး တည်ငြိမ်စွာ ပြောသည်။
“ အရာအားလုံး ပုံမှန်အခြေအနေပြန်ဖြစ်ဖို့ ငါမင်းကို နှစ်နာရီ အချိန်ပေးမယ် ”
လီယိုဖေးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှီချင်းကို ကျေးဇူးတင်စွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက သေလုနီးပါးဖြစ်နေသော တာအိုပညာရှင်မူကို နှိုးလိုက်သည်။ သူက တာအိုပညာရှင်မူကို ဂုတ်မှ ကိုင်ဆွဲလိုက်ပြီး အဝေးသို့ အမြန်ပျံသန်းသွားသည်။
တာအိုပညာရှင်မူသည် အမှန်တရားတချို့ကို သိရှိပြီးနောက် ပိုပြီးချောက်ချားသွားသည်။ သူ၏ အရူးအမူး အမိန့်ပေးမှုအောက်မှာ သူ့ဂိုဏ်းထဲမှ တပည့်များသည် ရွှီချင်း၏ ဆေးဆိုင်ကို ပြန်လည်တည်ဆောက်ရန် မနားမနေ အလုပ်လုပ်ကြသည်။
ဆေးဆိုင်တစ်ခုတည်းမဟုတ်ပေ။ မြို့ထဲမှ အဆောက်အဦးအားလုံးကို မူလပုံစံအတိုင်း ပြန်လည်ဆောက်လုပ်ကြသည်။
သူတို့၏ အလုပ်လုပ်မှုသည် အတော်လေး မြန်ဆန်ပြီး နည်းနည်းလေးမှ အပါးမခိုဝံ့ကြပေ။
ဆေးဆိုင်၏ အတွင်းပိုင်းတည်ဆောက်ပုံကို ယခင်ကနှင့် တစ်ပုံစံတည်းဖြစ်ရန် လီယိုဖေးသည် ချန်းဖန်ကျိုးကို ဖိတ်ကြားခဲ့သည်။ မည်သို့ဖြစ်ပါစေ တစ်ဖက်လူသည် ယခင်က ဆေးဆိုင်ထဲသို့ ဝင်ရောက်ဖူးပြီး မည်သို့ပုံသဏ္ဍာန်ရှိသည်ကို သိရှိထားသည်။ သို့ဖြစ်၍ ချန်းဖန်ကျိုး၏ ညွှန်ကြားမှုအောက်မှာ ဆေးဆိုင်သည် အခြေခံအားဖြင့် ယခင်ကနှင့် တူညီလာသည်။
အမှန်မှာတော့ ဆေးဆိုင်၏ ဆိုင်းဘုတ်ပြားသည်ပင် ပြန်လည်ပြုပြင်ထားသည်။ ထို့ပြင် ရွှီချင်းထွက်မသွားခင်က တံခါးပေါ်မှာ ချိတ်ဆွဲခဲ့သော သစ်သားပြားသည်လည်း အတူတူပင် ဖြစ်သည်။
ဒေသခံများအတွက်တော့ လီယိုဖေး၏ အမိန့်ပေးမှုအောက်မှာ တာအိုပညာရှင်မူ၏ လက်အောက်မှ လူတိုင်းသည် သူ့တို့ကိုယ်သူတို့ ဒေသခံများအဖြစ် သတ်မှတ်လိုက်ကြသည်။
တာအိုပညာရှင်မူသည် သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
အတိအကျဆိုရလျှင် ဤနေရာသည် ဂိုဏ်းတစ်ခုအသွင် ပြောင်းလဲသွားသည်။
အားလုံး၏ မဆုတ်မနစ် ကြိုးပမ်းမှုအောက်မှာ အစိမ်းရောင်ဝိညာဉ်ခန်းမသည် မြို့ထဲမှာ ထပ်မံပေါ်ထွက်လာသည်။
ဆေးဆိုင်၏ အပြင်ဘက်တွင် ရပ်နေရင်း ရွှီချင်းသည် ရင်းနှီးကျွမ်းဝင်သော ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး စိတ်အေးသွားသည်။ ထို့နောက် သူက ဘေးမှ အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။
“ ကျေးဇူးတင်ပါတယ် အဖိုး ”
လင်းအာသည်လည်း စိတ်ကျေနပ်သွားပြီး အိမ်ရှေ့စံမင်းသားကို ချစ်စဖွယ်ကောင်းစွာ ပြောသည်။
“ သမီးနဲ့ အကိုရွှီချင်းရဲ့ ဆေးဆိုင်ကို ပြန်တည်ဆောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဖိုးဖိုး ”
အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်ပြီး ဆေးဆိုင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်နောက်ပစ်လျက် အထဲဝင်သွားသည်။
ရွှီချင်းသည် အနောက်မှ လိုက်သွားသည်။ နင်ယန်နှင့် ဝူကျန်းဝူသည် ချွေးသီးချွေးပေါက်များကျနေသော လီယိုဖေးကို ကြည့်လိုက်သည်။ သူတို့က လီယိုဖေးကို ပခုံးပုတ်ပေးလိုက်ပြီး အထဲသို့ လျှောက်ဝင်သွားကြသည်။
သူတို့က အထဲရောက်သွားသည်နှင့်ချက်ချင်း လင်းအာသည် အိမ်ရှေ့စံမင်းသားကို ဆေးဆိုင်အကြောင်း စိတ်အားထက်သန်စွာ မိတ်ဆက်ပေးသည်။
“ ဖိုးဖိုး… အဲ့ဒါက နောက်ဖေးခန်းပါ… အကိုရွှီချင်းက အဲ့အခန်းထဲမှာ ဆေးလုံးဖော်စပ်တာ… သမီးကတော့ ဒီစားပွဲခုံပေါ်မှာထိုင်ပြီး ငွေစာရင်းတွေကို တွက်ချက်ပါတယ် ”
“ စီးပွားရေးက အရမ်းကောင်းတာပဲ သိလား ”
လင်းအာသည် စကားပြောနေရင်း ပျိုးပင်လေးကို ထုတ်လိုက်ပြီး ၎င်း၏ မူလနေရာမှာ ပြန်စိုက်ပျိုးလိုက်သည်။
“ ပြီးတော့ ဒီဟာလည်း ရှိသေးတယ်… သူ့နာမည်က ရှောင်မြောင်တဲ့… အရမ်းချစ်စရာကောင်းတာပဲ… သူက စိတ်ပျော်တဲ့အခါဆိုရင် ကပြတယ် ”
(ရှောင်မြောင်= ပျိုးပင်လေး)
ကြက်တူရွေးလေးသည် ရှောင်မြောင်ကို စိုက်ကြည့်လိုက်သည်။
ပျိုးပင်လေးသည် တုန်ယင်သွားပြီး အကောင်းဆုံး ကပြသည်။
လင်းအာက ပစ္စည်းများကို တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးနေစဉ် ခေါင်းဆောင်သည် ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်ပြီး ရွှီချင်းကို တိုးညင်းစွာ ပြောသည်။
“ ချင်းလေး… ဒီဆိုင်က မသေးဘူးလား… လူအများကြီးနေဖို့ မဆန့်လောက်ဘူးနော် ”
ဤသည်ကို လီယိုဖေးကြားသောအခါ သူက ကျောက်စိမ်းပြားကို အမြန်ထုတ်လိုက်ပြီး သူ၏ လူများကို ဆင့်ခေါ်လိုက်သည်။ မကြာမီ ဘေးပတ်ဝန်းကျင်တွင် ဒေသခံများအသွင် ရုပ်ဖျက်ထားကြသော သူ့လူများက ရောက်ရှိလာကြပြီး ဆေးဆိုင်၏ ဘယ်ဘက်နှင့်ညာဘက်မှာ ရှိသော အဆောက်အဦးများဖြင့် ဆေးဆိုင်ကို ဆက်သွယ်ပေးလိုက်ပြီး ပိုမိုကျယ်ပြောသွားစေသည်။
အားလုံးပြီးစီးသွားသောအခါ ညနေခင်းအချိန်သို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။ အပြင်ဘက်မှ မြို့သည် တိတ်ဆိတ်နေသည်။ မီးအိမ်များကို ဤဆေးဆိုင်ထဲမှာ ထွန်းညှိထားလေရာ ဆေးဆိုင်၏ အတွင်းဘက်သည် လင်းထိန်နေပြီး နွေးထွေးမှုကို ပေးသည်။
မီးအလင်းရောင်အောက်မှာ လူတိုင်းသည် ဆေးဆိုင်ထဲမှ စားပွဲခုံနားတွင် ထိုင်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်နေကြသည်။
အိမ်ရှေ့စံမင်းသားသည် ကြက်တူရွေးလေးနှင့် ဆော့ကစားနေသည်။ နင်ယန်နှင့် ဝူကျန်းဝူသည် ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်၏ တည်ရှိမှုကို နေသားကျအောင် အကောင်းဆုံး ကြိုးစားနေသော်လည်း သူတို့၏ နှလုံးသားထဲမှ စိုးရိမ်စိတ်သည် အချိန်တိုလေးအတွင်း မပျောက်သွားနိုင်ပေ။ သူတို့က ယခုကဲ့သို့ ထိုင်နေကြလေရာ အိမ်ထောင်ကျခါစ မိန်းမပျိုလေးတစ်ယောက်နှယ် ဂနာမငြိမ်ဖြစ်နေကြသည်။
ရွှီချင်းနှင့် လင်းအာသည် အဆင်ပြေသည်။ ရွှီချင်းသည် အိမ်ရှေ့စံမင်းသား၏ တည်ရှိမှုကို ကျင့်သားရနေပြီဖြစ်သည်။ လင်းအာသည်တော့ အိမ်ရှေ့စံမင်းသားက သူ့အပေါ် မြေးမလေးသဖွယ် သဘောထားသောကြောင့် သူတို့ကြားမှ ဆက်ဆံရေးသည် အထူးကောင်းမွန်သည်။
ခေါင်းဆောင်သည်တော့ မျက်တောင်ခတ်လိုက်သည်။ လမ်းတစ်လျှောက်တွင် အိမ်ရှေ့စံမင်းသားက ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ လိုက်လာရခြင်းမှာ ရည်ရွယ်ချက်နှစ်ခုကြောင့်ဖြစ်ကြောင်း သူပြောနိုင်သည်။ ပထမရည်ရွယ်ချက်ကို သူမသိသော်လည်း ဒုတိယရည်ရွယ်ချက်သည် ရွှီချင်းနှင့် သေချာပေါက် ဆက်စပ်နေသည်။