အမူအရာ မစောင့်ထိန်းနိုင်
Vol. 27 Ch. 516
ရှဲ့ချောင်မှာ ရုတ်တရက် တည်ကြည်သော မျက်နှာဖြင့် လေးလေးနက်နက်ပြောလို့နေ၏။
ကျောက်ရွှမ်ကျင်းတစ်ယောက် သက်ပြင်းချကာ သူမကို ကြည့်လိုက်သည်။ သူ သွယ်ဝိုက်မနေတော့ဘဲ “ဆရာတူ အစ်မ တကယ် ဆန္ဒမရှိဘူးလား၊ ကျွန်တော် ဘာဖြစ်နေလို့လဲဆိုတာ ပြောပြနိုင်မလား”
“ဆရာတူမောင်လေးက အရာအာလုံး ပြည်စုံပြီးသား၊ ငါသာ အသက် နှစ်ဆယ်လောက် ငယ်မယ်ဆိုရင် တို့တွေ အရမ်း ပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခု ရှိနေမှာ.. ဒါပေမဲ့…..အချိန်တွေက ဘယ်တော့မှ နောက်ပြန်မလှည့်လာဘူးကွယ်”
ရှဲ့ချောင်၏ အသံမှာ သာယာနာပျော်ဖွယ်ကောင်းကာ နားဝင်ပီယံရှိလှ၏။
“အို့” ကျောက်ရွှမ်ကျင်း မျက်ခုံးပင့်၍ လှောင်ပြုံးပြုံးလျက် “ဆရာတူ အစ်မ ပြောတာ မှန်တယ်၊ အစ်မ ပြောတာ နားထောင်ပြီးသွားတော့
ကျွန်တော်လည်း ဆရာ အရင်ကပြောခဲ့တဲ့စကားကို အရမ်းကြီး စွဲလမ်းမိနေသလို ခံစားလိုက်ရတယ်”
“ အမှန်ပဲ” ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။
“ဆရာတူအစ်မက အမေတစ်ယောက်လိုပါပဲ၊ ဒီလိုဆိုမှတော့ ကျွန်တော့်ကို ရှဲ့သခင်မလေးနဲ့ ချိတ်ပေးနိုင်မလား”
ရှဲ့ချောင်ခမျာ အသက်ရှူရပ်သွားရကာ သူ့ကို ခေါင်းမော့ပြီး စိုက်ကြည့်လိုက်သည်။
အရှက်ကိုမရှိဘူး! သူ့ရဲ့ ခံစားချက်တွေကိုထုတ်ပြောပြီးပြီးချင်း အငြင်းခံရတာကိုတောင် အခု တခြား တစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုရဲသေးတယ်! ငရှုပ်တစ်ယောက်ပဲ!
နေပါဦး! မဟုတ်သေးပါဘူး..!
အိမ်ရှေ့စံမင်းသားက အဲ့လိုမျိုး ပြောင်းလဲလွယ်တဲ့သူတစ်ယောက်မှ မဟုတ်တာ။
မဟုတ်မှလွဲရော…
ရှဲ့ချောင် သူမ မျက်နှာကို အမြန် စမ်းကြည့်လိုက်၏။
အရေပြားအတုကလည်း ရှိနေသေးတယ်၊ မိတ်ကပ်ကလည်း ပကတိ အတိုင်းပဲ။ အိမ်ရှေ့စံမင်းသား သူမကို မှတ်မိသွားတာ မဖြစ်နိုင်ဘူး..
သို့သော် ဒီကာလတစ်လျှောက် သူမ အပေါ်ထားသည့် အိမ်ရှေ့စံမင်းသား၏ သဘောထားကို သေသေချာချာ ပြန်စဉ်းစားကြည့်သည့်အခါ အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။
ရှဲ့ချောင် စိတ်ထဲ မလုံမလဲ ဖြစ်သွားကာ စိုးရိမ်သွား၏။ သူမရဲ့ မျက်နှာထားက မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ကို တွေ့လိုက်ရတာထက်ပင် ပိုပြီးတည်ကြည်နေသည်။
သူမ မျက်မှောင်ကြုတ်နေသည်မှာ ကပ်ဘေးကြီးတစ်ခုကို ကြုံနေရသည့်ပမာ။
သခင်ကြီးမှာ သူ့မြေးရဲ့ ခြံဝန်းထဲကနေ ပြန်ရောက်လာရုံရှိသေး ဆရာမမော့၏ ခါးသီးပြီး အလိုမကျဖြစ်နေသည့် ပုံကြောင့် တုန်လှုပ်သွားရသည်။
“ဆရာမ၊ ကျုပ် မြေးလေး အဆင်မပြေလို့လား!”
ရှဲ့ချောင် ခေါင်းရမ်းလိုက်သည်။
လီချင်းယွီက အဆင်ပြေတယ်၊ မပြေတာက သူမ!
သခင်ကြီးလီ စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်၏။
သာမန်လူတစ်ယောက်က မော့ချူးရှန်းကို ဘယ်လို ကြည့်မလဲဆိုတာ ရှဲ့ချောင် စဉ်းစားနေသည်။ ထူးထူးဆန်းဆန်းတွေပြောပြီး ရည်ရွယ်ချက်ရှိရှိ စနောက်နေတဲ့ အိမ်ရှေ့စံမင်းသားလို မဟုတ်ဘဲ….
ရည်- ရည်ရွယ်ချက်ရှိရှိ!
ရှဲ့ချောင် ကျောက်ရွှမ်ကျင်းအား မျက်လုံး အဝိုင်းသားနှင့် ကြည့်လိုက်သည်။ သူမ ခဏ စဉ်းစားလိုက်ပြီးနောက် “မင်း… မသိသင့်တဲ့ အရာတစ်ခုကို သိထားတာလား”
သခင်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားရသည်။
“ဆရာတူ အစ်မ လျှို့ဝှက်ချက်ရှိလို့လား၊ ပြောလေ” ကျောက်ရွှမ်ကျင်းကတော့ တည်ငြိမ်နေဆဲ။
ရှဲ့ချောင်မှာ ထင်မြင်ချက်တစ်ခုရှိနေသော်လည်း သူမ မှားသွားမှာလည်း ကြောက်သည်။ လှည့်စားခံရတာကနေ ကာကွယ်ဖို့ အတွက်
“ဆရာတူ မောင်လေး ဘာပဲ သိထားသိထား တခြားသူတွေကို လျှောက်ပြောလို့မရဘူး။ အစ်မက စွမ်းဆောင်နိုင်စွမ်းရှိတာကို မင်းလည်း သိမှာပါ။ အများကြီး သိထားတဲ့ သူတွေက စောစောစီးစီး သေရလိမ့်မယ်”
သူမ သူ့ကို ခြိမ်းတောင် ခြိမ်းခြောက်လိုက်သေး
သည်။
သူမရဲ့ ရက်စက်တဲ့ ပုံစံက သိုးငယ်လေးတစ်ကောင်လိုပင်။
ဆရာမမော့၏ စကားများကြောင့် သခင်ကြီးလီမှာ တုန်ုလှုပ်သွားရသည်။ အိမ်ရှေ့စံမင်းသားရဲ့ အဒေါ်က သူ့ရဲ့ချွေးမ ဖြစ်၏။ နောက်ပြီး သူက လူကြီးတစ်ယောက်လည်းဖြစ်သည်။ သို့သော် သူ့ဝါစဉ် ဘယ်လောက်ပဲ ကြီးကြီး အိမ်ရှေ့စံမင်းသားရဲ့ ရှေ့မှာတော့ ခေါင်းငုံ့ပြီး အရိုအသေ ပေးရတာပင်။
ထိုစဉ်၊ သူရှေ့မှာ ရှိနေတဲ့ ဆရာမမော့ကတော့ တကယ်ကို အရည်အချင်းရှိပြီး ရဲတင်းလွန်း၏။ အိမ်ရှေ့စံမင်းသားကိုတောင် ခြိမ်းခြောက်ရဲသည်။
ဒါနဲ့ အဲဒါကို အိမ်ရှေ့စံမင်းသားက အရမ်းပျော်နေတဲ့ပုံပဲ…
အဓိပ္ပာယ်မရှိလိုက်တာ…
သခင်ကြီလီသည် ဆရာမမော့နှင့် အိမ်ရှေ့စံမင်းသား၏ တုံ့ပြန်ပုံများကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ ထိုစဉ် သူ ဘာစကားပြောလို့ပြောရမှန်းမသိခဲ့။ ထို့နောက် တော်ဝင်ရုံးတော်က ကိစ္စ တချို့ကိုသာ အိမ်ရှေ့စံမင်းသားနှင့် ဆွေးနွေးခဲ့၏။
နှစ်နာရီ နီးပါးစကား ပြောပြီးကြတဲ့အခါ သခင်ကြီးလီက စားစရာတွေ တည်ခင်းရန် စေခိုင်းလိုက်သည်။
စားသောက်ပြီး သိပ်မကြာ၊ လီချင်းယွီ နိုးလာခဲ့လေသည်။
သုံးယောက်သား သူ့ကို အတူတူသွားကြည့်ခဲ့ကြသည်။
လီချင်းယွီမှာ သူ အချိန်အကြာကြီး လက်တွေ့ဆန်တဲ့ အိပ်မက်တစ်ခုထဲ ရောက်နေသလို ခံစားနေရသည်။ မျက်လုံးဖွင့်လိုက်ပြီးနောက် သူ့ရဲ့ ခေါင်းက ပိုပြီး ကြည်လင်လာခဲ့သည်။
“ယွီအာ” သခင်ကြီးက စိုးရိမ်တကြီးနှင့် ခေါ်လိုက်သည်။
လီချင်းယွီက အမြန်ထ၍ “အဖိုး”
သခင်ကြီးလီမှာ သူ့ရဲ့ အပြုအမူကြောင့် မှင်တက်သွားရသည်။
“ကောင်းတယ်၊ မင်း သတိပြန်ရလာတာ အရမ်းကောင်းတယ်… ခုနတုန်းက ဘာတွေ ဖြစ်သွားလဲ မှတ်မိသေးလား”
ခုနက ဘာဖြစ်သွားလို့လဲ..?
လီချင်းယွီမှာ ကြောင်အ နေ၏။ သူ ရှဲ့ချောင်ကို မြင်သည့်အခါ မသိမသာ မျက်မှောင်ကြုတ်သွားပြီး
“စုန်းမအိုကြီး….ဆရာမမော့ .. ကျွန်တော် ဘာလို့ သတိလစ်သွားတာလဲ”
သူ ပြောပြီးတဲ့နောက် ခဏတာ ဆွံ့အ နေခဲ့သည်။
သူ ဘာဖြစ်သွားတာလဲ..?
သူခုနက လူတစ်ယောက်ကို ကြိမ်းမောင်းနေတာ!
သူ့အဖိုးရှေ့မှာ အမူအရာ မစောင့်ထိန်းနိုင်သလိုတောင် ဖြစ်သွားသေးတယ်!
••••