နောက်တစ်ခါ ထပ်ခေါ်ကြည့်ပါလား
Vol. 27 Ch. 518
ကျောက်ရွှမ်ကျင်း ကူကယ်ရာမဲ့စွာဖြင် ပြုံးလိုက်မိသည်။ ရှဲ့ချောင်က တခြားတစ်ယောက်ကို ရည်ညွှန်းသလိုလိုနဲ့ သူ့ကို အပြစ်ရှာဝေဖန်နေခြင်းဖြစ်သည်။
“ဆရာတူအစ်မ ပြောတာ အမှန်ပဲ.. သခင်ကြီးလည်း ဒါကို သဘောပေါက်သင့်တယ်။ အနာဂတ်မှာ ဒီလိုကိစ္စမျိုး ထပ်ကြုံလာရလို့ရှိရင် အရင်တုန်းကလိုမျိုးလုပ်ပေါ့.. သူ့ကို ကြိုးချည်ထား၊ပြီးရင်ကြမ်းပြင်မှာမှောက်ခိုင်းထားပြီး ရိုက်လိုက်”
ကျောက်ရွှမ်ကျင်းက ပြုံးလျက် ဆိုသည်။ သူ ရှဲ့ချောင်နှင့် ပူးပေါင်းပေးလိုက်ခြင်းပင်။
သခင်ကြီးလီကတော့ ဆရာမမော့ ဆိုလိုချင်တာက ဒီလိုမဟုတ်ဘူးလို့ ထင်နေမိလေသည်။
ရှဲ့ချောင်ကတော့ စိတ်ထဲ မလုံမလဲ ဖြစ်နေ၏။
သူမ ကျောက်ရွှမ်ကျင်းရှေ့မှာ ဆက်ပြီး ဟန်ဆောင်နေသင့်လား မသေချာတော့။
သူသာ သိနေပြီဆိုရင်….
သူမ တွေးတောင် မတွေးရဲတော့။
နောက်ပြီး သူမက အစ်မတစ်ယောက်အနေနဲ့ ပြောထားတာတွေက အများကြီး၊ သူသာ အရင်ကတည်းက သူမအကြောင်း သိနေတာဆိုရင် ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်လဲ!
သူမ ဘဝမှာ တခြားအရာတွေအကုန် ဆုံးရှုံးလို့ရတယ်.. သိက္ခာတော့ ဆုံးရှုံးလို့မဖြစ်။
သူမက ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်၏။ ပညာရှင် တစ်ယောက်ရဲ့ သရုပ်မှန်သာ အဖော်ထုတ်ခံရပြီး လူမိသွားခဲ့မယ်ဆိုရင် သူမ ဂုဏ်သတင်းက ပျက်ဆီးသွားမှာမဟုတ်ဘူးလား?
ရှဲ့ချောင်စိတ်ထဲ အတွေးများနေလေပြီ။
လီချင်းယွီမှာ နိုးနေတာကြောင့် အကြောင်းအရာတွေဟာ တစ်ခုပြီးတစ်ခု ခေါင်းထဲပေါ်လာနေသည်။သူလည်း အရာတော်တော်များကို တွေးနေမိသည်။
သူ့အရင်က လုပ်ခဲ့တဲ့ ရူးကြောင်ကြောင် ကိစ္စများအပြင် လေထဲကို စကားပြောနေသည့် ဆရာမော့
လည်း ရှိနေသည်။ အဲဒီတုန်းက သူမက သူနားမလည်နိုင်သည့် အကြောင်းအရာများကို ပြောနေခဲ့၏။
“ ဆရာမော့.. ကျွန်တော့်ဘေးမှာ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် တကယ်ရှိနေတာလား” လီချင်းယွီ မေးလိုက်သည်။
“ဟုတ်တယ် ချင်းမင်ပွဲတော်အချိန်ကျရင် မင်း ကြမ္မာဥယျာဥ်ကို သွားပြီး သူ့ကို ကိုယ်တိုင် ပို့ပေးလို့ရတယ်” ရှဲ့ချောင် ပွင့်ပွင့်လင်းလင်းသာ ပြန်ဖြေ၏။
“ဒါပေမဲ့ အခု သူ့မှာက မကျေနပ်ချက်တွေရှိနေသေးတော့ လွှတ်ပေးလိုက်လို့မရသေးဘူး။ သူထပ်ပြီး ဆိုးသွမ်းနေဦးမယ်ဆိုရင် ငါလည်း လုပ်ရမှာတွေ အများကြီး ရှိတယ်”
လီချင်းယွီ မှာ စိတ်ထဲ ရှင်းလင်းသွားလေပြီ။
မကောင်းဆိုးဝါးဝိဉာဉ်က လီချင်းယွီကို လက်ထပ်ချင်တဲ့လက္ခဏာမျိုး ရှဲ့ချောင် မမြင်မိပေမဲ့ သူက တစ်ခုခု စိတ်လှုပ်ရှားစရာ ကောင်းတာမျိုး လုပ်ချင်တာ ဒါမှမဟုတ် သံယောဇဉ်ကျန်နေသေးတာဆိုရင် ရှဲ့ချောင်ရဲ့ အလုပ်ကို ပိုပြီး ခက်ခဲစေလိမ့်မည်။
အဲဒီလိုဆိုရင် ရှဲ့ချောင် အလုပ်ပင်ပန်းလို့ဆိုပြီး ဘယ်သူ့ကို သွားပုံချရမှာလဲ!
လီချင်းယွီ စကားတစ်ခွန်းမှမပြော၊ သူ ရှဲ့ချောင်ကို ရိုသေသမှုနှင့် ဦးညွှတ်လိုက်သည်။
“ဆရာမော့ကို ကျေးဇူးတင်ပါတယ်.. ကျွန်တော်လည်း သူ့အတွက် စိတ်မကောင်းပါဘူး.. ကျွန်တော် လုပ်ပေးနိုင်တာ တစ်ခုခုများ ရှိလား”
“ရှိတာပေါ့ မင်းသူ့အတွက် ပစ္စည်းတွေ မီးရှို့ပေးပြီး ကောင်းမှုတွေ လုပ်ပေးလို့ရတယ်.. နောက်ပြီး မင်းအဖိုးက သူ့ကို မင်းရဲ့ ဇနီးအဖြစ် မျိုးဆက်မှတ်တမ်း စာအုပ်ထဲ ထည့်ပေးမယ်လို့ သဘောတူထားတယ်၊ ဝိဉာဉ်ကို ကတိပေးထားတဲ့အတိုင်း မင်းလုပ်ရမယ်.. မဟုတ်ရင် မင်း ကံဆိုးရလိမ့်မယ်”
“ဆရာမော့ စိတ်မပူပါနဲ့ ကျွန်တော်ကတိတည်မှာပါ”
လီချင်းယွီ မငြင်းဆိုခဲ့ချေ။
သူ ထိုမိန်းကလေးကို အကြွေးတင်ခဲ့သည်။
သူသာ အဲဒီတုန်းက သူ့အစ်ကိုသုံး သူမကို
ကိုယ်လုပ်တော်အဖြစ် ယူမှာကို သိခဲ့ပြီး တားခဲ့မယ်ဆိုရင် ဒီလိုမျိုး ဖြစ်ခဲ့မှာမဟုတ်ပေ။
ရှဲ့ချောင်မှာ လီချင်းယွီ၏ ယဉ်ကျေးနေမှုကို အသားမကျသေး။
“မင်း…”
သူမက သူ့ကို ချီတုံချစွာဖြစ်စွာဖြင့် ကြည့်ရင်း “... ငါ့ကို စုန်းမအိုကြီးလို့..ထပ်ခေါ်ကြည့်ပါလား”
လီချင်းယွီ ရှက်သွားသည်။ “ကျွန်တော် ရိုင်းပျမိခဲ့တာ၊ ကျွန်တော့်ကို ရိုက်ပြီး နှိုးခဲ့တာကိုပဲ ဆရာမမော့ကို ကျေးဇူးတင်ရမှာ”
“မဟုတ်တာ ငါဘယ်တုန်းက မင်းကို ရိုက်ခဲ့လို့လဲ”
ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။
“ကလေးဆိုတာ လိမ်မပြောရဘူး”
အမှန်ကို သူမ သူ့ကို တိုက်ရိုက်မရိုက်ခဲ့။
သူ့အဖိုးကို ပြောပြီး သူ့ကို မြေကြီးပေါ် ပစ်ချစေခဲ့ရုံသာ။
အခုချိန်မှာ လီချင်းယွီတစ်ယောက် ဒေါသမထွက်တော့ဘူးလို့ ပြောဖို့က မဖြစ်နိုင်။ တကယ်တော့ သူ ဒေါသနည်းနည်း ထွက်နေသေးပေမဲ့ သူ ချုပ်တည်းထားရသည်။ အထူးသဖြင့် အခုလို အပြင်လူတွေ ရှိနေတဲ့အချိန်၊ လီမိသားစုရဲ့ သိက္ခာကျစေလို့မဖြစ်။
သူ့ရဲ့ စိတ်နေစိတ်ထား ရုတ်တရက် ပြောင်းလဲမှု
သွားမှုကြောင့် သူဟာ စိတ်ဝင်စားစရာ မကောင်းတော့။ ရှဲ့ချောင် ပျင်းနေလေပြီ။
“သခင်ကြီးလီ ကျွန်မ အိမ်တော်ထဲကို နောက်တစ်ခေါက်လောက် ထပ်ပြီး ကြည့်ကြည့်လို့ရမလား”
ထိုစကားကိုကြားတော့ သခင်ကြီးလီ ချက်ချင်း ခေါင်းညိတ်သဘောတူသည်။ သူကိုယ်တိုင် ရှဲ့ချောင်ကို လမ်းပြပေးပြီး ခြံဝန်းများထဲ လမ်းလျှောက်ခဲ့ကြသည်။
သူ့မှာ သားခြောက်ယောက်ရှိသည်။ တစ်ဝက်လောက်က မရှိတော့ဘူးဆိုသော်လည်း သားသမီးမရှိတော့သည့် ကိုယ်လုပ်တော် သုံးယောက်ကလွဲလို့ တခြားကိုယ်လုပ်တော်များရဲ့ မျိုးဆက်များကျန်နေသေးသည်။ ထိုကြောင့် ရှဲ့ချောင်အနေနဲ့ ခြံဝန်းတစ်ခုချင်းစီတိုင်းကို ကြည့်ရသည်။
လီအိမ်တော်မှာ ကြီးလွန်းသဖြင့် လမ်းပတ်လျှောက်ရန် အတွက် နှစ်နာရီ ကျော်ပင် ကြာသွားခဲ့လေသည်။
••••