လင်စီးယာရောက်လာခြင်း
Vol. 7 Ch. 97
အခန်း (၉၇) လင်စီးယာရောက်လာခြင်း
ကျန်းလန် လေထဲတွင် ဓားကိုစီးနှင်ရင်း ပျံသန်းနေဆဲ ဖြစ်သည်။
သူက ပြောင်းလဲမှု အနည်းငယ်ကိုပင် မပြုလုပ်ဘဲ အရှိန်ကို ဆက်ထိန်းထားသည်။
သူ့ကိုကြည့်ရသည်မှာ သာမန်အတိင်း သွားလာနေဟန်ရှိသော်လည်း တကယ်တမ်းတွင် သတိကြီးကြိးထားကာ သွားလာနေခြင်း ဖြစ်၏။
တန်ခိုးစွမ်းအားကိုလည်း အသင့်စုစည်းထားပြီး အချိန်မရွေး တိုက်ပွဲဝင်နိုင်ရန် အသင့်ပြင်ထားသည်။
သို့သော်… ရုတ်တရက် ကျန်းလန် အံ့အားသင့်သွား၏။
"ပျောက်သွားတာလား…"
ဟုတ်ပေ၏…။
သူ့ကို စောင့်ကြည့်နေသည့် ခံစားချက်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
သို့သော်… ချက်ချင်းပင် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာသည်ကို အာရုံခံလိုက်မိသည်။
သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသော်လည်း ရန်သူက ကျန်းလန်ကို တိုက်ခိုက်ခြင်း မရှိပေ။ ထို့အတူ… စောင့်ကြည့်ခံနေရသည့် ခံစားချက်ကလည်း ထူးခြားစွာ ပျောက်ကွယ်သွားသည်။
"ဒီကောင်က အတော်လေးတော့ သတိရှိတဲ့ကောင်ပဲ… သူ ဘာတွေတွေးနေလဲ သိချင်လိုက်တာ…"
ကျန်းလန် တွေးလိုက်သည်။
သို့သော်… ကျန်းလန် နောက်သို့ လုံး၀ လှည့်မကြည့်တော့ဘဲ အရှေ့ဆီသာ ဆက်သွားနေလိုက်သည်။
တစ်ဖက်လူက စိတ်ဒွိဟ ဖြစ်နေဟန် ရှိသည်။ သို့သော်… ထိုသူ မည်သည့်အကြောင်းအရာများ စဉ်းစားနေသည်ကို ကျန်းလန် မသိရှိပေ။
"ဒီကောင်က ငါ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ သတ္တိမရှိတာလား… ဒါမှမဟုတ် တခြားအကြောင်းရှိလို့များလား…"
မည်သို့ပင်ဖြစ်စေ… နောက်ပိုင်း အပြင်ထွက်လျှင်တော့ သေသေချာချာ သတိထားဖို့ လိုအပ်ပြီ ဖြစ်သည်။
ယခုကဲ့သို့… တိတ်တဆိတ် ချောင်းမြောင်းစောင့်ကြည့်ခံရသည်က ကောင်းသည့်အချက် မဟုတ်ပေ။
တကယ်တော့… ကျန်းလန် ထိုသူကိုရှာဖွေပြီး ကိစ္စတုံးပစ်ချင်မိသည်။
သူ အင်မော်တယ်အဖြစ် အဆင့်တက်လှမ်းရန် စမ်းသပ်ခံရမည့်အချိန်တွင် ဤသို့ စောင့်ကြည့်ခံနေရပါက ပြဿနာအကြီးအကျယ် ရှိလာနိုင်သည်။
"နောက်ပိုင်းဆိုရင်တော့ ငါ့ရဲ့တည်ရှိမှုကို ဖုံးကွယ်ပေးထားနိုင်မယ့် ဂါထာမန္တန်တွေ ၊ ကျင့်စဉ်တွေ ထပ်ပြီး ရှာဖွေကျင့်ကြံထားဖို့ လိုအပ်ပြီ…"
ကျန်းလန်တွေးလိုက်သည်။
သစ်ရွက်အမြင်စွမ်းအားက သူ၏ ဖြစ်တည်မှုနှင့် အရာအားလုံးကို ဖုံးကွယ်ပေးနိုင်စွမ်း ရှိသည်။
သို့သော်… ထိုတန်ခိုးစွမ်းအားက စနစ်မှ ရရှိထားသည့် တန်ခိုးစွမ်းအားဖြစ်လေရာ သူ့အနေဖြင့် လူပုံအလယ်တွင် ပွင့်ပွင့်လင်းလင်း အသုံးပြုရန် မဖြစ်နိုင်ပေ။
ခွန်လွန်တောင်မှ တရားဝင် မန္တန်တစ်ခုခုကို ကျင့်ကြံမှသာ အားလုံးအလယ်တွင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်အသုံးပြုနိုင်မည် ဖြစ်သည်။
"အဲဒီလိုကျင့်စဉ်မျိုးတွေ ကျင့်ကြံပြီးမှ… ဒီနေ့… ငါ့နောက်လိုက်ချောင်းတဲ့ကောင်ကို ရှင်းပစ်ရမယ်…"
တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်နှင့် တည်နေရာကို ခြေရာခံနိုင်သည်နှင့် သူ့ဘက်မှ စတင်လှုပ်ရှားရန် ကျန်းလန် ဆုံးဖြတ်ထားလိုက်သည်။
………………
မရဏဂူသို့ ပြန်ရောက်သည်နှင့် ကျန်းလန် စတင်ကျင့်ကြံလိုက်သည်။
နောက်ထပ် လအနည်းငယ်ကြာမှ နဝမတောင်ထွတ်မှ ထပ်မံထွက်ခွာပြီး ခွန်လွန်တောင်အခြားနေရာများသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်၏။
ယခု… သူ့ကို ပစ်မှတ်ထား စောင့်ကြည့်သူတစ်ယောက် ရှိနေပြီ ဖြစ်သည်။ သူ့အနေဖြင့်… ထိုပြဿနာကို ဖြေရှင်းရမည် ဖြစ်သည်။
တစ်ဖက်လူက သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်ခြင်းက သူ့ကို ပိုပြီး စိတ်ဝင်စားစေသည်။
သာမန်စောင့်ကြည့်မှုမျိုးဆိုလျှင် ကျန်းလန် အပြင်မထွက်ဘဲ နှစ်ပေါင်းရာနှင့်ချီပြီး နဝမတောင်ထွတ်တွင်သာ ပုန်းအောင်းနေလိုက်မည် ဖြစ်သည်။
သို့သော်… ရန်သူက သူ့ကို သတ်ဖြတ်ချင်နေလျှင်တော့ သူ့ဘက်က အရင်ဦးအောင် ကိစ္စတုံးပစ်ရန် အရေးကြီးသည် မဟုတ်ပါလား။
………………
နဝမတောင်ထွတ်၏ ကောင်းကင်ထက်တွင် ကြယ်စင်များ လင်းလက်တောက်ပနေလေသည်။
အချိန်ကြာလာသည်နှင့်အမျှ… အချို့ကြယ်စင်များက မြေပြင်ထက် ကြွေကျသွားကြသည်။
နေ့နှင့်ည တစ်လှည့်စီ ကူးပြောင်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် (၃)နှစ်ဆိုသည့် အချိန်က ကုန်ဆုံးသွားခဲ့လေသည်။
တစ်ခုသောနံနက်ခင်း…
ကျန်းလန် မရဏဂူထဲမှ အပြင်သို့ ထွက်လာခဲ့သည်။
သူနှင့်အတူ ရေသဖန်းပင်လေးနှင့် သားရဲဥလေးကိုပါ ယူဆောင်လာလေသည်။
ရေသဖန်းပင်လေးက ယခုထိ အသက်ရှင်နေဆဲ ဖြစ်သည်။ သို့သော်… စွမ်းအားကတော့ လျော့နည်းနေဆဲ ဖြစ်သည်။
ကျန်းလန်က ရေသဖန်းပင်လေးကို ရံဖန်ရံခါ နေပူဆာလှုံပေးတတ်သည်။ သို့သော်… သစ်ပင်လေးက အခြေအနေတိုးတက်မလာသလို ဆုတ်ယုတ်သွားခြင်းလည်း မရှိပေ။
ယနေ့က… သစ်ပင်လေး နေဆာလှုံရမည့်နေ့ရက်ဖြစ်သည်။
ကျန်းလန်က သစ်ပင်လေးကိုနေဆာလှုံပေးရင်း သားရဲဥလေးကိုပါ နေဆာလှုံရန် တစ်ခါတည်း ခေါ်လာခဲ့ခြင်း ဖြစ်သည်။
ထို့နောက်… သူ ယခင်က နေထိုင်ခဲ့သည့် အဆောက်အဦရှိရာသို့ ထွက်လာခဲ့သည်။
ခြံဝန်းအနောက်ဘက်တွင် သစ်ပင်လေးနှင့် ဝိညာဉ်သားရဲဥလေးကို နေဆာလှုံရန် နေရာချထားပေးလိုက်၏။
နေဆာမလှုံမီ သစ်ပင်လေးနှင့် သားရဲဥလေးအပေါ်သို့ ဝိညာဉ်ဆေးရည်အချို့ သူက လောင်းချပေးလိုက်သေးသည်။
ထို့နောက်တွင်တော့… ကျန်းလန် အလုပ်တစ်ခုလုပ်ရန် စဉ်းစားလိုက်ပြီး အတ္တကြေးမုံမှန်ကို ထုတ်ယူလိုက်၏။
ဤကြေးမုံမှန်က နေရောင်အောက်တွင် ပိုပြီး အစွမ်းထက်လေသည်။
မရဏဂူထဲတွင် ဤကြေးမုံမှန်ကို အသုံးပြုရသည်က သိပ်အဆင်မပြေလှပေ။
ထို့နောက်… ကျန်းလန်က နေကိုကျောပေးလိုက်ပြီး ကြေးမုံမှန်အတွင်းသို့ ကြည့်လိုက်သည်။ မကြာမီ ကြေးမုံမှန်အတွင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျန်းလန်၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်လာသည်။
သူ၏မကြျလုံးမြားဝေဝါးသှားပွီး သူ၏ သိစိတျဝိညာဉျကို ကွေးမုံမှနျက စုပျယူသှားသညျ့အလား ခံစားလိုကျရသညျ။
ထို့နောက်… ကြေးမုံမှန်ထဲမှ လူသားပုံသဏ္ဍန်အလင်းရောင်တစ်ခု အပြင်သို့ ထွက်လာ၏။
ကျန်းလန် မြေပြင်ထက်တွင် မတ်တတ်ရပ်လိုက်ပြီး ထို အလင်းရောင်ပုံရိပ်ကို ရင်ဆိုင်လိုက်သည်။
အလင်းရောင်ပုံရိပ်က အသွင်သဏ္ဍန်မထင်ရှားသော်လည်း သူနှင့် တန်ခိုးစွမ်းအားတူညီသည့် ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။
သို့သော်… ထူးခြားသည်မှာ အလင်းရောင်ပုံရိပ်တွင် ကျန်းလန်ပိုင်ဆိုင်ထားသည့် ဝိညာဉ်ဖိနှိပ်စွမ်းအားကို ပိုင်ဆိုင်ထားခြင်း မရှိပေ။
အတ္တကြေးမုံမှန်က သူပိုင်ဆိုင်ထားသည့် နတ်တန်ခိုးစွမ်းအားကို တုပနိုင်ဟန် မရှိပေ။
သို့သော်… ဤ မှော်ဝင်ကြေးမုံမှန်၏ အစွမ်းကလည်း သေးငယ်သည်တော့ မဟုတ်ပေ။
ထို့နောက်… ကျန်းလန်က အလင်းရောင်ပုံရိပ်ကို စတင်တိုက်ခိုက်လိုက်သည်။
ရန်သူများနှင့် တိုက်ခိုက်တိုင်း ကျန်းလန်က နွားရိုင်းကိုးကောင်စွမ်းအားနှင့် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းစွမ်းအားမှလွဲပြီး အခြားမည်သည့် တန်ခိုးစွမ်းအားကိုမှ အသုံးမပြုခဲ့ပေ။
ယခု အလင်းရောင်ပုံရိပ်နှင့် တိုက်ခိုက်ရသည်ကတော့ ရန်သူများနှင့် တိုက်ခိုက်ရသည်နှင့် မတူညီဘဲ တစ်မူထူးခြားသည်။
ကျန်းလန် စတင်တိုက်ခိုက်လိုက်သည်နှင့် အလင်းရောင်လူရိပ်ကလည်း ပြန်လည် တိုက်ခိုက်လိုက်သည်။
"ဘုန်း…"
"ဘုန်း…"
ကျန်းလန်နှင့် အလင်းရောင်ပုံရိပ် ပြင်းထန်စွာ တိုက်ခိုက်နေပြီး လေထုထဲတွင် အလင်းရောင်များ တောက်ပလျှက် ရှိသည်။
ရုတ်တရက်… ပြင်းထန်လှသည့် စွမ်းအားတစ်ခုကို ကျန်းလန် ခံစားလိက်ရပြီး ချက်ချင်းပင် သူ့ရှေ့တွင် လေလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ထိုလေလှိုင်းက အလင်းရောင်လူသားအသုံးပြုလိုက်သည့် မုန်တိုင်းမျက်လုံး တန်ခိုးစွမ်းအားဖြစ်၏။
ကျန်းလန်က တုန့်ဆိုင်းမနေဘဲ ထို မုန်တိုင်းမျက်လုံး လေလှိုင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။
"ဘုန်း…"
မုန်တိုင်းလေလှိုင်းကပျောက်ကွယ်သွားသော်လည်း အလင်းရောင်လူသားက ကျန်းလန်၏ အနောက်ဘက်သို့ လွင့်မျော ရောက်ရှိသွားသည်။
မန္တန်တစ်ခုကို အသုံးပြုပြီး ကျန်းလန်အနောက်သို့ ရောက်ရှိသွားခြင်း ဖြစ်၏။
ကျန်းလန်က မန္တန်များ ၊ တန်ခိုးစွမ်းအားများနှင့် တိုက်ခိုက်ခြင်းတွင် အတော်လေး အားနည်းလေသည်။
သူက တစ်ချက်တည်းဖြင့် ရန်သူကို ကိစ္စတုံးနိုင်သည့် နွားရိုင်းကိုးကောင်စွမ်းအားကိုသာ အသုံးပြုနေခဲ့သောကြောင့် ဖြစ်၏။
ထိုစဉ်မှာပင်…
"ရွှီ…"
အသံတစ်ချက်ထွက်ပေါ်လာပြီး ကျန်းလန်၏ အနောက်ဘက်တွင် လျှပ်စီးတစ်ချက် လင်းလက်သွားသည်။
လျှပ်စီးထောင်ချောက်…
တစ်ဖက်လူက လျှပ်စီးထောင်ချောက် တန်ခိုးစွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ကျန်းလန်က လျှပ်စီးထောင်ချောက်ထဲတွင် မပိတ်မိခင် နောက်သို့ ချက်ချင်းလှည့်လိုက်ပြီး အလင်းရောင်လူသားကို လက်သီးဖြင့် ထိုးချလိုက်သည်။
"ဘန်း…"
လက်သီးချက် (၂) ချက် ရိုက်ခတ်မိသွားသည်။
လေထဲတွင် တန်ခိုးစွမ်းအားလှိုင်းလုံးများ ရိုက်ခတ်သွားသည်။
သူတို့ (၂)ယောက် အပြန်အလှန်တိုက်ခိုက်နေကြသည့် အရှိန်အဟုန်ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး လေများတဟူးဟူး တိုက်ခတ်လျှက်ရှိသည်။
"ဝုန်း…"
တန်ခိုးစွမ်းအားများ ရိုက်ခတ်မိသွားပြီး (၂)ယောက်လုံး နောက်သို့ လွင့်စင်သွားကြသည်။
သို့သော်… ကျန်းလန် မြေပြင်ထက်သို့ ခြေချမိသည်နှင့် မြေပြင်ထက်တွင် လျှပ်စီးအလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။
ထိုလျှပ်စီးအလင်းတန်းများက သူ အသုံးပြုခဲ့သည့် တန်ခိုးစွမ်းအားများ မဟုတ်ပေ။
"သေပြီ…"
"ဘုန်း…"
ချက်ချင်းပင် ကောင်းကင်ထက်တွင် လျှပ်စီးများလက်လာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
အလင်းရောင်ပုံရိပ်အသုံးပြုလိုက်သည့် လျှပ်စီးထောင်ချောက်အတွင်း ကျန်းလန် ကျရောက်သွားပြီ ဖြစ်သည်။
တစ်ဆက်တည်းပင် ခြေချုပ်မိနေသည့် ကျန်းလန် ရှိရာသို့ အလင်းရောင်လူသားထံမှ နွားရိုင်းကိုးကောင် လက်သီးစွမ်းအားက ဝင်ရောက်လာသည်။
"ဘုန်း…"
ကျန်းလန် လွင့်ထွက်သွားပြီး မြေပြင်ထက် ပက်လက်လန် လဲကျသွားသည်။
တကယ့်တိုက်ပွဲမဟုတ်ဘဲ လေ့ကျင့်တိုက်ခိုက်ခြင်း ဖြစ်သောကြောင့်သာ တော်တော့သည်။ မဟုတ်ပါက ကျန်းလန် အမှုံ့ဖြစ်သွားနိုင်ပေ၏။
"ထပ်ရှုံးပြန်ပြီ…"
ကျန်းလန် ရေရွတ်လိုက်သည်။
သူသာဝိညာဉ်ဖိနှိပ်တန်ခိုးစွမ်းအားကို အသုံးပြုပါက အလင်းရောင်လူသားကို အနိုင်ယူနိုင်မည် ဖြစ်သည်။
သို့သော်… ထိုစွမ်းအားကို အသုံးပြုလိုက်လျှင် မမျှတသည့်တိုက်ပွဲ ဖြစ်သွားပေလိမ့်မည်။
သူနှင့် အလင်းရောင်ပုံရိပ်က လက်ရည်တူသည့်တိုင် ထိုအလင်းရောင်ပုံရိပ်ကို အနိုင်ယူရန်မှာ အမှန်တကယ်ပင် ခက်ခဲလွန်းလှသည်။
ပြီးတော့… ကျန်းလန်က တိုက်ပွဲအတွေ့အကြုံနည်းပါးသူ ဖြစ်၏။
ထို့ကြောင့်… ဤသို့ အတ္တကြေးမုံမှန်ဖြင့် တိုက်ခိုက်ရေးလေ့ကျင့်ခြင်းက သူ့အတွက် များစွာ အကျိုးရှိသည်။
ဤကြေးမုံမှန်နှင့် လေ့ကျင့်ထားခြင်းအားဖြင့် အနာဂတ်တွင် သူနှင့် လက်ရည်တူသည့် ရန်သူနှင့် ရင်ဆိုုင်ရပါက အတွေ့အကြုံရနိုင်မည် ဖြစ်သည်။
သို့သော်… ကျင့်ကြံခြင်းအဆင့် မြင့်တက်လာစေရန်လည်း အချိန်ပေးကျင့်ကြံရဦးမည် ဖြစ်လေရာ အမြဲတမ်းတော့ အတ္တကြေးမုံမှန်နှင့် တိုက်ခိုက်ရေး လေ့ကျင့်မနေနိုင်ပေ။
ယခုနှစ်များအတွင်း မရှိမှုအာကာသအဆင့် ၊ ကနဦးအဆင့်ကို အတော်လေး ပြီးပြည့်စုံအောင် ကျန်းလန် ကျင့်ကြံနိုင်ခဲ့သည်။
နွားရိုင်းကိုးကောင်စွမ်းအား အမြင့်ဆုံးအဆင့်တက်လှမ်းနိုင်ရန်မှာလည်း သိပ်ပြီး ကြာမြင့်တော့မည် မဟုတ်ပေ။
သို့သော်… ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကတော့ အမြင့်ဆုံးအဆင့်ရောက်ရှိရန် အနည်းငယ် အလှမ်းဝေးနေသေးသည်။
အခြားသော ဂါထာမန္တန်များ ၊ ကျင့်စဉ်များကိုလည်း ကျန်းလန် လိုအပ်သည့်အရာမှန်သမျှ ကျင့်ကြံထားခဲ့သည်။
ထို့ပြင်… အစီအရင်ပညာများကိုလည်း ကျန်းလန် ပိုမိုလေ့လာထားခဲ့သည်။
သူက နဝမတောင်ထွတ်ရင်ပြင်ကိုပင် တိုက်ခိုက်မှုနှင့် ခုခံမှု အစီအရင်အသစ်များ ထပ်မံထည့်သွင်းထားခဲ့သေးသည်။
သို့သော်… ရင်ပြင်ထက်မှ အစီအရင်များက ပြီးပြည့်စုံခြင်း မရှိသေးပေ။ အစီအရင်ပညာကို ပိုမိုလေ့လာပြီးမှ ရင်ပြင်ကို ထပ်မံ ပြုပြင်ပေးရမည် ဖြစ်သည်။
ထို့ပြင်… သူက အများအမြင်တွင် ရွှေပြဒါးအမြုတေအဆင့် ၊ အောင်မြင်သည့်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
"ငါက အခုဆိုရင် ရွှေပြဒါးအမြုတေအဆင့် အောင်မြင်သွားပြီ… နောက် နှစ်နည်းနည်းလောက်ဆိုရင် မူလဝိညာဉ်အဆင့်ကို တက်ရောက်နိုင်တော့မယ်ထင်တယ်…"
ကျန်းလန် တွေးလိုက်သည်။
မူလဝိညာဉ်အဆင့်တက်ရောက်ရန်က လွယ်ကူသည်မဟုတ်ပေ။
အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေပြဒါးအမြုတေအဆင့်သို့ တက်ရောက်သကဲ့သို့ပင် ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်ရောက်စဉ်က ကျန်းလန် တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေသို့ သွားရောက်ခဲ့ရသည်။
ရွှေပြဒါးအမြုတေအဆင့်တက်ရောက်စဉ်က ကောင်းကင်ရိပ်ငြိမ်ရေကန်သို့ သွားရောက်ခဲ့ရသည်။
ထို့ကြောင့်… မူလဝိညာဉ်အဆင့်သို့ တက်ရောက်လျှင်လည်း ဆရာဖြစ်သူက သူ့ကို ထူးခြားသည့်နေရာတစ်ခုသို့ သေချာပေါက် စေလွှတ်ဦးမည် ဖြစ်သည်။
ထိုနေရာက မည်သို့သောနေရာဖြစ်သည်ကို ကျန်းလန် စောင့်ကြည့်ရပေလိမ့်မည်။
သို့သော်… ထိုအချက်ကို ကျန်းလန် သိပ်ပြီး အရေးမစိုက်နိုင်သေးပေ။
လက်ရှိတွင် ကျန်းလန် အရေးစိုက်နေမိသည်က သူ့ကို စောင့်ကြည့်နေသည့် အမှောင်ထဲမှ ရန်သူကို ဖြစ်၏။
ယခုနှစ်များအတွင်း… ခွန်လွန်တောင်အခြားနေရာများသို့ ကျန်းလန် ရံဖန်ရံခါ သွားရောက်လည်ပတ်လေ့ရှိသည်။
ထိုသို့ သွားရောက်လည်ပတ်တိုင်း ပစ်မှတ်ထားကာ ချောင်းမြောင်းစောင့်ကြည့်ခံခဲ့ရသည်။
လူသူပြတ်လတ်သည့်နေရာများသို့ ရောက်ရှိသွားလျှင် ရန်သူက သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လေ့ ရှိသည်။
"ငါ့ကို မတိုက်ခိုက်ဘဲ ဘာလို့ ဒီလိုစောင့်ကြည့်နေတာလဲ နားမလည်နိုင်ဘူး…"
ကျန်းလန် တွေးမိသည်။
"ဟွန်း… ဒီကောင်က အပုန်းတော့ကောင်းတယ်… ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ တည်နေရာတွေ ဘာတစ်ခုမှ ငါ ခြေရာခံလို့ မရဘူး…"
ယခုနှစ်များအတွင်း… သူ၏ တည်ရှိမှုကို အခြားသူများ မသိရှိစေရန် အခြားသော မန္တန်အသစ်များကိုလည်း ကျန်းလန် သင်ယူထားခဲ့သည်။
သို့သော်… သူ တစ်ခါမှ အသုံးမပြုခဲ့ပေ။
ထိုမန္တန်များကို အသုံးပြုလိုက်လျှင် သူ့ကိုစောင့်ကြည့်နေသည့် ရန်သူကို သတိပေးသလို ဖြစ်သွားပေလိမ့်မည်။ ရန်သူကို သတိပေးသလို ဖြစ်သွားပါက ရန်သူကို မျှားခေါ်ပြီး သတ်ဖြတ်ပစ်ရန် မဖြစ်နိုင်တော့ပေ။
ယနေ့လည်း ကျန်းလန် ဟိုဟိုဒီဒီ လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။
သူ့ကို စောင့်ကြည့်နေသည့် ရန်သူ ထွက်ပေါ်လာလျှင်လည်း အခွင့်အရေးရတုန်း အပြတ်ချေမှုန်းရန် စိတ်ထဲ တေးမှတ်ထား၏။
ရန်သူထွက်လာအောင်ပြုလုပ်ရန် အကောင်းဆုံးနည်းလမ်းက ခွန်လွန်တောင်ပြင်ပသို့ ထွက်ခွာသွားခြင်း ဖြစ်၏။ သို့သော်… ထိုသို့ပြုလုပ်ရန်မှာ အတော်လေး အန္တရယ်များသည်။
ထို့နောက်… ကျန်းလန် ဓားကို စီးနှင်ခြင်းမပြုဘဲ နဝမတောင်ထွတ်မှ လမ်းလျှောက်ပြီး ဆင်းလာခဲ့သည်။
သို့သော်… တောင်ပေါ်မှ ဆင်းလာသည်နှင့် လူ (၂)ယောက်ကို တွေ့လိုက်ရသည်။
ထိုသူ (၂)ယောက်က နဝမတောင်ထွတ်သို့ လာရောက်ကြဟန်ရှိသည်။
ထို့ပြင်… ထိုသူများက ကျန်းလန်အတွက် မျက်နှာစိမ်းများ မဟုတ်ပေ။
တစ်ယောက်က ပထမတောင်ထွတ်မှ ကျင်းထင်ဖြစ်ပြီး နောက်တစ်ယောက်မှာတော့ တတိယတောင်ထွတ်မှ လင်စီးယာ ဖြစ်သည်။
ကျန်းလန် တောင်ပေါ်က ဆင်းလာသည်ကို တွေ့လိုက်သည်နှင့် ကျင်းထင်က နှုတ်ဆကစကားဆိုလိုက်၏။
"ဂိုဏ်းတူညီလေး'ကျန်း' … တောင်အောက်ဆင်းမလို့လား…"
ကျန်းလန်က…
"ဂိုဏ်းတူအစ်ကို'ကျင်း' နဲ့ ဂိုဏ်းတူအစ်မ'လင်' တို့ပါလား… ဘာကိစ္စများရှိလို့လဲ…"
ဤသူများက ကျန်းလန်ကို ခင်မင်သောကြောင့် လာရောက်လည်ပတ်ကြခြင်း မဖြစ်နိုင်ပေ။
အကြောင်းတစ်ခုခုရှိသောကြောင့်သာ သူ့ကို လာရောက်တွေ့ဆုံခြင်း ဖြစ်ပေလိမ့်မည်။
လင်စီးယာမှာ ကျန်းလန်ကိုကြည့်ပြီး ဘာပြောရမှန်းမသိဖြစ်နေ၏။ သူမက ကျန်းလန်ကို ဒီအတိုင်း ကြည့်ရုံသာ ကြည့်နေမိသည်။
ကျင်းထင်မှာလည်း နဖူးထက်တွင် ချွေးများပျံလျှက်ရှိပြီး စကားပြောရန် ခက်ခဲနေဟန် ရှိ၏။
သို့သော်… နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးက စိတ်စွမ်းအားကောင်းသူ ဖြစ်လေရာ သူပေးခဲ့သည့် ပုတီးစေ့လေးကို ဖွင့်ကြည့်မည်မဟုတ်ဟု တွေးလိုက်မိသည်။
ထိုအတွေးဖြင့်… ကျင်းထင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။