ရုတ်တရက်ပေါ်လာသည့်မိန်းကလေးငယ်လေး
Vol. 7 Ch. 98
အခန်း (၉၈) ရုတ်တရက်ပေါ်လာသည့်မိန်းကလေးငယ်လေး
နောက်ဆုံးတော့… ကျင်းထင်က ကျန်းလန်ကို ကြည့်လိုက်ပြီး…
"ဂိုဏ်းတူညီလေး… ကူညီပေးရမယ့် ကိစ္စလေးတစ်ခု ရှိနေလို့…"
ဟု စကားစတင်ပြောလိုက်၏။
အမှန်တော့… ကျင်းထင်အတော်လေး စိတ်ညစ်နေခဲ့သည်။ မဟုတ်ပါက… သူကိုယ်တိုင် ကျန်းလန်ကို လာရောက်တွေ့ဆုံမည် မဟုတ်ပေ။
ထို့ပြင်… လင်စီးယာက သူ့ကို ခြိမ်းခြောက်နေပြန်လေရာ သူ့မှာ ပိုပြီး စိတ်မသက်မသာ ခံစားရသည်။
သူ့ကို စိမ်းပြာရောင်ပုတီးစေ့လေး ပေးခဲ့သူက အတင်းအကျပ် ပေးသွားခြင်း ဖြစ်လေရာ သူ့မှ ရွေးခြယ်စရာ မရှိခဲ့ပေ။
ထိုပုတီးစေ့ကို သိမ်းဆည်းထားရသည်မှာ စူးဆူးနေသည့်အလား ခံစားရသောကြောင့် သူက ကျန်းလန်ကို ပေးလိုက်ခြင်း ဖြစ်၏။
ယခုတော့… ထိုပုတီးစေ့လေးက အကြီးအကျယ် ပြဿနာမွှေပြီ ဖြစ်သည်။
ကျန်းလန်က…
"ဘာကိစ္စများလဲ…"
အခြားသူများက အကူအညီတောင်းသည်ဆိုလျှင် ကျန်းလန်က အမြဲတမ်း သတိအနေအထား ဖြစ်သွားတတ်သည်။
ထို့ပြင်… လောလောဆယ်တွင် သူ့ကို ချောင်းမြောင်းစောင့်ကြည့်သူကလည်း ရှိနေလေရာ သူ ပိုပြီး သတိထားနေမိသည်။
သို့သော်… သူသတိထားနေသည်ကို အခြားသူများ မရိပ်မိအောင်တော့ ဟန်ဆောင်ထား၏။ မဟုတ်ပါက ရန်သူကို သတိပေးသလို ဖြစ်သွားပေလိမ့်မည်။
ကျင်းထင်က…
"ဂိုဏ်းတူညီလေး… ကျုပ်တို့ နဝမတောင်ထွတ်မှာ လာပြီးကျင့်ကြံတုန်းက ပြန်ခါနီးမှာ မင်းကို ပေးလိုက်တဲ့ စိမ်းပြာရောင် ပုတီးစေ့လေးလေ… အဲဒါလေးကို မှတ်မိသေးလား…"
ကျန်းလန် တစ်ခဏမျှ စဉ်းစားနေ၏။
ကျင်းထင် နဝမတောင်ထွတ်မှ ပြန်သွားစဉ်က သူ့ကို ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ပစ္စည်းအချို့ လက်ဆောင်ပေးခဲ့သည်။
ထိုပစ္စည်းများထဲတွင် ပုတီးစေ့လေးတစ်ခုလည်း ပါဝင်လေ၏။
သူ ပြန်စဉ်းစားလိုက်သည့်အခါ… ထိုပုတီးစေ့လေးက… "ဂိုဏ်းတူအစ်မ'လုန်ယွိ' ရေချိုးနေသည့်မြင်ကွင်း" ကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေး ဖြစ်ကြောင်း မှတ်မိလိုက်သည်။
ထိုအခါ… ကျင်းထင်နှင့် လင်စီးယာ ရောက်လာရသည့်အကြောင်းရင်းကို ကျန်းလန် နားလည်သွားလေသည်။
အထူးသဖြင့် လုန်ယွိ၏ ဂိုဏ်းတူညီမဖြစ်သည့် လင်စီးယာ ရောက်လာရသည့်အကြောင်းရင်း ဖြစ်၏။
ကျန်းလန်က အနီရောင်ဘူးသီးခြောက်အတွင်းမှ ပုတီးစေ့လေးကို ထုတ်ယူလိုက်ရင်း…
"ဒါလေးကိုပြောတာလား… ဂိုဏ်းတူအစ်ကို…"
အမှန်တော့… ပုတီးစေ့လေးကို ဖျက်စီးပစ်လိုက်ပြီဟု ကျန်းလန် ပြောလိုက်သင့်သည်။
သို့သော်… ကျင်းထင်နှင့် လင်စီးယာက ယုံကြည်မည် မဟုတ်ပေ။
ထို့ကြောင့်… မရမနေ အတင်းကာရော ရှာဖွေကြမည်ဆိုလျှင် ကျန်းလန်အတွက် ပြဿနာတက်နိုင်သည်။
ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ပြန်ပေးလိုက်သည်က အကောင်းဆုံး ဖြစ်၏။
ပြီးတော့… ဤပစ္စည်းလေးက သိပ်လည်း တန်ဖိုးမရှိလှပေ။
ပုတီးစေ့လေးကို တွေ့သည်နှင့် လင်စီးယာ မဖုံးနိုင်မဖိနိုင် ပျော်ရွှင်သွားလေသည်။
ကျင်းထင်လည်း ယခုမှ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။
နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးက တစ်ယောက်တည်းနေတတ်သူဖြစ်လေရာ ဤသို့သောပစ္စည်းမျိုးကို အခြားသူများကို ပေးလိုက်မည်မဟုတ်ကြောင်း အစကတည်းက သူ သိရှိထားသည်။
မဟုတ်ပါက… သူတို့ မည်မျှအချိန်ကြာအောင် ထပ်မံ စုံစမ်းရှာဖွေရဦးမည်လဲ မသိရှိနိုင်ပေ။
ထို့ပြင်… လင်စီးယာမှာလည်း ကျန်းလန်ထံမှ ဤပစ္စည်းကိုပြန်တောင်းရန် အတော်လေး အခက်တွေ့နေပြီး အချိန်များ ကြာမြင့်နေခဲ့သည် မဟုတ်ပါလား။
လင်စီးယာက ချက်ချင်းပင် ကျန်းလန်လက်ထဲမှ ပုတီးစေ့လေးကို လှမ်းယူလိုက်သည်။
"ငါတို့ ဒီပစ္စည်းလေးကို ပြန်ယူသွားချင်တယ်… ဂိုဏ်းတူမောင်လေး… ၊ မင်းအတွက် ဘယ်လိုလျော်ကြေး ပြန်ပေးရမလဲဆိုတာသာ ပြောပါ…"
သူမက ထိုပစ္စည်းကို အတင်းအဓမ္မ ပြန်လည်တောင်းယူခြင်းမျိုး မဖြစ်လိုပေ။
မဟုတ်ပါက သူတို့အတွက်လည်း မကောင်းသလို ကျန်းလန်ကို အားနာစရာ ဖြစ်ပေလိမ့်မည်။
ခွန်လွန်တောင်၏ အဓိကတောင်ထွတ်ကြီး (၈)ခုတွင် တပည့်များ အချင်းချင်းတိုက်ခိုက်ရန်ဖြစ်ကြသည်က အဆန်းမဟုတ်ပေ။
သို့သော်… နဝမမေတာင်ထွတ်မှ တပည့်ကတော့ မတူကွဲပြားသူ ဖြစ်သည်။
ကျန်းလန်က နဝမတောင်ထွတ်မှ တစ်ဦးတည်းသော ဆက်ခံသူတပည့်ဖြစ်ပြီး နဝမတောင်ထွတ်၏ တောင်သခင်က အလွန်တရာ ဂရုစိုက်ပြီး တန်ဖိုးထားသူ ဖြစ်သည်။
ထို့ကြောင့် သူတို့အနေဖြင့် ကျန်းလန်နှင့် ပြဿနာ မတက်ချင်ပေ။
"လျော်ကြေး…"
ကျန်းလန်အတွက် လျော်ကြေး မလိုအပ်ပေ။
ထို့ပြင် ဤပစ္စည်းလေးကလည်း အစကတည်းက တန်ဖိုးကြီးသည့် ပစ္စည်းလေး မဟုတ်ပေ။
ကျင်းထင်က ပေးသွားသောကြောင့်သာ သူက ယူထားလိုက်ခြင်း ဖြစ်၏။
လင်စီးယာမှာ မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးပြန်ရသဖြင့် ပျော်ရွှင်နေလေသည်။
သို့သော်… ပုတီးစေ့လေးကို စစ်ဆေးကြည့်ပြီးသည့်နောက် သူမ၏ အပြုံးက မျက်နှာထက်တွင် အေးခဲသွားသည်။
သူမက ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး… မင်း ဒီပစ္စည်းကို ဖွင့်ကြည့်ထားတာလား…"
လင်စီးယာ၏ စကားကြေင့် ကျင်းထင်ကလည်း အံ့သြတုန်လှုပ်စွာဖြင့်…
"ကျုပ် ဂိုဏ်းတူညီလေး'ကျန်း' ကို အဲဒီပစ္စည်းလေးပေးလိုက်တုန်းက ဘယ်သူမှ ဖွင့်မကြည့်ရသေးဘူးဆိုတာ သေချာတယ်နော်… ၊ မင်း… မင်း တကယ်ပဲ ဖွင့်ကြည့်လိုက်တာလား ဂိုဏ်းတူညီလေး… ၊ အမှန်အတိုင်း ပြောပြစမ်းပါ…"
ကျန်းလန်က ကျင်းထင်နှင့် လင်စီးယာကို နားမလည်သလို လှမ်းကြည့်လိုက်ရင်း…
"အထဲမှာ မကောင်းတာတစ်ခုခုများ ရှိနေမလား အတည်ပြုဖို့ ဖွင့်ကြည့်လိုက်တာပါ…"
ကျန်းလန်က အမှန်အတိုင်းပြောပြလိုက်ခြင်း ဖြစ်၏။
သူ ပုတီးစေ့လေး လက်ခံရရှိကတည်းက ဤပုတီးစေ့လေးက ပုံမှန်မဟုတ်ကြောင်း သိရှိခဲ့သည်။
သို့သော်… အထဲတွင်ပါဝင်သည့် မှတ်တမ်းပုံရိပ်ကို ကြည့်ရှုပြီးနောက် သိပ်ပြီး အရေးမကြီးဟု ထင်မှတ်ခဲ့သည်။
နဂါးတစ်ကောင်က ရေချိုးနေသည်မှာ မိန်းကလေးတစ်ယောက် ဝတ်လစ်စားလစ်ဖြင့် ရေချိုးနေခြင်းမှ မဟုတ်ပေပဲ…။
မည်သည့်ပြဿနာမှ မရှိနိုင်ဘူးမဟုတ်လား…။
လင်စီးယာက…
"ဂိုဏ်းတူမောင်လေး… ဒီပုတီးစေ့လေး မင်းပဲ ပြန်ယူထားလိုက်တော့…"
သူမက ပုတီးစေ့လေးကို ကျန်းလန်လက်ထဲ ပြန်ထည့်ပေးလိုက်သည်။
ထို့နောက်… သူမက…
"နောက်နေ့မှ ငါတို့ ပြန်လာခဲ့တော့မယ်… ဒါပေမဲ့ အဲဒီပုတီးစေ့လေး ပျောက်မသွားစေနဲ့နော်… ဂိုဏ်းတူမောင်လေး…"
ထို့နောက် ကျင်းထင်ကိုထားခဲ့ပြီး ကျင်းထင်ကိုပင် မစောင့်တော့ဘဲ လင်စီးယာ တစ်ယောက်တည်း လစ်လေတော့၏။
ကျင်းထင်လည်း အူကြောင်ကြောင်ဖြင့် ဘာလုပ်ရမည်မသိဖြစ်သွားကာ ကျန်းလန်ကိုပင် နှုတ်မဆက်တော့ဘဲ လစ်သွားလေတော့သည်။
ကျန်းလန်မှာတော့ အသဲအသန် ပြန်ပြေးသွားကြသူ (၂)ယောက်ကိုကြည့်ပြီး နားမလည်နိုင်ခြင်းများစွာဖြင့် ကျန်ရစ်ခဲ့သည်။
"ဒီပုတီးစေ့က ပြဿနာတစ်ခုခု ရှိနေလို့လား…"
ကျန်းလန် တွေးလိုက်သည်။
ကျန်းလန် လက်ထဲမှ ပုတီးစေ့လေးကို သေသေချာချာ ထပ်ကြည့်လိုက်သည်။
ပုတီးစေ့လေးက ထူးခြားချက်လည်းမရှိသလို အခြားစိတ်ပူစရာအခြေအနေမျိုးလည်း မတွေ့ရှိရပေ။
နောက်တစ်နေ့တွင်… သူတို့ လာရောက်သည် မလာရောက်သည်ကို ကျန်းလန် အရေးမစိုက်ပေ။
သို့သော်… သူတို့က "နောက်နေ့တွင် ပြန်လာမည်" ဟု ပြောသွားသည့်အတွက် ဝတ္တရားအရ ကျန်းလန်က စောင့်ဆိုင်းရပေလိမ့်မည်။
ထို့နောက်… ကျန်းလန် ပုတီးစေ့လေးကို ပြန်သိမ်းလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
ယခုတစ်ကြိမ်တော့… ခွန်လွန်တောင်မှတပည့်များ စုပေါင်းကျင့်ကြံရန် ပြုလုပ်ပေးထားသည့် ကျင့်ကြံရေးရင်ပြင်ကျယ်သို့ ထွက်ခွာလာခဲ့သည်။
အမှောင်ထဲမှလူကို မျှားခေါ်ရန် နည်းလမ်းတစ်ခု တွေ့ကောင်းတွေ့နိုင်ပေမည်ဟု ကျန်းလန် စဉ်းစားနေ၏။
ရန်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိရမည်ဆိုလျှင်တောင်မှ ကျန်းလန်အတွက် အဆင်ပြေမည် ဖြစ်သည်။
ယခုတော့ ရန်သူအကြောင်း ဘာမှ ခြေရာမခံနိင်သည့်အတွက် ကျန်းလန်မှာမရေရာသည့်အခြေနေတစ်ခုကို ခံစားနေရပြီး အန္တရယ်မကင်းသလို ခံစားနေရသည်။
မတတ်နိုင်သည့်အဆုံးတွင်တော့… ခွန်လွန်တောင်အပြင်ဘက်သို့ ထွက်ခွာသွားပြီး ရန်သူထွက်လာအောင် မျှားခေါ်ရမည် ဖြစ်သည်။
ကျန်းလန်က တပည့်များ ကျင့်ကြံနေသည့် ရင်ပြင်ကျယ်ရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။
သူ… ထိုနေရာတွင် အတန်ကြာလမ်းလျှောက်နေပြီး တပည့်များ များပြားစွာရှိသည့်နေရာများကိုလည်း ဖြတ်သန်းလာခဲ့သည်။
သို့သော်… တစ်ဖက်လူက ယခုအထိ ကျန်းလန်ကို စောင့်ကြည့်ခြင်း မရှိသေးပေ။
ကျန်းလန် တခြားတစ်နေရာသို့ ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်တွင်… သူ့ကို အနောက်ဘက်မှ စောင့်ကြည့်နေသည့်ခံစားချက်ကို စတင်ခံစားလိုက်ရသည်။
ကျန်းလန်က အရေးမစိုက်ဘဲ မသိသလို ဟန်ဆောင်နေလိုက်သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဤအခြေအနေကို ဤသို့ပင် ဖြတ်ကျော်ခဲ့ခြင်း ဖြစ်၏။
သို့သော်… ယခုအချိန်တွင်တော့ တစ်ဖက်လူက မည်သည့်အရာကိုမှ ဖုံးကွယ်မထားခဲ့ပေ။
ထိုသူက… သူ့အနောက်တွင် ရောက်နေခြင်း ဖြစ်သည်။
ဒီလူက ပုန်းအောင်းနေရာက တကယ်ပဲ ထွက်လာပြီလား…။
"တစ်ခုခုတော့ မှားနေပြီ ထင်တယ်…"
ကျန်းလန်တွေးလိုက်သည်။
အဖြစ်အပျက်များက ခါတိုင်းနှင့်မတူသည်ကို ကျန်းလန် သတိထားလိုက်မိသည်။
"ဒီလူရဲ့အကြည့်က တစ်ခုခုမှားနေတယ်… ငါ့ကို ရန်လိုတဲ့အကြည့်မျိုးမဟုတ်ဘူး ၊ ဒါပေမဲ့ အကြည့်တွေက ပြတ်သားတယ်… ၊ ဒီလူ ဘာကြံစည်နေတာလဲ…"
ယနေ့ အခြေအနေက အရင်ကနှင့်မတူဘဲ လုံး၀ ကွဲပြားခြားနားလေသည်။
ကျန်းလန်က တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံကြည့်လိုက်သည်။
"မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်…"
ထိုသူက သူ့အနောက်သို့ ရောက်နေပြီ ဖြစ်သည်။
ကျန်းလန် ဘာမှမဖြစ်သလို ဆက်ပြီး ဟန်ဆေင်မနေနိုင်တော့ပေ။
ကျန်းလန် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
တွေ့မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကျန်းလန် မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုသူက… မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်၏။
သူမက ဆံပင်လေးများကို ခပ်မြင့်မြင့်စည်းနှောင်ထားပြီး အပြာရောင်နှင့် အဖြူရောင်ပေါင်းစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
လှပသည့်မျက်လုံးဝိုင်းကြီးများဖြင့် အလွန်မှ ချစ်စရာကောင်းလှသည်။
ကျန်းလန်က သူမကို လှည့်ကြည့်လာသည့်အခါ ကလေးမလေး စိတ်ရှုတ်ထွေးသွားဟန် ရှိသည်။
သို့သော်… သူမက ရှက်ကြောက်သွားခြင်းမျိုး မရှိပေ။
ကျန်းလန်က…
"ဘာကိစ္စများရှိလို့လဲ ညီမလေး…"
ကျန်းလန် ဤမိန်းကလေးငယ်လေးကို တစ်ခါမှ မတွေ့မြင်ဖူးပေ။
ထို့ပြင်… သူ့ကို စောင့်ကြည့်နေသူမှာ ဤမိန်းကလေးငယ်လေး ဖြစ်နေမည်ဟု ကျန်းလန် ထင်မှတ်မထားခဲ့မိပေ။
မိန်းကလေးငယ်လေး၏ ခြေရာခံနိုင်စွမ်းကလည်း အလွန်အဆင့်မြင့်လေသည်။ ထို့ကြောင့်… ကျန်းလန်က သတိထားနေဆဲ ဖြစ်သည်။
မိန်းကလေးငယ်လေးဆိုသော်ငြား ရန်သူက ရုပ်ဖျက်ထားခြင်းလည်း ဖြစ်နိုင်လေသည်။
သို့သော်… ယနေ့တော့ ဤမိန်းကလေးငယ်လေးက သူ့နောက်ကို ပွင့်ပွင့်လင်းလင်း လိုက်လာခြင်းဖြစ်လေသည်။
ထို့ကြောင့်လည်း… သူက အရင်ဆုံး စကားစပြောလိုက်ခြင်း ဖြစ်၏။
မိန်းကလေးငယ်လေးက ချက်ချင်းပင် တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားပြီး…
"ရှင်က နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးလား…"
"……………"
ဂိုဏ်းတူမောင်လေး… တဲ့။
ဤသို့ဆိုလျှင် ဤမိန်းကလေးငယ်လေးက ခွန်လွန်တောင်ကို သူ့ထက်အရင် စောပြီးရောက်နေသည့် ဂိုဏ်းတူအစ်မတစ်ယောက် ဖြစ်ရပေမည်။
"ဟုတ်ပါတယ်… ဒီက ဂိုဏ်းတူအစ်မက ဘယ်သူများလဲ…"
ထိုမိန်းကလေးငယ် မည်သူဖြစ်သည်ကို ကျန်းလန် မသိရှိပေ။
ထို့ပြင်… သူ့ထက် ခွန်လွန်တောင်ကို အချိန်စောပြီး ရောက်နေသည့် ဂိုဏ်းတူအစ်မတစ်ယောက်က ကလေးငယ်တစ်ယောက် ပုံစံဖြစ်နေသည်ကိုလည်း ကျန်းလန် အံ့အားသင့်ခြင်း မဖြစ်မိပေ။
ပျက်သုန်းနေသည့် တစ်စပြင်လောကကြီးက အံ့သြစရာကိစ္စရပ်များဖြင့် ပြည့်နက်နေလေ၏။
အချို့သူများဆိုလျှင်တဖြည်းဖြည်း ပိုမိုငယ်ရွယ်သွားသည့်ကျင့်စဉ်မျိုးကို ကျင့်ကြံထားတတ်ကြသည်။
အချို့ကတော့ နတ်ဘုရားစွမ်းအားများကို အသုံးပြုပြီး ငယ်ရွယ်သည့်ဟန် ပြုလုပ်ထားကြသည်။
ထို့ပြင်… လူသားမဟုတ်သည့် ထူးခြားသည့်မျိုးနွယ်မှ ကျင့်ကြံသူများဆိုလျှင်လည်း အသက်အရွယ် ငယ်ရွယ်သည့်ပုံစံမျိုး ဖြစ်နေနိုင်သေးသည်။
ဂိုဏ်းတူအစ်မကိုအသာထား… ဆရာဘွားဘွားသည်ပင်လျှင် ကလေးမလေးတစ်ယောက်ဖြစ်နေပါက မထူးဆန်းလှပေ။
"ကျွန်မက တတိယတောင်ထွတ်က တပည့်တစ်ယောက်ပါ…"
မိန်းကလေးငယ်လေးက စကားဆက်မပြောခင် ခေတ္တရပ်တန့်လိုက်သည်။
"ဆရာနဲ့ တခြားသူတွေက ကျွန်မကို ရှောင်ယွိလို့ ခေါ်ကြတယ်…"
ထို့နောက်… သူမက ကျန်းလန် ယုံကြည်စေရန်အတွက် တတိယတောင်ထွတ်မှ ကိုယ်ပိုင်တံဆိပ်ကျောက်စိမ်းပြားကို ထုတ်ပြလိုက်သည်။
သူမက အမှန်တကယ်ပင် တတိယတောင်ထွတ်မှ တပည့်တစ်ယောက် ဖြစ်၏။
ကျန်းလန်က…
"ဒါဖြင့်… ဂိုဏ်းတူအစ်မက ကျွန်တော့်ကို ဘာလို့ ရှာနေတာလဲ…"
တတိယတောင်ထွတ်…
တတိယတောင်ထွတ်နှင့် သူက မည်သည့်ရန်ငြိုးမှ မရှိသည်ကတော့ သေချာလေသည်။
တတိယတောင်ထွတ်မှမဟုတ်… ခွန်လွန်တောင်တစ်ခုလုံးတွင် သူနှင့် ရန်ငြိုးရှိသူ တစ်ယောက်မှ မရှိပေ။
သူက အခြားတပည့်များနှင့်လည်း ပတ်သက်ဆက်နွယ်လေ့ရှိသူမှ မဟုတ်ပေပဲ…။
အကြောင်းမရှိဘဲ တမင်သက်သက် ဒုက္ခပေးမည်ဆိုလျှင်တော့ မပြောတတ်ပေ။ သူ၏ ကျင့်ကြံခြင်းအဆင့် တက်ရောက်ခြင်းက မြန်ဆန်သည့်အတွက် မနာလိုသူများလည်း ရှိချင်ရှိပေလိမ့်မည်။
သို့သော်… တတိယတောင်ထွတ်တွင် သူလျှိုများရှိနေလျှင်တော့ မပြောတတ်ပေ။
အရင်ကလည်း… သူလျှိုများရှိခဲ့သည်ကို ကျန်းလန် ကြုံတွေ့ခဲ့ဖူးသည် မဟုတ်ပါလား။
သူပင်လျှင် မှော်ရုံနယ်မြေထဲတွင် ထို သူလျှိုများကို သတ်ဖြတ်ခဲ့သေးသည်ပဲ…။ ထိုကိစ္စကိုများ ရန်ငြိုးထားလေသလား မပြောတတ်ပေ။
သို့သော်… ထိုစဉ်က သူလျှိုများက သူ့ကို ဒုက္ခပေးရန် ကြံစည်သည့်အတွက် သူက သတ်ဖြတ်လိုက်ရခြင်း ဖြစ်သည်။
ရှောင်ယွိက…
"အခု ဂိုဏ်းတူမောင်လေးက ဘယ်ကိုသွားမလို့လဲ…"
ကျန်းလန်က…
"ဒီလိုပဲ ဟိုဟိုဒီဒီ လျှောက်သွားနေတာပါ…"
တစ်ဖက်လူ၏ လှုပ်ရှားမှုကို နားမလည်သေးသရွေ့ သူ့အကြောင်း အများကြီးပြောပြရန် မလိုအပ်ပေ။
ယခင်အချိန်များက သူ့ကို စောင့်ကြည့်နေသူမှာ မည်သူဖြစ်ကြောင်း ကျန်းလန် ယခုအချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
သို့သော်… ယနေ့ သူ့ရှေ့တွင်ပေါ်လာသည့် မိန်းကလေးငယ်လေးကတော့ တစ်ချိန်လုံး သူ့ကိုစောင့်ကြည့်နေသူ ဖြစ်နိုင်ရန် နီးစပ်လေသည်။