လပုန်ကန်ခန်းမသို့ ပြန်သွားခြင်း
Vol. 63 Ch. 986
နောက်တစ်နေ့နံနက်တွင် ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သည်။
လင်းအာသည် သူ့ကို တစ်ချိန်လုံး ပြုစုစောင့်ရှောက်ပေးနေခဲ့ခြင်း ဖြစ်သည်။ ရွှီချင်းနိုးလာသည်ကို မြင်သောအခါ လင်းအာသည် အမြန်ချဉ်းကပ်လာသည်။ သူ၏ မျက်နှာသေးသေးလေးမှာ စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။
“ အကိုရွှီချင်း… ”
“ ငါအဆင်ပြေပါတယ် ”
ရွှီချင်းသည် ပြုံးလိုက်သည်။ ထို့နောက် သူက လင်းအာကို ခေါင်းပုတ်ပေးလိုက်ပြီး သူ၏ ဒဏ်ရာများကို အာရုံခံလိုက်သည်။
ခရမ်းသလင်းကျောက်၏ ကုသစွမ်းအင်အောက်မှာ သူ၏ ဒဏ်ရာအများစုသည် သက်သာသွားပြီ ဖြစ်သည်။ သို့သော်လည်း သူက မူးဝေခြင်းကို ခံစားနေရဆဲပင်။
ဤသည်မှာ မိုဆာဆော၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုကြောင့် သူ၏ ဝိညာဉ်က တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ကျန်ရှိနေသော မိုဆာဆော၏ ဦးခေါင်းထဲမှာ ယခင်ကထက် ပိုမိုများပြားသော ကောင်းကင်အာဏာစက်များ ရှိနေသည်။ ယခု ၎င်းက တခြားအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့ဖြစ်၍ ၎င်းက ပြန်လည်ကုသနေစဉ်အတွင်း ရွှီချင်း၏ ဝိညာဉ်ကို အားအင်တိုးမြှင့်ပေးလိမ့်မည်။
ဤအားနည်းသော အခြေအနေကို ကျော်လွှားနိုင်ပြီးသွားလျှင် သူ၏ ဝိညာဉ်သည် ယခင်ထက် ပိုပြီးကြံ့ခိုင်လာပြီး အားကောင်းလာလိမ့်မည်ဟု ရွှီချင်း အာရုံခံမိသည်။
“ ရက်နှစ်ဆယ်ကြာပြီးရင် ငါ အပြည့်အဝ ပြန်ကောင်းလာလိမ့်မယ်… အဲ့ဒီအခါကျရင် ငါ့ရဲ့ စွမ်းအားက သိသိသာသာ တိုးတတ်သွားလိမ့်မယ်… တကယ်လို့ နောက်ထပ် တာအိုပျိုးထောင်ခြင်းအဆင့်ကျင့်ကြံသူနဲ့ တွေ့ဆုံမယ်ဆိုရင် ငါပိုပြီး ပြင်ဆင်ရလိမ့်မယ် ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ထထိုင်လိုက်သည်။ ထိုအခိုက်အတန့်မှာ ခေါင်းဆောင်၏ ပုံရိပ်သည် တံခါးရှေ့မှာ ထွက်ပေါ်လာသည်။ သူက မက်မွန်သီးကို ကိုက်စားနေပြီး ရွှီချင်းကို ပြုံးလျက် စိုက်ကြည့်နေသည်။
“ မင်းက တစ်ခါလေး ခရီးထွက်သွားတယ်… ပြန်လာတော့ အရင်ကနဲ့ နည်းနည်းမတူတော့ဘူး… မင်းရဲ့ အကြည့်က ပိုပြီးစူးရှလာတယ် ”
သူက စကားပြောပြီးနောက် ပန်သီးတစ်လုံးကို ရွှီချင်းဆီသို့ ပစ်ပေးလိုက်သည်။
ရွှီချင်းသည် ပန်းသီးကို ဖမ်းယူလိုက်ပြီးနောက် ကိုက်စားလိုက်သည်။ ထို့နောက် သူက နောက်ဖေးခန်းထဲမှ ထွက်လာပြီး ဆေးဆိုင်ထဲသို့ လျှောက်သွားသည်။
နင်ယန်သည် ကြမ်းတိုက်နေသည်။ သူက ကြမ်းတိုက်နေစဉ် သက်ပြင်းချလိုက်သည်။ ရွှီချင်းကိုမြင်သောအခါ သူက အားတင်းပြုံးပြလိုက်သည်။
ဝိညာဉ်သခင်မယုံကျင်းသည် ရေနွေးကျိုနေသော်လည်း အဆင်မပြေပေ။ သူက ချက်ချင်း ရေဆူပွက်လာရန် ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုနိုင်သော်လည်း ဤနေရာတွင် ထိုသို့ခွင့်ပြုမထားပေ။ ထို့ကြောင့် သူက နေရာမှာ ထိုင်နေပြီး သူ့အရှေ့မှ မီးဖိုနှင့် ရေနွေးအိုးကို စိုက်ကြည့်နေရုံသာ တတ်စွမ်းသည်။
လီယိုဖေးသည်တော့ တုန်ရီနေသော ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ဆေးလုံးအကြောင်း စိတ်အားထက်သန်စွာ မိတ်ဆက်ပေးနေသည်။
ဝူကျန်းဝူသည် အဝင်ဝမှာ ရပ်နေဆဲပင်။ သူက သူ့ရာထူးကို ကျင့်သားရနေပြီ ဖြစ်သည်။ သူက ကြမ်းတမ်းသော ချည်အင်္ကျီကို ဝတ်ဆင်ထားပြီး ကဗျာတစ်ပုဒ်စပ်သည့်အခါတိုင်း ကောင်းကင်ပေါ်သို့ မော့ကြည့်လေ့ရှိသည်။
ဆေးဆိုင်၏ စားပွဲခုံနောက်တွင် အဖိုးအိုတစ်ဦးက ထိုင်နေသည်။ သူက လက်ထဲမှ ပုတီးလုံးကို လှည့်နေပြီး အားလုံးကို ပြုံးလျက် ကြည့်နေသည်။ သူ၏ ပခုံးပေါ်တွင် အမွှေးမရှိသော ကြက်တူရွေးတစ်ကောင်ရှိပြီး ဒေါသထွက်နေပုံပေါ်သည်။
“ အဖိုး… အဲ့ဒါက ချန်းအားညိုဖြစ်မယ်လို့ ငါသံသယရှိတယ်… ”
ကြက်တူရွေးလေးသည် ခေါင်းငုံ့လိုက်သည်။ ၎င်း၏ အကြည့်က ရွှီချင်းနှင့် ခေါင်းဆောင်ထံသို့ ကျရောက်သွားပြီးနောက် ခေါင်းဆောင်ကို ချက်ချင်း ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အိမ်ရှေ့စံမင်းသားကို တိုင်ကြားသည်။
ခေါင်းဆောင်သည် ပြုံးလိုက်ပြီး အလေးမထားပေ။ ယင်းအစား သူက တံခါးဆီသို့ လျှောက်သွားပြီး ဓားတစ်ချောင်းကို ထုတ်လိုက်သည်။ သူက ခေါင်းမြင့်မြင့်မော့လိုက်ပြီး ခါးထောက်လိုက်ကာ သူ၏ အစောင့်အကြပ်တာဝန်ကို ထမ်းဆောင်လိုက်သည်။
နွေးထွေးမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ အရာအားလုံးသည် သူထွက်သွားစဉ်ကအတိုင်း အတူတူ ဖြစ်သည်။ ဤဆေးဆိုင်ထဲမှ ထိုနွေးထွေးမှုသည် သူ၏ နှလုံးသားကို ပိုပြီးငြိမ်းချမ်းသွားစေသည်။
ထိုအခိုက်အတန့်မှာ ဝိညာဉ်သခင်မယုံကျင်းသည် နောက်ဆုံးမှာတော့ ရေနွေးကျိုနိုင်သွားသည်။ သူက ရေနွေးအိုးကို အမြန်သယ်ဆောင်လိုက်ပြီး အဖိုးအိုအတွက် လက်ဖက်ရည်ဖျော်ပေးလိုက်သည်။
အိမ်ရှေ့စံမင်းသားသည် လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ရွှီချင်းအပေါ်သို့ ကျရောက်သွားသည်။
“ မင်းရဲ့ လေ့ကျင့်မှုက ရက်နှစ်ဆယ်ကြာပြီးရင် ဆက်သွားမယ် ”
ရွှီချင်းသည် လေးလေးနက်နက် သဘောတူလိုက်သည်။ သူ၏ နှလုံးသားထဲမှာ မျှော်လင့်မှုကို ခံစားမိသည်။ ထိုသို့လေ့ကျင့်မှုသည် အကြိမ်တိုင်း အလွန်အန္တရာယ်များလိမ့်မည်ဟု သူကြိုခန့်မှန်းနိုင်သည်။ သို့သော်လည်း သူက ယင်းကို တောင့်ခံနိုင်မည်ဆိုလျှင် ဉာဏ်အလင်းတချို့ရလာပြီး သူ၏ စွမ်းအားသည် ကြီးမားစွာ တိုးတတ်သွားလိမ့်မည်။
ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။
ရွှီချင်းသည် သူ၏ ဒဏ်ရာများကို ဖြည်းညင်းစွာ ကုသနေသည်။ သူ့ဝိညာဉ်၏ စွမ်းအားသည် ယခင်နှင့် သိသာစွာ ခြားနားသွားကြောင်း သူခံစားမိသည်။ ထိုသို့ပြောင်းလဲမှုသည် သူ၏ တွေးတောနိုင်စွမ်းကို အရှိန်မြှင့်တင်ပေးလိုက်သည်။ သို့ဖြစ်၍ ပြဿနာများအပေါ် သူ၏ တွေးတောနိုင်စွမ်းသည် မြန်ဆန်လာသည်။
ယခင်က လေးနက်စွာ စဉ်းစားချင့်ချိန်ရန် လိုအပ်သော ကိစ္စများကို ယခု သူက အတွေးတစ်ချက်ဖြင့် လုပ်ဆောင်နိုင်လာသည်။ ထို့ကြောင့် ရွှီချင်းသည် ပြန်လည်နာလန်ထူနေစဉ်အတွင်း ကျိန်စာများကို သုတေသနပြုလုပ်ခဲ့ပြီး အစမ်းသပ်ခံပစ္စည်းကို ပိုပြီး နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေလာသည်။
ထို့ကြောင့် လီယိုဖေးသည် ပိုပြီးအလုပ်များလာသည်။
နောက်ဆုံးမှာတော့ ဆယ်ရက်ကြာပြီးနောက် ရွှီချင်းသည် တိုးတတ်လာသော သူ၏ ဝိညာဉ်နှင့် ယခင်က သုတေသနရလဒ်များကို အခြေခံ၍ လီယိုဖေး၏ သွေးကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုလိုက်သည်။ သူက ယခင်က စုဆောင်းထားခဲ့သော အသားပိုများကို သူ၏ ခရမ်းလစွမ်းအားဖြင့် ပေါင်းစပ်လိုက်ပြီး ကျိန်စာလျှော့ပေါ့ဆေးလုံးကို အဆင့်မြှင့်တင်နိုင်သွားသည်။
ထိုအဆင့်မြှင့်တင်မှုသည် အတိတ်တုန်းကနှင့် ခြားနားသည်။ ရွှီချင်း၏ အတွေ့အကြုံနှင့် စူးစမ်းလေ့လာမှုအောက်မှာ နောက်ဆုံးမှာတော့ ကျိန်စာပမာဏကို အနည်းငယ် သူလျှော့ချနိုင်သွားသည်။
ယခင်ကျိန်စာလျှော့ပေါ့ဆေးလုံးသည် ထိုသို့လုပ်ဆောင်နိုင်သော်လည်း ကျိန်စာလျှော့ချမှုသည် (၁၀၀၀)မှာ (၁)ကိုသာ လျှော့ချပေးနိုင်သဖြင့် သိသာထင်ရှားခြင်း မရှိပေ။
သို့သော်လည်း ယခုတော့ အကယ်၍ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှာ ကျိန်စာက (၁၀၀)ရှိသည်ဆိုလျှင် ဤကျိန်စာလျှော့ပေါ့ဆေးလုံးကို စားသုံးပြီးနောက် ယင်းက (၉၉)ဖြစ်လာလိမ့်မည်။
သို့ဖြစ်၍ ယခု ဆေးလုံး၏ အကျိုးအာနိသင်သည် ယခင်ထက် အများကြီး ပိုအံ့ဩဖွယ်ကောင်းသည်။
ထိုသို့ကျိန်စာလျှော့ပေါ့ဆေးလုံးကို ရောင်းချမည်ဆိုလျှင် တစ်စုံတစ်ယောက်သည် ဆေးလုံး၏ အာနိသင်အမှန်ကို သေချာပေါက် အာရုံခံနိုင်လိမ့်မည်ဟု ရွှီချင်း ခံစားမိသည်။
“ ကျိန်စာလျှော့ချတာက နည်းနေသေးတာ စိတ်မကောင်းစရာပဲ… ဒါပေမဲ့ ငါ့ဦးတည်ရာက မမှားဘူးဆိုတာ သေချာနေပြီ… တကယ်လို့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ဆေးလုံးရဲ့ အာနိသင်ကို တဖြည်းဖြည်း ငါတိုးမြှင့်နိုင်လာမယ်… အဲ့လိုနဲ့ တစ်နေ့ကျရင် ကျိန်စာဖယ်ရှားနိုင်တဲ့ ဆေးလုံးကို ငါသန့်စင်နိုင်လိမ့်မယ် ”
ထိုသို့တွေးပြီးနောက် ရွှီချင်းသည် လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်သွားသည်။
လပုန်ကန်ခန်းမထဲသို့ နောက်ဆုံးအကြိမ် သူဝင်ရောက်ခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ဤတစ်ကြိမ်မှာတော့ ရွှီချင်းတစ်ယောက်တည်း မဝင်ရောက်ခဲ့ပေ။
လင်းအာသည် ဤရက်များတွင် ရွှီချင်း၏ ဒဏ်ရာများကို စိုးရိမ်သောကြောင့် ငွေစာရင်းတွက်သော သူ၏ အလုပ်ကို ဘေးဖယ်ထားခဲ့သည်။ သူက သူ့ဘေးမှာ အချိန်ကုန်ဆုံးခဲ့ပြီး လပုန်ကန်ခန်းမအကြောင်းကိုလည်း စူးစမ်းသိလိုသည်။ ထို့ကြောင့် ရွှီချင်းသည် ဤတစ်ကြိမ် လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်သည့်အခါ လင်းအာကိုလည်း သူနှင့်အတူ ခေါ်ဆောင်သွားသည်။
လပုန်ကန်ခန်းမထဲဝယ် ရွှီချင်း၏ ဘုရားကျောင်းထဲ၌ နတ်ဘုရားရုပ်တု ခုနစ်ခုရှစ်ခုသည် တရားထိုင်နေကြသည်။
သူတို့သည် ရွှီချင်း၏ အိမ်နီးနားချင်းများ ဖြစ်ကြသည်။ ထို့ပြင် သူတို့အားလုံးသည် ရွှီချင်း၏ ကျိန်စာလျှော့ပေါ့ဆေးလုံးကို ယခင်က ဝယ်ယူခဲ့ကြသူများ ဖြစ်ကြသည်။
သို့ဖြစ်၍ ဆရာသခင်က လအတော်ကြာအောင် ထွက်မလာသည့်တိုင် သူတို့၏ နှလုံးသားထဲမှ ယုံကြည်လေးစားမှုကြောင့် ဤနေရာသို့ နေ့တိုင်း လာရောက်ကြသည်။ ဤနေရာတွင် တရားထိုင်ခြင်းက ကျိန်စာကို ဖိနှိပ်နိုင်သည့်အလား အောက်မေ့ရသည်။
အထူးသဖြင့် ရင်ဘက်ပေါ်နေသော လူထွားကြီးရုပ်တု ဖြစ်သည်။ တာအိုအသံကို အစအဆုံး နားထောင်ခွင့်ရခဲ့သည့် ကျင့်ကြံသူအနေဖြင့် သူ၏ သရုပ်အသစ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ သူက ပုံမှန်အားဖြင့် သူ့ကိုယ်သူ ဆရာသခင်၏ နောက်လိုက်တစ်ယောက်အဖြစ် ခေါ်ဆိုသည်။
သူက ဆရာသခင်အပေါ် ဝေဖန်မှုအားလုံးကို ကန့်ကွက်ရှုံ့ချသည်။ ဤအခိုက်အတန့်မှာ သူက ဂုဏ်သိက္ခာကြီးမားပုံပေါ်ပြီး သူ၏ ဘေးမှ သစ္စာရှိအဖွဲ့သားများကို တည်ငြိမ်စွာ ပြောသည်။
“ ဆရာသခင် ပြန်မရောက်လာတာ အတော်ကြာသွားပြီဆိုပေမဲ့ ဆရာသခင်ရဲ့ နောက်လိုက်တွေအနေနဲ့ မယိမ်းယိုင်တဲ့ ငါတို့ရဲ့ ယုံကြည်မှုကို ဆက်ပြီး စောင့်ထိန်းထားရမယ်… အပြင်လူတွေ ပြောတဲ့စကားတွေကို ငါတို့တွေ နားယောင်လို့မဖြစ်ဘူး ”
“ တစ်နေ့မှာ ဆရာသခင်က ပြန်ရောက်လာပြီး လပုန်ကန်ခန်းမထဲမှာ ကြီးမားတဲ့ မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေလိမ့်မယ်လို့ သေချာပေါက် ငါယုံကြည်တယ် ”
လူထွားကြီး၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် ဘေးပတ်ဝန်းကျင်မှ တခြားယုံကြည်သူများသည် လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။ သို့သော်လည်း အမျိုးသမီးအင်မော်တယ်ရုပ်တုတစ်ခုသည် တစ်ခဏကြာ တုံ့ဆိုင်းသွားပြီးနောက် တိုးညင်းစွာ ပြောသည်။
“ ဆေးပညာတတ်ကျွမ်းတဲ့ သမားတော်တချို့က ဝေဖန်ကြပေမဲ့ အဲ့ဒါက သိပ်ကြီးကြီးမားမား မဟုတ်ပါဘူး… ဒါပေမဲ့ လက်တလောမှာ ဆရာသခင်ရှန့်လော့ကလည်း သံသယဝင်နေတယ်လို့ ပြောသံကြားတယ်… ”
ထိုအမျိုးသမီးက ပြောလိုက်သည့်အခါ တခြားလူများသည် နှုတ်ဆိတ်သွားကြသည်။
ရှန့်လော့ဟူသော နာမည်သည် လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများ၏ နှလုံးသားထဲမှာ ကြီးမားသော သက်ရောက်မှုရှိသည်။
အဘယ့်ကြောင့်ဆိုသော် ဆရာသခင်ရှန့်လော့သည် လပုန်ကန်ခန်းမထဲမှာ ကျိန်စာလျှော့ပေါ့ဆေးလုံးများကို အများဆုံး ရောင်းချသူ ဖြစ်သည်။ လပုန်ကန်ခန်းမထဲမှ ကျိန်စာလျှော့ပေါ့ဆေးလုံး၏ (၃၀)ရာခိုင်နှုန်းသည် ဆရာသခင်ရှန့်လော့က သန့်စင်ထားခြင်းဖြစ်သည်ဟု လူတချို့က သုံးသပ်ကြသည်။
သို့ဖြစ်၍ ဆရာသခင်ရှန့်လော့၏ သံသယရှိမှုသည် တခြားလူနှင့် ကွာခြားသည်။
လူတိုင်းက နှုတ်ဆိတ်သွားသည်ကို မြင်သောအခါ လူထွားကြီးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ယဇ်ပလ္လင်သည် တုန်ယင်လာသည်။
ထိုတုန်ယင်မှုသည် ဘုရားကျောင်းထဲမှာ တင်ပျဉ်ခွေထိုင်နေကြသော ရုပ်တုအားလုံးကို တစ်ခဏကြာ ဆွံ့အသွားစေသည်။ သူတို့က ယဇ်ပလ္လင်ဆီသို့ ဆတ်ခနဲ ခေါင်းလှည့်လိုက်ကြသည့်အခါ သူတို့၏ နှလုံးသည် ပရမ်းပတာ လှုပ်ယမ်းသွားကြသည်။
ယဇ်ပလ္လင်ပေါ်တွင် ဘူးသီးခြောက်ကို ကျောလွယ်ထားသော အဖိုးအိုပုံစံ ရုပ်တုရှိသည်။ အချိန်အတော်ကြာ ပိတ်နေခဲ့သော ထိုရုပ်တု၏ မျက်လုံးသည် ရုတ်တရက် ပွင့်လာသည်။
“ ဆရာသခင် ”
“ အမှတ်ကိုးဆေးလုံးဆရာသခင် ”
ရုပ်တုခုနစ်ခုရှစ်ခုသည် တုန်ယင်သွားကြသည်။ သူတို့သည် အမြန်မတ်တတ်ရပ်လိုက်ကြပြီး ရွှီချင်းကို အရိုအသေပေးလိုက်ကြသည်။ အထူးသဖြင့် ရွှီချင်း၏ ဘေးချင်းကပ် အိမ်နီးနားချင်းဖြစ်သော လူထွားကြီးရုပ်တုသည် ဤအခိုက်အတန့်မှာ အလွန်စိတ်လှုပ်ရှားလာသည်။
“ ဆရာသခင် နောက်ဆုံးတော့ ပြန်ရောက်လာပြီ ”
ရွှီချင်းသည် တဒင်္ဂ အံ့ဩသွားသည်။ သို့သော်လည်း သူ၏ ပုံစံက ကိုးရိုးကားရား ဖြစ်မသွားပေ။ သူက ယဇ်ပလ္လင်ပေါ်မှာ မတ်တတ်ရပ်နေလျက် သူ၏ အကြည့်က မြေပြင်ပေါ်မှ အရိုအသေပေးနေကြသူများပေါ်သို့ ကျရောက်သွားသည်။ သူက ဖြည်းညင်းစွာ ပြောသည်။
“ မင်းတို့က… ”
“ ဆရာသခင်… ကျုပ်တို့အားလုံးက ဆရာသခင်အပေါ်မှာ ကြီးမားတဲ့ ကျေးဇူးအကြွေး တင်ထားကြသူတွေပါ… လွန်ခဲ့တဲ့လတွေတုန်းက ကျုပ်တို့တတွေဟာ ဆရာသခင်ရဲ့ ဘုရားကျောင်းကို စိတ်ရောကိုယ်ပါ စောင့်ကြပ်ပေးခဲ့ပါတယ်… ကျုပ်တို့က ဆရာသခင်ရဲ့ နောက်လိုက်ဖြစ်ဖို့ ဆန္ဒရှိကြပါတယ် ”
လူထွားကြီးသည် ရိုသေလေးစားစွာ ပြောသည်။
ဤသည်ကို ကြားသောအခါ ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။
ဘုရားကျောင်းအပြင်ဘက်တွင် အစိမ်းရောင်မီးခိုးငွေ့သည် ကြေးနီဆေးမီးဖိုထဲမှ တလိပ်လိပ် မြှောက်တတ်နေသည်။ ဆေးမီးဖိုထဲတွင် အမွှေးတိုင်များဖြင့် ပြည့်နှက်နေပြီး ကောင်းချီးမင်္ဂလာအငွေ့အသက်ကို ဖြစ်ပေါ်စေသည်။
ထို့ပြင် ရုပ်တုဒါဇင်ကျော်သည် ဘုရားကျောင်းအရှေ့ရှိ မတူညီသော အရပ်မျက်နှာ၌ တရားထိုင်နေကြသည်ကို ဝိုးတိုးဝါးတား သူမြင်နေရသည်။
ခေါင်းဆောင်သည် ထိုအကြောင်းများကို သူ့အား ပြောကြားခဲ့ဖူးသော်လည်း ကိုယ်တိုင် မျက်စိဖြင့်မြင်လိုက်ရသည့်အခါ ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
ရွှီချင်းက မည်သည့်စကားမှ မပြောသည်ကို မြင်သောအခါ ဘုရားကျောင်းထဲမှ ရုပ်တုများသည် စိုးရိမ်ကြောင့်ကြလာကြသည်။ သူတို့သိထားကြသည်မှာ အမှတ်ကိုးဆေးလုံးဆရာသခင်သည် ကျင့်ကြံခြင်းအဆင့်မြင့်မားသော မွန်းစတားအိုကြီးတစ်ယောက် ဖြစ်သည်။
ယေဘုယျအားဖြင့် ထိုသို့မွန်းစတားအိုကြီးများသည် ဇီဇာကြောင်သော အကျင့်စရိုက် ရှိတတ်ကြသည်။ သို့ဖြစ်၍ ဤနေရာမှာ ထိုင်စောင့်နေသော သူတို့၏ အပြုအမူက တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်သွားစေသလား သူတို့မသိကြပေ။
သို့သော်လည်း ယင်းက သူတို့အတွက် စွန့်စားရန် ထိုက်တန်သော အခွင့်အရေးဖြစ်သည်။ အကယ်၍ ဆရာသခင်က သူတို့ကို လက်ခံမည်ဆိုလျှင် နောက်လိုက်ဟူသော အဆင့်အတန်းသည် သူတို့အတွက် အများကြီး အဓိပ္ပာယ်ရှိလိမ့်မည်။
ထိုသို့အတွေးရလာသောအခါ ရုပ်တုတချို့သည် ရွှီချင်းကို သေချာအကဲခတ်ကြည့်လိုက်သည်။
အသက်နှစ်ဆယ်ခါရှူချိန်ကြာပြီးနောက် ယဇ်ပလ္လင်ပေါ်မှာ မတ်တတ်ရပ်နေလျက် အမူအရာကင်းမဲ့စွာ ရှိနေသော ရွှီချင်းသည် အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ၏ အကြည့်က ရုပ်တုများပေါ်သို့ ကျရောက်သွားသည်။ သူက တည်ကြည်လေးနက်သော လေသံဖြင့် ပြောသည်။
“ လက်တလော ဘာတွေဖြစ်သွားလဲ ငါ့ကို ပြောပြပါ ”
ဆရာသခင်က နောက်လိုက်ဖြစ်ချင်သော သူတို့၏ ဆန္ဒအား မငြင်းဆန်သည်ကို မြင်သောအခါ ရုပ်တုအားလုံးသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ အထူးသဖြင့် လူထွားကြီးပင်။ သူက လွန်ခဲ့သော လများတွင် လပုန်ကန်ခန်းမထဲမှာ ဖြစ်ပျက်သွားခဲ့သော ကိစ္စများကို အမြန်ပြောပြလိုက်သည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူတို့ပေးသော သတင်းအချက်အလက်များသည် ခေါင်းဆောင်ဆီမှ သူကြားခဲ့သော သတင်းအချက်အလက်များနှင့် ကိုက်ညီသည်။ သို့သော် ထိုရုပ်တုများထံမှ သတင်းအချက်အလက်များသည် ပိုပြီးအသေးစိတ်ကျသည်။
သူက တစ်ခဏတွေးတောပြီးနောက် အသစ်ဖန်တီးထားသော ဆေးလုံးအကြောင်းကို ထုတ်ဖော်ပြရန် ပြင်လိုက်သည်။ သို့သော်လည်း သူ၏ ဦးခေါင်းထဲမှာ စိတ်ဆိုးနေသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ ဤသည်မှာ လင်းအာ၏ အသံဖြစ်သည်။
“ အကိုရွှီချင်း… သူတို့ပြောတာတွေကို ညီမကြားပြီးပြီ… ဒီအခြေအနေအတွက် ညီမမှာ အကြံကောင်းတစ်ခု ရှိတယ်… ဒီလူတွေက တကယ့်ငတုံးတွေ… အကိုရွှီချင်းရဲ့ အစွမ်းအစကိုများ သံသယရှိနေကြတယ်… ”
“ ညီမအကြံက တကယ်လို့ အကိုရွှီချင်းမှာ ဆေးလုံးအသစ်ရှိတယ်ဆိုရင် ဆေးလုံးအသစ်ရဲ့ လွှမ်းမိုးမှုနဲ့ လပုန်ကန်ခန်းမကို မုန်တိုင်းထန်စေမယ်… ညီမတို့က ဆေးလုံးရောင်းမယ့်နေ့ကို သတ်မှတ်လိုက်ပြီး အဲ့ဒါကို ကြိုကြေညာလိုက်မယ် ”
“ အဲ့ဒါဆို ဆေးလုံးမရောင်းခင် အတောအတွင်း လူတွေက သံသယရှိလာကြလိမ့်မယ်… တစ်ချိန်တည်းမှာ အကိုရွှီချင်းက ဆေးလုံးကို ထုတ်ပြလိုက်ပြီး အဲ့ဒီသံသယရှိတဲ့လူတွေကို သူတို့မှားယွင်းကြောင်း သက်သေပြနိုင်လိမ့်မယ် ”
“ အတိတ်တုန်းကဆိုရင် အဖေ့ရဲ့ ထမင်းဆိုင်က ပိတ်သွားတိုင်း ချီယွဲ့ထုံမြို့ထဲမှာ ထမင်းဆိုင်က ဆက်မလည်ပတ်နိုင်တော့ဘူးဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာတတ်တယ်… အဲ့လိုဖြစ်တိုင်း အဖေက ဟင်းပွဲအသစ်နဲ့ အခုလိုမျိုး ကြေညာပစ်လိုက်တယ် ”
လင်းအာက တိုးတိုးလေး ပြောသည်။
ရွှီချင်းသည် ပြုံးလိုက်သည်။
သူသည် ကောလဟာလများကို ဂရုမထားပေ။ သို့သော်လည်း လင်းအာက စိတ်ဆိုးနေသည်ကို မြင်သောအခါ သူက ခေါင်းညိတ်လိုက်ပြီး အောက်ဘက်မှ ရုပ်တုများကို ကြည့်လိုက်သည်။
“ လာမယ့်ဆယ်ရက်မြောက်နေ့မှာ အဆင့်မြှင့်ထားတဲ့ ကျိန်စာလျှော့ပေါ့ဆေးလုံးကို ငါထုတ်လွှတ်မယ်… အဲ့ဒီဆေးလုံးက အတိတ်တုန်းက ကျိန်စာလျှော့ပေါ့ဆေးလုံးနဲ့ လုံးဝခြားနားလိမ့်မယ်… အဲ့ဒါကို ကျိန်စာဖယ်ရှားဆေးလုံးလို့ ခေါ်တယ် ”
“ မင်းတို့က အဲ့ဆယ်ရက်အတွင်းမှာ ဒီသတင်းကို အပြင်ကို ဖြန့်ပေးရမယ်… ဆယ်ရက်ကြာသွားလို့ ဆေးလုံးကို ငါထုတ်လွှတ်တဲ့အခါ မင်းတို့ကို တစ်ယောက်တစ်လုံးစီ ပေးမယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ သူက စကားပြောပြီးနောက် မျက်လုံးမှိတ်လိုက်ပြီး လပုန်ကန်ခန်းမထဲမှ ထွက်သွားသည်။
သူထွက်သွားပြီးနောက် လပုန်ကန်ခန်းမထဲမှ ရုပ်တုအားလုံးသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေရာ တဖက်လူ၏ မျက်လုံးထဲမှ ချောက်ချားမှုကို သတိထားမိသွားကြသည်။
“ ဆေးအာနိသင်က အတိတ်တုန်းကနဲ့ ကွာခြားလိမ့်မယ်ဟုတ်လား ”
“ အဲ့ဒါကို ကျိန်စာလျှော့ပေါ့ဆေးလုံးလို့မခေါ်ဘူး… ကျိန်စာဖယ်ရှားဆေးလုံးတဲ့လား ”
“ အဲ့ဒီနာမည်က… ”
ရုပ်တုခုနစ်ခုရှစ်ခုသည် တုန်လှုပ်သွားကြသည်။ ထိုနာမည်မှ အဓိပ္ပာယ်ကို သူတို့နားလည်သော်လည်း ယင်းကို မယုံကြည်ဝံ့ကြပေ။
“ ကျိန်စာကို ဖယ်ရှားနိုင်တဲ့ ဆေးလုံးလား ”
လူထွားကြီးသည် ရွှီချင်းအပေါ် မည်မျှယုံကြည်လေးစားပါစေ ဤအခိုက်အတန့်မှာ သူ၏ အသက်ရှူသံသည် ထိန်းချုပ်မရအောင် မြန်ဆန်လာသည်။ မယုံကြည်နိုင်စရာကောင်းသော အတွေးသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
“ တကယ်လို့ အဲ့ဒါက အမှန်ဆိုရင်ရော ”
အချိန်အတော်ကြာပြီးနောက် လူထွားကြီးက ရုတ်တရက် ပြောလိုက်သည်။
သူက ပြောလိုက်သည်နှင့်ချက်ချင်း တခြားရုပ်တုများ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။
“ တကယ်လို့ အဲ့ဒါက အမှန်ဆိုရင်… အခုချိန်ကစပြီး လပုန်ကန်ခန်းမထဲမှာ အမှတ်ကိုးဆေးလုံးဆရာသခင်က တကယ့်နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ် ”
လူထွားကြီးက တီးတိုးရေရွတ်လိုက်စဉ် သူ၏ နှလုံးသားသည် လှိုင်းတံပိုးထသွားသည်။