← Chapters

အဲ့ဒီလူက အားညိုနဲ့တူတယ်

Vol. 63 Ch. 992

အဲ့ဒီလူက အားညိုနဲ့တူတယ်

Vol. 63 Ch. 992

ထိုအခိုက်အတန့်မှာ လပုန်ကန်ခန်းမထဲမှ အထွတ်အမြတ်ဘုရားကျောင်းကိုးခုထဲတွင် ဘုရားကျောင်းတစ်ခုသည် ကောင်းကင်ဘုံအထိ ပျံ့လွင့်သွားမည့် လင်းထိန်သော ရောင်ခြည်တန်းတစ်ခုကို ထုတ်လွှတ်လာသည်။

ထို့နောက် နတ်ဘုရားနှင့်ဆင်တူသော အရပ်ရှည်သည့် ပုံရိပ်တစ်ခုသည် ဘုရားကျောင်းထဲမှ ထွက်လျှောက်လာပြီး အထွတ်အထိပ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ထိုပုံရိပ်သည် ပေတစ်သောင်းရှည်လျားပြီး သူ၏ တစ်ကိုယ်လုံးမှ ရွှေရောင်ထုတ်လွှတ်နေသည်။ သူ့မှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိပြီး လက်တစ်ဖက်စီတွင် အရောင်မတူညီသော တောင်များကို သယ်ဆောင်ထားသည်။ သူ၏ ကျောနောက်တွင် ရောင်ခြည်စက်ဝန်းများလည်း ရှိသည်။ ထိုအလင်းသည် နေရောင်ခြည်ပမာ သူ၏ တစ်ကိုယ်လုံးကို အလင်းပြန်စေပြီး တောက်ပသော အလင်းတန်းကို ထုတ်လွှတ်နေသည်။

ယင်းက အလွန်ထူးခြားဆန်းကြယ်သည်။

သူ၏ ထွက်ပေါ်လာမှုသည် တောင်ကို လှုပ်ခါသွားစေပြီး အရပ်မျက်နှာအဘက်ဘက်၌ ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေသည်။ မြူခိုးနှင့် တိမ်တိုက်များသည် ပြိုကွဲထွက်သွားကြပြီး ဖော်မပြနိုင်သော ဖိအားသည် ဒီရေအလား တိုးထွက်လာသည်။ ယင်းက လပုန်ကန်ခန်းမ၏ နေရာတိုင်းကို လွှမ်းခြုံသွားသည်။

ယင်းကို အာရုံခံမိသွားကြသည့် လူတိုင်းသည် နှလုံးတုန်သွားကြသည်။ သူတို့က ခေါင်းငုံ့လိုက်ပြီး ဘုရားကျောင်းထံသို့ ဦးညွတ်လိုက်ကြသည်။

“ စတုတ္ထခန်းမသခင် ”

လပုန်ကန်ခန်းမ၏ ကောင်းကင်ယံမှ အထွတ်အမြတ်ဘုရားကျောင်းကိုးခုသည် လပုန်ကန်ခန်းမ၏ ရာထူးအမြင့်ဆုံး တည်ရှိမှုများ ဖြစ်ကြသည်။

ယခု ဘုရားကျောင်းငါးခုထဲမှာသာ ပိုင်ရှင်ရှိကြပြီး ကျန်ဘုရားကျောင်းလေးခုသည် ဆက်ခံသူများကို စောင့်ဆိုင်းနေကြဆဲပင်။ ဘုရားကျောင်းငါးခု၏ ပိုင်ရှင်များသည် လပုန်ကန်ခန်းမထဲ၌ သိသာထင်ရှားသော အခွင့်အာဏာကို ပိုင်ဆိုင်ထားကြပြီး အရေးကြီးသော တာဝန်များကို ထမ်းဆောင်ကြရသည်။

ဤနှစ်များတွင် လပုန်ကန်ခန်းမတစ်ခုလုံးသည် လက်ထောက်ခန်းမသခင်ငါးယောက်၏ ဦးဆောင်မှုအောက်မှာ အင်အားကြီးမားလာပြီး အနီရောင်လဗိမာန်ကို လျှို့ဝှက်စွာ ဆန့်ကျင်သော အစီအစဉ်များတွင် ပူးပေါင်းပါဝင်ခဲ့သည်။

သူတို့၏ သရုပ်မှန်များသည်တော့ လျှို့ဝှက်ဆန်းကြယ်စွာ ဖုံးကွယ်ခံထားရသည်။ အတိတ်တွင် သူတို့သည် ကိစ္စကြီးရှိမှသာ လပုန်ကန်ခန်းမဆီသို့ ရောက်ရှိလာတတ်ကြသည်။

သို့ဖြစ်၍ ယခု လက်ထောက်ခန်းမသခင်တစ်ယောက်က ဆင်းသက်လာသည်ကို မြင်တွေ့သွားသောအခါ မြေပြင်ပေါ်ရှိ လူတိုင်း၏ နှလုံးသားထဲမှာ စူးစမ်းသိလိုစိတ် ဖြစ်ပေါ်လာကြသည်။ လက်ထောက်ခန်းမသခင်က မည်သည့်ကိစ္စကြီးအား ကြေညာလိမ့်မည်ကို သူတို့က စောင့်ဆိုင်းနေကြသည်။

“ ဒီနေ့ ငါရောက်လာတာ အထွေးအထူးကိစ္စရှိလို့ မဟုတ်ဘူး… အဲ့ဒီအစား ဆရာသခင်ရှန့်လော့ရဲ့ ဖိတ်ကြားမှုကြောင့် ရောက်လာခဲ့တာ… ဒီနေ့ ဆရာသခင်ရှန့်လော့ ထုတ်လွှတ်မယ့် ဆေးလုံးအသစ်ကို ငါက သက်သေပြုပေးမယ်… အားလုံးပဲ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြပါ ”

ကောင်းကင်ပေါ်တွင် ပေတစ်သောင်းရှည်လျားသော ရုပ်တုသည် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ သူ၏ အသံသည် ပင်လယ်ကြီးပမာ ကျယ်ပြောပြီး အကန့်အသတ်မဲ့သည်။ ယင်းက အသံလှိုင်းဂယက်များသို့ ပြောင်းလဲသွားကြပြီး လူတိုင်း၏ အသိစိတ်ထဲသို့ ပဲ့တင်ထပ်သွားသည်။

သို့သော်လည်း သူ၏ စကားသည် ရုပ်တုများကြားထဲမှာ ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေသည်။ ဆရာသခင်ရှန့်လော့ကို ထောက်ခံသူများသည် ချက်ချင်း စိတ်လှုပ်ရှားလာကြပြီး အမှတ်ကိုးဆေးလုံးဆရာသခင်ကို ထောက်ခံသူများသည် စိတ်ယိမ်းယိုင်လာကြသည်။

“ ဆရာသခင်ရှန့်လော့က တကယ်ပဲ ဂုဏ်သတင်းကျော်ကြားပြီး ရိုသေလေးစားခံရတယ်… စတုတ္ထခန်းမသခင်တောင် ပွဲအခမ်းအနားကို သက်သေပြုပေးဖို့ ကိုယ်တိုင်ရောက်လာရတယ် ”

“ ဆရာသခင်ရှန့်လော့က ဒီနှစ်တွေမှာ လူဘယ်နှစ်ယောက်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့လဲ မင်းမသိဘူးလား… ဆရာသခင်ရှန့်လော့တစ်ယောက်တည်းပဲ လက်ထောက်ခန်းမသခင်ကို ဖိတ်ကြားနိုင်တယ် ”

နောက်ထပ်ဆူပူအုံကြွမှုသည် လပုန်ကန်ခန်းမထဲမှာ ထပ်မံဖြစ်ပေါ်လာသည်။ အားလုံးသည် ဆရာသခင်ရှန့်လော့အကြောင်းကိုသာ ပြောကြသည်။ အမှတ်ကိုးဆေးလုံးဆရာသခင်၏ ထောက်ခံသူများသည်တော့ အများစုသည် နှုတ်ဆိတ်သွားကြသည်။ လူထွားကြီးရုပ်တုနှင့် မျက်လုံးခြောက်လုံးရုပ်တုသည်ပင် အနည်းငယ် ငြိမ်သက်သွားကြသည်။

ဤအခိုက်အတန့်မှာ လပုန်ကန်ခန်းမ၏ တောင်ပေါ်ရှိ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော ဘုရားကျောင်းသည် မရေမတွက်နိုင်သော ရုပ်တုများ၏ ဝိုင်းရံထားမှုအောက်မှာ ဖြည်းဖြည်းချင်း ဂိတ်တံခါးပွင့်သွားသည်။ အဆုံးမဲ့သော အလင်းတန်းများသည် ဘုရားကျောင်းထဲမှ ပျံသန်းထွက်လာကြပြီး တာအိုခေါင်းလောင်းသံများသည် အရပ်မျက်နှာပေါင်းစုံသို့ ပဲ့တင်ထပ်သွားကြသည်။

ထိုဘုရားကျောင်း၏ အရှေ့မှ ကြေးနီမီးဖိုသည် အမွှေးနံ့တထောင်းထောင်း ထုတ်လွှတ်လာသည်။ အစိမ်းရောင်မီးခိုးငွေ့က လေထဲသို့ မြှောက်တတ်သွားသည့်အခါ ရုပ်တုတစ်ခုသည် ဘုရားကျောင်း၏ ဂိတ်တံခါးမှ ထွက်လျှောက်လာသည်။

ရုပ်တုသည် ဒေါသထွက်နေသော ဗာဂျရာနှင့် ဆင်တူပြီး သူ၏ ခြေဖဝါးအောက်တွင် ကောင်းချီးမင်္ဂလာတိမ်တိုက်များ ရှိသည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ဝိညာဉ်လှုပ်ခတ်စေနိုင်သော အလင်းကို ထုတ်လွှတ်နေသည့် တတိယမျက်လုံးရှိသည်။ ထို့ပြင် သူ၏ ဦးခေါင်းထက်မှာ လှည့်ပတ်နေသော ဆေးမီးဖိုတစ်လုံးရှိပြီး ဆေးရနံ့သည် ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့လွင့်နေသည်။

သူက အပြင်သို့ ထွက်လျှောက်လာသည့်အခါ ဘေးပတ်ပတ်လည်မှာ စောင့်ဆိုင်းနေကြသော ရုပ်တုအားလုံးသည် တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားခြင်းနှင့် ချီးကျူးလေးစားခြင်းဖြင့် ပြည့်နှက်နေသည်။

“ အဲ့ဒါ ဆရာသခင်ရှန့်လော့ပဲ… ဆရာသခင်က အချိန်တိကျနေတုန်းပဲ ”

“ အဲ့ဒါ ဆရာသခင်ရှန့်လော့လေ… ဆရာသခင်ရှန့်လော့က ကိုယ့်စည်းကမ်းနဲ့ နေတဲ့လူကွ… စေ့စပ်တိကျတယ်ဆိုတာ ဆရာသခင်ရှန့်လော့ရဲ့ အမူအကျင့်ပဲ ”

ရိုသေလေးစားသော မှတ်ချက်ပေးမှုအောက်တွင် ဆရာသခင်ရှန့်လော့သည် ဘုရားကျောင်းအပြင်ဘက်သို့ ထွက်လျှောက်လာပြီး လေထဲသို့ ပျံသန်းသွားသည်။ ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော အကြည့်များသည် သူ့အပေါ်မှာ စုဝေးရောက်ရှိလာကြသည်။ မရေမတွက်နိုင်သော နှုတ်ဆက်စကားသံများသည် ထပ်ဆင့်လွှမ်းခြုံသွားကြပြီး လပုန်ကန်ခန်းမတစ်ခုလုံးကို လှုပ်ခါသွားစေမည့် အသံလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

“ ဆရာသခင်ကို နှုတ်ဆက်ပါတယ် ”

မရေမတွက်နိုင်သော ရုပ်တုများသည် ခေါင်းငုံ့လိုက်ကြပြီး အရိုအသေပေးလိုက်ကြသည်။ လေထဲမှ ဆရာသခင်ရှန့်လော့သည် လူထု၏ အာရုံစိုက်ခြင်းခံထားရသည်။ သူ၏ အရှိန်အဝါသည် သက်တံ့သဖွယ် ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။

ဆရာသခင်ရှန့်လော့သည် စိတ်ကျေနပ်သွားသည်။ သူက ဘေးဘီသို့ လှည့်ပတ်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ တာအိုရောင်းရင်းတို့ကို အချိန်ကြာကြာ စောင့်ဆိုင်းစေမိတဲ့အတွက် တောင်းပန်ပါတယ် ”

သူက စကားပြောပြီးနောက် စတုတ္ထခန်းမသခင်ကို ကြည့်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။

“ ဒီအဖိုးကြီးရဲ့ ဆေးလုံးထုတ်လွှတ်တဲ့ ပွဲအခမ်းအနားကို လာကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စတုတ္ထခန်းမသခင် ”

ကောင်းကင်ပေါ်မှ စတုတ္ထခန်းမသခင်သည် ပြုံးလိုက်သည်။

“ ကျုပ်က ဆရာသခင်ရဲ့ ဆေးလုံးအသစ်ကို စောင့်မျှော်နေတာပါ ”

ဤသည်ကိုကြားသောအခါ ရှန့်လော့သည် ထပ်မံပြောရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ တောင်အောက်ခြေရှိ ရွှီချင်း၏ ဘုရားကျောင်းဂိတ်တံခါးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။ ကျောပေါ်မှာ ဘူးသီးခြောက်လွယ်ထားသော ရုပ်တုတစ်ခုသည် အပြင်သို့ ထွက်လျှောက်လာသည်။

ထိုသူသည် ရွှီချင်း ဖြစ်သည်။

သူ၏ ကိုယ်ပေါ်မှာ ခမ်းနားထည်ဝါသော မည်သည့်အလင်းရောင်မှ မရှိပေ။ သူ၏ ထွက်ပေါ်လာမှုသည်လည်း ရိုးရိုးရှင်းရှင်းသာ ဖြစ်သည်။ သို့ဖြစ်၍ သူထွက်လျှောက်လာသည့်အခိုက် လူအတော်များများသည် ရွှီချင်း၏ ပုံရိပ်ကို သတိမထားမိကြချေ။

ရွှီချင်း၏ ဘုရားကျောင်းကို အာရုံစိုက်နေကြသော သူ၏ နောက်လိုက်များသာ ချက်ချင်း သတိထားမိသွားကြသည်။

သူတို့က ရွှီချင်းကို မြင်သွားသည့်အခိုက် ထိုနောက်လိုက်များသည် စိတ်လှုပ်ရှားသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် အရှေ့တတ်လာကြသည်။

“ အမှတ်ကိုးဆေးလုံးဆရာသခင် ”

“ ဆရာသခင်ကို နှုတ်ဆက်ပါတယ် ”

လူထွားကြီးသည် စိတ်လှုပ်ရှားသော အမူအရာဖြင့် ရွှီချင်းဆီသို့ အမြန်ချဉ်းကပ်လာပြီး အော်ပြောလိုက်သည်။

“ နောက်ဆုံးတော့ ဆရာသခင်ရောက်လာပြီ ”

သူ၏ အနောက်တွင် မျက်လုံးခြောက်လုံးရုပ်တုသည် မြန်ဆန်စွာ ချဉ်းကပ်လာသည်။ သူ၏ ကြီးမားသော မျက်လုံးခြောက်လုံးထဲမှာ မျက်ရည်ဖြင့် ပြည့်နှက်နေဟန်ရသည်။ သူက မျက်တောင်မခတ်သွားပေ။ သူ၏ အမူအရာသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေပြီး သူ၏ အသံသည် လူထွားကြီးထက်ပင် ပိုပြီးကျယ်လောင်လေရာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။

“ အမှတ်ကိုးဆေးလုံးဆရာသခင်… မိုးကောင်းကင်ပမာ မေတ္တာတရားကြီးမားပြီး ဆေးပညာမှာ ပြိုင်ဘက်ကင်းတဲ့လူ… မရေမတွက်နိုင်တဲ့ အသက်တွေကို ကယ်တင်ဖို့အတွက် ဆေးပညာကို ဆည်းပူးလေ့လာခဲ့တဲ့လူ… ”

မျက်လုံးခြောက်လုံးရုပ်တုက ပြောလိုက်သည့်အခါ အရှိန်အဟုန်သည် ရုတ်တရက် ထူးခြားလာပြီး တခြားလူများထက် ကျော်လွန်သွားသည်။ ယင်းက ဘေးပတ်ဝန်းကျင်ရှိ နောက်လိုက်များ၏ စိတ်အာရုံကို အလိုအလျောက် ဆွဲဆောင်သွားပြီး တူညီသော စကားသံများကို ပဲ့တင်ထပ်သွားစေသည်။

အသံလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ ဆရာသခင်ရှန့်လော့ကို အာရုံစိုက်နေကြသော လပုန်ကန်ခန်းမထဲမှ ရုပ်တုများသည် ခေါင်းလှည့်လိုက်ကြသည်။

“ အဲ့ဒါ အမှတ်ကိုးဆေးလုံးဆရာသခင်လား ”

“ သူ့ပုံစံက သာမန်ပါပဲ… ဘာအရှိန်အဝါမှ မရှိဘူး ”

“ ဒီနေ့ ဘာဆေးလုံးကို သူထုတ်လွှတ်မလဲ ငါကြည့်ချင်တယ်… သူက တကယ်ပဲ လူအာရုံစိုက်တာ ခံချင်ရုံသက်သက်ဆိုရင် အရင်က သူထုတ်လွှတ်ခဲ့တဲ့ ဈေးပေါတဲ့ ကျိန်စာလျှော့ပေါ့ဆေးလုံးတွေမှာ ပြဿနာတစ်ခုခုရှိတယ်ဆိုတာ သေချာသွားပြီ ”

လူတိုင်း၏ အကြည့်အောက်မှာ ရွှီချင်းသည် ဘေးပတ်ပတ်လည်မှ ရုပ်တုအများအပြားကို ကြည့်လိုက်သည်။ သူသည်လည်း အနည်းငယ် အံ့ဩသွားသည်။

သူက ဤရက်များတွင် ကိုယ့်ကိုယ်ကို ကုသရန် အာရုံစိုက်ထားသဖြင့် လပုန်ကန်ခန်းမဆီသို့ နောက်တစ်ကြိမ် မဝင်ရောက်ခဲ့ပေ။ သို့ဖြစ်၍ ဆရာသခင်ရှန့်လော့က သူနှင့်တစ်နေ့တည်းမှာ ဆေးလုံးထုတ်လွှတ်မည်ဖြစ်ကြောင်း သူမသိထားပေ။

သို့သော်လည်း ရွှီချင်းသည် အရေးမထားပေ။ ဤအခိုက်အတန့်မှာ သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ လက်ထောက်ခန်းမသခင်ကို ကြည့်လိုက်သည်။ သူက တည်ကြည်လေးနက်သော အမူအရာဖြင့် လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

လက်ထောက်ခန်းမသခင်သည် ရွှီချင်းကို ကြည့်လိုက်သည်။ လက်တလော ဆူပူအုံကြွမှုကို ဖြစ်စေခဲ့သော ထိုဆေးပညာရှင်ကို သူသည်လည်း အာရုံစိုက်ထားခဲ့သည်။ သို့သော်လည်း ဤသည်မှာ သူ့ကို ပထမဆုံးအကြိမ် လူကိုယ်တိုင်မြင်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်ပြီး မည်သည့်စကားမှမပြောပေ။

ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်ပြီး အပြင်ဘက်မှ ရုပ်တုများကို ကြည့်လိုက်သည်။ သူက ဘုရားကျောင်းအပြင်သို့ ထွက်ရန် အစီအစဉ်မရှိပေ။ ဤအခိုက်အတန့်မှာ သူက ရွှေကျီးကန်းအကြောင်းကို စဉ်းစားနေဆဲ ဖြစ်သည်။

ထို့ကြောင့် သူက ညာလက်ကို မြှောက်လိုက်ပြီး ယခင်အတိုင်း အလင်းဘောလုံးထဲသို့ ဆေးလုံးကိုထည့်၍ ဖြန့်ဖြူးရန် ပြင်လိုက်သည်။ ထိုနည်းဖြင့် တခြားလူများသည် ဆေးလုံးကို လွတ်လပ်စွာ စစ်ဆေးနိုင်လိမ့်မည်။

သို့သော် ရွှီချင်းက ဆေးလုံးများကို မထုတ်ယူနိုင်ခင် ဆရာသခင်ရှန့်လော့၏ နောက်လိုက်များက သူ့ကို သရော်လှောင်ပြောင်စွာ ရယ်မောလိုက်ကြသည်။

“ အမှတ်ကိုးဆေးဆရာ… မင်းက တကယ်ပဲ ထွက်ပေါ်လာတယ်… ငါတို့က မင်းမလာရဲတော့ဘူးလို့ အောက်မေ့နေတာ ”

“ ဒါတော့ မင်းမှားသွားပြီ… ဆရာသခင်တစ်ယောက်အနေနဲ့ လူအာရုံစိုက်တာခံရမယ့် ဒီလိုအခွင့်အရေးမျိုးကို အမှတ်ကိုးဆေးဆရာက ဘယ်လိုလုပ် လက်လွှတ်ခံမှာလဲ ”

“ ဆရာသခင်ရှန့်လော့က စိတ်ထားမြင့်မြတ်ပြီး ဂုဏ်သတင်းကျော်ဇောတာကို မမက်မောဘူး… ဒါကြောင့် ဆရာသခင်ရှန့်လော့က ဒီလိုလူနဲ့ အငြင်းပွားဖို့ ဆန္ဒမရှိဘူး… ဒါတောင် သူက ဆရာသခင်ရှန့်လော့ ဆေးလုံးထုတ်လွှတ်မယ့်နေ့နဲ့ တစ်နေ့တည်းကို ရွေးချယ်ခဲ့တယ်… ဒီလူက ဘယ်လောက် စိတ်ထားယုတ်ညံ့လဲဆိုတာ ကြည့်လိုက်တာနဲ့ မြင်သာတယ် ”

ထိုစကားများထဲမှာ မလိုမုန်းထားသော သဘောပါဝင်နေပြီး နားမကြားသာဖွယ် ဆိုးဝါးလှသည်။

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး သူ့အား အပုပ်ချစကားဆိုနေကြသော ရုပ်တုများကို ကြည့်လိုက်သည်။ သူက သူတို့၏ အသွင်အပြင်ကို မှတ်ထားလိုက်သည်။

ရွှီချင်း၏ နောက်လိုက်များသည်လည်း သူတို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

“ သောက်အဓိပ္ပာယ်မရှိတာ ”

တစ်ချိန်တည်းမှာ လူထွားကြီးသည် ဟိန်းအော်လိုက်သည်။ ထို့ပြင် စူးရှသော အသံသည် သူ၏ ဘေးမှ ထွက်ပေါ်လာသည်။

“ ရှန့်လော့က မင်းတို့ကို ဒီလိုပြောဖို့ ဝိညာဉ်ကျောက်တုံးဘယ်လောက်ပေးထားလဲ ငါ့ကို ပြောပါ… တကယ်လို့ ဈေးနှုန်းက လက်ခံနိုင်လောက်တဲ့ ပမာဏဆိုရင် ငါ့ကိုပါ ထည့်တွက်လိုက်ပါ ”

နှစ်ဖက်သည် အပြိုင်အဆိုင် ငြင်းခုန်ကြသည်။ အမှတ်ကိုးဆေးလုံးဆရာသခင်၏ နောက်လိုက်များသည် အရေအတွက်နည်းပါးသော်လည်း မျက်လုံးခြောက်လုံးရုပ်တုတစ်ခုတည်းက လူတစ်ထောင်နှင့် ညီမျှသည်။ သူ၏ လျှာစောင်းထက်သော စွမ်းရည်ကြောင့် စကားတစ်ခွန်းတည်းဖြင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည်။

တစ်ယောက်နှင့် တစ်အုပ်စုတိုက်ခိုက်နေသော သူ၏ ပုံရိပ်သည် ဘေးပတ်ဝန်းကျင်မှာ ရပ်ကြည့်နေကြသော လူများကို ဆွံ့အသွားစေသည်။ လူတိုင်း၏ စိတ်ထဲမှာ မျက်လုံးခြောက်လုံးရုပ်တု၏ ပုံရိပ်သည် ထင်ရှားလာသည်။

အခြေအနေက ပရမ်းပတာဖြစ်တော့မည်ကို မြင်သောအခါ ရွှီချင်းသည် စိတ်မရှည်ဖြစ်လာသည်။ သူက ဤနေရာမှာ တခြားလူများဖြင့် အငြင်းပွားပြီး အချိန်ဖြုန်းရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူက ရွှေကျီးကန်းကို ဆက်ပြီးလေ့လာရန် ဤနေရာမှ ထွက်သွားဖို့ ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ လေထဲမှ ဆရာသခင်ရှန့်လော့သည် တည်ငြိမ်သော အမူအရာဖြင့် ဖြည်းညင်းစွာ ပြောသည်။

“ ဆူညံလိုက်တာ ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ နောက်လိုက်များသည် နှုတ်ဆိတ်သွားကြသည်။ ရှန့်လော့သည်တော့ သူ၏ အကြည့်က ရွှီချင်းအပေါ်သို့ ကျရောက်သွားပြီး တည်ငြိမ်စွာ ပြောသည်။

“ အမှတ်ကိုးဆေးဆရာ… မင်းရဲ့ တာအိုက မှားယွင်းနေတယ် ”

ရွှီချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားပြီး အနောက်လှည့်လိုက်သည်။ သူက လေထဲမှ ဆရာသခင်ရှန့်လော့ကို ကြည့်လိုက်သည်။

“ မင်းဘာပြောချင်တာလဲ ”

ဘေးပတ်ဝန်းကျင်သည် နှုတ်ဆိတ်သွားသည်။ လူတိုင်း၏ အကြည့်သည် ရွှီချင်းနှင့် ရှန့်လော့အပေါ်မှာ စုဝေးသွားကြသည်။ ကောင်းကင်ပေါ်မှ စတုတ္ထခန်းမသခင်သည်ပင် ချွင်းချက်မဟုတ်ပေ။ လူတိုင်း၏ အာရုံစိုက်မှုအောက်မှာ ဆရာသခင်ရှန့်လော့သည် ခေါင်းခါလိုက်သည်။

“ တစ်ယောက်ယောက်က မင်းရဲ့ဆေးလုံးတစ်လုံး ငါ့ကို လာပေးသွားတယ်… အစကတော့ ဆေးလုံးကို ငါစစ်ဆေးကြည့်လိုက်တဲ့အခါ ပျော်ရွှင်သွားပြီး ချီးမွမ်းစကားဆိုခဲ့တယ်… ဒါပေမဲ့ အဆုံးမှာတော့ ငါ့ကို တကယ် စိတ်ပျက်စေခဲ့တယ် ”

“ မင်းက ကိုယ့်ကိုယ်ကို ဉာဏ်ကောင်းလှပြီ ထင်နေပုံပဲ… အဲ့ဒီဆေးလုံးက အဖြူရောင်လေရဲ့ အသွေးအသားတွေကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုထားပြီး ဖန်တီးထားတာပဲ… ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ မင်းက အခြေအနေကို အခွင့်ကောင်းယူပြီး အရေအတွက်ကို တိုးမြှင့်လိုက်ရုံသက်သက်ပဲ… လွန်ခဲ့တဲ့နှစ်(၇၀၀၀)တုန်းက တစ်ယောက်ယောက်က အဲ့လိုကြိုးစားခဲ့ဖူးတာကို မင်းသိလား… ဘေးထွက်ဆိုးကျိုးက အရမ်းကြီးမားလွန်းတယ်… အဲ့ဆေးလုံးကို သောက်သုံးခဲ့ကြတဲ့ လူတွေက နှစ်အနည်းငယ်အတွင်းမှာ သေဆုံးသွားခဲ့ကြတယ် ”

“ အမှတ်ကိုးဆေးဆရာ… မင်းရဲ့ လမ်းစဉ်က လွဲမှားနေတယ် ”

ဆရာသခင်ရှန့်လော့က ပြောလိုက်သည်နှင့်ချက်ချင်း မရေမတွက်နိုင်သော လူများသည် ဆွံ့အသွားကြသည်။ အထူးသဖြင့် ရွှီချင်း၏ ဆေးလုံးကို သောက်သုံးခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့၏ အမူအရာသည် ပျက်ယွင်းသွားကြပြီး နှလုံးသည် လှုပ်ခါလာကြသည်။

ရွှီချင်းသည် ရှန့်လော့ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး မနီးမဝေးမှ လူထွားကြီးကို လှမ်းခေါ်လိုက်သည်။

လူထွားကြီး၏ စိတ်ထဲမှာ တုံ့ဆိုင်းနေသော်လည်း သူက အလိုအလျောက် ပြေးလာသည်။

“ ဒီရက်တွေမှာ ဘာဖြစ်သွားတာလဲ ”

ရွှီချင်းက မေးသည်။

လူထွားကြီးသည် သူ၏ နှလုံးသားထဲမှ စိုးရိမ်စိတ်ကို ဖိနှိပ်လိုက်ပြီး အကျိုးအကြောင်းအားလုံးကို သေချာရှင်းပြလိုက်သည်။ ဤသည်ကို ကြားသောအခါ ရွှီချင်း၏ အကြည့်သည် အေးစက်သွားသည်။ လင်းအာ၏ စိတ်ဆိုးနေသော အသံသည်လည်း သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ အကိုရွှီချင်း… ဆေးလုံးထုတ်လွှတ်မယ့်နေ့ကို ညီမတို့က အရင်ကြေညာခဲ့တာပါ… ဒါ သူတို့ အရမ်းလွန်သွားပြီ… ဒါ့အပြင် သူတို့က ညီမတို့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုကြတယ်… ညီမတို့က လူလိမ်တွေလို့တောင် သူတို့က ပြောနေကြတယ်… သူတို့ကသာ လူလိမ်တွေဖြစ်မယ်လို့ ညီမထင်တယ် ”

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ဆက်ရှိနေသော်လည်း သူ၏ အကြည့်သည် ပိုပြီးအေးစက်လာသည်။ သူက ထွက်သွားမည့် သူ၏ အစီအစဉ်ကို လက်လျော့လိုက်ပြီး ဘုရားကျောင်းအပြင်ဘက်သို့ လျှောက်သွားသည်။

ဘေးပတ်ဝန်းကျင်မှ သူ၏ နောက်လိုက်များသည် တုံ့ဆိုင်းနေကြသော်လည်း သူတို့သည် စုဝိုင်းဖွဲ့လျက် လိုက်ပါလာကြစမြဲပင်။ လူထွားကြီးက ရွှီချင်း၏ ဘယ်ဘက်ကို စောင့်ကြပ်ပေးနေစဉ် မျက်လုံးခြောက်လုံးရုပ်တုသည် ညာဘက်သို့ အမြန်ပျံသန်းလာပြီး ကာကွယ်ရေးတာဝန်ကို လုယူလိုက်သည်။ ထို့ပြင် သူက ရွှီချင်းကို ခယဝပ်တွားသော မျက်နှာဖြင့် ပြုံးပြလိုက်သေးသည်။

ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက ဘယ်ဘက်နှင့် ညာဘက်ကို တစ်လှည့်စီကြည့်ပြီးနောက် ညာဘက်မှ မျက်လုံးခြောက်လုံးရုပ်တုကို သေချာအာရုံစိုက်လိုက်သည်။

တစ်ဖက်လူ၏ အကြည့်ကို အနည်းငယ် သူရင်းနှီးသည်။ ခေါင်းဆောင်က အိမ်ရှေ့စံမင်းသားကို ထိုသို့အကြည့်မျိုးဖြင့် ကြည့်လေ့ရှိကြောင်း သူမှတ်မိသည်။

ရွှီချင်းသည် ထူးဆန်းမှုကို ခံစားမိသွားသည်။ လင်းအာ၏ အသံသည် သူ၏ စိတ်ထဲသို့ ပဲ့တင်ထပ်လာသည်။

“ အကိုရွှီချင်း… ဒီလူရဲ့ အကြည့်ကို ရင်းနှီးတယ်လို့ ညီမခံစားမိတယ်… သူက စီနီယာအကိုအားညိုနဲ့တူတယ် ”

ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူက တစ်ဖက်လူကို မသိချင်ဟန်ဆောင်လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။ သူက လေထဲသို့ ရောက်ရှိသွားသောအခါ ဆရာသခင်ရှန့်လော့၏ အရှေ့မှာ ရပ်လိုက်သည်။ သူက တစ်ဖက်လူကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ယှဉ်ပြိုင်ရအောင် ”

All Chapters