လောကတစ်ခွင် ပြိုင်ဘက်ကင်းသော
Vol. 27 Ch. 515
လီချင်းယွီ၏ ခန္ဓာကိုယ်ထဲက မကောင်းသည့် စွမ်းအင်တို့ ပျောက်ကွယ်သွားသည့်နှင့် ရှဲ့ချောင်အတွက် လုပ်စရာရှိတာဆက်လုပ်ရန် ပိုပြီး လွယ်ကူသွားသည်။ သူမက တာအိုခေါင်းလောင်းကို ယူ၍ သူမ လက်ထဲက အဆောင်စာရွက်ရဲ့အပေါ် တီးကာ အငြိုးကြီးဝိဉာဉ်ကို ဖမ်းလိုက်သည်။
အငြိုးကြီးဝိဉာဉ် ပျောက်ကွယ်သွားသည်နှင့် လီချင်းယွီ၏ အကြည့်တို့ ခေတ္တခဏ အေးခဲသွားသည်။
သူကြည့်ရတာ ကြက်သေသေနေပုံပင်။
သူ ရုတ်တရက် သတိလစ်သွားလေသည်။
သခင်ကြီးမှာတုန်လှုပ်သွားပြီး ရှဲ့ချောင်ကို ကြည့်လိုက်၏။ ရှဲ့ချောင်က “ဘာမှ စိတ်ပူစရာမလိုဘူး၊ စိတ်ပူစရာ မလိုဘူး.. သူရဲ့ ဝိဉာဉ်က မတည်ငြိမ်သေးလို့.. အားပြန်ဖြည့်ဖို့ပဲ လိုတာ”
သူမက ပြောရင်းဆိုရင်းနှင့် အဆောင်စာရွက် တစ်ရွက် ယူထုတ်ကာ လီချင်းယွီရဲ့ အင်္ကျီမှာ ကပ်ပေးလိုက်သည်။
သခင်ကြီးက လူတစ်ယောက်ကို ခေါ်ပြီး လီချင်းယွီအား အိမ်ထဲကို ခေါ်သွားခိုင်းလိုက်၏။
ရှဲ့ချောင်နှင့် ကျောက်ရွှမ်ကျင်းလည်း ပင်မ ခန်းမ ထဲသို့ ဝင်လာကာ ထိုင်လိုက်ကြသည်။
ရှဲ့ချောင် ခုနက စကားအများကြီးပြောလိုက်ရတာကြောင့် သူမ ပါးစပ်တို့ ခြောက်နေလေပြီ။ သူမ လက်ဖက်ရည်တစ်ခွက် သောက်လိုက်၏။ လီချင်းယွီရဲ့ အခြေနေမှာ မသေချာသေးတာကြောင့် သူမ အလောတကြီး ပြန်သွားလို့ မရသေးချေ။ ဒါအပြင့် လီအိမ်တော်ကိုလည်း ကြည့်ကြည့်ရဦးပေမည်။
“ ဒီတလော အရှင့်သားကိုတွေ့တိုင်း အနားမှာ မကောင်းဆိုးဝါးဝိဉာဉ်တွေ မရှိတော့သလိုပဲ..” ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။
“အရင်တစ်ခါက်က လှည့်စားမှုက တကယ်ကြီး အလုပ်ဖြစ်နေတာလား”
ထိုစကားကြောင့် ကျောက်ရွှမ်ကျင်း ပြုံးလိုက်ကာ
“ဘာ လှည့်စားမှုလဲ”
“ အဲဒီ မကောင်းဆိုးဝါးဝိဉာဉ်တွေကို ခြောက်ဖို့ဆိုပြီး သူတို့ရဲ့ မျိူးဆက်တွေကို အသုံးချတာလေ”
ရှဲ့ချောင် ပြောနေရင်းမှ သူမက အခု မော့ချူးရှန်း ဖြစ်နေတာဆိုတာ ရုတ်တရက် သတိရသွားခဲ့သည်။
မော့ချူးရှန်း!
အဲဒါက သူ ရှဲ့ချောင်နဲ့ ရှိတုန်းက ပြောထားတဲ့ဟာ၊ မော့ချူးရှန်း အနေနဲ့ မသိသင့်ဘူးလေ!!
ရှဲ့ချောင်က ဆင်ခြေတစ်ခု အမြန်ပေး၍
“ကျွန်မလည်း ရှဲ့အိမ်တော်က သခင်မလေးဆီကနေ ကြားထားတာ..အရမ်းထူးဆန်းတာပဲ..အဲဒီ မကောင်းဆိုးဝါးဝိဉာဉ်တွေ ကျွန်မကို လာမတွေ့ရဲကြဘူး.. ကျွန်မ အထင် ကျွန်မက အရမ်းစွမ်းလွန်းတော့ သူတို့ ကြောက်နေကြတာ ဖြစ်လောက်တယ်…”
ဟီးဟီးဟီး..
ရှဲ့ချောင်မှာ မလုံမလဲ ဖြစ်နေ၏။ သူမ ခေါင်းကို ငုံ့ထားပြီး ရေနွေးခွက်ထဲမှာ ဝေ့နေသည့် လက်ဖက်ခြောက်ဖက်တို့ကိုသာ လိပ်ပြာမလုံသည့် စိတ်ဖြင့် ကြည့်နေခဲ့သည်။
လူတစ်ယောက်မှာ သရုပ်အများကြီး ရှိရင် ပြဿနာ ဖြစ်ဖို့ အရမ်းလွယ်တာပဲ!
အထူးသဖြင့် အလုပ်က ပင်ပန်းနေတဲ့အချိန်ဆိုရင် စိတ်ထဲ ကမောက်ကမတွေ ဖြစ်ကုန်ပြီး သရုပ်မှန် ပေါ်ကုန်ရော!!
“ဆရာတူအစ်မက ဒီလောကမှာ ပြိုက်ဘက်ကင်းပဲ.. အငြိုးကြီးဝိဉာဉ်ကိုတောင် ဖမ်းနိုင်တဲ့ဟာကို.. အဲဒီ မကောင်းဆိုးဝါးဝိဉာဉ်လောက်ကတော့ ပြဿနာဘယ်ရှိမလဲ… သူတို့ ဆရာတူအစ်မကို တွေ့ရမှာ ကြောက်နေကြတာ ပုံမှန်ပါပဲ”
ဒါပေါ့.. သူ သုံးတဲ့ နည်းလမ်းက အမြဲတမ်းတော့ ဘယ်လိုလုပ် အလုပ် ဖြစ်နိုင်မှာလဲ..
လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ ယွီရွှီဘုရားကျောင်းကို သွားပြီး တာအိုဆရာတော်တစ်ပါးဆီကနေ နွားမျက်ရည်နဲ့ အဆောင်စာရွက် တောင်းဆိုခဲ့ရာ သူ သူ့အနောက်မှာ ရှိနေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေကို မြင်ခဲ့ရသည်။
စည်းမျဉ်းတချို့ ချမှတ်ရင်း အင်အားကြီးသည့် အကောင်များကိုသာ သူနဲ့အတူ ထားထားဖို့ ဆုံးဖြတ်ခဲ့သည်။
သူတို့က မကောင်းဆိုးဝါး ဝိဉာဉ်များဆိုသော်လည်း အသက်ရှိစဉ်က ချန်ယွမ်၏ သာမန်ပြည်သူများ ဖြစ်ကြလေသည်။
သူတို့ သေသွားပြီဆိုတာနဲ့ ဘာများ ကွာခြားသွားလို့လဲ.. မမြင်နိုင်တဲ့ အစောင့်တွေ ဖြစ်နေရုံပဲ။
သူက စွမ်းဆောင်ရည်ရှိသည့် ဝိဉာဉ်တချို့ကို ရွေးချယ်ပြီး သူ့ကို ကာကွယ်ဖို့ သူ့အနားမှာထားထားခဲ့သည်။ သူတို့က တခြား မကောင်းဆိုးဝါးဝိဉာဉ်တွေကို သူ့အနား ကပ်စေမှာ မဟုတ်ပေ။ သူ့အနောက်ကို မလိုက်စေချင်တဲ့အခါကျရင်လည်း
သူတို့ကို အသိပေးလိုက်ရုံသာ။
လတ်တလော၌ ထိုနည်းလမ်းက ကောင်းကောင်း အလုပ်ဖြစ်နေခဲ့သည်။
ရှဲ့ချောင်ကို ဒီကိစ္စ လုပ်ဖို့ မတောင်းဆိုခဲ့ခြင်းက…
သူသိက္ခာမကျချင်လို့ပင်။
ထိုအချိန် အိမ်ရှေ့စံမင်းသားရဲ့ မြှောင်ပင့် ခြင်းကို ခံလိုက်ရသည့် ရှဲ့ချောင်ကတော့ စိတ်ထဲ ဂုဏ်ယူနေမိလေသည်။
သူမက အမူအရာ ပြောင်းလဲခြင်းမရှိဘဲ သူ့အား ကြင်နာစွာဖြင့် ကြည့်လျက် “ဆရာတူမောင်လေး စိတ်မပူနဲ့ မင်းက ရှဲ့သခင်မလေး နဲ့ ငါ့လို ဆရာနှစ်ယောက်ကို သိနေတာပဲဟာ မင်းရဲ့ ဒီပြဿနာ
သေးသေးမွှားမွှားလောက်က အနှေးနဲ့အမြန် ဖြေရှင်းနိုင်မှာ”
တခြားသူများက ရှဲ့ချောင်ရဲ့ သရုပ်မှန်ကို မသိကြသော်လည်း အိမ်ရှေ့စံမင်းသားကတော့ ဟိုးအရင်ကတည်းက သိထားသည်။
“ဆရာတူအစ်မ ပြောတာ မှန်ပါတယ်” ကျောက်ရွှမ်ကျင်းမှာ အံ့ဩစရာ ကောင်းလောက်အောင်ကို သဘောကောင်းနေလေသည်။
“ မင်း ဒီကို ဘာလို့ ထပ်ရောက်လာတာလဲ၊ သခင်ကြီးလီ ဆီကနေ လိုတာရှိလို့လား” ရှဲ့ချောင် ထပ်မေးလိုက်၏။
“ဟုတ်တယ် အဲဒါ အစ်မ အတွက်ပဲလေ၊ ကျွန်တော် ဆရာတူအစ်မကို ပြောခဲ့ဖူးတယ်
မဟုတ်လားတစ်ခါလောက်တော့ ကျွန်တော်နဲ့အစ်မ တူယှဉ်ကျင့်ကြံဖို့ အတွက် ဆုံရမှာလို့.. အဲဒါက အနာဂတ်မှာလေ အဆင်ပြေ…”
ကျောက်ရွှမ်ကျင်းမှာ တစ်ခုခုကို ပြောချင်နေပေမဲ့ ချီတုံချတုံဖြစ်နေပုံရသည်။ ရှဲ့ချောင် ခနဲ့လိုက်ကာ သူ့ကို စိုက်ကြည့်လိုက်၏။
“ မင်းက ငယ်ငယ်လေးနဲ့ အရမ်း ကျီစယ်တတ်တာပဲ.. အစ်မ ဘယ်လောက် အသက်ကြီးနေပြီလဲ မင်း မမြင်ဘူးလား.. မင်းရဲ့ အဒေါ် အရွယ်တောင် ရှိနေတာကို! ငါသာ ၁၆ ၁၇ လောက်နဲ့ အိမ်ထောင်ကျခဲ့လို့ကတော့ အခုဆိုရင် သားသမီးတွေ မြေးတွေ အများကြီး ရနေလောက်ပြီ.. ပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့!”
ရှဲ့ချောင်၏ ရုတ်တရက် အကြီးတစ်ယောက် သဖွယ် ပြုမူနေမှုက ဝိုင်အပြင်းစားတစ်အိုးလို
ပင်၊ ကျောက်ရွှမ်ကျင်းကို ခေါင်းနောက်သွားစေခဲ့၏။
••••