လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေး၏ ယုံကြည်မှု
Vol. 63 Ch. 988
လေအစောင့်အရှောက်မျိုးနွယ်သည် အစိမ်းရောင်သဲကန္တာရထဲမှာ ဆန်းကြယ်သော မျိုးနွယ်စုတစ်စု ဖြစ်သည်။
ထိုမျိုးနွယ်သည် အပြင်လောကသို့ ထွက်ခဲသည်။ အစိမ်းရောင်သဲကန္တာရထဲမှ ကျင့်ကြံသူအများစုသည် သူတို့အကြောင်းကို ကြားဖူးရုံသာ ကြားဖူးကြပြီး အနည်းစုသာ မျက်မြင်တွေ့ဖူးကြသည်။
အစိမ်းရောင်သဲကန္တာရ၏ ပတ်ဝန်းကျင်က ပြင်ပအင်အားစုကြောင့် ဖျက်ဆီးခံရတော့မည့် အခြေအနေမျိုးမှသာ ထိုမျိုးနွယ်စုသည် ကန္တာရ၏ အစောင့်အရှောက်များအနေဖြင့် ထွက်ပေါ်လာကြပြီး ပြင်ပင်အင်အားစုများကို ဖြေရှင်းကြလိမ့်မည်။
သူတို့၏ အတတ်ပညာများသည် ထူးဆန်းပြီး ရှေးဟောင်းစွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်။ သို့ဖြစ်၍ ဗလာနတ္ထိအဆင့် ကျင့်ကြံသူများသည်ပင် သူတို့ကို ပြဿနာမရှာရဲကြပေ။
ခေတ်အဆက်ဆက်ကြာမြင့်ပြီးနောက် အစိမ်းရောင်သဲကန္တာရထဲမှ ကျင့်ကြံသူများသည် ထိုမျိုးနွယ်ကို ကန္တာရအစောင့်အရှောက်များဟု ခေါ်ဆိုလာကြသည်။
သို့သော်လည်း လက်တွေ့တွင် သူတို့၏ မျိုးနွယ်စုထဲ၌ သူတို့ကိုယ်သူတို့ လေအစောင့်အရှောက်များဟု ခေါ်ဆိုကြသည်။
သူတို့က ကန္တာရကို ကာကွယ်နေခြင်းမဟုတ်ပေ။ ယင်းအစား ကန္တာရထဲမှ လေကို ကာကွယ်နေခြင်း ဖြစ်သည်။
ကန္တာရ၏ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခံရမည့် ဘေးအန္တရာယ်ကို သူတို့က တားဆီးနေရခြင်းမှာ ကန္တာရ၏ အပြောင်းအလဲများက လေအပေါ် သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ အစိမ်းရောင်လေက အရောင်ပြောင်းလဲသွားပြီး အဖြူရောင်သဲက လေထဲသို့ မြှောက်တတ်သွားသည့်အခါတိုင်း ထိုမျိုးနွယ်၏ ပုံရိပ်များက ထွက်ပေါ်လာလိမ့်မည်။ ဤသည်မှာ သူတို့က အဖြူရောင်လေကို ကြိုဆိုကြသည့်အလား သို့မဟုတ် လေလမ်းကြောင်းကို လိုက်ရှာနေကြသည့်အလားပင်။
သူတို့၏ သမိုင်းကြောင်းနှင့် ဇစ်မြစ်သည်တော့ အချိန်ကာလ၏ တိုက်စားမှုကြောင့် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး အပြင်လူများက မသိကြတော့ပေ။ သို့ဖြစ်၍ လေအစောင့်အရှောက်မျိုးနွယ်သည် အစိမ်းရောင်သဲကန္တာရထဲမှာ အတော်လေး ထူးခြားဆန်းကြယ်သည်။
အတိတ်တွင် သူတို့သည် ရွှီချင်းကို အလိုရှိဝရမ်း ထုတ်ပြန်ခဲ့ကြသည်။ ယင်းက အစိမ်းရောင်သဲကန္တာရထဲမှာ အတော်လေး ဂယက်ထသွားခဲ့သည်။ ထိုမျိုးနွယ်က ရွှီချင်းအကြောင်း သဲလွန်စပေးနိုင်သည့် မည်သူ့ကိုမဆို သူတို့မျိုးနွယ်၏ တံဆိပ်တော်ပေးမည်ဟု ကတိပေးခဲ့သည်။
ထိုတံဆိပ်တော်ဖြင့်ဆိုလျှင် အဖြူရောင်လေ ရောက်ရှိလာသည့်အခါ တံဆိပ်တော်ကို ကိုင်ဆောင်ထားသူသည် သေခြင်းတရားမှ လွတ်မြောက်နိုင်လိမ့်မည်။
ထိုသို့ဆုလာဘ်သည် လူအများအပြားကို သွေးဆောင်သွားခဲ့သည်။
ရွှီချင်းသည် သူ့ကိုယ်သူ ကောင်းမွန်စွာ ဖုံးကွယ်ထားခဲ့သော်လည်း ဤလောကကြီးတွင် ထူးဆန်းသော လူအများအပြားရှိကြသည်။ တချို့လူများသည် သဲလွန်စများကို ရှာဖွေရန် အမည်မသိအတတ်ပညာများကိုပင် အသုံးပြုနိုင်ကြသည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် လေအစောင့်အရှောက်မျိုးနွယ်က ရွှီချင်းရှိနေသော ဆေးဆိုင်ဆီသို့ တန်းမတ်စွာ ရောက်ရှိလာကြခြင်း ဖြစ်သည်။
သူတို့က သူတို့မျိုးနွယ်၏ ဂုဏ်သတင်းကြီးမားပုံကို လူအများသိအောင် ကြေညာချင်သောကြောင့် ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်ဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
ဘဝကံကြမ္မာဆိုးတောင်တန်းဒေသထဲမှ အင်အားစုအများအပြားသည် ယင်းကို အာရုံခံမိသွားကြသည်။ အထူးသဖြင့် မြို့၏ ဘေးပတ်ဝန်းကျင်မှာရှိသော ဂိုဏ်းငယ်များနှင့် အင်အားစုများ ဖြစ်ကြသည်။ အစွမ်းကြီးမားသော ပုဂ္ဂိုလ်များသည် သူတို့၏ နတ်ဘုရားအသိစိတ်ကို ထုတ်လွှတ်လိုက်ကြပြီး အားနည်းသော ကျင့်ကြံသူများသည် လူကိုယ်တိုင် မြို့ဆီသို့ ချဉ်းကပ်လာကြသည်။
ဤအခိုက်အတန့်မှာ သူတို့က သဲလေထဲမှ အဖြူရောင်ပုံရိပ်များကို ဝိုးတားဝါးတား မြင်လိုက်ရသောအခါ ဆွံ့အသွားကြသည်။
“ အစိမ်းရောင်လေက အဖြူရောင်ပုံရိပ်တွေကြောင့် အရောင်ပြောင်းသွားတယ်… အဲ့ဒါက အဖြူရောင်လေထဲမှာ ထွက်ပေါ်လာတတ်တဲ့ ဆန်းကြယ်တဲ့ မျိုးနွယ်စုမဟုတ်လား ”
“ အဲ့ဒီမျိုးနွယ်စုက မကြာသေးခင်က အလိုရှိဝရမ်းတစ်ခုကို ထုတ်ပြန်ခဲ့တယ်လို့ ငါကြားတယ် ”
“ ငါ့အထင် တစ်ယောက်ယောက်က သူတို့မျိုးနွယ်ရဲ့ မြင့်မြတ်ရတနာကို ခိုးယူသွားတဲ့ပုံပဲ… ”
“ ကြည့်ရတာတော့ အဲ့ဒီသူခိုးက ဒီမြို့ထဲမှာ ပုန်းအောင်းနေတာ ဖြစ်မယ် ”
မရေမတွက်နိုင်သော ကျင့်ကြံသူအများအပြားသည် မြို့၏ ဘေးပတ်ဝန်းကျင်မှာ စုဝေးရောက်ရှိလာကြသည်။ သူတို့အားလုံးသည် ဤကိစ္စကို အာရုံစိုက်လာကြသည်။ တချို့သည် ထိတ်လန့်သွားကြပြီး တချို့သည် နှာခေါင်းရှုံ့သွားကြသည်။ တချို့သည်တော့ တခြားအတွေးများ ရှိကြသည်။
“ အဲ့ဒီသူခိုးတော့ သေပြီပဲ… ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတာပဲ… သူက သေမှာမကြောက်ဘဲ လေအစောင့်အရှောက်မျိုးနွယ်ကိုများ ရန်သွားစရဲတယ် ”
“ အဲ့ဒီမျိုးနွယ်အကြောင်းကို စာအုပ်တွေထဲမှာ ငါဖတ်ဖူးတယ်… သူတို့က အရမ်းရက်စက်ပြီး လွှမ်းမိုးဖိနှိပ်တယ်လို့ ပြောကြတယ် ”
“ ဒါပေမဲ့ သူတို့က အရမ်းကြွယ်ဝချမ်းသာတယ်မလား ”
နတ်ဘုရားအသိစိတ်များနှင့် ကျင့်ကြံသူများ၏ စစ်ဆေးစောင့်ကြည့်မှုအောက်မှာ မြို့သည် ကျက်တီးမြေအလား တိတ်ဆိတ်ငြိမ်သက်နေသည်။ ကောင်းကင်ပေါ်မှ ဖိအားသည် ပိုပြီးပြင်းထန်လာပြီး အစိမ်းအဖြူရောစပ်ထားသော လေသည် တအင့်အင့်ညည်းသံဖြင့် ဆက်လက် တိုက်ခတ်နေသည်။ ယင်းက ဒေသခံများအသွင် ရုပ်ဖျက်ထားကြသော တာအိုပညာရှင်မူနှင့် သူ၏ ဂိုဏ်းတပည့်များကို ဖိနှိပ်မှုအား ခံစားရမိစေသည်။
အဆင့်နိမ့်သော ကျင့်ကြံသူများသည် တုန်ယင်နေကြပြီး လုံးဝမလှုပ်ရှားဝံ့ကြပေ။
မြို့ထဲမှ ဆေးဆိုင်သည်သာ ညအမှောင်အောက်တွင် လင်းထိန်နေပြီး ဤမြို့လေးထဲမှ တစ်ခုတည်းသော နွေးထွေးမှုဖြစ်လာသည်။
ထိုအချိန် ဆေးဆိုင်ထဲတွင် နင်ယန်သည် ငြီးငွေ့ဖွယ်ကောင်းစွာ ကြမ်းတိုက်နေသည်။ လီယိုဖေးသည် ခေါင်းမော့လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက နင်ယန်ကို ဝင်ကူညီပေးလိုက်သည်။
ဝူကျန်းဝူသည် အဝေးမှာ ခြေကားရား လက်ကားရားဖြင့် လဲလျောင်းနေသည်။ သူက မျက်လုံးမှိတ်ထားလျက် မနက်ဖြန် ရွတ်ဆိုမည့် ကဗျာအသစ်တစ်ပုဒ်ကို ကြိုတွေးတောနေသည်။
လင်းအာသည် စားပွဲခုံနောက်တွင် ထိုင်နေပြီး ယနေ့အတွက် အမြတ်ငွေကို တွက်ချက်နေသည်။ ရံဖန်ရံခါ သူက တွက်ချက်ခြင်းကို ရပ်တန့်ပြီး ဝမ်းသာပျော်ရွှင်စွာ ပြုံးလေ့ရှိသည်။
ခေါင်းဆောင်သည် အစောင့်အကြပ်နတ်ဘုရားပမာ တံခါးနောက်တွင် မတ်တတ်ရပ်နေသည်။ သူသည်လည်း အပြင်ဘက်မှ အခြေအနေကို အာရုံခံမိသည်။ သို့သော်လည်း သူက ယင်းကို အာရုံမစိုက်ဘဲ အလုပ်ကြိုးစားနေသော ဝိညာဉ်သခင်မယုံကျင်းကို ကြည်နူးစွာ ကြည့်နေသည်။ ယင်းက သူ့အတွက် ပျော်ရွှင်စရာကိစ္စ ဖြစ်သည်။
ဝိညာဉ်သခင်မယုံကျင်းသည် ဆံပင်မွှေးထောင်သွားသည်။ သူက အနောက်လှည့်လိုက်ပြီး ချန်းအားညိုကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။
“ အလုပ်ကြိုးစားလုပ်ပါ… မဟုတ်ရင် နင့်ယောင်္ကျားကို ငါခေါ်လိုက်မယ် ”
ခေါင်းဆောင်က ပြန်စိုက်ကြည့်လိုက်သည်။
ဝိညာဉ်သခင်မယုံကျင်းသည် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ အတိတ်တွင် သူက ထိုရွံစရာကောင်းသော အရာဖြင့် ထိတွေ့ဆက်ဆံခဲ့ကြောင်း ပြန်တွေးမိသွားသောအခါ ပျို့အန်ချင်လာသည်။
ဤအခိုက်အတန့်မှာ သူက သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ချန်းအားညိုကို စိုက်ကြည့်လိုက်သည်။ ချန်းအားညိုအပေါ် သူ၏ နှလုံးသားထဲမှ မုန်တီးမှုသည် လူတိုင်းထက် ကျော်လွန်သွားသည်။ ချန်းအားညိုနှင့် နှိုင်းယှဉ်လျှင် သူက ရွှီချင်းအပေါ် ယခင်ကဲ့သို့ မမုန်းတီးတော့ပေ။ ယခု သူ၏ အမုန်တရားအားလုံးက ချန်းအားညိုတစ်ယောက်တည်းအပေါ်မှာ စုပုံလာသည်။
“ နင်က ဘယ်သူ့ကို လာကြည့်နေတာလဲ… ဘယ်လိုအပါးခိုရမလဲ ချောင်းနေတာလား… ရေနွေးက ဆူနေပြီ… မြန်မြန် အဖိုးအတွက် လက်ဖက်ရည်သွားဖျော်ပေးစမ်း ”
ခေါင်းဆောင်သည် နှာခေါင်းရှုံ့လိုက်သည်။
ဝိညာဉ်သခင်မယုံကျင်းသည် အံကြိတ်လိုက်သည်။ သူက ဆန္ဒမရှိဘဲ အကြည့်ပြန်ရုပ်လိုက်ပြီး လက်ဖက်ရည်အိုးကို ကောက်ယူလိုက်ကာ အိမ်ရှေ့စံမင်းသားဆီသို့ လျှောက်သွားသည်။ ထိုစဉ် အိမ်ရှေ့စံမင်းသားက ရှောင်မြောင်ကို စစ်ဆေးကြည့်ရှုနေသည်။
ဝိညာဉ်သခင်မယုံကျင်းသည် အိမ်ရှေ့စံမင်းသားဆီသို့ ရောက်ရှိသွားသောအခါ သူ၏ စိတ်ခံစားချက်အားလုံးကို ဖိနှိပ်လိုက်ပြီး ရိုသေကျိုးနွံလာသည်။ သူက တိတ်တဆိတ် လျှောက်သွားပြီး လက်ဖက်ရည်ကို စတင်ဖျော်ပေးလိုက်သည်။
ထိုမြင်ကွင်းကို ခေါင်းဆောင်မြင်သွားသောအခါ သူ၏ စိတ်ထဲမှာ ဘဝင်မြင့်သွားသည်။ သူက စကားပြောရန် ဟန်ပြင်လိုက်စဉ် အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်သည်။
ဝူကျန်းဝူသည် မျက်မှောင်ကြုတ်သွားသည်။ ထိုအသံက သူ၏ အတွေးများကို နှောင့်ယှက်သွားသည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး ဆေးဆိုင်တံခါးကို ဆွဲဖွင့်လိုက်ကာ အပြင်ဘက်သို့ စိတ်မရှည်စွာ ကြည့်လိုက်သည်။
“ ဆရာသခင် ”
ဆေးဆိုင်တံခါးက ပွင့်သွားသောအခါ ချန်းဖန်ကျိုး၏ ပုံရိပ်သည် ပျာပျာသလဲ ပြေးဝင်လာသည်။ သူ၏ မျက်နှာမှာ ကြောက်ရွံခြင်းနှင့် စိုးရိမ်ပူပန်ခြင်းဖြင့် ပြည့်နှက်နေသည်။ သူက ဆေးဆိုင်ထဲသို့ ဝင်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ လူများကို အလျှင်စလို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက နောက်ဖေးခန်းကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
“ ဆရာသခင်… ကိစ္စကြီးဖြစ်လာပြီ… လေအစောင့်အရှောက်မျိုးနွယ်က… ”
သူက စကားဆုံးအောင် မပြောနိုင်ခင် အပြင်လောကသည် ရုတ်တရက် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ လေသည် ကျယ်လောင်စွာ တိုက်ခတ်လာပြီး မရေမတွက်နိုင်သော သဲမုန်တိုင်းများက မြို့ထဲမှာ ထွက်ပေါ်လာကြသည်။ မြို့ထဲတွင် ဖုန်တထောင်းထောင်းထသွားပြီး ဖုန်မှုန့်များက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကြသည်။
ပုံရိပ်ဖြူများသည် လေထဲမှ ထွက်လျှောက်လာကြပြီး မြို့ထဲမှာ ခြေချလိုက်ကြသည်။
တချို့သည် လမ်းမပေါ်မှာ ရပ်လိုက်ကြပြီး တချို့သည် အိမ်ခေါင်းမိုးပေါ်မှာ ရပ်လိုက်ကြသည်။ တချို့သည်တော့ လေထဲမှာ ရပ်နေကြသည်။ သူတို့၏ အရေအတွက်သည် တစ်ထောင်နီးပါး ရှိသည်။ သူတို့ထဲမှ အားကောင်းသော ပုဂ္ဂိုလ်များသည် အံ့မခန်းဖိအားကို ထုတ်လွှတ်လိုက်ကြပြီး ဆေးဆိုင်ကို ပစ်မှတ်ထားလိုက်ကြသည်။
ထိုအထဲမှ ပုံရိပ်လေးခုသည် ဆေးဆိုင်တည်ရှိနေသော လမ်းမပေါ်တွင် တိုက်ရိုက် ဆင်းသက်လာကြသည်။ သူတို့၏ နေရာသည် ဆေးဆိုင်နှင့် ပေတစ်ထောင်ကွာဝေးသည်။
ထိုပုဂ္ဂိုလ်လေးယောက်၏ အဝတ်အစားများသည် အဖြူရောင်ချည်းသက်သက် မဟုတ်ပေ။ အဖြူရောင်ပေါ်တွင် ရွှေရောင်အစင်းကြောင်းများ ရှိသည်။ သူတို့၏ အစစ်အမှန် အသွင်အပြင်ကို သေချာမမြင်နိုင်သော်လည်း သူတို့သည် တခြားမျိုးနွယ်ဝင်များဖြင့် နှိုင်းယှဉ်လျှင် အဝတ်အစားသော်လည်းကောင်း ကျင့်ကြံခြင်းအဆင့်သော်လည်းကောင်း သိသာခြားနားစွာ ကွဲထွက်နေသည်။
သူတို့ထဲမှ မည်သူမဆို တာအိုပျိုးထောင်ခြင်းအဆင့်ကို ကျော်လွန်သွားကြပြီး အစစ်အမှန် ဝိညာဉ်သိုက်အဆင့်သို့ ခြေချနိုင်သူများ ဖြစ်ကြသည်။
သို့သော်လည်း ထိုပုဂ္ဂိုလ်လေးယောက်နှင့် နှိုင်းယှဉ်လျှင် ဆေးဆိုင်နှင့် ပေတစ်ရာအကွာမှာ ထွက်ပေါ်လာသော ရွှေရောင်ဝတ်ရုံဖြင့် ပုံရိပ်၏ အသွင်အပြင်နှင့် အရှိန်အဝါသည် ပိုပြီးသိသာထင်ရှားသည်။
ထိုပုဂ္ဂိုလ်သည် လေအစောင့်အရှောက်မျိုးနွယ်မှ တခြားမျိုးနွယ်ဝင်များနှင့် မတူညီဘဲ သူ၏ ဦးခေါင်းကို ဝတ်ရုံရှည်ဖြင့် ဖုံးအုပ်ထားခြင်း မရှိပေ။ သို့ဖြစ်၍ သူ၏ ဆံပင်ဖြူ၊ ကျောပေါ်မှ အဖုနှင့် သူ၏ မျက်နှာပေါ်မှ ဂုဏ်ကျက်သရေရှိသော အမူအရာသည် ထင်ရှားစွာ ပေါ်လွင်နေသည်။
ထိုအဖိုးအိုထွက်ပေါ်လာသည်နှင့်ချက်ချင်း ပေတစ်ထောင်အဝေးမှာ ရပ်နေကြသော ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူလေးယောက်သော်လည်းကောင်း ဘေးပတ်ဝန်းကျင်မှ ဝတ်ရုံဖြူမျိုးနွယ်ဝင်များသော်လည်းကောင်း တစ်ပြိုင်နက် ခေါင်းငုံ့လိုက်ကြသည်။
“ ဘိုးဘေး ”
ရွှေရောင်ဝတ်ရုံဖြင့် ထိုအဖိုးအိုသည် သူတို့၏ ဘိုးဘေးဖြစ်သည်။
သူက နေရာမှာရပ်နေသော်လည်း ပြီးပြည့်စုံသော ဝိညာဉ်သိုက်အဆင့် ကျင့်ကြံခြင်းအားလှိုင်းအတတ်အကျများကို အစဉ်မပြတ် ထုတ်လွှတ်နေသည်။ စွမ်းအင်ချည်မျှင်များက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာနေသည်ကို မည်သူမဆို ဝိုးတိုးဝါးတား မြင်နိုင်လိမ့်မည်။ ယင်းတို့အားလုံးက တာအိုအမှတ်အသားများ ဖြစ်ကြသည်။
သူ၏ မြင်ကွင်းထဲမှာရှိသော တာအိုအမှတ်အသားအားလုံးကို နားလည်သဘောပေါက်သွားသည့်အခါ သူက ဝိညာဉ်သိုက်အဆင့်ကို ချိုးဖျက်နိုင်သွားပြီး ဗလာနတ္ထိအဆင့်ကို တတ်လှမ်းနိုင်လိမ့်မည်။
ယခု သူက ဗလာနတ္ထိအဆင့်သို့ရောက်ရန် ခြေလှမ်းဝက် ဝေးကွာနေသေးသည်။
ဤအခိုက်အတန့်မှာ လေသည် ပိုပြီးအားကောင်းစွာ တိုက်ခတ်လာသည်။ ယင်းက သားရိုင်းကောင်များ၏ ဟိန်းသံသဖွယ် စူးရှသော အော်မြည်သံကို ဖြစ်ပေါ်စေသည်။ ထိုအသံကို ကြားမိကြသော အရပ်မျက်နှာအဘက်ဘက်မှ လူတိုင်းသည် နှလုံးတုန်သွားကြသည်။
မြို့အပြင်ဘက်မှ စောင့်ကြည့်နေကြသူများသည် အသက်ပြင်းပြင်း မရှူဝံ့ကြချေ။ သူတို့၏ အကြည့်သည် ဆေးဆိုင်အရှေ့မှ ရွှေရောင်ဝတ်ရုံဖြင့် အဖိုးအိုထံသို့ အလိုအလျောက် ရွေ့လျားသွားကြသည်။
အဖိုးအို၏ မျက်လုံးသည် ကန်ရေပြင်ပမာ တည်ငြိမ်သည်။ သူက ဆေးဆိုင်ဆီသို့ အေးတိအေးစက် စိုက်ကြည့်လိုက်သည်နှင့် သူ၏ အရှိန်အဝါက ပေါ်လျှိုးထွက်လာသည်။ ယင်းက နတ်နဂါးတစ်ကောင်၏ ပုံရိပ်ယောင်သဖွယ် ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ဟိန်းဟောက်လိုက်သည်။ သူ၏ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါသည် သူ့အရှေ့မှ အတားအဆီးအားလုံးနှင့် အနှောင့်အယှက်အားလုံးကို ဖျက်ဆီးပစ်နိုင်ဟန် ရသည်။
ထိုသို့ကြီးကျယ်မြင့်မြတ်ခြင်းသည် သူ့ကဲ့သို့ ပုဂ္ဂိုလ်အတွက် အလွန်အရေးကြီးသည်။ မြင့်မားသော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်များသာ ပိုင်ဆိုင်နိုင်သော ဖိအားကြောင့် လူများစွာသည် ကျောပေါ်မှာ အဖုရှိသော ထိုအဖိုးအိုကို မကြည့်ဘဲ မနေနိုင်ကြပေ။
ဤအခိုက်အတန့်မှာ သူ၏ အကြည့်က ဆေးဆိုင်ဆီသို့ ကျရောက်နေသည်။ သူက မည်သည့်စကားတစ်ခွန်းမှ မပြောဘဲ ဆေးဆိုင်ဆီသို့ လျှောက်သွားသည်။
သူက ခြေတစ်လှမ်းတိုးသွားတိုင်း မြေပြင်သည် တုန်ခါလာပြီး အရပ်မျက်နှာအဘက်ဘက်မှ လေနှင့် တိမ်တိုက်များသည် လှုပ်ရှားထကြွလာသည်။ ကောင်းကင်သည်ပင် အဖိုးအို၏ အရှိန်အဝါကြောင့် ပရမ်းပတာဖြစ်သွားပြီး စောင့်ကြည့်နေသူအားလုံးသည် နှလုံးတုန်သွားကြသည်။ ဤသည်မှာ အဖိုးအိုက သူတို့၏ သွေးကြောပေါ်မှာ လမ်းလျှောက်နေသည့်အလား လူတိုင်းကို နှလုံးခုန်မြန်သွားစေသည်။
သူ၏ အမူအရာသည် တည်ငြိမ်သည်။ သူက မည်သည့်စကားမှ မပြောသလို သူ၏ စိတ်ထဲမှာ မည်သည့်အတွေးမှ မရှိနေပေ။ ဤသည်မှာ ဆေးဆိုင်ထဲတွင် သူ့အား စကားပြောစေရန် မည်သူမှ မထိုက်တန်သည့်အလားပင်။
သူက ဤနေရာကို ရောက်လာစဉ် မြင့်မြတ်ရတနာကို ပြန်သိမ်းယူရန် လက်တစ်ဖက်ကို မြှောက်လိုက်ရုံသာ လိုအပ်သည်။ သူက ဆေးဆိုင်ထဲသို့ ဝင်သွားစဉ် အရာအားလုံးကို အမှုန့်ချေပစ်ရန် ဖနောင့်တစ်ချက်ပေါက်လိုက်ရုံသာ လိုအပ်သည်။
မည်သို့ဖြစ်ပါစေ ကျင့်ကြံခြင်းစွမ်းအားသည် အရာအားလုံးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။
သို့ဖြစ်၍ သူက လက်နောက်ပစ်လျက် ဆေးဆိုင်ထဲသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူက ရပ်တန့်ခြင်းမရှိဘဲ ဆေးဆိုင်ထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။
သူက ဆေးဆိုင်ထဲသို့ ဝင်ရောက်သွားသည့်အခါ ဆေးဆိုင်တံခါးသည် ဘန်းဟူသော မြည်သံဖြင့် ပိတ်သွားသည်။
ထိုအသံသည် မည်သူ့ကိုမှ ဆိုးဝါးသော အတိတ်နိမိတ်အား မခံစားရစေပေ။ အပြင်ဘက်မှာ စောင့်ဆိုင်းနေကြသော လေအစောင့်အရှောက်မျိုးနွယ်ဝင် တစ်ထောင်သော်လည်းကောင်း သို့မဟုတ် မြို့အပြင်ဘက်မှာ စောင့်ကြည့်နေကြသော ကျင့်ကြံသူများသော်လည်းကောင်း သူတို့အားလုံးသည် မျှော်လင့်မထားသောကိစ္စ ဖြစ်ပေါ်လာလိမ့်မည်ဟု မစဉ်းစားထားကြပေ။
မည်သို့ဖြစ်ပါစေ နှစ်ဖက်ကြားမှ စွမ်းအားကွာခြားမှုသည် အလွန်ကြီးမားလှသည်။ ဤသည်မှာ ခြင်္သေနှင့် ယုန်သူငယ်ကြားမှ ခြားနားမှုအတိုင်းဖြစ်သည်။
ယုန်သူငယ်က မည်မျှရုန်းကန်ပါစေ ၎င်း၏ ကံကြမ္မာမှ မလွတ်မြောက်နိုင်ပေ။
ဤအခိုက်အတန့်မှာ အပြင်ဘက်မှ မျိုးနွယ်ဝင်အားလုံးသည် ထိုသို့တွေးထားကြသည်။ သူတို့အားလုံးသည် မောက်မာထောင်လွှားကြပြီး လေသည်ပင် သူတို့၏ စိတ်ခံစားချက်များကို အာရုံခံနိုင်သည်။ ယင်းက ပိုပြီးအားကောင်းစွာ တိုက်ခတ်နေသည်။
ထို့ကြောင့် တအင့်အင့်ညည်းသံသည် ပိုပြီးစူးရှစွာ ပဲ့တင်ထပ်လာသည်။
မြို့၏ အပြင်ဘက်မှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်သွားသောအခါ တစ်ယောက်ပြီးတစ်ယောက် တုန်ယင်သွားကြသည်။ ဤတစ်ကြိမ်တွင် လေအစောင့်အရှောက်မျိုးနွယ်၏ လှုပ်ရှားမှုသည် သူတို့၏ အခြေခံအုတ်မြစ်ကို ဖော်ပြနေပြီး သူတို့အား ထိတ်လန့်သွားစေသည်။
“ ဒီအင်အားနဲ့ဆိုရင် သူတို့ရဲ့ ဂုဏ်သတင်းကို ပြန်တည်ဆောက်နိုင်ပြီး လူတိုင်းကို သတိပေးဖို့ လုံလောက်တယ် ”
“ ဆေးဆိုင်ထဲက သူခိုးမှာ လွတ်လမ်းမရှိတော့ဘူး ”
“ ဒါက သူ့ထိုက်နဲ့ သူ့ကံပဲ… ဘာလို့များ လေအစောင့်အရှောက်မျိုးနွယ်ရဲ့ မြင့်မြတ်ရတနာကို ခိုးယူရတာလဲ… ”
“ တကယ်လို့ အဲ့ဒီသူခိုးက အခြေအနေကို နားလည်ပြီး မြင့်မြတ်ရတနာနဲ့ နတ်ဆိုးကောင်ကို အရင်ဦးဆုံး ပြန်ပေးမယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် သေသွားနိုင်လောက်ပါတယ်… အဲ့လိုမှမဟုတ်ရင် သူက မသေခင် ညှဉ်းပန်းနှိပ်စက်တာ ခံရလိမ့်မယ် ”
တချို့သည် သက်ပြင်းချလိုက်ကြပြီး တချို့သည် ကျေနပ်ဝမ်းသာဖြစ်မိကြသည်။ ယခုအချိန်မှာ အပျော်ရွှင်ဆုံးလူသည် အတိတ်တွင် ရွှီချင်းနှင့် တိုက်ခိုက်ခဲ့သော ဝတ်ရုံဖြူကျင့်ကြံသူများ ဖြစ်ကြသည်။
ဝတ်ရုံဖြူကျင့်ကြံသူအုပ်စု၏ ခေါင်းဆောင်သည် လမ်းပေါ်တွင် မတ်တတ်ရပ်နေပြီး ဆေးဆိုင်ကို ကြည့်နေသည်။ သူ၏ နှုတ်ခမ်းထောင့်သည် အပေါ်ဘက်သို့ တွန့်တွေးသွားပြီး အေးတိအေးစက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ယခု သူ၏ နှလုံးသားထဲမှာ ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။ မကြာခင် ဘိုးဘေးက မာနာထောင်လွှားသော သူခိုးကောင်နှင့် နတ်ဆိုးကောင်ကို ဖမ်းဆီးပြီး အပြင်ပြန်ထွက်လာမည်ကို သူစိတ်ကူးကြည့်နိုင်သည်။
“ သူခိုးကောင်… အတိတ်တုန်းက မင်းက ငါ့မျိုးနွယ်ရဲ့ မြင့်မြတ်ရတနာကို ခိုးယူသွားရုံတင်မကဘူး မင်းကြောင့် ငါက အကြီးအကဲတွေရဲ့ အပြစ်ပေးတာကို ခံခဲ့ရတယ်… ဒီနေ့ ငါ့မျိုးနွယ်ကို အာခံရင် ဘယ်လိုအကျိုးဆက်မျိုး ခံစားရမလဲဆိုတာ မင်းသိသွားစေရမယ် ”
“ မင်းတင်မကဘူး… နတ်ဆိုးကောင်ရော ပြီးတော့ တည်နေရာပြောင်းရွှေ့နိုင်တဲ့ ကြက်တူရွေးရောပဲ မင်းတို့အားလုံး အသေဆိုးနဲ့ သေရမယ်… အဲ့ဒါက ငါ့မျိုးနွယ်ကို ရန်စတဲ့အတွက် ရလဒ်ပဲ ”
“ တကယ်လို့ မင်းက တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် အလုံအလောက် မသန်မာဘဲ အစွမ်းကြီးမားတဲ့ လူတွေကို ရန်စရဲတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်သင့်တယ် ”
“ ဒီနေ့ကစပြီး ငါ့မျိုးနွယ်ရဲ့ ဂုဏ်သတင်းက တဖန်ပြန်ထွန်းတောက်လာပြီး အစိမ်းရောင်သဲကန္တာရထဲက ကျင့်ကြံသူတိုင်းက ငါတို့မျိုးနွယ်ရဲ့ နာမည်ကို ပြန်မှတ်မိလာကြလိမ့်မယ် ”
ဝတ်ရုံဖြူကျင့်ကြံသူသည် တည်ငြိမ်သော အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
သူ၏ မျက်နှာပေါ်မှာ မျှော်လင့်ခြင်းဖြင့် ပြည့်နှက်နေသည်။