← Chapters

စီနီယာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်… ငါက ဆေးလုံး လာဝယ်တာပါ

Vol. 63 Ch. 989

စီနီယာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်… ငါက ဆေးလုံး လာဝယ်တာပါ

Vol. 63 Ch. 989

ဤအခိုက်အတန့်မှာ ဆေးဆိုင်ထဲတွင် ရွှေရောင်ဝတ်ရုံဝတ်ဆင်ထားသော လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးသည် တံခါးပိတ်သွားသည်နှင့် ဘေးပတ်ဝန်းကျင်ကို မထူးမခြားနား အမူအရာဖြင့် ကြည့်လိုက်သည်။

ဆေးဆိုင်သည် မကြီးမားပေ။ သာမန်မျှသာ ဖြစ်သည်။ ဘေးဘက်ရှိ မီးဖိုပေါ်တွင် ပွက်ပွက်ဆူနေသော ရေနွေးအိုးရှိပြီး အငွေ့တထောင်းထောင်း ထုတ်လွှတ်နေသည်။

ပထမဆုံး သူမြင်လိုက်သည့်လူမှာ ကြမ်းတမ်းသော ချည်အင်္ကျီကို ဝတ်ဆင်ထားပြီး ခြေပစ်လက်ပစ် လဲလျောင်းနေသော လူငယ်တစ်ယောက် ဖြစ်သည်။

ထိုလူငယ်၏ အမူအရာသည် အမြဲပြောင်းလဲနေသည်။ တစ်ခါတစ်ရံ သူက မျက်မှောင်ကြုတ်သွားပြီး တစ်ခါတစ်ရံ နက်နဲစွာ တွေးတောသည်။ တစ်ခါတစ်ရံ ဘဝင်မြင့်သော အမူအရာလည်း ပြုလုပ်သေးသည်။ သူက အဓိပ္ပာယ်မရှိသော ပေါက်ကရကဗျာများကို ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုနေသည်။

တစ်ဖက်လူသည် သူရောက်လာသည်ကို တစ်ချက်လေးပင် မကြည့်ပေ။

ဘိုးဘေးက တစ်ချက်ကြည့်လိုက်လေရာ ထိုလူသည် ရွှေအမြူတေအဆင့်မှာဖြစ်ကြောင်း သူပြောနိုင်သည်။ သို့ဖြစ်၍ သူက ထိုလူကို လျစ်လျူရှုလိုက်ပြီး သူ၏ ဘေးတွင် ခါးထောက်လျက် ဓားကိုင်ထားသော ဒုတိယလူကို ကြည့်လိုက်သည်။

ထိုသူသည်လည်း လူငယ်ဖြစ်ပြီး သူ့ကို ပြုံးပြနေသည်။

“ ဧည့်သည်တော်… ငါ့ကို စိတ်ထဲမထားပါနဲ့… ငါက အစောင့်ပါ… တကယ်လို့ မင်းက ဆေးဝယ်ချင်တယ်ဆိုရင် အထဲမှာ သွားဝယ်နိုင်ပါတယ် ”

သူက စကားပြောပြီးနောက် စားပွဲခုံဆီသို့ လှမ်းအော်လိုက်သည်။

“ လင်းအာရေ… ဧည့်သည်ရောက်နေတယ် ”

စားပွဲ‌ခုံနောက်တွင် စာရင်းတွက်နေသော လင်းအာသည် ဤသည်ကို ကြားသောအခါ မော့ကြည့်လိုက်သည်။

စားပွဲခုံသည် အလွန်ကြီးမားပြီး လင်းအာ၏ ခန္ဓာကိုယ်သည် သေးငယ်သည်။ သူက ခေါင်းငုံထားလျက် ပေးသီးခုံဖြင့် အလုပ်များနေသည်။ ဤအခိုက်အတန့်မှာ သူက ခေါင်းမော့လိုက်သည့်အခါ တစ်ခဏ ဆွံ့အသွားသည်။ ဘိုးဘေးကို သတိထားမိသွားသောအခါ လင်းအာသည် မျက်လုံးတောက်ပလာသည်။ သူက နွေးထွေးစွာ ကြိုဆိုသည်။

“ ဧည့်သည်တော်… ဘာများ အလိုရှိပါသလဲ… ကျွန်မတို့ဆိုင်က အဖြူရောင်ဆေးလုံးက ဘဝကံကြမ္မာဆိုးတောင်တန်းမှာ အတော်လေး နာမည်ကျော်ကြားပါတယ်… ဆေးလုံးတစ်လုံးကို ဝိညာဉ်ဒင်္ဂါးတစ်ပြားပဲ ကျပါတယ်… တကယ်လို့ ရှင်က အများကြီး ဝယ်မယ်ဆိုရင် ဈေးလျော့ပေးပါ့မယ် ”

လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက ဓားကိုင်ထားသော လူငယ်နှင့် မိန်းကလေးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ဤနှစ်များတွင် သူ့အရှေ့မှာ တည်ငြိမ်စွာ စကားပြောဝံ့သူသည် လက်ငါးချောင်းမပြည့်သေးပေ။

ဤလူများ၏ တုံ့ပြန်ပုံသည် သူမျှော်လင့်ထားသည်နှင့် အနည်းငယ် ခြားနားနေသည်။ ကံကောင်းစွာဖြင့် လူတိုင်းက ထိုသို့မဟုတ်ပေ။ အဝေးမှ ကျင့်ကြံသူတစ်ယောက်သည် ခန္ဓာကိုယ်တုန်ရီနေပြီး သူ့အား ကြောက်လန့်တကြား ကြည့်နေသည်။

သူ၏ အမြင်မှာ ထိုအပြုအမူသည် သာမန်သာဖြစ်သည်။

ထို့နောက် ဘိုးဘေး၏ အကြည့်သည် ဆေးဆိုင်ထဲမှာ ကြမ်းတိုက်နေသော လူနှစ်ယောက်ဆီသို့ ကျရောက်သွားသည်။

တစ်ယောက်သည် ဖက်တီးလေးဖြစ်ပြီး တခြားတစ်ယောက်သည် အဖိုးအိုဖြစ်သည်။ သူတို့နှစ်ယောက်သည် ကြမ်းတိုက်ရင်း အလုပ်များနေကြသည်။ ဖက်တီးလေးသည် အနောက်လှည့်လိုက်ပြီး သူ့ကိုပင် အော်ပြောလိုက်သည်။

“ ဒီနေရာက စောစောကမှ ငါကြမ်းတိုက်ထားတာ… စိုနေသေးတယ်… အဲ့ဒီအပေါ် တတ်မနင်းနဲ့ ”

ဘိုးဘေး၏ အကြည့်သည် အေးစက်လာသည်။ အတိတ်တွင် သူ့အား ထိုသို့လေသံဖြင့် စကားပြောခဲ့သူတိုင်းသည် သေသွားကြပြီ ဖြစ်သည်။ သို့သော်လည်း သူက ချက်ချင်း မတိုက်ခိုက်ပေ။ ထိုဖက်တီးသည် သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။ နောက်ကျလျှင် သူက ထိုပုရွက်ဆိတ်ကို အတွေးတစ်ချက်ဖြင့် အမှုန့်ချေပစ်နိုင်သည်။

ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး အဝေးမှာ ကြက်တူရွေးလေးနှင့် ဆော့ကစားနေသော အဖိုးအိုကို ကြည့်လိုက်သည်။ ထိုအဖိုးအိုသည် သာမန်သေမျိုးဖြစ်ဟန်တူပြီး သင်္ချိုင်းကုန်းသို့ ခြေတစ်လှမ်းရောက်နေပြီ ဖြစ်သည်။

ဘိုးဘေးသည် ဂရုတစိုက် အတည်ပြုပြီးနောက် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

သူ၏ အမြင်မှာ ထိုလူများက မည်သည့်အားကိုးကြောင့် သူ့အား ထိုသို့အမူအရာဖြင့် ဆက်ဆံကြခြင်းဖြစ်ပါစေ အရေးမကြီးပေ။ သူက လက်နောက်ပစ်လျက် တည်ငြိမ်စွာ ပြောသည်။

“ ငါက ဆေးလာဝယ်တာ မဟုတ်ဘူး… မင်းတို့ အသက်တွေက ဘယ်လောက်တန်ဖိုးရှိလဲ… အဲ့ဒါကို ငါဝယ်မယ် ”

သူက စကားပြောလိုက်သည့်အခါ ခြေလှမ်းဝက် ဗလာနတ္ထိအဆင့် ကျင့်ကြံခြင်းစွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ သူက ညာခြေထောက်ကို မြှောက်လိုက်ပြီး ကြမ်းပြင်ကို ဖနောင့်ပေါက်လိုက်သည်။

သူ၏ စိတ်ထဲမှာ ထိုဖနောင့်ပေါက်မှုကြောင့် ဤနေရာက အစိတ်စိတ်အမွှာမွှာ ပြိုလဲပျက်စီးသွားပြီး ပြာဖြစ်သွားလိမ့်မည်ဟု တွေးထားသည်။ သူ့အရှေ့မှ လူများသည် ရှင်လူမှ သေလူအဖြစ်သို့ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားပြီး အရိုးစုများ ဖြစ်လာကြလိမ့်မည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ အဖိုးအိုသည် ဆွံ့အသွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး ကြမ်းပြင်ကို ကြည့်လိုက်သည်။

ဘာမှမဖြစ်သွားပေ။ အရာအားလုံးသည် ပုံမှန်အတိုင်းရှိနေသည်။ ဤသည်မှာ သူ၏ အရှိန်အဝါနှင့် ဖနောင့်ပေါက်လိုက်သော စွမ်းအားက ပင်လယ်ထဲသို့ ပြုတ်ကျသွားသော ကျောက်တုံးတစ်တုံးအလားပင်။ မည်သည့်အားလှိုင်းအတတ်အကျမှ ဖြစ်ပေါ်မလာခဲ့ပေ။

ဘေးဘက်ရှိ မီးဖိုပေါ်မှ ရေးနွေးအိုးသည်သာ လှုပ်ယမ်းသွားပြီး ကြမ်းပြင်ပေါ်သို့ ဒုန်းဟူသော မြည်သံဖြင့် ပြုတ်ကျသွားသည်။ ရေနွေးသည် ကြမ်းပြင်ပေါ်မှာ ဖိတ်ကျသွားသည်။

ကြမ်းတိုက်နေသော ဖက်တီးလေးသည် ချက်ချင်း စိုးရိမ်လာပြီး အနောက်လှည့်လိုက်သည်။

“ သောက်အဖိုးကြီး… အဲ့နေရာကို စောစောကမှ ငါကြမ်းတိုက်ထားတာ ”

ဘိုးဘေးသည် အံ့ဩသွားပြီး သူ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ သူက ချက်ချင်း နတ်ဘုရားအသိစိတ်ကို ထုတ်လွှတ်လိုက်ပြီး ကြမ်းပြင်ကို သေချာဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသော ရေနွေးအိုးကို ကြည့်လိုက်သည်။

သူက တစ်စုံတစ်ခုလွဲမှားနေကြောင်း ခံစားမိသွားပြီး သူငယ်အိမ်သည် ကျုံ့သွားသည်။ စောစောတုန်းက သူ၏ အရှိန်အဝါနှင့် စွမ်းအားကို အပြင်သို့ ထုတ်လွှတ်ခဲ့ကြောင်း လုံးဝ သူသေချာသည်။

ယေဘုယျအားဖြင့်ဆိုရလျှင် သူ၏ ဖနောင့်ပေါက်မှုသည် ဤဆေးဆိုင်ကိုသာမက တစ်မြို့လုံးကို ပြာဖြစ်သွားစေရန် လုံလောက်သည်။

သို့သော်လည်း ယခုတော့ ရေနွေးအိုးတစ်ခုသာ ပြုတ်ကျသွားခဲ့သည်။

စိတ်မသက်မသာဖြစ်ခြင်းနှင့် သတိထားခြင်းသည် ဘိုးဘေး၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်မှာ သူက အမြန်ခေါင်းလှည့်လိုက်ပြီး ဘေးအခန်းကို ကြည့်လိုက်သည်။ ထင်းချောင်းများ သယ်ဆောင်ထားသော ပုံရိပ်တစ်ခုသည် ရုတ်တရက် လျှောက်ဝင်လာသည်။

ထိုသူသည် အစေခံဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာပေါ်၌ ဒေါသဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒပင် ရှိသည်။ သူက ပေါက်ကွဲထွက်တော့မည့် မီးတောင်ကြီးတစ်ခုနှယ် အောက်မေ့ရပြီး သူတို့ကြားမှာ မကျေအေးနိုင်သော မဟာရန်ငြိုးရှိနေသည့်အလားပင်။

“ သေခါနီးသောက်အဖိုးကြီး… ငါက ထင်းချောင်းသယ်ဖို့ ခဏလေး အပြင်ထွက်သွားတယ်… ရှင်က ငါကျိုထားတဲ့ ရေနွေးအိုးကို မှောက်ပစ်လိုက်တယ်… ကျင့်ကြံခြင်းစွမ်းအားကို မသုံးဘဲ ရေနွေးကျိုရတာ ဘယ်လောက်ခက်လဲ ရှင်သိလို့လား ”

အစေခံက ဒေါသတကြီး အော်ပြောလိုက်သည့်အခါ သူ၏ ကျင့်ကြံခြင်းအခြေခံက ပေါက်ကွဲထွက်လာသည်။ ဗလာနတ္ထိအဆင့်နှင့် နီးကပ်နေသော ပြီးပြည့်စုံသည့် ဝိညာဉ်သိုက်အဆင့် အားလှိုင်းအတတ်အကျများက ဘိုးဘေးကို ပိုပြီးတည်ကြည်လာစေသည်။ အစောနက သူ၏ ဖနောင့်ပေါက်မှုက မည်သို့ကြောင့် သက်ရောက်မှုမရှိရသည်ကို ချက်ချင်း သူသဘောပေါက်သွားသည်။

တစ်ချိန်တည်းမှာ ဤလူများ၏ တုံ့ပြန်မှုက သူစိတ်ကူးထားသည့်အရာနှင့် ခြားနားနေရခြင်းကို နောက်ဆုံးမှာတော့ သူနားလည်သွားသည်။ အားလုံးက သူ့အရှေ့မှ အမျိုးသမီးကြောင့် ဖြစ်သည်။

ထို့ပြင် တစ်ဖက်လူက အရမ်းသာမန်သည့်တိုင် သူ့ကိုယ်သူ အစေခံအဖြစ် ရုပ်ဖျက်ထားသည်။ ယင်းက သူ့ကို ပိုပြီးအံ့ဩသွားစေသည်။ သူက ထူးဆန်းသော ဝါသနာရှိသည့် ပညာရှင်ကျင့်ကြံသူများကို မြင်တွေ့ဖူးသော်လည်း ထိုသို့ဝါသနာရှိသည့် ကျင့်ကြံသူကိုတော့ တစ်ခါမှ မမြင်ဖူးပေ။

ဤအခိုက်အတန့်မှာ သူက ယခင်ကဲ့သို့ မောက်မာထောင်လွှားခြင်းမရှိတော့ပေ။ သူက အတတ်နိုင်ဆုံး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ကြမ်းပြင်ပေါ်မှ ရေနွေးအိုးသည် မူလနေရာသို့ ပြန်ရောက်သွားသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။

“ ကျုပ်က မျိုးနွယ်ရဲ့ မြင့်မြတ်ရတနာကို ဆုံးရှုံးသွားတဲ့အတွက် တရားမျှတမှုကို လာရှာတာပါ… တာအိုရောင်းရင်းကို တွေ့မှတော့ အဲ့ဒီအကြောင်း ပြောကြတာပေါ့ ”

“ မြင့်မြတ်ရတနာတွေ အစုတ်အပြတ်ရတနာတွေ ငါဂရုမစိုက်ဘူး… အဲ့ဒါက ငါနဲ့ဘာမှမဆိုင်ဘူး… ငါ့အတွက် မြန်မြန် ရေနွေးအိုးကျိုပေးစမ်း… မဟုတ်ရင် ရှင့်ကို စားပစ်မယ် ”

အစေခံမိန်းကလေးသည် နှာခေါင်းရှုံ့လိုက်သည်။

ဘိုးဘေးသည် မျက်မှောင်ကြုတ်သွားသည်။ သူက တစ်ဖက်လူကို ယဉ်ကျေးစွာ ဆက်ဆံခဲ့သော်လည်း တစ်ဖက်လူသည် သူ့ကို ရိုင်းစိုင်းစွာ ပြောဆိုသည်။

ငါက သူ့ကို ကြောက်တယ်လို့ ထင်နေတာလား…

ထို့ကြောင့် သူက နတ်ဘုရားအသိစိတ်ကို ထုတ်လွှတ်လိုက်ပြီး အသေအချာ စစ်ဆေးကြည့်လိုက်သည်။ ဤနေရာတွင် ဗလာနတ္ထိအဆင့် ကျင့်ကြံသူမရှိကြောင်း အတည်ပြုပြီးသွားသောအခါ သူက နောက်ဖေးခန်းကို အေးတိအေးစက်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ သူခိုးကောင်… မြန်မြန် အသေလာခံစမ်း ”

ဘိုးဘေးသည် စကားပြောပြီးနောက် အရှေ့သို့ လျှောက်သွားပြီး နောက်ဖေးခန်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ သူက ဤနေရာမှာ ဆက်ပြီး အချိန်မဖြုန်းချင်တော့ပေ။ သူက ရွှီချင်းရှိနေသော နောက်ဖေးခန်း၏ ကန့်လန့်ကာရှေ့သို့ ရောက်ရှိသွားသည်။

သူက ညာလက်ကို မြှောက်လိုက်ပြီး ကန့်လန့်ကာကို ဖမ်းဆုပ်လိုက်သည်။ ပါးလွှာသော ကန့်လန့်ကာသည် သိမ်မွေ့စွာ လှုပ်ယမ်းသွားသည်။ နောက်အခိုက်အတန့်မှာ ဘိုးဘေး၏ အမူအရာသည် ပြောင်းလဲသွားသည်။ ကန့်လန့်ကာက လှုပ်ယမ်းသွားကြောင်း သူအာရုံခံမိလိုက်သည်နှင့်တစ်ပြိုင်နက် ကြီးမားသော အင်အားတစ်ခုသည် အထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက မတုံ့ပြန်နိုင်ခင် ထိုအင်အားသည် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

ဝုန်းခနဲမြည်သံနှင့်အတူ ဘိုးဘေး၏ တစ်ကိုယ်လုံးသည် တုန်ယင်လာပြီး သူက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများသည် ပရမ်းပတာဖြစ်လာကြသည်။ သူက ရုတ်တရက် အနောက်လှည့်လိုက်ပြီး အစေခံကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ချင်သော စိတ်ဆန္ဒဖြင့် ပြည့်နှက်သွားပြီး အေးစက်စွာ ပြောသည်။

“ မင်းက သူ့ကို ကာကွယ်ချင်တာလား ”

အစေခံသည် ဘိုးဘေးကို မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်မရှည်စွာ ပြောသည်။

“ ရှင် သူ့ကို သတ်နိုင်တယ်ဆိုရင် သတ်ပေါ့… တကယ်လို့ တံခါးနားက ဓားကိုင်ထားတဲ့တစ်ယောက်ကို ရှင်သတ်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ… ရှင့်ကို ကျေးဇူးတောင်တင်လိုက်ဦးမယ် ”

သူက စကားပြောလိုက်သည့်အခါ မီးဖိုပေါ်မှ ရေနွေးအိုးသည် ပွက်ပွက်ဆူသော အသံကို ထုတ်လွှတ်လာသည်။

အစေခံသည် ချက်ချင်း ပြေးသွားပြီး ရေနွေးအိုးကို ကောက်ယူလိုက်သည်။ ထို့နောက် သူက ကြက်တူရွေးလေးနှင့် ဆော့ကစားနေသော သေမျိုးအဖိုးအိုဆီသို့ မြန်ဆန်စွာ လျှောက်သွားသည်။ သူက အနားရောက်သွားသည့်အခါ ခြေသံသည် ပေါ့ပါးလာသည်။ ထိုမြင်ကွင်းက ဘိုးဘေးကို ထပ်မံဆွံ့အသွားစေသည်။

သူနှင့် ကျင့်ကြံခြင်းအဆင့် တူညီသော တာအိုရောင်းရင်းက ယခုအချိန်မှာ တခြားလူတစ်ယောက်အသွင် ပြောင်းလဲသွားကြောင်း မျက်မြင်တွေ့လိုက်ရသည်။ သူ၏ မျက်နှာပေါ်မှ ဒေါသသည် လုံးဝပျောက်ကွယ်သွားပြီး အလွန်ရိုသေကျိုးနွံလာသည်။ သူက သေမျိုးအဖိုးအိုကို ဂရုတစိုက် လက်ဖက်ရည်ဖျော်ပေးနေသည်။

ထိုမြင်ကွင်းသည် အဖိုးအိုကို နှလုံးခုန်မြန်လာစေသည်။ ထူးဆန်းသော စိတ်ခံစားမှုက ဖြစ်ပေါ်လာသည့်အခါ သူက ကျောက်စိမ်းပြားတစ်ခုကို အမြန်ထုတ်ယူလိုက်ပြီး သေမျိုးအဖိုးအိုကို စစ်ဆေးကြည့်လိုက်သည်။

ထိုကျောက်စိမ်းပြားသည် သူတို့မျိုးနွယ်၏ ရတနာဖြစ်သည်။ ယင်းက ဝိညာဉ်စုစည်းခြင်းအဆင့်အောက်မှ ကျင့်ကြံခြင်းအားလှိုင်းအတတ်အကျများကို စစ်ဆေးကြည့်ရှုနိုင်သည်။ ဤအခိုက်အတန့်မှာ ကျောက်စိမ်းပြား၏ တုံ့ပြန်မှုသည် ပုံမှန်သာဖြစ်သည်။

ဘိုးဘေးသည် ဇဝေဇဝါဖြစ်သွားသည်။ သို့သော်လည်း ဤဆေးဆိုင်က တစ်စုံတစ်ခုမှားယွင်းနေကြောင်း သူခံစားမိသည်။ သူက တုံ့ဆိုင်းနေစဉ် ကြမ်းတိုက်နေသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် ဓားကိုင်ထားသော လူငယ်နှင့် ကဗျာစပ်နေသော ကျင့်ကြံသူကို ကြည့်လိုက်သည်။

နောက်ဆုံးမှာတော့ သူက စားပွဲခုံကို ကြည့်လိုက်သည်။ မည်သူမှ ထူးထူးဆန်းဆန်း မပြုမူကြပေ။ အားလုံးသည် ပုံမှန်အတိုင်း ရှိနေသည်။ သို့သော်လည်း ထိုသို့ပုံမှန်ဖြစ်နေခြင်းက သူ့အား ထူးဆန်းသော စိတ်ခံစားမှုကို ပေးသည်။

ဘိုးဘေးသည် တုံ့ဆိုင်းနေသည်။ ထိုအခိုက်အတန့်မှာ သေမျိုးအဖိုးအိုသည် ကြက်တူရွေးလေးနှင့် မကစားတော့ကြောင်း ရုတ်တရက် သူမြင်သွားသည်။ အဖိုးအိုသည် လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။

ထိုအခါ သူ၏ ဘယ်လက်က အထင်အရှား ထွက်ပေါ်လာသည်။ သူ၏ လက်ထဲတွင် ပုတီးစေ့တစ်လုံး ရှိနေဟန် ရသည်။ အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုပုတီးစေ့ထဲမှာ ကြောက်လန့်နေသော မျက်နှာတစ်ခုရှိသည်။ ထိုမျက်နှာကို သူသိသည်။ ယင်းက ဆရာသခင်မဟူရာမျက်လုံးဖြစ်သည်။

ထိုလူ၏ ကျင့်ကြံခြင်းအဆင့်က မမြင့်မားသော်လည်း သူ့ကို ပုတီးစေ့ထဲတွင် ချိပ်ပိတ်ထားနိုင်ခြင်းကို မြင်သွားသောအခါ ဘိုးဘေး၏ ဦးရေပြားသည် စပ်ဖျင်းဖျင်း ခံစားရလာသည်။ သူက အနောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားသည်။

သူက ထွက်သွားချင်လာသည်။ ဤဆေးဆိုင်က အလွန်ကြောက်စရာကောင်းသည်ဟု သူခံစားမိလာသည်။ အဘယ့်ကြောင့်ဆိုသော် သူက နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသွားသောကြောင့် ဖြစ်သည်။

ထိုဖြစ်နိုင်ခြေက အလွန်အမင်း သေးငယ်သော်လည်း ဤအခိုက်အတန့်မှာ သူ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ကြည့်လိုက်သည့်အခါ ထိုအရာက မဖြစ်နိုင်သောကိစ္စမဟုတ်ကြောင်း သူခံစားမိလာသည်။

ထိုအတွေးက သူ၏ နဖူးကို ချွေးပြန်သွားစေသည်။ သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်ယင်လာပြီး နှလုံးသည် တစ်ခါမှမဖြစ်စဖူး ခုန်ပေါက်လာသည်။ ယခု သူဖြစ်ပေါ်နေသော အမူအရာသည် ဤဆေးဆိုင်ထဲသို့ သူဝင်လာစဉ် ဆေးဆိုင်ထဲမှ လူများက သူ့ကို သတိထားမိသွားသည့်အခါ တုံ့ပြန်လိမ့်မည့် သူ့စိတ်ကူးထဲမှ အမူအရာအတိုင်း တစ်ထေရာတည်း တူညီနေသည်။

ယခု သူက ဖော်မပြနိုင်သော နောင်တကို ခံစားမိနေသည်။ သူက အလွန်သတိမဲ့ပြီး ရဲတင်းခဲ့ကြောင်း နားလည်သွားသည်။ သူက ဤဆေးဆိုင်ထဲသို့ ရဲတင်းစွာ ဝင်မလာခဲ့သင့်ပေ။

‘ တကယ်လို့ ငါ့အတွေးက မှန်တယ်ဆိုရင် ဒီနေရာက ဘယ်လိုလုပ် ဆေးဆိုင်ဖြစ်မှာလဲ… ဒါက ဘုံကိုးဆင့်ငရဲပြည်ပဲ ’

ဘိုးဘေးက တုန်ယင်နေစဉ် လင်းအာသည် သက်ပြင်းချလိုက်သည်။

“ ရှင်တကယ်ပဲ ဆေးလုံးမဝယ်ဘူးလား… ကျွန်မတို့ဆိုင်က ဆေးလုံးက အရည်အသွေးအရမ်းကောင်းတာ ”

ဘိုးဘေးသည် နှုတ်ဆိတ်သွားသည်။ သူက သိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်ပြီး စားပွဲခုံပေါ် တင်လိုက်ကာ လေးနက်သော အသံဖြင့် ပြောသည်။

“ ငါဝယ်မယ် ”

လင်းအာသည် ပျော်ရွှင်သွားသည်။ သူက သိုလှောင်အိတ်ကို သိမ်းယူလိုက်ပြီး အဖြူရောင်ဆေးလုံးတစ်လုံးကို ထုတ်ပေးလိုက်သည်။

ဘိုးဘေးသည် ဆေးလုံးကို တရိုတသေ ယူဆောင်လိုက်ပြီး ဖြည်းဖြည်းချင်း အနောက်ဆုတ်သွားသည်။ သူက အနောက်ဆုတ်သွားနေစဉ် ကြမ်းပြင်ကို မညစ်ပတ်သွားစေရန် သတိထားလိုက်သည်။ သူက လက်ဖက်ရည်သောက်နေသော အဖိုးအိုကို မရည်ရွယ်ဘဲ တစ်ချက်ကြည့်လိုက်သည်။

ထိုစဉ် အဖိုးအိုသည် ခေါင်းမော့လိုက်ပြီး သူ့ဆီသို့ ကြည့်လိုက်သည်။

သူတို့နှစ်ယောက်၏ အကြည့်ချင်း တွေ့ဆုံသွားသည့်အခိုက် ဘိုးဘေး၏ အသိစိတ်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး ကြီးစွာသော ထိတ်လန့်မှုကို ခံစားမိသွားသည်။ သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်ယင်လာသည်။ သူ၏ ရွှေရောင်ဝတ်ရုံသည် မျက်စိတစ်မှိတ်အတွင်းမှာ ချွေးဖြင့် ရွှဲရွှဲစိုသွားသည်။

“ ဝိညာဉ်… စုစည်းခြင်း… ”

ဘိုးဘေး၏ နှလုံးသားထဲမှ ချောက်ချားမှုသည် ကြီးမားစွာ ပေါက်ကွဲထွက်သွားပြီး သူ၏ အသိစိတ်ကို ဝါးမျိုသွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ တစ်လက်မစီတိုင်းသည် အော်ဟစ်လာကြပြီး အလွန်အန္တရာယ်များကြောင်း သူ့ကို အသိပေးလာကြသည်။

ထိုသို့အန္တရာယ်သတိပေးမှုသည် သူ၏ အသွေးအသား၊ ဝိညာဉ်နှင့် အာရုံခံစားမှုအားလုံးကို သီးခြားခွဲထုတ်ပစ်လိုက်သည့်နှယ် ခံစားရစေသည်။

သူသည် အလွန်နောင်တရမိသည်။ သူ့ဘဝတစ်လျှောက်မှာ အကြီးမားဆုံးအမှားသည် ဤဆေးဆိုင်ထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ခံစားမိသွားသည်။

“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ”

ဘိုးဘေးသည် ချွေးပြန်သွားပြီး အလိုအလျောက် ဒူးထောက်ချလိုက်သည်။

တစ်ချိန်တည်းမှာ အိမ်ရှေ့စံမင်းသားက နူးညံ့စွာ ပြောသည်။

“ ဒီကိုလာခဲ့ ”

All Chapters