မထိခိုက်စေချင်ခဲ့။
Vol. 27 Ch. 514
လီချင်းယွီ၏ အသံက မနှစ်မြို့မှုများနှင့် ပြည့်နေလေသည်။
သူ့ရဲ့ မျက်နှာထားကလည်း စိတ်တိုနေသည့်ပုံ။
လီချင်းယွီမှာ နှစ်နှစ်နီးပါး အငြိုးကြီးဝိဉာဉ်၏ သက်ရောက်မှုကို ခံခဲ့ရသဖြင့် သူ့စကားတွေက မှန်သလား မှားသလားဆိုတာကို ရှဲ့ချောင် မပြောနိုင်။
အငြိုးအတေးနှင့် မကောင်းသည့် စွမ်းအင်တွေက သူ့ကို စိတ်အနှောင့်အယှက်ပေးပြီး ဒေါသ ထွက်စေခဲ့ရုံသာမက ….တခြားသော တုံ့ပြန်မှုများလည်း ဖြစ်စေခဲ့သည်။
ဥပမာ ဆိုရလျှင် တချို့သော အရာတွေကို မေ့ပျောက်သွားခြင်း။
နောက်ပြီး လူတစ်ယောက်ရဲ့ စိတ်အခြေနေဟာ မ
ကောင်းသည့် ဘက်မှာ ရှိနေခဲ့လျှင် တစ်စုံတစ်ခုက အလွဲလွဲအချော်ချော် ဖြစ်သွားတတ်တာ ငြင်းဆန်၍ မရပေ။
အငြိုးကြီးဝိဉာဉ်ရဲ့ လက်မောင်တို့ အားလျော့စွာဖြင့် ပြုတ်ကျသွားခဲ့သည်။
“ငါ အိပ်မက်ထဲကို မကြာမကြာ ဝင်တတ်တယ်ဆိုပေမဲ့ ငါရဲ့ အစွမ်းက အဲ့လောက်ထိ အားမကြီးဘူးတော့ အိပ်မက်တိုင်းက ခဏလေးပဲ ကြာတယ်။ ငါတို့ စကားအများကြီး မပြောခဲ့ဖူးဆိုပေမဲ့ သူ ငါ့ကိုတော့ မြင်နေရတာပဲကို.. လွန်ခဲ့တဲ့နှစ်တွေမှာ သူ ဘယ်တုန်းကမှ … ငါ့နာမည်ကို မခေါ်ခဲ့ဖူးဘူး”
သူမ အသက်ရှိစဉ်က သူမ နာမည်က ယွဲ့လီဆိုတာကို လီချင်းယွီအား ပြောပြခဲ့ဖူးသည်။
သူ ဘာတစ်ခုမှ မမှတ်မိခဲ့ဘူး….
“ အခု သူ့နှလုံးသားထဲမှာ နတ်ဘုရားရှိနေပြီ.. နင် အရင်က သူ့ကို သဘောကျခဲ့ဖူးတာပဲကို.. ဒီလိုမျိုး ဖြစ်သွားရင် သူ ပိုပိုပြီး အားနည်းလာမယ်ဆိုတာကို နင်သိသင့်တယ်.. တစ်နေ့ သူလည်း အငြိုးကြီးဝိဉာဉ်တစ်ကောင်လို ဖြစ်လာမှာ…အစွယ် တပြပြ၊ လက်သည်းတရမ်းရမ်းနဲ့ စိတ်လွတ်သွားတဲ့သူလို..အဲ့ဒီအခါကျရင် ဒီ လီအိမ်တော်ရဲ့မြေးက ရန်သွားမစသင့်တဲ့ ဒေါသကြီးတဲ့ အရူးတစ်ယောက်ဆိုတာ လူတိုင်း သိသွားလိမ့်မယ်” ရှဲ့ချောင် ပြောလိုက်သည်။
ဒါဟာ လိမ်နေတာမဟုတ်။
သူမသာ သာမန် မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ဆိုလျှင် ကိစ္စမရှိ။
သူမ သူ့နောက်ကို ခဏခဏ လိုက်နေခဲ့တယ်ဆိုလျှင်တောင် အကျိုးသက်ရောက်မှုက ကြီးကြီးမားမား ရှိလိမ့်မည် မဟုတ်ပေ။
သို့သော် သူမက အငြိုးကြီးဝိဉာဉ် ဖြစ်နေသည်။
သာမန်လူတစ်ယောက်က အငြိုးအတေးနှင့် မကောင်းတဲ့ စွမ်းအင်တွေကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည် ရှ်ိနိုင်မှာလဲ?..
နောက်ပြီး လီချင်းယွီက အတော်လေး တည်ကြည်တာကြောင့်လည်း ပါသည်။ ထို့ကြောင့် အခုချိန်ထိ သူ့ရဲ့ စိတ်ခံစားချက်လောက်သာ ထိန်းချုပ်မရဘဲ အကျင့်စရိုက် ပြောင်းသွားခဲ့ခြင်းသာ။
ရေရှည်၌ ထိုပြောင်းလဲသွားသည့် အကျင့်စရိုက်ဟာ အရိုးစွဲသွားမည်ဖြစ်ပြီး အချိန်ကျလို့ အငြိုး
ကြီး ဝိဉာဉ် ထွက်သွားခဲ့ရင်တောင် သူ ပြန်ပြောင်းလို့ရတော့မှာ မဟုတ်ပေ!
သခင်ကြီးမှာ ဆရာမမော့တစ်ယောက် လေကို စကားပြောနေတာကို ကြည့်ပြီး အနည်းငယ် ပျာယာခတ်သွားရသည်။
သို့သော် သူ့မြေးအတွက် ဆရာမမော့ရဲ့ ပုံစံအတိုင်း ထို လားရာဘက်လှည့်ကာ ပြောလိုက်၏။
“ မိန်းကလေး၊ မင်း အခုလို ဖြစ်သွားရတာ ငါတို့ မိသားစုကြောင့်ပါ။ သေပြီးသား လူတွေကတော့ ဘယ် အသက်ပြန်ရှင်နိုင်မလဲ။ မင်း ဘာလို့ ခေါင်းမာနေရတာလဲ။ မင်း ချင်းယွီကို သဘောကျတယ်ဆိုရင်.. ဒီမှာကြည့် ငါမင်းကို သူ့ရဲ့ ဇနီးတစ်ယောက် အဖြစ်နဲ့ လီမိသားစုရဲ့ မျိူးဆက်မှတ်တမ်းစာအုပ်ထဲ ထည့်ပေးမယ်ဆိုရင်ရော.. မင်းသူ့ကို လွှတ်ပေးမှာလား”
ရှဲ့ချောင် သခင်ကြီးကို အံ့အားသင့်စွာနှင့် ကြည့်လိုက်သည်။
အရမ်း ရက်စက်လွန်းရာ ကျမနေဘူးလား..
“လီချင်းယွီ မင်း ငါ့ရဲ့ ဆရာတူအစ်မကို ဘယ်လိုခေါ်လိုက်တာလဲ” ကျောက်ရွှမ်ကျင်း ရုတ်တရက် မေးလိုက်သည်။
“စုန်းမအိုကြီး!” လီချင်းယွီဟာ အကြောက် အလန့်ရှိမနေ။
ထိုစကားကြောင့် ကျောက်ရွှမ်ကျင်းသည် အန္တာရယ်ပြုတော့မည့်အလား ပြုံးလိုက်ကာ “ဒီလို နောင်တလည်း မရ၊ လေးစားမှုလည်း မရှိတဲ့သူတစ်ယောက်ကို ဘာလို့ ထားထားနေဦးမှာလဲ။ သူ
လည်း ထိခိုက်နေပြီးပဲကို…ဆရာတူအစ်မမော့.. အဲဒီ အငြိုးကြီးဝိဉာဉ်ကို အင်အားသုံးပြီးပဲ တန်းဖမ်းလိုက်ပါလား။ လီချင်းယွီကတော့… အို့ .. ဟုတ်သား.. အဲ့လိုဆိုရင် . သူ ဘာဖြစ်သွားမှာလဲ”
“စိတ်ဖောက်ပြန်တာ” ရှဲ့ချောင် ခေါင်းစောင်း၍ ပြောလိုက်သည်။
“ အို့ ဒါဆို သူအသက်တော့ ရှင်ဦးမှာပေါ့.. ကောင်းပါတယ်. သူ့မှာ စိတ်ရူးဖောက် ရောဂါရှိနေရင် သူ့ပါးစပ်သူ ပိတ်နိုင်မှာပေါ့”
ကျောက်ရွှမ်ကျင်းက လီချင်းယွီကို အေးစက်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
သူ့စကားကြောင့် အငြိုးကြီးဝိဉာဉ်မှာ ဒေါသထွက်သွားသည်။ “ သူ့ကို မထိနဲ့!”
“ ငါနင့်ကို ဖမ်းလိုက်မယ်ဆိုရင် နင်သူ့ကို သွားပတ်သက်လို့ရတော့မှာမဟုတ်ဘူး၊ နင့်ဟာနင် သေချာစဉ်းစားပေါ့”
အငြိုးကြီးဝိဉာဉ်မှာ တုန်ယင်နေလေသည်။
သူမ လီချင်းယွီဘေးမှာနေတာကို ဘာလို့ သူတို့က တားနေရတာလဲ?!
သို့ပေမဲ့ တစ်ချိန်တည်းမှာပဲ လီချင်းယွီရဲ့ ဒေါသနှင့် နီရဲနေတဲ့မျက်လုံးကို မြင်ရသည့် အခါ သူမ မကျေမချမ်းနိုင်ဖြစ်ရသည်။ သူမ နှလုံးသား တုန်ယင်လို့နေ၏။
သိမ်မွေ့တဲ့ကောင်လေးတစ်ယောက်က အခုလို ဖြစ်လာရတာ…
ထားလိုက်တော့. ထားလိုက်တော့..
အငြိုးကြီးဝိဉာဉ်၏ မကောင်းသည့် စွမ်းအင်တို့မှာ ရုတ်ချည်းဆိုသလို သိသိသာသာကို ကွယ်ပျောက်သွားတော့သည်။ သူမ သူ့ကို ဝမ်းနည်းစွာဖြင့် ကြည့်နေခဲ့သည်။ သူမ သူ့ကို ဝန်လေးစွာဖြင့် ကြည့်နေခဲ့သည်။
သူမ သူနဲ့အတူ ရှိချင်ခဲ့ပေမဲ့ နောက်ဆုံးကျတော့ သူမ မလုပ်နိုင်ခဲ့။
သူမ သူ့ကို မထိခိုက်စေချင်ခဲ့ပေ။
••••