← Chapters

မီးရှို့လူသတ်မှု

Vol. 27 Ch. 520

မီးရှို့လူသတ်မှု

Vol. 27 Ch. 520

အငိုမျက်လုံးသည် လွမ်းမိုးမှုတချို့ရှိနေပေမဲ့ လီအိမ်တော်တစ်ခုလုံးရဲ့ ဖုန်းရွှေက ကောင်းမွန်နေတဲ့အတွက် ၎င်းက  အသေးအမွှားပြဿနာလေး

သာ။

သူမ နှစ်များစွာ ကံကြမ္မာဖတ်ပေးလာပြီးနောက်ပိုင်း အချက်တစ်ခုကို သိလာရသည်။

ငွေသုံးသည့် အလုပ်အပ်သူများဟာ “ဘာပြဿနာမှမရှိ”ဟူသော အချက်ကို မကြားချင်ကြ။

သူတို့က နမိတ်ဖတ်ဖို့အတွက် ဆရာတစ်ယောက်ကို ရှာခဲ့တာဖြစ်၍ သူတို့ စိတ်ထဲမှာ သံသယကရှိနေပြီးသားပင်။ သူမ တစ်ခုခုတော့ ပြောရလိမ့်မည်။

သူမ အနေနဲ့ တစ်စုံတစ်ရာက လွဲမှားနေပြီး သူတို့ အဲဒါကို ဖြေရှင်းဖို့ လိုတယ်ဆိုတာ ပြောရမည်။ ဒီလိုနည်းဖြင့် သူတို့ စိတ်ထဲ သက်သာရာရသွားနိုင်သည်။ သို့မဟုတ်လျှင် သူတို့ စိတ်ထဲ၌ သံသယလွန်ကဲနေဦးမှာဖြစ်ပြီး အိမ်မှာတစ်ခုခု

ဖြစ်နေတယ်လို့ ထင်နေဦးမည်ပေ။

“ရေကန်လား” သခင်ကြီးလီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

“ ဒါကလွယ်ပါတယ်၊ ကျုပ် အိမ်ထိန်းကို ပြောပြီး ရေစီးတဲ့ရင်းမြစ်ကို ပိတ်ခိုင်းလိုက်မယ်”

ယခင်က ရေကန်ကို သန့်ရှင်းရေး လုပ်ရတာ လွယ်ကူစေရန် အတွက် ရေကန်နှစ်ခုကြားမှာ ရေစီးမြောင်း အ‌သေးတစ်ခု တမင် ချန်ထားခဲ့၏။

ဒီလိုနည်းနှင့် ရေကန်တစ်ခုက ရေပြည့်သွားသည့်အခါ အခြားတစ်ခုကို စီးသွားလိမ့်မည်။ ရေမြောင်းရဲ့ အဝင်၌ ဝါးပိုက်များကို ထားထားရာ ရေစီးသည့် အခါ အလွန်ကို အမြင်တင့်ပြီး စိတ်ဝင်စားစရာ ကောင်းလှသည်။

ရှဲ့ချောင် : “ ဒီအိမ်မှာ ပြဿနာဆိုလို့ အဲဒီတစ်ခုပဲရှိတာ၊ တော်ဝင်စာမေးပွဲပြီးသွားတော့မှ ကျွန်မ အချိန်တစ်ခု ဖယ်ပြီး ဘိုးဘေး အုတ်ဂူကို သွားကြည့်ပေးမယ်” 

သခင်ကြီးလီ ချက်ချင်း ခေါင်းညိတ်လိုက်၏။

“ကျုပ်မိသားစုရဲ့ ဘိုးဘေးအုတ်ဂူက တစ်ခါတုန်းက လှည့်လည်သွားလာနေတဲ့ဆရာတစ်ယောက် ရွေးပေးခဲ့တဲ့  ဖုန်းရွှေကောင်းတဲ့ ရတနာမြေတစ်ခုဖြစ်ခဲ့တာ။ အုတ်ဂူကို ရွှေ့လိုက်ပြီးကတည်းက  ကျုပ်ရဲ့ အလုပ်အကိုင်လမ်းကြောင်းက ချောချောမွေ့မွေ့ပဲ။ ကပ်ဘေး ကြီးကြီးမားမားလည်း တော်ရုံမရှိသလို ဒီနှစ်တွေထဲမှာ အဲ့အုတ်ဂူတွေကို ထိလည်း မထိခဲ့ဘူး….”

မထိမတွေ့တာ ကြာပြီဖြစ်တဲ့ ဘိုးဘေး အုတ်ဂူတွေက ဘယ်လိုဖြစ်ပြီး မျိုးဆက်သစ်တွေကို

သက်ရောက်မှုရှိသွားရလဲဆိုတာ သခင်ကြီးလီ နားမလည်နိုင်။

“ကျွန်မ ကြည့်ပြီးမှ အဖြေရှာကြည့်လိုက်ပါမယ်” ရှဲ့ချောင် လိုရင်းတိုရှင်းသာ ပြောလိုက်သည်။

ဖုန်းရွှေဆိုတာလည်း သူရဲ့ “သက်တမ်း” ဆိုတာ ရှိတယ်လေ

ဖုန်းရွှေက မျိုးဆက် ၁၈ ဆက်လောက်ထိကို ကာကွယ်ပေးနိုင်ပြီးတော့ ကြီးပွားချမ်းသာလိမ့်မယ်လို့ မျှော်လင့်နေတာလား၊ ဘယ်ဖြစ်နိုင်မှာလဲ !

အထွတ်အထိတ်ကနေလည်း  ကျဆင်းနိုင်တယ်..

“သခင်ကြီး လီ၊ အုတ်ဂူတွေက ဘယ်မှာလဲ” အိမ်ရှေ့စံမင်းသားက မေးလိုက်သည်။

“သိပ်မဝေးပါဘူး၊ ရွှင်းနယ်မြေထဲမှာပါ” သခင်ကြီးလီ အမြန် ပြန်ဖြေ၏

“တကယ်ကို တိုက်ဆိုင်တာပဲ၊ မှုခင်းစီရင်ရေး ဌာနမှာ အမှုကြီးတစ်ခုရှိနေတာ.. အဲဒါ ရွှမ်းနယ်မြေကို စုံစမ်းစစ်ဆေးဖို့ အတွက် သွားရမှာ.. အဲ့အချိန်ကျရင် ကျွန်တော်လည်း ဆရာတူအစ်မနဲ့အတူ လိုက်ခဲ့မယ်” အိမ်ရှေ့စံမင်းသားရဲ့ အဝတ်တွေက ပါးနေပေမဲ့ သူ့စကားလုံးတွေကတော့ ခိုင်ခံ့နေလေသည်။

ရှဲ့ချောင် မျက်လုံး ပြူးသွားရသည်။

ဘယ်လို လုပ်ပြီး တိုက်ဆိုင်တာ ဖြစ်မှာလဲ ?!

လိမ်နေတာကြီးကို !!

“အမှုကို တခြားသူတွေကို လွှဲပေးလိုက်လို့မရဘူးလား၊ အိမ်ရှေ့စံမင်းသားက အမှုကို ကိုယ်တိုင် ဖြေရှင်းစရာ လိုလို့လား” ရှဲ့ချောင်၏ မျက်လုံးထဲ၌ သံသယ အပြည့်။

သူမ မယုံကြည်ခဲ့ချေ။

“အဲဒါက မီးရှို့လူသတ်တဲ့အမှုလေ, အဲ့အမှုက ပိတ်ထားတာတော့ နှစ်တော်တော် ကြာနေပြီ.. အဲဒီ ကောင်တွေ ကောင်းကောင်း မကိုင်တွယ်နိုင်မှာ စိတ်ပူလို့”

“ဆရာတူအစ်မ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော် နောက်မှ လူလွှတ်ပြီး အမှုတွဲစာရွက်တွေကို ကြမ္မာဥယျာဉ်ဆီ ပို့ခိုင်းလိုက်မယ်.. အချိန်မရွေး ဖတ်ကြည့်လို့ရတယ်” ကျောက်ရွှမ်ကျင်းမှာ လိပ်ပြာမလုံတာမျိုး လုံးဝ မခံစားရ။ သူ့ဆီမှာ  ဖြောင့်မတ်မှန်ကန်သည့် အငွေအသက်က  အမြဲတမ်းရှိနေတတ်သည်။

“မီးရှို့လူသတ်မှု” သခင်ကြီးလီမှာ ထိုစကားကို ကြားတော့ ပြုံးမိသွားကာ “အဲဒီအမှုက တကယ်ကို တော်တော်လေး ကြာနေပြီ မဟုတ်လား၊ ကျုပ်က ရွှင်းနယ်မှာ မွေးခဲ့တဲ့သူလေ၊ အဲဒီ အမှုအကြောင်းကြားတုန်းက နည်းနည်းတောင် အာရုံစိုက်ခဲ့သေးတယ်၊ လူသတ်သမားကို ရှာမတွေ့ခဲ့ဘူးလို့ ဘယ်သူထင်မှာလဲ”

တွက်ကြည့်ရမယ်ဆိုလျှင် ထိုအမှုက ဆယ်နှစ်

ကျော်တောင် ကြာနေလေပြီ။

ရွှင်းနယ်၏  အစွန်အဖျား၌ ဘုရားကျောင်းအ‌ဟောင်း တစ်ခု ရှိ၏။  ထိုဘုရားကျောင်းသည် သေးငယ်သော်လည်း ဖြတ်သန်းသွားလာသည့် ပညာသင်ကျောင်းသားများကို လေဒဏ် မိုးဒဏ်ကနေ ကာကွယ် ပေးနိုင်သည်။

သို့သော် တစ်နှစ်၌ ထိုနေရာကို ကျောင်းသားတစ်ဦး ဖြတ်သန်းသွားချိန် ဘုရားကျောင်းအလယ်၌ လွင့်‌နေသည့် မီးတောက်ကို မြင်လိုက်ရသည်။ မီးတောက်သည် ထုပ်တန်းပေါ်တွင် ချိတ်ထားသော လူတစ်ယောက်ရဲ့ ဘေး၌ ပတ်ပတ်လည် ဝန်းရံနေသည်။ သူရဲ့ ဘေးနားမှာက ဗုဒ္ဓဆင်းတုတော်တစ်ဆူ။ ထိုဗုဒ္ဓ ဆင်းတုတော်၏ မျက်လုံးများမှာ  အစိမ်းရောင်များ လက်နေကာ ကြောက်စရာကောင်းလှ၏။

အချို့လူများက ထိုလူဟာ မကောင်းမှုများစွာကို ကျူးလွန်ခဲ့၍ ဗုဒ္ဓရဲ့ အပြစ်ပေးခြင်းကို ခံရသည်ဟုဆိုကြသည်။

ထိုအမှုကို ဘယ်တုန်းကမှ မဖြေရှင်းနိုင်ခဲ့။

ထို့နောက် သုံးနှစ်ကြာပြီးနောက် နောက်ထပ်လူတစ်ယောက် အသတ်ခံခဲ့ရသည်။

ထို့ကြောင့် ဒေသခံအစိုးရသည် ‌တော်ဝင် စာမေးပွဲကျင်းပသည့် ကာလ၌ ပညာသင်ကျောင်းသားများ ထိုနေရာကို ဝင်ထွက်ပြီး တည်းခိုခြင်းမှ ကာကွယ်နိုင်ရန် ဘုရားကျောင်းကို စောင့်ကြပ်ခဲ့ကြသည်။

ထိုအချိန်မှစ၍ ဘာမှထပ်မဖြစ်လာခဲ့တော့။

“ ဘာဖြစ်လို့လဲ၊ ဒီနှစ် ဘုရားကျောင်းမှာ တစ်ယောက်ယောက် သေသွားပြန်လို့လား”  သခင်ကြီးလီမှာ မနေနိုင်ဘဲ ထပ်မေးခဲ့သည်။

“အမှန်ပဲ” အိမ်ရှေ့စံသည် သခင်ကြီးလီကို ပြောသည့်အခါ စကားကို အနည်းကျဉ်းသာပြန်ပြောသည်။

••••

All Chapters