ရိုးစင်းပြီး နွေးထွေးသော ဆေးဆိုင်လေး(ဂ)
Vol. 63 Ch. 982
ဆေးဆိုင်၏ ပထမဆုံး ထမင်းဝိုင်းက အဆုံးသတ်သွားသောအခါ အားလုံးသည် ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်ဖြင့် အတူနေထိုင်ရခြင်းကို တဖြည်းဖြည်း နေသားကျလာကြသည်။
ဝိညာဉ်သခင်မယုံကျင်းသည် ပန်းကန်များကို တိတ်တဆိတ် ဆေးကြောသည်။
နောက်နေ့မနက်…
နှစ်ဝက်ကြာ ပိတ်ထားခဲ့သော ဆေးဆိုင်သည် နောက်ဆုံးမှာတော့ ဤနေ့မှာ ဖွင့်လှစ်လာသည်။ အတိတ်တွင် လင်းအာသည် တံခါးဖွင့်လှစ်သူ ဖြစ်သည်။ သို့သော်လည်း ယနေ့မှာတော့ ခြားနားသွားသည်။ တံခါးဖွင့်လှစ်သူသည် ဝူကျန်းဝူဖြစ်သည်။
ကြမ်းတမ်းသော ချည်အင်္ကျီကို ဝတ်ဆင်ထားသည့် ဝူကျန်းဝူသည် ‘ ဆိုင်ပိတ်သည် ’ဟုရေးထားသော သစ်သားဆိုင်းဘုတ်ကို ဆွဲဖြုတ်လိုက်ပြီး တံခါးအရှေ့မှာ မတ်တတ်ရပ်လိုက်သည်။ သူက ဆိုင်ထဲသို့ ပြန်မဝင်သွားပေ။ သူ၏ အမူအရာသည် အစဉ်အမြဲ ပြောင်းလဲနေသည်။ နောက်ဆုံးမှာတော့ သူက အံတင်းတင်းကြိတ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ နှစ်ဝက်ဆိုတာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပါလား… ဒီနေ့မှာတော့ ဆေးဆိုင်က တဖန်ပြန်ဖွင့်ပါပြီ… တောင်ပိုင်းက ဧည့်သည်တော်တွေ မြောက်ပိုင်းက ဧည့်သည်တော်တွေ တစ်ချက်လောက် လာဝင်ကြည့်ကြပါ… အဖြူရောင်ဆေးလုံးတစ်လုံးကို ဒင်္ဂါးပြားတစ်ပြားတည်းနဲ့ ဝယ်လို့ရနေပါပြီ ”
သူ၏ အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
ဤသည်မှာ ခေါင်းဆောင်၏ အကြံအစည်ဖြစ်သည်။ ဆေးဆိုင်ဖွင့်လှစ်ခြင်းတွင် ဧည့်ကြိုတစ်ယောက် လိုအပ်သည်ဟု သူခံစားမိသည်။ သံသယဖြစ်စရာမလို ထိုနေရာအတွက် ဝူကျန်းဝူသည် အသင့်တော်ဆုံး ဖြစ်သည်။
ဝူကျန်းဝူက ပြောလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်မှ ဒေသခံများသည် တုန်တုန်ယင်ယင်ဖြင့် လျှောက်လာကြသည်။ သူတို့က ဝူကျန်းဝူကို ကြည့်လိုက်ကြသည်။ ဆေးဆိုင်ထဲမှာ အနည်းငယ် ဝတုတ်သော တစ်စုံတစ်ယောက်က တံမြက်စည်းလှဲနေသည်ကို သူတို့မြင်လိုက်သည်။ ထိုအလုပ်သမားသည် အတော်လေး ထူးဆန်းသည်။ သူ၏ ဝမ်းဗိုက်က အလွန်ကြီးမားလေရာ သူ၏ အဝတ်အစားအောက်တွင် တစ်စုံတစ်ခုကို ရစ်ပတ်ထားသည့်အလားပင်။
ထိုသူ၏ ဘေးတွင် လီယိုဖေးရှိသည်။ အိမ်ရှေ့စံမင်းသားသည် သူတို့၏ တာဝန်များကို ဆုံးဖြတ်ပေးခဲ့သည်။ ထိုထဲမှာ သူ၏ ရာထူးက အနိမ့်ဆုံးဖြစ်သည်။ ထို့ကြောင့် သူက ဆေးဆိုင်ထဲမှာ တောက်တိုမည်ရအလုပ်ကိုသာ လုပ်ရသည်။
သူ၏ တခြားတစ်ဖက်မှာတော့ ခေါင်းဆောင်ရှိသည်။
ခေါင်းဆောင်သည် အစောင့်အကြပ်ရာထူးအတွက် သူ့ကိုယ်သူ အဆိုတင်သွင်းခဲ့သည်။
“ ငါတို့ဆေးဆိုင်က ဘဝကံကြမ္မာဆိုးတောင်တန်းဒေသမှာ နာမည်ကျော်ကြားပြီး စီးပွားရေးက အတော်လေး ကောင်းမွန်တယ်… ဒီတော့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ ကျင့်ကြံသူတွေကို တွေ့ဆုံရနိုင်တယ်… ဒါကြောင့် ငါတို့ဆေးဆိုင်ရဲ့ ငြိမ်းချမ်းမှုကို ကာကွယ်ဖို့ အစောင့်အကြပ်က မရှိမဖြစ် လိုအပ်တယ် ”
ယင်းက ခေါင်းဆောင်ပြောကြားခဲ့သော အရာဖြစ်သည်။
အိမ်ရှေ့စံမင်းသားသည်တော့ ထုံးစံအားဖြင့် ဆိုင်ပိုင်ရှင်ဖြစ်သည်။ သူက လက်ထဲမှာ ပုတီးစေ့တစ်လုံးကို ကိုင်ထားလျက် ဆေးဆိုင်ကိုကြည့်ရင်း ပြုံးလိုက်သည်။ ထိုပုတီးစေ့ထဲတွင် လူတစ်ယောက်ရှိသည်။ ရံဖန်ရံခါ ဆရာသခင်မဟူရာမျက်လုံး၏ မျက်နှာက ပုတီးစေ့ထဲမှာ ထွက်ပေါ်လာတတ်သည်။
ရွှီချင်းသည် သမားတော်အဖြစ် ဆက်လက်ရှိနေသည်။ လင်းအာသည်တော့ ငွေစာရင်းကိုင်အဖြစ် သူ၏ နေ့စဉ်ဓူဝကိစ္စများကို ဝမ်းသာပျော်ရွှင်စွာ လုပ်ဆောင်နေသည်။
ထို့ပြင် ဆေးဆိုင်ပိုင်ရှင်ကို အလုပ်အကျွေးပြုရသော အစေခံတစ်ယောက်လည်း ဆေးဆိုင်ထဲမှာ ထပ်တိုးလာသည်။ ထိုအစေခံသည် ဝိညာဉ်သခင်မယုံကျင်းဖြစ်သည်။
စီးပွားရေးသည် ယခင်ကထက် အများကြီး ပိုးတိုးတတ်လာသည်။ ဆေးဆိုင်ဖွင့်သည့် ပထမဆုံးနေ့မှာပင် လူနှစ်ရာကျော်သည် ဝိညာဉ်ဒင်္ဂါးပြားများဖြင့် အဖြူရောင်ဆေးလုံးများကို ရိုသေလေးစားစွာ လာဝယ်ယူကြသည်။ ထို့ကြောင့် လင်းအာသည် ငွေစာရင်းတွက်ရန် ယခင်ကထက် အချိန်ပိုယူခဲ့ရသည်။
ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။
ရွှီချင်းသည် ထိုနေ့ရက်များတွင် ကျင့်ကြံခြင်းနှင့် ကျိန်စာလေ့လာခြင်းဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ ဝူကျန်းဝူသည် သူ၏ ရာထူးကို နေသားကျလာပြီး နေ့တိုင်း အပြင်ဘက်တွင် ရပ်နေကာ ကဗျာစပ်လေ့ရှိသည်။
ရံဖန်ရံခါ နင်ယန်သည် မောပန်းလာသည့်အခါ တံခါးဝအရှေ့တွင် ထိုင်ချလိုက်ပြီး ဝူကျန်းဝူ၏ ကဗျာများကို နားထောင်လေ့ရှိသည်။ သူက ဤနေရာမှ တိတ်ဆိတ်အေးချမ်းမှုကို ခံစားနေရင်း ဝူကျန်းဝူ၏ ကဗျာများကို တစ်ကြိမ်ထက်မနည်း နားလည်လာကြောင်း အံ့အားသင့်စွာ ရှာတွေ့သွားသည်။
ထိုရှာတွေ့မှုက သူ့အား ချောက်ချားသွားစေသည်။
လီယိုဖေးသည်တော့ အခက်ခဲဆုံးလူ ဖြစ်သည်။ သူက တောက်တိုမည်ရအလုပ်များကို ဆောင်ရွက်နေရသည့်အပြင် အပြင်ဘက်မှ တာအိုပညာရှင်မူကိုလည်း သူတို့၏ အလိမ်မပေါ်စေရန် အမိန့်ပေးထားသည်။ ဆေးလာဝယ်သော ဂိုဏ်းတပည့်များသည် အလွန်ကြောက်ကြသဖြင့် လမ်းကောင်းကောင်းပင် မလျှောက်နိုင်ကြပေ။
နောက်တစ်ယောက်သည် ခေါင်းဆောင်ဖြစ်သည်။ နေ့တိုင်း သူက ခါးထောက်လျက် ဓားရှည်တစ်ချောင်းကို ကိုင်ထားသည်။ သူက နေရာမှာ ရပ်နေပြီး ဆေးလာဝယ်သူအားလုံးကို ပညာရှင်ကျင့်ကြံသူတစ်ယောက်နှယ် အေးစက်စက် စိုက်ကြည့်လေ့ရှိသည်။
ဝိညာဉ်သခင်မယုံကျင်းသည်တော့ အဖိုးအိုက လက်ဖက်ရည်ကြိုက်ပြီး ကြက်တူရွေးလေးနှင့် ဆော့ကစားရသည်ကို သဘောကျသောကြောင့် သူ၏ တာဝန်သည် လက်ဖက်ရည်ဖျော်ပေးပြီး ကြက်တူရွေးလေးကို စောင့်ရှောက်ရန် ဖြစ်သည်။
ထိုမြင်ကွင်းများသည် ဤဆေးဆိုင်ထဲမှ ပုံမှန်လည်ပတ်ပုံများ ဖြစ်သည်။
ခုနစ်ရက်ကြာပြီးနောက် ဆေးဆိုင်ထဲမှ အရာအားလုံးက ကောင်းမွန်စွာ လည်ပတ်နေစဉ် ရွှီချင်းသည် တတိယကောင်းကင်ကဒ်ဘေးဒုက္ခကို သူရင်ဆိုင်ခဲ့စဉ်က ရရှိခဲ့သော ဒဏ်ရာများကို အပြည့်အဝ ကုသနိုင်သွားသည်။
ထိုသို့ဖြင့် အိမ်ရှေ့စံမင်းသား၏ နောက်ထပ် လေ့ကျင့်မှုများက သူ့အား အသင့်စောင့်ကြိုနေလေသည်။
“ ရွှီချင်း… မင်းရဲ့ဒဏ်ရာတွေက သက်သာသွားပြီ… ဒီတော့ ငါနဲ့လိုက်ခဲ့ပါ… မင်းရဲ့ ခန္ဓာကိုယ်ထဲက အလားအလာတွေကို လှုံ့ဆော်ပေးဖို့ လိုတယ် ”
အိမ်ရှေ့စံမင်းသား၏ အသံသည် ရွှီချင်း၏ နားထဲမှာ ထွက်ပေါ်လာသည်။ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်လေရာ အိမ်ရှေ့စံမင်းသားနှင့်အတူ ဆေးဆိုင်ထဲမှ ထွက်ခွာသွားသည်။
သူတို့နှစ်ယောက်က ပြန်ပေါ်လာသည့်အခါ လေထဲသို့ ရောက်နှင့်သွားကြသည်။
အိမ်ရှေ့စံမင်းသားသည် လက်နောက်ပစ်ထားလျက် အရှေ့သို့ လျှောက်သွားသည်။ ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး မြို့ထဲမှ ဆေးဆိုင်ကို ကြည့်လိုက်သည်။ သူက မည်သည့်စကားမှ မပြောဘဲ အိမ်ရှေ့စံမင်းသား၏ အနောက်သို့ လိုက်သွားသည်။
သူတို့နှစ်ယောက်သည် ကောင်းကင်ပေါ်မှာ ရွေ့လျားနေကြသည်။ လမ်းတစ်လျှောက်တွင် သူတို့သည် ကျင့်ကြံသူအများအပြားကို တွေ့ဆုံခဲ့ကြသည်။ တချို့သည် ကောင်းကင်ပေါ်မှာ ပျံသန်းနေကြပြီး တချို့သည် တောင်တန်းပေါ်မှာ တိုက်ခိုက်နေကြသည်။ သို့သော်လည်း သူတို့၏ မျက်လုံးထဲမှာ ရွှီချင်းနှင့် အိမ်ရှေ့စံမင်းသားကို မမြင်ကြပေ။
အကယ်၍ သူတို့နှင့် ထိပ်တိုက်တွေ့ဆုံလျှင်ပင် ဘဝကံကြမ္မာဆိုးတောင်တန်းမှ ထိုကျင့်ကြံသူများသည် သူတို့နှစ်ယောက်ကို မမြင်နိုင်ကြပေ။ သူတို့လုပ်နေသည့် ကိစ္စများကိုသာ ဆက်လက် လုပ်ဆောင်နေကြသည်။
ရွှီချင်းသည် ထိုအဖြစ်အပျက်ကို မအံ့ဩပေ။ အိမ်ရှေ့စံမင်းသား၏ စွမ်းရည်ကို သူသိထားပြီးသား ဖြစ်သည်။
သူတို့သွားမည့်နေရာကိုတော့ ရွှီချင်းသည် ဦးတည်ရာကို ကြည့်ပြီးနောက် ခန့်မှန်းနိုင်ခဲ့သည်။ ထိုလမ်းကြောင်းသည် ဘဝကံကြမ္မာဆိုးတောင်တန်းဒေသမှ အနီရောင်လဗိမာန်ဆီသို့ ဦးတည်နေသည်။
ထိုအတိုင်း တကယ် မှန်ကန်ခဲ့သည်။ နာရီအတော်ကြာပြီးနောက် အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို အနီရောင်လဗိမာန်၏ အထက်ကောင်းကင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
အနီရောင်လဗိမာန်သည် ဘဝကံကြမ္မာဆိုးတောင်တန်းဒေသ၏ အမြင့်ဆုံးတောင်ထိပ်မှာ တည်ရှိသည်။ ၎င်း၏ အဆင့်အတန်းသည် အလွန်အမင်း မြင့်မားပြီး ဘုရားကျောင်းထဲမှ နတ်တမန်တော်များသည် အလွန်ကြောက်စရာကောင်းသည်။ ပြိုင်ဘက်ကင်းအရှိန်အဝါသည် ဘုရားကျောင်းထဲမှ ပျံ့လွင့်လာပြီး သဲကန္တာရတစ်ခုလုံးကို ဖိနှိပ်ထားသည်။
အစိမ်းရောင်သဲကန္တာရထဲမှ သက်ရှိအားလုံးအတွက် ဤနေရာသည် အထွတ်အမြတ်အာဏာကို ကိုယ်စားပြုပြီး နတ်ဘုရားသဖွယ် အစွမ်းကြီးမားသည်။
သို့သော်လည်း အိမ်ရှေ့စံမင်းသား၏ မျက်လုံးထဲမှာတော့ ဤနေရာသည် သဲမှုန်တစ်ခုထက် မပိုပေ။ သူက ရွှီချင်းကို တောင်ထိပ်ပေါ်မှာရှိသော အနီရောင်လဗိမာန်ထဲသို့ ခေါ်ဆောင်သွားသည်။
သူတို့က အထဲရောက်သွားသည့်အခါ ဘုရားကျောင်းထဲမှ ဝတ်ရုံနီကျင့်ကြံသူများသည် လမ်းမှာ သူတို့တွေ့ဆုံခဲ့ကြသော ကျင့်ကြံသူများကဲ့သို့ပင် ပြုမူကြသည်။ သူတို့အားလုံးသည် ဘာမှအာရုံမခံနိုင်ကြပေ။
ရွှီချင်းနှင့် အိမ်ရှေ့စံမင်းသားသည် ဘုရားကျောင်းထဲမှ မြေကွက်လပ်တစ်ခုဆီသို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် ကျင့်ကြံသူအများအပြား ဝင်ထွက်သွားလာနေကြသည်။ သို့သော်လည်း မည်သူမှ စကားမပြောကြချေ။ အားလုံးသည် အစီအစဉ်တကျ လှုပ်ရှားနေကြသည်။ ဤနေရာမှာ ဆူညံခြင်းကို ပညတ်တော်တစ်ခုအဖြစ် သတ်မှတ်ထားဟန် ရသည်။
မြေကွက်လပ်ထဲမှာ ရပ်နေလျက် အိမ်ရှေ့စံမင်းသား၏ အကြည့်သည် ဘေးပတ်ဝန်းကျင်ကို ကျရောက်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အဝေးသို့ ထွက်သွားတော့မည့် သက်လတ်ပိုင်းအရွယ် တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူကို လက်ညှိုးညွှန်လိုက်သည်။
တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူသည် ချက်ချင်း အနောက်လှည့်လိုက်ပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ သူက မြေကွက်လပ်ထဲသို့ ခြေချလိုက်ပြီး ရွှီချင်းကို လှုပ်ရှားမှုကင်းမဲ့စွာ ကြည့်လိုက်သည်။