ဘိုးဘေးက ယဉ်ကျေးနေတယ်
Vol. 63 Ch. 990
ထိုအခိုက်အတန့်မှာ ဆေးဆိုင်၏ အပြင်ဘက်တွင် လေသည် အကြမ်းပတမ်း တိုက်ခတ်နေပြီး ချောက်ချားဖွယ်ကောင်းသော စူးရှရှအသံကို ထုတ်လွှတ်နေသည်။ မြို့ထဲမှ လေထုသည် ပိုပြီးတင်းကျပ်လာပြီး လေအစောင့်အရှောက်မျိုးနွယ်ဝင်တစ်ထောင်ကြားတွင် မောက်မာထောင်လွှားသော အငွေ့အသက်က ကြီးစိုးနေသည်။
“ သူခိုးကောင်က အခုချိန်လောက်ဆို ဘိုးဘေးရှေ့မှာ ဒူးထောက်ပြီး အသနားခံနေလောက်ပြီ ”
“ ဟွန့်… တောင်းပန်ရုံနဲ့ ခွင့်လွှတ်လို့ရမယ်ဆိုရင် လောကကြီးက ငြိမ်းချမ်းနေတော့မှာပေါ့ ”
“ အဲ့သူခိုးကောင်က ငါတို့မျိုးနွယ်ရဲ့ မြင့်မြတ်ရတနာကို ခိုးသွားရဲတယ်… ဘိုးဘေးရဲ့ အကျင့်စရိုက်နဲ့ဆိုရင် အဲ့ကောင်က အရေခွံဆုတ်ခံရပြီး လေမီးအိမ်အဖြစ် ပြုလုပ်ခံရလိမ့်မယ်… သူ့ရဲ့ ဝိညာဉ်က မီးအိမ်ထဲမှာ ထာဝရ လောင်ကျွမ်းနေလိမ့်မယ် ”
လေအစောင့်အရှောက်မျိုးနွယ်ဝင်အားလုံးသည် နှာခေါင်းရှုံ့လိုက်ကြသည်။ အထူးသဖြင့် အတိတ်တွင် ရွှီချင်းနှင့် တိုက်ခိုက်ခဲ့ကြသော ဝတ်ရုံဖြူကျင့်ကြံသူများ ဖြစ်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့အားလုံးသည် စိတ်လှုပ်ရှားနေကြပြီး မျှော်လင့်စောင့်ဆိုင်းနေကြသည်။
“ အဲ့နေ့က မင်းမောက်မာခဲ့တာထက် ဒီနေ့ အဆပေါင်းများစွာ ပြန်ခံစားရလိမ့်မယ် ”
“ သူက ငါတို့မျိုးနွယ်ရဲ့ မြင့်မြတ်ရတနာကို ခိုးသွားပြီး လိုက်ဖမ်းတာကို လွတ်မြောက်သွားခဲ့တယ်… ဒီလူမှာ အစွမ်းအစတချို့ ရှိရမယ်… ဒါပေမဲ့ အဲ့ဒါက အသုံးမဝင်ဘူး… အကြွင်းမဲ့စွမ်းအားနဲ့ ရင်ဆိုင်ရရင် သူက သေချာပေါက် ဆိုးဝါးတဲ့ အဆုံးသတ်နဲ့ တွေ့ကြုံရလိမ့်မယ် ”
“ တကယ်လို့ ဘိုးဘေးက သူ့ကို မီးအိမ်အဖြစ် ပြောင်းပစ်လိုက်တယ်ဆိုရင် အဲ့ဒါကို ငါ့ဂူထဲမှာ ချိတ်ဆွဲထားဖို့ ခဏတောင်းရမယ် ”
“ ပြီးတော့ ကြက်တူရွေးလေးနဲ့ ဟိုနတ်ဆိုးကောင်လည်း ရှိသေးတယ် ”
အတိတ်တုန်းက ရွှီချင်းနှင့် တိုက်ခိုက်ခဲ့ကြသော ဝတ်ရုံဖြူကျင့်ကြံသူများသည် အတူတကွ ဝိုင်းဖွဲ့လိုက်ကြပြီး ရယ်ရယ်မောမော ဆွေးနွေးနေကြသည်။ သူတို့က ရံဖန်ရံခါ မျှော်လင့်သော အကြည့်ဖြင့် ဆေးဆိုင်ကို လှမ်းကြည့်လေ့ ရှိသည်။
ဘိုးဘေးဝင်ရောက်သွားသည်မှာ အချိန်အတော်ကြာသွားပြီဖြစ်သော်လည်း သူတို့သည် လုံးဝစိတ်မပူကြပေ။ ဝိညာဉ်သိုက်အဆင့် အကြီးအကဲလေးဦးပင် ထိုသို့တွေးကြသည်။
သူတို့က တံခါးပိတ်ထားသော ဆေးဆိုင်ကို ကြည့်နေကြသည်။ အထဲမှ မည်သည့်အားလှိုင်းအတတ်အကျကိုမှ သူတို့အာရုံမခံမိကြပေ။ ယင်းက ပုံမှန်သာဖြစ်သည်။ ဘိုးဘေး၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူက အထဲဝင်ရောက်သွားပြီးနောက် သူ့အား မြင်လိုက်ရသူတိုင်းသည် အလိုအလျောက် တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားကြလိမ့်မည်။
“ ဘိုးဘေးရဲ့ အကြည့်တစ်ချက်နဲ့ အထဲက လူတွေအားလုံး ပြာဖြစ်သွားမှာပဲ ငါစိုးရိမ်တယ် ”
“ ဘိုးဘေးငယ်ငယ်တုန်းက ခရီးသွားရတာကို သဘောကျပြီး သူ့ရဲ့ ရန်သူတွေကို အရုပ်အဖြစ် ပြောင်းလဲပစ်တတ်တယ်လို့ ငါကြားဖူးတယ်… ဘိုးဘေးက အရုပ်အသစ်လေးတွေနဲ့ ပြန်ထွက်လာလိမ့်မယ်လို့ ငါထင်တယ် ”
“ စိတ်ဝင်စားစရာပဲ ”
ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူလေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြပြီး ရယ်မောနေကြသည်။ တစ်ချိန်တည်းမှာ မြို့အပြင်ဘက်တွင် ဤနေရာကို အာရုံစိုက်နေကြသော တခြားအင်အားစုများသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်ကြသည်။ ဤတစ်ကြိမ် လေအစောင့်အရှောက်မျိုးနွယ်၏ လှုပ်ရှားမှုသည် ဆေးဆိုင်ကို ဖျက်ဆီးရုံမျှဖြင့် မရိုးရှင်းကြောင်း သူတို့သိကြသည်။
“ ဒီမြို့ကတော့ ကျက်တီးမြေဖြစ်လာတော့မယ် ”
“ တကယ်တော့ ဒီမျိုးနွယ်ရဲ့ အကျင့်စရိုက်နဲ့ဆိုရင် လေက ဒီမှာ တစ်နှစ်ပတ်လုံး တိုက်ခတ်နေပြီး သူတို့မျိုးနွယ်က ဘယ်လောက်ကြောက်စရာကောင်းကြောင်း ကြေညာလိမ့်မယ်လို့ ငါထင်တယ် ”
“ ဒါပေမဲ့ လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးက အထဲဝင်သွားတာ ကြာနေပြီလို့ မင်းမထင်ဘူးလား ”
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့် မြို့အပြင်ဘက်မှ ကျင့်ကြံသူများသည် လေသံတိုးတိုးဖြင့် ဆွေးနွေးလာကြသည်။ လေအစောင့်အရှောက်မျိုးနွယ်သည်တော့ မြို့ထဲမှာ ရပ်စောင့်နေကြသည်။
ထိုသို့ဖြင့် နှစ်နာရီကုန်ဆုံးသွားသည်။
ထိုအခိုက်အတန့်မှာ တချို့လူများသည် တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားမိလာကြသည်။ မြို့ထဲမှ လူများဖြစ်စေ မြို့အပြင်ဘက်မှ လူများဖြစ်စေ ဆေးဆိုင်ဆီသို့ လှမ်းကြည့်သော သူတို့၏ အကြိမ်အရေအတွက်သည် တိုးမြှင့်လာသည်။
ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူလေးယောက်သည်ပင် အချိန်အတော်ကြာသွားပြီဟု ခံစားမိလာကြသည်။ သူတို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ဆေးဆိုင်ဆီသို့ ချဉ်းကပ်သွားတော့မည့်အချိန် ခရက်ဟူသော မြည်သံထွက်ပေါ်လာပြီး ဆေးဆိုင်တံခါးက အထဲမှ ပွင့်သွားသည်။
ဆေးဆိုင်တံခါးက ပွင့်သွားသည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော အကြည့်များသည် တံခါးဝဆီသို့ စုပြုံကျရောက်လာကြသည်။ သူတို့၏ အကြည့်ထဲမှာ မျှော်လင့်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် စိုးရိမ်ကြောင့်ကြခြင်းဖြင့် ပြည့်နှက်နေကြသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ လူတိုင်း၏ အကြည့်သည် အေးခဲသွားကြသည်။
ဆေးဆိုင်၏ တံခါးဝတွင် လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးသည် ရိုသေလေးစားသော အမူအရာဖြင့် ဖြည်းဖြည်းချင်း အနောက်ဆုတ်သွားသည်။ သူက အနောက်ဆုတ်နေရင်း နူးညံ့စွာ ပြောသည်။
“ စီနီယာ အနားယူနေတာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် ”
“ ကျွန်တော်က မိုက်မဲပြီးတော့ စီနီယာကို ဒုက္ခပေးမိပါတယ် ”
ဘိုးဘေးသည် ခေါင်းညိတ်လိုက်ပြီး တစ်ခါမှမဖြစ်စဖူး ရိုသေလေးစားသော အမူအရာဖြင့် ဦးညွတ်လိုက်သည်။ သူက တံခါးကို ဖြတ်သွားပြီးသည့်နောက်မှာပင် လက်သီးဆုပ်လိုက်ပြီး ဆေးဆိုင်ကို အရိုအသေပေးလိုက်သေးသည်။
“ ကျန်နေတဲ့ မြင့်မြတ်ရတနာတွေကို တစ်ယောက်ယောက်နဲ့ ကျွန်တော် ချက်ချင်း လာပို့ခိုင်းလိုက်ပါ့မယ်… မြင့်မြတ်ရတနာတွေက အစုံလိုက်ပါ… သူတို့ကို ခွဲထားတာက မသင့်တော်ပါဘူး… မြင့်မြတ်ရတနာတွေကို ကျွန်တော် သိမ်းဆည်းထားတာက မလုံခြုံပါဘူး… စီနီယာရဲ့ လက်ထဲမှာ ပိုပြီးစိတ်ချရပါတယ် ”
“ တကယ်လို့ အနာဂတ်မှာ တစ်ခုခုစေခိုင်းချင်တာရှိရင် ကျောက်စိမ်းပြားလေးကို ဆိတ်လိုက်ပါ… ဘယ်လိုကိစ္စပဲဖြစ်ပါစေ ကျွန်တော် ချက်ချင်း ပြေးလာပါ့မယ် ”
“ အခုလို စီနီယာကို နှောင့်ယှက်မိတဲ့အတွက် ကျွန်တော် တကယ်စိတ်မကောင်းပါဘူး ”
ဘိုးဘေးသည် ခန္ဓာကိုယ်တုန်ယင်နေပြီး ထပ်မံဦးညွတ်လိုက်သည်။ ထို့နောက် ဆေးဆိုင်တံခါးသည် ကျယ်လောင်စွာ ပိတ်သွားသည်။
အေးစက်စက် လေပြေသည် အရပ်မျက်နှာပေါင်းစုံမှ တိုက်ခတ်လာပြီး မြို့ထဲမှ လမ်းများနှင့် အဆောက်အဦးများပေါ်သို့ ဆင်းသက်လာသည်။ ဘေးပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
လေအစောင့်အရှောက်မျိုးနွယ်ဝင်အားလုံးသည် ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး ဆွံ့အသွားကြသည်။ မြို့အပြင်ဘက်မှ ကျင့်ကြံသူများသည်တော့ သူတို့၏ အသိစိတ်က ဟာလာဟင်းလင်း ဖြစ်သွားကြသည်။ သူတို့မြင်လိုက်ရသည်မှာ ယဉ်ကျေးစွာ ပြောဆိုနေသော ဘိုးဘေးဖြစ်သည်။
ဤအခိုက်အတန့်မှာ လူတိုင်းသည် သူတို့မြင်လိုက်ရသည့်အရာက ပုံရိပ်ယောင်ဖြစ်မည်ဟု တစ်ညီတစ်ညာတည်း ခံစားမိသွားကြသည်။ ဘိုးဘေး၏ အပြုအမူနှင့် စကားများသည် သူတို့မျှော်လင့်ထားသည်ထက် လုံးဝကျော်လွန်နေသည်။ သူတို့၏ နားလည်ထားမှုအရ ထိုသို့ဖြစ်လာရန် လုံးဝအကြောင်းအရင်းမရှိပေ။
သို့သော်လည်း ထိုသို့အမှန်တကယ် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
အေးစက်စက်လေထဲ၌ ဆေးဆိုင်၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေသော ဘိုးဘေးသည် သူ၏ ခန္ဓာကိုယ်က ယခုထိ တုန်ယင်နေဆဲဖြစ်ကြောင်း သတိထားမိသွားသည်။ သူ၏ တစ်ကိုယ်လုံးမှ အအေးဓာတ်သည် ယခင်က သူ၏ စိတ်ထဲမှ ချောက်ချားမှုဖြင့် ပေါင်းစပ်သွားပြီး ကြီးမားသော အကြောက်တရားကို ဖြစ်ပေါ်လာစေသည်။
သူ၏ ခြေဖျားလက်ဖျားသည်ပင် အေးစက်နေသည်။ သူ၏ ကျင့်ကြံခြင်းက ဤအဆင့်သို့ ရောက်ရှိသွားပြီးနောက်ပိုင်း ထိုသို့အရိုးခိုက်ခိုက်တုန်စေသည့် အအေးဓာတ်မျိုးကို မခံစားရသည်မှာ နှစ်အတော်ကြာသွားပြီ ဖြစ်သည်။ သို့သော်လည်း ယခု ထိုခံစားမှုသည် အလွန်အမင်း ပြင်းထန်သည်။
သူက ထိုအကြောင်းကို နည်းနည်းလေးမှ ဆက်မတွေးဝံ့လေရာ ဤနေရာမှာ တစ်စက္ကန့်ပင် ဆက်မနေချင်တော့ပေ။ သူက ဖြည်းညင်းစွာ အနောက်လှည့်လိုက်သည့်အခါ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူလေးယောက်သည် သူ့ကို အံ့အားသင့်စွာ ကြည့်လာကြသည်။
“ ဘိုးဘေး… ”
“ ဘိုးဘေး… ဘာဖြစ်တာလဲ ”
ဘိုးဘေးသည် ခေါင်းခါလိုက်သည်။ သူ၏ မျက်လုံးထဲမှာ ချုပ်ထိန်းမရသော အကြောက်တရားဖြင့် ပြည့်နှက်နေပြီး တိုးညင်းစွာ ပြောသည်။
“ ဒီအကြောင်းကို မမေးနဲ့… ဘာမှမပြောနဲ့… ဒီကနေ မြန်မြန်ထွက်သွားရအောင် ”
ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူလေးယောက်၏ နှလုံးသည် တုန်လှုပ်သွားကြသည်။ သူတို့က ဘိုးဘေးကို ဝိုင်းရံလိုက်ကြပြီး အမြန်ထွက်သွားကြသည်။ သူတို့က မြို့ထဲမှ မထွက်သွားမီ အတိတ်တုန်းက ရွှီချင်းနှင့် တိုက်ခိုက်ခဲ့သော ဝတ်ရုံဖြူကျင့်ကြံသူအုပ်စု၏ အဖွဲ့ခေါင်းဆောင်သည် ဇဝေဇဝါဖြစ်သွားပြီး ဘိုးဘေးကို မမေးဘဲ မနေနိုင်ပေ။
“ ဘိုးဘေး… ဟိုသူခိုးကောင်… ”
သူက စကားဆုံးအောင် မပြောနိုင်ခင် ဘိုးဘေးသည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ဗုန်းဟူသော မြည်သံနှင့်အတူ ဝတ်ရုံဖြူကျင့်ကြံသူသည် သွေးတစ်ပွက် အန်လိုက်ရပြီး အဝေးသို့ လွင့်စင်သွားသည်။ သူက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် သတိလစ်သွားသည်။
“ အဲ့ဒါဆရာသခင်ဟ… ဘယ်ကောင်က ဆရာသခင်ကို မလေးမစားပြောရဲလဲ ”
ဘိုးဘေးသည် ဒေါသတကြီး ပြောသည်။
ဘေးပတ်ဝန်းကျင်မှ လေအစောင့်အရှောက်မျိုးနွယ်ဝင်အားလုံးသည် တုန်ယင်သွားကြသည်။ သူတို့က ဇဝေဇဝါဖြစ်နေကြစဉ် ဘိုးဘေးသည် လေထဲသို့ ပျံသန်းသွားပြီး ထွက်ခွာသွားသည်။ မကြာမီ မျိုးနွယ်ဝင်တစ်ထောင်သည် မြို့ထဲမှ အလျှင်အမြန် ထွက်သွားကြသည်။ သူတို့က လေနှင့် ပေါင်းစပ်သွားကြပြီး အမြန်ပြန်သွားကြသည်။
ထိုမြင်ကွင်းသည် ဤကိစ္စကို အာရုံစိုက်နေကြသော မြို့အပြင်ဘက်မှ အင်အားစုများကို ဆွံ့အသွားစေသည်။ ထိတ်လန့်ဖွယ်ကောင်းသော လှိုင်းတံပိုးများသည် သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာကြသည်။ သူတို့သည် ဆေးဆိုင်ကို နောက်တစ်ကြိမ် ထပ်မကြည့်ဘဲ မနေနိုင်ကြပေ။
“ ဘာဖြစ်သွားတာလဲ ”
“ ငါ့အမြင်တွေ ဝေဝါးနေတာလား… ဒါမှမဟုတ် ငါ စိတ်ချောက်ချားနေတာလား… လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးက တုန်တုန်ယင်ယင်နဲ့ ပြန်ထွက်လာတာလို့ ဘာဖြစ်လို့ ငါခံစားမိနေတာလဲ… ”
“ ငါဘာကို တွေ့ခဲ့တာလဲ… ဆေးဆိုင်ထဲကို မော်ကြွားကြွားဝင်သွားတဲ့ လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးက ဘာဖြစ်လို့ ဒီလိုအခြေအနေနဲ့ ပြန်ထွက်လာတာလဲ ”
“ ဒီဆေးဆိုင်က… တစ်ခုခုမှားယွင်းနေတယ် ”
အထိတ်တလန့် အော်သံများသည် မြို့အပြင်ဘက်မှ ထွက်ပေါ်လာကြသည်။ အကြောက်တရားပါဝင်နေသော အကြည့်များသည် ဆေးဆိုင်ထံမှ ပြန်ရုပ်သိမ်းသွားကြသည်။ သူတို့သည် ဆေးဆိုင်ကို နောက်ထပ် မကြည့်ဝံ့ကြတော့ပေ။
ယနေ့ဖြစ်ခဲ့သော ကိစ္စသည် သူတို့အားလုံးကို ဇဝေဇဝါဖြစ်စေသည်။
လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုသည် သူတို့ကို ဖော်မပြနိုင်သော အကြောက်တရားအား ခံစားမိစေသည်။ ဆေးဆိုင်အပေါ် သူတို့၏ စူးစမ်းသိလိုစိတ်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
“ တကယ်ပဲ ဆေးဆိုင်ထဲမှာ ဘာဖြစ်ခဲ့တာလဲ ”
လူတိုင်းက ကြောက်လန့်တုန်လှုပ်နေကြစဉ် သူတို့သည် ဤနေရာမှာ ဆက်မနေဝံ့ကြတော့ချေ။ သူတို့သည် မြန်ဆန်စွာ ထွက်ခွာသွားကြသည်။
ဤအခိုက်အတန့်မှာ ဆေးဆိုင်ထဲတွင် အားလုံးသည် ပုံမှန်အတိုင်း ရှိနေသည်။
သို့သော်လည်း သိုလှောင်အိတ်များသည် ဆယ်အိတ်ထက်မနည်း တိုးပွားလာသည်။ လင်းအာသည် သိုလှောင်အိတ်များကို စိတ်လှုပ်ရှားစွာ စစ်ဆေးကြည့်လိုက်သည်။ တခြားလူများသည်လည်း သူ့ကို ဝိုင်းရံလိုက်ကြပြီး စူးစမ်းလိုစွာ ကြည့်လိုက်ကြသည်။
ဝိညာဉ်သခင်မယုံကျင်းသည် သရော်လှောင်ပြောင်လိုက်ပြီး ဆက်လက် ရေနွေးကျိုသည်။
နင်ယန်သည် သက်ပြင်းချလိုက်ပြီး အစောနက ညစ်ပတ်သွားသော နေရာများကို အဝတ်စုတ်ဖြင့် ထပ်မံ ကြမ်းတိုက်လိုက်သည်။ သူက ဤရက်များတွင် သန့်ရှင်းရေးအလုပ်ကို အားကြိုးမာန်တတ် လုပ်ဆောင်နေရင်း သန့်ရှင်းမှုကို အမှန်တကယ် သဘောကျလာသည်။ သို့ဖြစ်၍ သူက တစ်နေရာရာတွင် ညစ်ပတ်နေသည်ကို မြင်လိုက်သည့်အခါ စိတ်မသက်မသာ ခံစားရလိမ့်မည်။ သူက ထိုနေရာကို သန့်ရှင်းသွားအောင် အဝတ်စုတ်ဖြင့် သုတ်ပစ်လိုက်ရမှသာ စိတ်ကျေနပ်လိမ့်မည်။
အိမ်ရှေ့စံမင်းသားသည် ရယ်မောလိုက်ပြီး သူ၏ လက်ထဲမှ ပုတီးစေ့နှစ်လုံးဖြင့် ဆော့ကစားလိုက်သည်။
ပုတီးစေ့တစ်လုံးထဲတွင် ဆရာသခင်မဟူရာမျက်လုံးရှိသည်။ တခြားပုတီးစေ့ထဲတွင်လည်း မျက်နှာတစ်ခု ရှိသည်။ ယင်းက လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးမှလွဲ၍ တခြားမဟုတ်ပေ။ သို့သော်လည်း ယင်းက အသက်ဝိညာဉ်အမျှင်တန်းတစ်ခုသာ ဖြစ်သည်။
ရွှီချင်းသည် အစမှအဆုံး ထွက်မလာခဲ့ပေ။ သူက နောက်ဖေးခန်းထဲမှာ ပြန်လည်အားအင်ဖြည့်တင်းနေသည်။
ချန်းဖန်ကျိုးသည် ဤအခိုက်အတန့်မှာ အလွန်အမင်း ရိုသေကျိုးနွံလာသည်။ သူက မထွက်သွားခင် လူတိုင်းကို ရိုသေလေးစားစွာ နှုတ်ဆက်သွားသည်။ သို့သော်လည်း သူမထွက်သွားခင် လင်းအာသည် သိုလှောင်အိတ်ထဲမှ ရတနာတချို့ကို ထုတ်ယူလိုက်ပြီး ချန်းဖန်ကျိုးကို ပေးလိုက်သည်။
ချန်းဖန်ကျိုးသည် စိတ်လှုပ်ရှားသွားပြီး လင်းအာကို ထပ်တလဲလဲ ကျေးဇူးတင်လိုက်သည်။
ထိုသို့ဖြင့် အချိန်သည် ကုန်ဆုံးသွားသည်။ လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးက သူ၏ တောင်းပန်မှုကို ဖော်ပြရန်အတွက် ပေးအပ်ခဲ့သော သိုလှောင်အိတ်များထဲမှာ ပစ္စည်းကောင်းများ အများကြီး ပါရှိသည်။ ဝိညာဉ်ကျောက်တုံးများဖြစ်စေ၊ ဆေးလုံးများဖြစ်စေ၊ ဓမ္မရတနာများဖြစ်စေ အားလုံးသည် အရည်အသွေးကောင်းမွန်ကြသည်။
သူတို့က လူတိုင်းကို ခွဲဝေပေးပြီးနောက် အိမ်ရှေ့စံမင်းသားသည် ရွှီချင်း တရားထိုင်နေသော နောက်ဖေးခန်းထဲသို့ ဝင်ရောက်သွားသည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အမြန်မတ်တတ်ရပ်လိုက်ကာ အိမ်ရှေ့စံမင်းသားကို နှုတ်ဆက်လိုက်သည်။
အိမ်ရှေ့စံမင်းသားသည် လက်ဝှေ့ယမ်းလိုက်ပြီး ဆေးပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် သူက ဆေးပုလင်းကို ရွှီချင်းဆီသို့ ပစ်ပေးလိုက်သည်။
“ ဒီဟာက စောစောက ရောက်လာတဲ့ ကောင်လေးပေးသွားတဲ့ ဝိညာဉ်ဆေးလုံးတွေ… စုစုပေါင်း ဆယ်လုံးရှိတယ်… ဆေးတစ်လုံးစားလိုက်တာနဲ့ မင်းရဲ့ ဒဏ်ရာတွေက ခဏလေးနဲ့ ပြန်သက်သာလာလိမ့်မယ် ”
“ ကျန်တဲ့ဆေးကိုးလုံးက ပြန်လည်နာလန်ထူဖို့အတွက် အရမ်းသင့်တော်တယ် ”
ရွှီချင်းသည် တိတ်တဆိတ် လက်ခံလိုက်သည်။ သူက ဆေးပုလင်းကို ဖွင့်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ သူ၏ ဆေးပညာတာအိုကြောင့် အကြည့်တစ်ချက်ဖြင့်ပင် ထိုဆေးလုံးက သာမန်မဟုတ်ကြောင်း သူပြောနိုင်သည်။ ဆေးလုံး၏ အာနိသင်သည် ဝိညာဉ်ဒဏ်ရာရခြင်းအတွက် ကုသရန် အထူးသင့်တော်သည်။
ထိုသို့ဆေးလုံးသည် အလွန်တန်ဖိုးကြီးမားပြီး မြင်တွေ့ရခဲသည်။
ရွှီချင်းသည် တုံ့ဆိုင်းမနေပေ။ သူက ဆေးတစ်လုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ဆေးလုံးက အရည်ပျော်သွားသည့်အခါ အပူလှိုင်းသည် သူ၏ လည်ချောင်းထဲမှာ တိုက်ရိုက် ထွက်ပေါ်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့မသွားပေ။ ယင်းအစား သူ၏ အသိစိတ်ပင်လယ်ထဲသို့ တန်းမတ်စွာ ဦးတည်သွားသည်။
နောက်အခိုက်အတန့်မှာ သူ၏ အသိစိတ်ပင်လယ်သည် ပေါက်ကွဲထွက်တော့မည့် မီးတောင်ကြီးတစ်ခုနှယ် တုန်ယင်လာပြီး အပူလှိုင်းက သူ၏ ဝိညာဉ်ကို ထိတွေ့သွားသည်။ အပူလှိုင်းများက လေထဲမှာ ပျံ့နှံ့သွားသောအခါ သူ၏ ဝိညာဉ်သည် မြန်ဆန်စွာ ကြည်လင်လာသည်။ တစ်ခဏကြာပြီးနောက် သူ၏ ဒဏ်ရာများကို ကုသနိုင်သွားရုံသာမက သူ၏ ဝိညာဉ်သည် ပိုပြီးအားကောင်းလာသည်။
ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက မျက်လုံးဖွင့်လိုက်သည့်အခါ အိမ်ရှေ့စံမင်းသားသည် တည်ငြိမ်စွာ ပြောသည်။
“ မင်းက သက်သာလာပြီဆိုမှတော့ လေ့ကျင့်ခန်းကို ဆက်လုပ်ကြမယ် ”
“ ရွှီချင်း… မင်းရဲ့ ခန္ဓာကိုယ်ထဲက စွမ်းရည်တွေက ပရမ်းပတာဖြစ်နေတယ်… မင်းက သူတို့တစ်ခုချင်းစီကို မလေ့လာရသေးသလို သေချာနားမလည်သေးဘူး… တကယ်လို့ မင်းက သူတို့ကို သေချာနားလည်ထားမယ်ဆိုရင် မင်းရဲ့ တိုက်ပွဲစွမ်းအားက ခုန်ပျံကျော်လွှားပြီး ထိုးတတ်သွားလိမ့်မယ် ”
အိမ်ရှေ့စံမင်းသား၏ အကြည့်သည် လေးနက်သည်။ သူက တိုးညင်းစွာ ပြောသည်။
“ တကယ်လို့ ငါတို့က တစ်ဆင့်ချင်းစီသွားမယ်ဆိုရင် မင်းရဲ့ ကြီးထွားမှုက အရမ်းနှေးကွေးလိမ့်မယ်… ဒါကြောင့် မင်းရဲ့ အလားအလာကို ဆွဲထုတ်နိုင်ဖို့ ငါတို့တွန်းအားပေးရလိမ့်မယ်… သေခြင်းရှင်ခြင်းအခြေအနေကပဲ မင်းမှာ ဘယ်လောက် အစွမ်းအစရှိတယ်ဆိုတာ ကိုယ်တိုင်သိစေလိမ့်မယ် ”
“ ဒီတစ်ကြိမ် ငါမင်းကို အနီရောင်လဗိမာန်ဆီ ခေါ်မသွားတော့ဘူး… မင်းရဲ့ ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်ကို ဒီပုတီးစေ့နဲ့ ပေါင်းစပ်ပြီး အထဲက ကျင့်ကြံသူနဲ့ တိုက်ခိုက်ဖို့ အချိန်ဆယ်ရက်ပေးမယ် ”
အိမ်ရှေ့စံမင်းသားက စကားပြောပြီးနောက် ဆရာသခင်မဟူရာမျက်လုံးအား ချိပ်ပိတ်ထားသော ပုတီးစေ့ကို ရွှီချင်းအား ပေးလိုက်သည်။
“ မင်းက ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်ကိုပဲ အသုံးပြုနိုင်တယ်… ဒါမှပဲ သေခြင်းရှင်ခြင်းအခြေအနေမျိုးမှာ အဲ့ဒါရဲ့ အလားအလာကို ဆွဲထုတ်နိုင်လိမ့်မယ် ”
“ မင်းမှာ သေဖို့ အခွင့်အရေးကိုးခါရှိတယ်… ဒဏ်ရာရသွားရင် ဒီဝိညာဉ်ဆေးလုံးတွေကို အသုံးပြုနိုင်တယ်… ဒါပေမဲ့ အခွင့်အရေးက ကိုးကြိမ်ပဲရှိတယ် ”
“ ပုတီးစေ့ထဲက ကျင့်ကြံသူကို ဆယ်ကြိမ်မြောက်ကျရင် မင်းရဲ့ ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်ကို ဝါးမျိုနိုင်တယ်လို့ ငါကတိပေးထားတယ်… တကယ်လို့ သူအောင်မြင်သွားရင် ငါသူ့ကို လွှတ်ပေးမယ် ”
“ ဒီတော့ မင်းက ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်ရဲ့ အလားအလာကို နားလည်ပြီး ဝှက်ဖဲတစ်ခုကို ဖန်တီးနိုင်မလား… ဒါမှမဟုတ် ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်ကို ထာဝရဆုံးရှုံးသွားမလားဆိုတာ… ”
“ အားလုံးက မင်းအပေါ်မှာပဲ မူတည်တယ် ”
အိမ်ရှေ့စံမင်းသား၏ အကြည့်သည် လေးနက်သည်။ ထိုသို့ပြောပြီးနောက် သူက အနောက်လှည့်သွားပြီး အခန်းထဲမှ ထွက်သွားသည်။
ရွှီချင်းသည် တိတ်ဆိတ်စွာ ထိုင်နေပြီး လက်ထဲမှာ ပုတီးစေ့ကို ကိုင်ထားသည်။ သူ၏ မျက်လုံးက ဝင်းလက်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက ရုတ်တရက် ပြောသည်။
“ ရွှေကျီးကန်း ”
ချက်ချင်းဆိုသလို အနက်ရောင်အလင်းသည် သူ၏ ဦးခေါင်းထက်မှာ လင်းလက်သွားပြီး ရွှေကျီးကန်းက ပျံသန်းထွက်လာသည်။ မီးတောက်များက ပေါ်လျှိုးထွက်လာသည့်အခါ မြင့်မြတ်သော ခံစားမှုကို ပေးသည်။ ရွှီချင်း၏ စိတ်ဆန္ဒအောက်မှာ ရွှေကျီးကန်း၏ မျက်လုံးသည် အသိဉာဏ်အလင်းကို ထုတ်လွှတ်လာပြီး ပုတီးစေ့ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။