← Chapters

မူလကနဦးသို့ ဆွဲထုတ်ခြင်း

Vol. 63 Ch. 991

မူလကနဦးသို့ ဆွဲထုတ်ခြင်း

Vol. 63 Ch. 991

ဆေးဆိုင်၏ နောက်ဖေးခန်းထဲတွင် ရွှီချင်းသည် တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။ ဤအခိုက်အတန့်မှာ သူ၏ စိတ်သည် ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်နှင့် အပြည့်အဝ ပေါင်းစပ်ထားပြီး ဖြစ်သည်။

ယခု သူက ရွှေကျီးကန်းဖြစ်လာသည်။

သူက ပုတီးစေ့ထဲသို့ တိုးဝင်သွားသောအခါ ထူးဆန်းသော နယ်မြေတစ်ခုသည် ရွှီချင်း၏ စိတ်အာရုံထဲမှာ ထွက်ပေါ်လာသည်။

ဤနေရာမှ ဘေးပတ်ဝန်းကျင်သည် ဝေဝါးနေပြီး မြူခိုးသည် တလိပ်လိပ် မြှောက်တတ်နေသည်။ မိုးခြိမ်းသံသည်လည်း အစဉ်အမြဲ ပဲ့တင်ထပ်နေသည်။ နေရာအနှံ့ ပေါက်ကွဲသံများကြားမှာ သူ့အရှေ့မှ မြူခိုးသည် ရုတ်တရက် လွင့်ပြယ်သွားပြီး ဧရာမမျက်နှာကြီးက သူ့ဆီသို့ အလျှင်အမြန် ချဉ်းကပ်လာနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ထိုမျက်နှာကြီးသည် ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ယင်းက ဆရာသခင်မဟူရာမျက်လုံးမှလွဲ၍ တခြားမဟုတ်ပေ။

သူ၏ မျက်နှာသည် နီရဲနေပြီး ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။ သူက ဤနေရာတွင် ချိပ်ပိတ်ခံထားရသည့်အချိန်မှစ၍ နေ့တိုင်း ညှဉ်းပန်းနှိပ်စက်ခံရပြီး သေသည်ထက် ဆိုးဝါးသော ဘဝကို ခံစားနေရသည်။ ယင်းက သူ၏ ကံကြမ္မာဟု တွေးတောနေစဉ် အကယ်၍ သူက ရွှေကျီးကန်းနှင့် ဆယ်ကြိမ်တိုက်ခိုက်ပြီး ၎င်းကို ဝါးမျိုနိုင်မည်ဆိုလျှင် ဤနေရာမှ လွတ်မြောက်နိုင်လိမ့်မည်ဟု ကြောက်စရာကောင်းသော ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်က အကြောင်းကြားလာခဲ့သည်။

သူက ထိုအရာကို ယုံကြည်ရုံမှတပါး တခြားရွေးချယ်စရာမရှိပေ။ သို့ဖြစ်၍ ရွှီချင်းကို မြင်လိုက်သောအခါ သူက လုံးဝတုံ့ဆိုင်းမနေပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံသည် ပေါက်ကွဲထွက်လာပြီး ပြီးပြည့်စုံသော လျှို့ဝှက်ရတနာသိုက်တစ်ခုက တိုက်ရိုက် ဖွဲ့စည်းလာသည်။

“ မြန်မြန်သေစမ်း… ဆယ်ကြိမ်မြန်မြန်ပြည့်စမ်း ”

ဆရာသခင်မဟူရာမျက်လုံးသည် ဟိန်းဟောက်လိုက်ပြီး ရွှီချင်းကို ဝါးမျိုရန် ပါးစပ်ဟလိုက်သည်။

ရွှီချင်းသည် မြန်ဆန်စွာ အနောက်ဆုတ်သွားသည်။ ရွှေကျီးကန်း၏ ခန္ဓာကိုယ်က တစ်လက်လက် တောက်ပလာသည့်အခါ ၎င်းက အဆုံးမဲ့သော ကောင်းကင်ဘုံမီးတောက်များကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း အစစ်အမှန် လျှို့ဝှက်ရတနာသိုက်တစ်ခုကို ဖွဲ့စည်းထားသော ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူ၏ အရှေ့မှာ ကောင်းကင်ဘုံမီးတောက်သည် အသုံးမဝင်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာ ဆရာသခင်မဟူရာမျက်လုံးသည် လေမှုတ်ထုတ်လိုက်သည်။ ထိုအခါ ရွှေကျီးကန်းက ထုတ်လွှတ်ထားသော မီးတောက်များသည် အနောက်သို့ ပြန်ဆုတ်သွားကြသည်။ ဆရာသခင်မဟူရာမျက်လုံး၏ ဧရာမမျက်နှာကြီးသည် အဆုံးမဲ့စွာ ကျယ်ပြန့်လာပြီး နောက်ဆုံးမှာတော့ ဤနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူ၏ နဖူးသည် ကောင်ကင်နှင့် ထိစပ်နေပြီး သူ၏ မေးစေ့သည် မြေပြင်နှင့် ထိစပ်နေသည်။ သူက ရွှီချင်းကို ဝါးမျိုရန် ပါးစပ်ဟလိုက်လေရာ ယင်းက အာကာသတွင်းနက်ကြီးသဖွယ် အောက်မေ့ရသည်။

အဝေးမှ ရွှေကျီးကန်းသည် သေမျိုးငှက်တစ်ကောင်သဖွယ် အသွင်ပြောင်းလဲသွားသည်။ ၎င်းမှာ ခုခံနိုင်သော မည်သည့်အင်အားမှ မရှိပေ။ သူ၏ အမြင်အာရုံသည် မည်းမှောင်သွားပြီး ကြီးမားသော နာကျင်မှုသည် သူ၏ ဝိညာဉ်ထံမှ ပျံ့လွင့်ထွက်လာသည်။

ရွှေကျီးကန်းသည် ပြိုကွဲပျက်စီးသွားပြီး ရွှီချင်း၏ အသိစိတ်သည် ဝေဝါးလာသည်။ တိုးညင်းသော အသံတစ်သံသည် သူ၏ နားထဲသို့ ပဲ့တင်ထပ်လာသည်။

“ ကိုးကြိမ်ကျန်သေးတယ်… ”

ဆေးဆိုင်ထဲတွင် တင်ပျဉ်ခွေလျက် တရားထိုင်နေသော ရွှီချင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။

“ စက္ကန့်ပိုင်းလေးအတွင်းပဲ ”

ရွှီချင်း၏ အမူအရာသည် အရုပ်ဆိုးသွားသည်။ ရွှေကျီးကန်းသည် သူ၏ ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေဆဲဖြစ်ပြီး အမှန်တကယ် ဝါးမျိုမခံရပေ။ သို့သော်လည်း စောစောကမှ ပြန်သက်သာလာသော သူ၏ ဝိညာဉ်သည်တော့ ပိုပြီးဆိုးဝါးလာသည်။

ရွှီချင်းသည် ကုသရေးဆေးလုံးတစ်လုံးကို ထုတ်လိုက်ပြီး ဝါးမျိုလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး တရားထိုင်လိုက်သည်။ နှစ်နာရီကြာပြီးနောက် သူ၏ ဒဏ်ရာများသည် အပြည့်အဝ ပြန်ကောင်းမွန်လာသည်။ သူက ခေါင်းငုံ့လိုက်ပြီး လက်ထဲမှ ပုတီးစေ့ကို ကြည့်လိုက်သည်။ ယခု သူက ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို တိုက်ရိုက် နားလည်သွားသည်။

“ ဒီအတိုင်း ငါဆက်သွားနေလို့ မဖြစ်ဘူး ”

“ ဧရာမပါးစပ်ကြီးရဲ့ ဝါးမျိုတာကို ရှောင်ရှားဖို့ ငါ့ရွှေကျီးကန်းကို ဘယ်လိုပုံစံ အသွင်ပြောင်းသင့်လဲ ”

ရွှီချင်းသည် တိတ်ဆိတ်စွာ တွေးတောလိုက်သည်။ တစ်ခဏကြာပြီးနောက် သူ၏ အသိစိတ်ကို ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်ဆီသို့ ပို့လွှတ်လိုက်ပြီး ရွှေကျီးကန်းကို နားလည်ရန် ကြိုးစားလိုက်သည်။

“ ရွှေကျီးကန်းက အသက်ဓာတ်အားလုံးကို သန့်စင်နိုင်ပြီး နေလုံးအသွင် ပြောင်းလဲနိုင်တယ်… ”

“ အသက်ဓာတ်သန့်စင်တာက ဒီနေရာမှာ အလုပ်မဖြစ်ဘူး… ဒါပေမဲ့ နေလုံးကတော့… ”

နေလုံး၏ စိတ်ကူးပုံရိပ်သည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ဖုန်းဟိုင်ဒေသငယ်က ကျောက်ရှာပြည်နယ်မှာ နေလုံးကို ပထမဆုံးအကြိမ် နီးနီးကပ်ကပ် ငါမြင်ခဲ့တယ်… အဲ့ဒါက သူရိန်နေမင်းရဲ့ အလောင်းအပိုင်းအစတစ်ခုဆိုပေမဲ့လည်း… ”

“ ပြီးတော့ လဝတ်ပြုဒေသကြီးထဲမှာ အတုယောင်နေလုံးလေးလုံးကို မြင်ခဲ့တယ်… ပေါက်စီလေးက ပထမ… ထာဝရစွမ်းအားက ဒုတိယ… သတ္ထုစက်ကွင်းက တတိယဖြစ်ပြီး ရှေးဟောင်းသတ္ထုစက်လုံးက စတုတ္ထဖြစ်တယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် စူးရှသော အလင်းတန်းသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ နောက်တစ်ခုရှိသေးတယ်… အဲ့ဒါက ရွှေကျီးကန်းကို ငါဆင်ခြင်သုံးသပ်နေချိန် နဂါးရထားလုံးပေါ်က နံရံဆေးရေးပန်းချီပေါ်မှာ ငါမြင်တွေ့ခဲ့တဲ့ လူငယ်ပဲ ”

“ တကယ်လို့ ငါက ရွှေကျီးကန်းရဲ့ အသွင်သဏ္ဍာန်ကို ပြောင်းလဲပြီး အဲ့ဒါကို နေလုံးအသွင် ပြောင်းလဲစေမယ်ဆိုရင် အဲ့ဒါက မူလဇစ်မြစ်နဲ့ နီးစပ်သွားလိမ့်မယ်… ”

ရွှီချင်းသည် နက်နဲစွာ တွေးတောနေသည်။ ပြင်းထန်သော ဖိအားအောက်မှာ သူက ရွှေကျီးကန်း၏ စွမ်းအင်ကို အပြည့်အဝ ထုတ်လွှတ်နိုင်မည့် နည်းလမ်းကို စဉ်းစားရုံမှတပါး တခြားရွေးချယ်စရာ မရှိပေ။

တစ်ညတာ ကုန်ဆုံးသွားသည်။

နောက်တစ်နေ့နံနက်တွင် အပြင်လောက၏ အလင်းရောင်သည် မှောင်ရီနေသေးသော်လည်း ညအချိန်ထက်စာလျှင် အနည်းငယ် လင်းထိန်ပေသည်။ ဆေးဆိုင်တံခါးက ပွင့်သွားစဉ် ရွှီချင်းသည် ဒုတိယအကြိမ် ကြိုးစားကြည့်လိုက်သည်။

သူ၏ ရွှေကျီးကန်းသည် ပုတီးစေ့ထဲသို့ ပျံသန်းသွားသည်။

ရွှီချင်းသည် ထူးဆန်းသော နယ်မြေထဲမှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း မြန်ဆန်စွာ အနောက်ဆုတ်သွားသည်။

သူ့အရှေ့မှ မြူခိုးသည် ရုတ်တရက် လှုပ်ရှားထကြွလာပြီး ဆရာသခင်မဟူရာမျက်လုံး၏ မျက်နှာသည် သူ့ဆီသို့ အမြန်ချဉ်းကပ်လာနေသည်။

ယင်းက ယခင်တစ်ခေါက်ကဲ့သို့ အဆုံးမဲ့စွာ ကြီးမားလာပြီး နယ်မြေတစ်ခုလုံးကို သိမ်းပိုက်လိုက်သည်။ ၎င်း၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းပြီး အမြစ်ဖြတ်သုတ်သင်ပစ်နိုင်သော စွမ်းအားလည်း ပါဝင်နေသည်။ ၎င်းက ရွှီချင်းကို ဝါးမျိုရန် ပါးစပ်ဟလိုက်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် သူက ရွှီချင်းကို ဝါးမျိုရန် ကြိုးစားလိုက်သည်နှင့်ချက်ချင်း ရွှေကျီးကန်းသည် ကျယ်လောင်စွာ မြည်ဟိန်းလိုက်ပြီး အပိုင်းအစလေးခုအသွင် ခွဲထွက်သွားသည်။

အပိုင်းအစတစ်ခုသည် ဖရိုဖရဲဖြစ်သွားပြီး မီးလျှံတံခါးပုံစံ ဖြစ်ပေါ်လာသည်။ အတွင်းဘက်မှ ပုံရိပ်ယောင်စပရင်သည် အပေါ်အောက်သို့ အစဉ်မပြတ် ရွေ့လျားနေပြီး မီးတောက်များကို ထာဝရလောင်ကျွမ်းစေကာ နေလုံးအသွင်သို့ ပြောင်းလဲသွားသည်။

ဒုတိယအပိုင်းအစသည် စက်ဝိုင်းတစ်ခုပမာ လှည့်ပတ်သွားပြီး အထဲမှ ဂီယာများသည် မြန်ဆန်စွာ လှည့်ပတ်လာကြသည်။

တတိယအပိုင်းအစသည် အတူတကွ ပေါင်းစုသွားကြပြီး မီးလောင်ကျွမ်းနေသော အသားဘောလုံးတစ်လုံးအသွင်သို့ ပြောင်းလဲသွားသည်။

ထိုနေလုံးသုံးလုံးသည် စတေးခံယင်မြစ်ထဲမှာ ရွှီချင်း မြင်တွေ့ခဲ့သော နေလုံးသုံးလုံးဖြစ်ကြသည်။

ထိုနေလုံးများသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဆရာသခင်မဟူရာမျက်လုံး၏ ပါးစပ်ထဲသို့ တန်းမတ်စွာ ပျံသန်းသွားကြပြီး ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်ကြသည်။

ဝုန်းခနဲမြည်သံသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားပြီး ဆရာသခင်မဟူရာမျက်လုံး၏ မျက်နှာသည် နောက်ဆုံးမှာတော့ တဒင်္ဂရပ်တန့်သွားသည်။ သူ၏ မျက်နှာပေါ်မှ အစိတ်အပိုင်းတချို့က မီးလောင်ကျွမ်းတော့မည်ကို မည်သူမဆို မြင်နိုင်လိမ့်မည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ယင်းတို့က ပုံမှန်ပြန်ဖြစ်သွားကြသည်။

သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ဤအခိုက်အတန့်မှာ ရွှီချင်းသည် ချက်ချင်း ဝါးမျိုခံရမည့်အခြေအနေကို နောက်ဆုံးမှာတော့ ရှောင်ရှားနိုင်သွားသည်။ နောက်ဆုံးအပိုင်းအစသည်တော့ အနောက်ဆုတ်သွားပြီး မြန်ဆန်စွာ ကျုံ့သွားကာ လူငယ်တစ်ယောက်ပုံစံ ဖွဲ့စည်းသွားသည်။

လူငယ်သည် ကျောက်စိမ်းသဖွယ် ဖြူဖွေးသော မျက်နှာရှိပြီး ဧကရာဇ်ဝတ်ရုံနှင့် သရဖူကို ဆောင်းထားသည်။ သူက ကောင်းကင်ဘုံမီးတောက်ကို ထုတ်လွှတ်လိုက်လေရာ ယင်းက သူ့ခြေထောက်အောက်တွင် နဂါးရထားလုံးအသွင် ဖွဲ့စည်းသွားသည်။

သူ၏ အရှိန်အဟုန်သည် အလွန်ထူးခြားသည်။ သူက လှုပ်ရှားရန်ဟန်ပြင်လိုက်စဉ် မျက်စိတစ်မှိတ်အတွင်းမှာ နယ်မြေသည် ကျယ်လောင်သော ဟိန်းဟောက်သံကြောင့် ပြိုကွဲထွက်သွားသည်။ ဘေးပတ်ဝန်းကျင်သည် လျှင်မြန်စွာ ကျုံ့သွားသည်။ ဤသည်မှာ ကောင်းကင်က အပေါ်မေးရိုးဖြစ်ပြီး မြေပြင်က အောက်မေးရိုးဖြစ်သည့်အလားပင်။ ဤအခိုက်အတန့်မှာ အရာအားလုံးသည် အမှောင်ထုထဲသို့ ကျရောက်သွားကြသည်။

ဆေးဆိုင်ထဲတွင် ရွှီချင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သွေးတစ်ပွက် အန်လိုက်ရသည်။

“ ရှစ်ကြိမ်ကျန်သေးတယ် ”

ရွှီချင်း၏ အမူအရာသည် မည်းမှောင်သွားသည်။ သူက ဆေးလုံးကို မျိုချလိုက်ပြီး အစောနက ရှုံးနိမ့်မှုကို ပြန်တွေးတောလိုက်သည်။

“ တတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူက ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး… တစ်ဖက်လူက ပုတီးစေ့ထဲမှာ ချိပ်ပိတ်ခံထားရပြီး ကန့်သတ်ခံထားရတယ်ဆိုပေမယ့် အဆင့်နှစ်ခုကြားက ခြားနားမှုကို မကျော်ဖြတ်နိုင်ဘူး ”

“ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားပြောတာ မှန်တယ်… ငါက တကယ်ပဲ ငါ့ဝိညာဉ်နတ်သူငယ်တွေကို သေချာအသေးစိတ် မလေ့လာရသေးဘူး… ဥပမာ နေလုံးအသွင်ပြောင်းလဲသွားတဲ့ ရွှေကျီးကန်းရဲ့ စွမ်းအားက အရင်ကထက် အဆပေါင်းများစွာ ပိုအားကောင်းလာတယ် ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ လမ်းကြောင်းက မမှားယွင်းကြောင်း ခံစားမိသည်။

“ ဒီတော့ ပိုပြီးနက်နဲအောင် တူးဖော်ဖို့ ငါဘယ်လိုလုပ်ရမလဲ ”

“ ရွှေကျီးကန်းရဲ့ ဇစ်မြစ်က ဘာလဲ ”

“ ပြီးတော့ အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာရဲ့ အနှစ်သာရက ဘာလဲ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး သူ၏ စိတ်အာရုံကို ရွှေကျီကန်းထဲမှာ နစ်မြှုပ်ထားလိုက်သည်။ သူက ဆက်ပြီးလေ့လာတော့မည့်အချိန် လင်းအာသည် စိတ်လှုပ်ရှားစွာ ပြေးလာပြီး တိုးညင်းစွာ ပြောသည်။

“ အကိုရွှီချင်း… ဒီနေ့က ဆေးလုံးထုတ်လွှတ်မယ့်နေ့လေ ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက မျက်လုံးဖွင့်လိုက်သည်။ သူက ထိုကိစ္စကို မော့လျော့နေခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အိမ့်ရှေ့စံမင်းသား၏ တည်ရှိမှုက သူ၏ ငြိမ်းချမ်းနေသော အခြေအနေကို ပြောင်းလဲပစ်လိုက်ပြီး သူ၏ တိုးတတ်မှုနှုန်းကို အများကြီး မြန်ဆန်လာစေသည်။

သို့သော်လည်း သူက ဆေးလုံးသန့်စင်ခြင်းကို လွန်ခဲ့သော ရက်ကတည်းက ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အာနိသင်သည် သူမျှော်လင့်ထားသည်ထက် ပိုကောင်းမွန်ပြီး ကျိန်စာကို ယခင်ထက် ပိုပြီးလျော့ချပေးနိုင်လာသည်။

ရွှီချင်းသည် လင်းအာကို ခေါင်းညိတ်ပြလိုက်ပြီး ကြေးမုံကို ထုတ်လိုက်သည်။ ထို့နောက် သူက လင်းအာကို ခေါ်ဆောင်ပြီး လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်သွားသည်။

ဤအခိုက်အတန့်မှာ လပုန်ကန်ခန်းမထဲတွင် ဆူညံသံများဖြင့် ပြည့်နှက်နေသည်။

ဆယ်ရက်ကြာ ဆူပူအုံကြွပြီးနောက် အမှတ်ကိုးဆေးလုံးဆရာသခင်က ကျိန်စာဖယ်ရှားဆေးလုံးကို ထုတ်လွှတ်မည့် သတင်းသည် လပုန်ကန်ခန်းမတစ်ခုလုံးမှာ ပျံ့နှံ့သွားပြီ ဖြစ်သည်။ ထို့ပြင် ဆရာသခင်ရှန့်လော့သည်လည်း ယနေ့မှာ သူဆန်းသစ်တီထွင်ထားသော ဆေးလုံးအသစ်ကို ထုတ်လွှတ်လိမ့်မည် ဖြစ်သည်။ ယင်းက လပုန်ကန်ခန်းမထဲမှ လူတိုင်း၏ စိတ်ခံစားချက်များကို လှုပ်ခတ်သွားစေသည်။

ဤအခိုက်အတန့်မှာ ရုပ်တုထောင်သောင်းချီသည် လပုန်ကန်ခန်းမ၏ လေထဲမှာ မတ်တတ်ရပ်နေကြပြီး ရွှီချင်းနှင့် ဆရာသခင်ရှန့်လော့၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းနေကြသည်။

သူတို့၏ အသွင်အပြင်သည် တစ်ယောက်နှင့်တစ်ယောက် ခြားနားကြသော်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အလင်းသည် အလွန်သိပ်သည်းသည်။ အဝေးမှကြည့်လျှင် သူတို့က ခမ်းနားထည်ဝါသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည့် နတ်ဘုရားများနှင့် မိစ္ဆာများသဖွယ် အောက်မေ့ရသည်။

ဆွေးနွေးသံများသည် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ထွက်ပေါ်နေကြပြီး ဆူညံပွက်လောထနေသည်။

“ ဒီနေ့ အဲ့လောက်လူစည်ကားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး… နှစ်ဖက်က ဘယ်လိုအဆုံးသတ်မလဲ ငါသိချင်လှပြီ ”

“ ဘာလို့လဲဆိုတော့ လူတိုင်းက အဆင့်မြှင့်ထားတဲ့ ကျိန်စာလျှော့ပေါ့ဆေးလုံးနဲ့ ကျိန်စာဖယ်ရှားဆေးလုံးကို မျှော်လင့်ချက်ထားကြလို့လေ… အဲ့ဒါက လက်ခံနိုင်လောက်ပါတယ်… ဒါပေမဲ့ အလုံးစုံခြုံငုံကြည့်မယ်ဆိုရင် အမှတ်ကိုးဆေးလုံးဆရာသခင်ကို ငါမယုံဘူး ”

ဆွေးနွေးသံများကြားမှာ နှစ်ဖက်ကြားမှ ထောက်ခံသူများ၏ ဒေါသစကားသံများလည်း ထွက်ပေါ်နေသည်။

“ ဆရာသခင်ရှန့်လော့က လူရိုသေခံရတဲ့ ပုဂ္ဂိုလ်ကွ… လူအများကြီးက သူ့ရဲ့ ကြင်နာမှုကို အသိအမှတ်ပြုကြတယ်… သူ့ရဲ့ ဆေးပညာက ပြိုင်ဘက်ကင်းပဲ… ဘယ်လိုလုပ် အမှတ်ကိုးဆေးလုံးဆရာသခင်က ဆရာသခင်ရှန့်လော့ကို ယှဉ်နိုင်မှာလဲ ”

“ ကြင်နာတယ်ဟုတ်လား… သောက်ရူးစကားတွေ… ဆရာသခင်ရှန့်လော့ရဲ့ ဆေးလုံးတွေက အရမ်းဈေးကြီးတာ… အရင်ကဆို ဆေးတစ်လုံးဝယ်ဖို့ ငါ့ဂိုဏ်းက စည်းစိမ်အားလုံးကို အသုံးပြုခဲ့ရတယ် ”

“ သစ္စာဖောက်ကောင်… မင်းသာ အဲ့ဒီဆေးလုံးကို မသောက်ခဲ့ရင် အခုချိန်လောက်ဆို အရိုးစုဖြစ်နေလောက်ပြီ… မင်းက ဆရာသခင်ရှန့်လော့ရဲ့ မကောင်းကြောင်းပြောရဲတယ် ”

“ ဟုတ်တယ်… ဆရာသခင်ရှန့်လော့က ငါ့ရဲ့ ကျေးဇူးရှင်ပဲ… ဆရာသခင်ရှန့်လော့ရဲ့ မကောင်းကြောင်းပြောတဲ့လူက ငါ့ရန်သူပဲ ”

အသံများသည် ဆူပူအုံကြွနေသည်။ ငြင်းခုန်ကြသော အသံများသည် မရပ်မစဲ တိုးပွားလာနေပြီး အလုံးစုံခြုံငုံကြည့်လျှင် ရှစ်ဆယ်ရာခိုင်နှုန်းခန့်က ဆရာသခင်ရှန့်လော့ဘက်မှ ဖြစ်ကြသည်။ သို့ဖြစ်၍ အမှတ်ကိုးဆေးလုံးဆရာသခင်ဘက်မှ ကာကွယ်ပေးနေသူများသည် ထိုအသံလှိုင်းများ၏ လွှမ်းမိုးခြင်းခံလိုက်ရသည်။

သို့သော် သူတို့ထဲတွင် အမှတ်ကိုးဆေးလုံးဆရာသခင်၏ နောက်လိုက်နှစ်ယောက်သည် အသံကျယ်ကျယ်ဖြင့် ဆက်လက်ငြင်းခုန်နေကြဆဲပင်။

သူတို့ထဲမှ တစ်ယောက်သည် ရွှီချင်း၏ အိမ်နီးနားချင်းဖြစ်သော လူထွားကြီးမှလွဲ၍ တခြားမဟုတ်ပေ။ သူက လူတိုင်းကို ဒေါသတကြီး စိုက်ကြည့်နေပြီး ကျယ်လောင်စွာ အော်ပြောသည်။

“ ဆရာသခင်ရှန့်လော့က အသက်တစ်ချောင်းကို ကယ်ပေးနိုင်တယ်ဆိုပေမဲ့ သူက ငါတို့ဆီကနေ အမြတ်ကြီးစားနေတာ… ငါတို့က နဂိုကတည်းက အသက်ရှင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့လူတွေပါ… အခု ငါတို့က ကိုယ်လူ့အချင်းချင်းဆီက ခေါင်းပုံဖြတ်တာကို သည်းခံနေကြရတယ်… ”

“ အမှတ်ကိုးဆေးလုံးဆရာသခင်ကို ကြည့်စမ်း… ဆရာသခင်က လူတိုင်းအပေါ် ကြင်နာသနားပြီး ကရုဏာထားတယ်… သူ့ရဲ့ ကျိန်စာလျှော့ပေါ့ဆေးလုံးက နတ်အစေခံရဲ့ သွေးစက်(၁၀၀)ပဲ ကျတယ်… ဆရာသခင်က ကျိန်စာလျှော့ပေါ့ဆေးလုံးရဲ့ တန်ဖိုးကို မသိဘဲနေမလား ”

“ ဆရာသခင်က သိတာပေါ့ ”

“ ဒါပေမဲ့ ငါတို့ရဲ့ အခက်အခဲတွေကို ဆရာသခင်က မကြည့်ရက်ဘူး… ဒါကြောင့် ဈေးသက်သက်သာသာနဲ့ ငါတို့ကို ရောင်းချပေးတာပေါ့ ”

လူထွားကြီး၏ အသံထဲမှာ ကျေးဇူးတင်မှုဖြင့် ပြည့်နှက်နေသည်။ သူ၏ အသံက ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့ထင်ထပ်သွားသောအခါ သူနှင့် မနီးမဝေးမှ ရုပ်တုတစ်ခုသည် စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။

“ မင်းတို့ကောင်တွေက ငတုံးတွေ… ရှန့်လော့ဆိုတဲ့ကောင်ရဲ့ လှည့်စားတာကို ခံရပြီး အားလုံးဆုံးရှုံးသွားတာတောင် သူ့ကို ချီးမွမ်းနေကြသေးတယ်… အဲ့ရှန့်လော့က ငွေဒင်္ဂါးတွေကြားမှာ ရေကူးနေတာကို မင်းတို့က အဟုတ်ကြီးထင်နေကြတယ်… မင်းတို့က သူ့ရဲ့ တရားမဝင်သားသမီးတွေ မို့လို့လား ”

ထိုစကားကို ပြောလိုက်သော ရုပ်တုသည် တန်ဖိုးကြီးမားသော ပန်းအိုးတစ်လုံးကို ကိုင်ဆောင်ထားပြီး နက်မှောင်သော အသားအရေရှိသည်။ သူက ပိန်ပါးသေးသွယ်ပြီး ထူးခြားချက်အနေဖြင့် မျက်လုံးခြောက်လုံးရှိသည်။ ယခု သူ၏ မျက်လုံးခြောက်လုံးက သရာ်လှောင်ပြောင်သော အကြည့်ကို ထုတ်ဖော်ပြနေသည်။

အထူးသဖြင့် သူက တရားမဝင်သားသမီးများဟု ပြောလိုက်သည့်အခါ သူ၏ ဘေးပတ်ပတ်လည်မှ လူတိုင်းသည် အလွန်ဒေါသထွက်သွားကြသည်။ သူတို့အားလုံးက မျက်လုံးခြောက်လုံးရုပ်တုကို အစိမ်းလိုက်ဝါးစားတော့မည့်နှယ် စိုက်ကြည့်လိုက်ကြသည်။ ထိုသူ၏ စကားများသည် အလွန်ရိုင်းစိုင်းသည်။

အားလုံးက သူ့အား ဒေါသတကြီး စိုက်ကြည့်လာသည်ကို မြင်သောအခါ မျက်လုံးခြောက်လုံးရုပ်တုသည် ပိုပြီးဘဝင်မြင့်သွားသည်။ သူက ဆက်ပြောသည်။

“ တရားမဝင်ကလေးတွေ… မင်းတို့က ဘာအကြောင်းကို ပြောနေကြတာလဲ… ကျယ်ကျယ်ပြောကြစမ်း… ဖိုးဖိုးက မင်းတို့ပြောတာကို မကြားရဘူး… မင်းတို့က ယုံယုံလေးလို ဦးနှောက်မရှိဘူးပဲ ”

သူ၏ စကားက ဘေးပတ်ဝန်းကျင်မှ လူများကို ပိုပြီးဒေါသထွက်သွားစေသည်။ ယုံယုံလေး၏ အဓိပ္ပာယ်ကို သူတို့က နားမလည်သော်လည်း ယင်းက ကောင်းမွန်သော စကားမဟုတ်ဟန် ရသည်။

သို့ဖြစ်၍ သူတို့သည် မျက်လုံးခြောက်လုံးရုပ်တုကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကြသည်။

အမှတ်ကိုးဆေးလုံးဆရာသခင်၏ နောက်လိုက်တချို့နှင့် ယုံကြည်သူများသည် သူတို့၏ ကျောထောက်နောက်ခံကို ရှာတွေ့သွားဟန် ရသည်။ သူတို့သည် မျက်လုံးခြောက်လုံးရုပ်တုနားသို့ တိုးသွားကြပြီး အဖွဲ့ငယ်တစ်ခု ဖွဲ့စည်းလိုက်ကြသည်။

လူထွားကြီးသည်ပင် သူ့ကို ချီးကျူးလေးစားသော အကြည့်ဖြင့် ကြည့်လာသည်။

တစ်ဖက်လူကို သူသိသည်။ ထိုလူသည် လက်တလောမှာ ဆရာသခင်၏ ဘုရားကျောင်းထဲ၌ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သည်။ သို့သော်လည်း ပုံမှန်ဆိုလျှင် မည်သည့်စကားမှ မပြောသော တစ်ဖက်လူက ယခုကဲ့သို့ လျှာစောင်းထက်လိမ့်မည်ဟု သူမျှော်လင့်မထားပေ။

ထို့ကြောင့် လူထွားကြီးသည် တစ်ဖက်လူ၏ စိတ်သဘောထားကို သဘောကျသွားပြီး အနာဂတ်မှာ ထိုလူနှင့် မိတ်ဆွေဖွဲ့ရမည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုအခိုက်အတန့်မှာ လပုန်ကန်ခန်းမတစ်ခုလုံးသည် ရုတ်တရက် တုန်ယင်လာသည်။ တောင်သည် တုန်ခါသွားပြီး ဘုရားကျောင်းအားလုံးသည် လှုပ်ခါသွားကြသည်။ အံ့ဖွယ်ကောင်းသော ဖိအားသည် ကောင်းကင်ပေါ်မှ သက်ဆင်းလာသည်။

အပြန်အလှန် ငြင်းခုန်နေကြသော လူတိုင်းသည် ရပ်တန့်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် အပေါ်သို့ မော့ကြည့်လိုက်ကြသည်။

All Chapters