ရိုင်းပျခြင်း
Vol. 27 Ch. 517
လီချင်းယွီမှာ ခဏတာ ဦးနှောက်ခြောက်သွား၏။ ထိုနောက် သူ ရုတ်တရက်.. အဲဒီ ဝေဖန်တဲ့စကားတွေ ပြောခဲ့မိတယ်ဆိုတာ သတိရသွားခဲ့လေသည်။
သူမျက်နှာထား ပြောင်းသွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံပင်။
လွန်ခဲ့တဲ့ နှစ်နှစ်က သူ ဘာတွေ ကျူးလွန်ခဲ့မိတာလဲ။
သူ့မြေးရဲ့ ဆရာမမော့ဟု ခေါ်တာကို ကြားလိုက်ရသည့်အခါ သခင်ကြီးလီမှာ ပီတိဖြာသွားရသည်။
“ကလေး၊ မင်း နောက်ဆုံးတော့ အသိပြန်ဝင်လာပြီပဲ!”
လီချင်းယွီမှာ အပြစ်ရှိစိတ်ခံစားသွားရသည်။
“အဖိုး စိတ်ပူအောင် ကျွန်တော် လုပ်ခဲ့မိတယ်၊ အရင်က… ကျွန်တော့်နှလုံးသားထဲ ထိန်းချုပ်မျိုသိပ်ထားရတဲ့ အရာတချို့ရှိခဲ့တော့ ကျွန်တော့်
အတွက် ခက်ခဲခဲ့တယ်၊ ဒီနေ့ ဘာဖြစ်သွားမှန်း ကျွန်တော်လည် မသိဘူး။ ဒါပေမဲ့ အရာအားလုံးကို မြင်လိုက်ရသလို ရုတ်တရက် အလင်းပွင့်သွားတာ။ နောင်တစ်ချိန်မှာ.. အဖိုးကို ထပ်ပြီး စိတ်ပူရအောင် မလုပ်တော့ပါဘူး”
လွန်ခဲ့တဲ့ နှစ်အတွင်း သူ အမြဲတမ်းလိုလို စိတ်လွတ်နေတတ်တာကို သူ မှတ်မိသည်။ လူကြီးတွေကိုလည်း စိတ်မရှည်ခဲ့။
သူ အိမ်ကထွက်ပြေးဖို့တောင် စဉ်းစားခဲ့ဖူးသည်။
သူထင်ထားက သူသာ လီအိမ်တော်ကနေ ထွက်သွားလိုက်ရင် အတိတ်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို မေ့ပျောက်နိုင်သွားမယ်လို့။ သို့သော် အခု သူ ပြန်တွေးကြည့်သည့်အခါ သူ ရူးမိုက်ခဲ့တာဟုသာ ထင်မိတော့သည်။
ရှဲ့ချောင် သူ့ရဲ့ အမူအရာကြောင့် သိချင်မိသွား၏။
“သခင်လေး ခုနက ပြောတာတွေက ဘာအဓိပ္ပာယ်လဲ”
လီချင်းယွီ၏ မျက်နှာထား တောင့်တင်းသွားသည်။
သခင်ကြီးလီကလည်း သူ့ကို တုန်လှုပ်စွာဖြင့် ကြည့်ကာ
“မင်း.. အဲဒီ ကချေသည် မိန်းကလေးကို သဘောကျတာလား”
ကချေသည် မိန်းကလေးအကြောင်း ပြောလိုက်သည်နှင့် လီချင်းယွီ နှလုံးခုန် မြန်သွားရသည်။
“အဖိုး ၊တချို့အရာတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ၊ အနာဂတ်မှာ ကျွန်တော် သေချာပေါက် အဖိုးစကားပဲ နားထောင်မှာပါ” လီချင်းယွီက တိုက်ရိုက်တော့ မပြောခဲ့။
လွန်ခဲ့သည့် တစ်နှစ်ကျော်က သစ်ပင်များအောက်မှာ ကနေတဲ့ ယွဲ့လီကို သူ ပထမဆုံး မြင်ခဲ့သည်။ ထိုမိန်းကလေးက အလွန် လှပကာ သူ စပြီး သူမကို ချစ်မိခဲ့သည်။
ထိုအချိန်က သူ့အသက်က ၁၆ နှစ်ပင် မရှိသေး။ ငယ်လွန်းသေးသည်။ ဒါ့အပြင် သူ့မိသားစုက အနည်းငယ် ကျဆင်းနေပြီဆိုတာကိုလည်း သူသိထားပြီး မြေးတစ်ယောက်အနေနဲ့ ကချေသည် မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်ပြီး ဘာမှလုပ်စရာမရှိခဲ့။
ထို့ကြောင့် သူ့ရဲ့ မြတ်နိုးမှုကို နှလုံးသားထဲတွင်သာ သိမ်းထားခဲ့ရသည်။
သူတွေးထားက ယွဲ့လီ ပြန်သွားတဲ့အခါကျရင် အိမ်တော်ထိန်းကိုပြောပြီး ငွေအသပြာပိုပြီး ချီးမြှင့်မည်ဟု။ သူမကိုယ်သူမ ကချေသည် အဖြစ်ကနေ ပြန်ရွေးနိုင်ပြီး သာမန်ပြည်သူတစ်ယောက်အနေဖြင့် နေနိုင်သွားမည်ဆိုပါက သူမ အတွက် အကောင်းဆုံး အကူအညီဖြစ်လိမ့်မည်။
သို့သော် ယွဲ့လီ ထွက်မသွားခင် လီအိမ်တော်မှာ သေသွားခဲ့လိမ့်မယ်လို့ သူ မထင်ထားခဲ့။
ယွဲ့လီသည်လည်း သူ့ကို တိတ်တခိုး သဘောကျနေတယ်ဆိုတာ သူသိသည်။
ဒါကြောင့်ပဲ သူမက အတူနေဖို့ထက် အဆုံးစီရင်ဖို့ကို ရွေးချယ်ခဲ့တာ..
သို့သော် ယွဲ့လီရဲ့ သေဆုံးမှုကို သိပြီးတဲ့အခါ သူ အကြောက်တရားတွေနဲ့သာ ပြည့်နေခဲ့သည်။ ယွဲ့လီ သူ့ကို သဘောကျခဲ့တယ်ဆိုတာ သူ့အဖိုး သိသွားမှာ ကြောက်ခဲ့သည်။ လီမိသားစုရဲ့ ဂုဏ်သတင်းဆိုးဝါးသွားမှာကို စိုးရိမ်ပြီး သူမ သေဆုံးမှုကို ဂရုမစိုက်ချင်ယောင်ဆောင်ခဲ့တာပင်။
သူ ငယ်စဉ်ကတည်း သူ့အဖိုးဆီကနေ သင်ပြဆုံးမှုကို ခံခဲ့ရသည်။ မိသားစုရဲ့ ကြီးပွားချမ်းသာမှုက သူ့အပေါ်သာ တာဝန်ရှိသည်။ ဒါကြောင့် ယွဲ့လီအတွက် ဝမ်းနည်းရတာတောင် အခုလို တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးထားခဲ့တာပင်။
သူ့ကို ပထမဆုံးအကြိမ် ချစ်မိသွားအောင် လုပ်ခဲ့တဲ့ မိန်းကလေးက သေဆုံးသွားခဲ့ပေမဲ့ သူ
ကတော့ သူမကို အရိုအသေးပေးဖို့ သတ္တိမရှိခဲ့ချေ။
ဒီ အပြစ်ရှိစိတ်က သူ့ကို ချုပ်တည်းထားရာ အသက်ရှူလို့မရနိုင်ဖြစ်ခဲ့ရသည်။
ယွဲ့လီ ဆုံးသွားပြီး မကြာ၊ သူ အိပ်မက် စမက်ခဲ့သည်။
တစ်ပင်လုံး ပွင့်နေသည့် သစ်တော်ပင်များနှင့် ကနေသည့် ယွဲ့လီကို သူ မြင်မက်ခဲ့၏။
သူ့နှလုံးသားထဲက အပြစ်ရှိစိတ်က ပိုပြီး ကြီးထွားလာသည်။ စိတ်ထဲလေးလံလွန်းသဖြင့် ကနေသည့်မိန်းကလေးက ယွဲ့လီဆိုတာ ဝန်မခံချင်သည်အထိ။ သူ အိပ်ယာက နိုးသည့် အခါ သစ်တော််ပန်း နတ်ဘုရားကို ရေးဆွဲခဲ့သည်။
သူစိတ်ဖိအား များသွား၍လားတော့မသိ။ အစက သူ ယွဲ့လီကို မှတ်မိနေသေးသော်လည်း နောက်ပိုင်း၌ သူ့နှလုံးသားထဲ၌ သစ်တော်ပန်း နတ်ဘုရားဆိုတာသာ ရှိတော့သည်။
လွန်ခဲ့တဲ့ရက် အနည်းငယ်က သူ နတ်ဘုရားကို ရှာဖို့တောင် တွေးခဲ့သေးသည်။
အခု ပြန်စဉ်းစားကြည့်သည့်အခါ သူ တကယ်ကို အစွဲအလန်း ကြီးခဲ့တာပင်။ ယွဲ့လီ ဆုံးသွားတာ နှစ်နှစ်နီးပါးတောင် ရှိတော့မည်။ တကယ်တော့ သူ သူမအပေါ် နှစ်သက်မှု အနည်းငယ်သာ ရှိခဲ့တာ..သူ ဘာလို့ မဖြေရှင်းနိုင်ခဲ့ရတာလဲ..ဒီကိစ္စနဲ့ ပတ်သက်ပြီး မိသားစုကလူတွေကိုပါ မကျေမနပ်နဲ့ ပြောဆိုခဲ့ရတာလဲ..
လီချင်းယွီ ခေါင်းကုတ်နေ၏။
“ဆရာမမော့ ကျွန်တော် အရင်က ရိုင်းပျခဲ့မိတာ… တကယ် တောင်းပန်ပါတယ်” လီချင်းယွီ ရှဲ့ချောင်ကို ပြောလိုက်သည်။
“ မင်းက ကလေးပဲရှိသေးတဲ့ဟာ.. ပုန်ကန်တဲ့အချိန်ဆိုတာ အမြဲတမ်းရှိတတ်တာပဲ.. အဲ့လို အခြေနေကျရင် အဓိပ္ပယ်ရှိတဲ့စကားတွေကို နားမဝင်တော့ဘူးလေ” ရှဲ့ချောင်က နားလည်သည်ဟူသော အကြည့်ဖြင့် ပြန်ပြောလိုက်၏။ ထို့နောက် သူမ အိမ်ရှေ့စံမင်းသားအား အဓိပ္ပာယ်ပါပါနှင့် ကြည့်လိုက်လေသည်။
••••