စုပ်ယူခြင်း
Vol. 58 Ch. 857
သုံးရက်တာ အချိန်ကာလက တခဏအတွင်း ကုန်ဆုံးသွားခဲ့၏။
ဆူဇီမိုနှင့် အခြားမိစ္ဆာသားရဲ ၉ယောက်သည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာပြီး သွေးပင်လယ်၏ဘေးမှာ မတ်တတ်ရပ်လိုက်ကြ၏။
တကယ်ပဲ သွေးပင်လယ်ကနေ ဖြာထွက်လာသော အလွန်တရာသန့်စင်သည့် စွမ်းအင်စီးကြောင်းများ ရှိနေလေသည်။ သူတို့က သွေးနီရောင် စေးပျစ်ပျစ်နှင့် ပြင်းထန်သည့် သွေးရနံ့ကို ထုတ်ပေးနေလေသည်။
“သွေးပင်လယ်ထဲမှာ သတ်ဖြတ်ခြင်းနဲ့ တိုက်ခိုက်ခြင်းကို တားမြစ်ထားတယ်”
ငွေလတောင်ကြား၏ အရှင်သခင်က စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် ကျယ်လောင်စွာ ပြောလိုက်၏။
“နှစ်တစ်ထောင် သွေးပင်လယ်အတွင်းမှာ စုစည်းထားတဲ့ စွမ်းအင်က အကန့်အသတ်တစ်ခု ရှိတယ်.. မင်းတို့တွေက အဲဒါကို ဘယ်လောက်များများ စုပ်ယူနိုင်မလဲ ဆိုတာကတော့ မင်းတို့တစ်ယောက်ချင်းစီရဲ့ အစွမ်းအစပေါ်မှာ မူတည်လိမ့်မယ်… ကဲ.. သွားပြီးတော့ ကျင့်ကြံကြ”
ထိုသို့ သူပြောပြီးသည့်ခဏမှာပင် မိစ္ဆာသားရဲတစ်ယောက်က စိတ်မရှည်နိုင်တော့ဘဲ လေထဲသို့ ခုန်တက်ကာ သွေးပင်လယ်ထဲသို့ ထိုးဆင်းသွားလေသည်။
ထိုမိစ္ဆာသားရဲသည် သွေးပင်လယ်ထဲသို့ ထိုးဆင်းသွားပြီး ဗွမ်းခနဲ မြည်သံတစ်ခုနှင့်အတူ ပျောက်ကွယ်သွားခဲ့လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် ဆူဇီမိုကို မျက်စောင်းထိုးပြီး အေးစက်စွာဖြင့် သရော်ပြုံးလိုက်၏။ ဖျတ်ခနဲဆို သူကလည်း သွေးပင်လယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ဗွမ်း.. ဗွမ်း..
တခဏအတွင်းမှာပင်.. သူတို့ ၁၀ယောက်စလုံးက သွေးပင်လယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့လေပြီ။
သွေးပင်လယ်က သူ၏ကိုယ်ပိုင်လောကတစ်ခု ရှိပုံရပြီး အပြင်လောကနှင့် ပိုင်းခြားထားလေသည်။
အရှင်သခင်တစ်ပါး၏ စိတ်ဝိညာဉ်အသိစိတ်ကတောင် သွေးပင်လယ်၏ အကာအရံအလွှာကို ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ။
အဲဒါကြောင့် သွေးပင်လယ်ထဲတွင် ဖြစ်ပွားမည့်အရာများကို အပြင်လူများက မသိနိုင်ကြပေ။ သူတို့က ခန့်မှန်းရုံသာ တတ်နိုင်ကြလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်နှင့် ငွေလတောင်ကြား၏ အရှင်သခင်များက အကြည့်ချင်းဖလှယ်ပြီး ခေါင်းညိတ်လိုက်ကြ၏။
သူတို့သည် ဤတစ်ကြိမ်တွင် သေချာကြိုတင်ပြင်ဆင်ထားခဲ့ပြီး အရာအားလုံးက သူတို့၏ အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ ဖြစ်ရပေလိမ့်မည်။
သွေးပင်လယ်အတွင်းသို့ ဝင်ရောက်လာသည့်ခဏမှာပင်.. ဆူဇီမိုသည် သူ၏ဘေးပတ်လည်မှ အလွန်တရာ သန့်စင်သော စွမ်းအင်စက်ဝန်းတစ်ခုကို ခံစားမိလိုက်၏။ အဲဒါက အလွန်တရာ ကြွယ်ဝလေသည်။
သူက တိတ်တဆိတ် ကျေနပ်နှစ်ခြိုက်သွားခဲ့၏။
ဤခရီးစဉ်မှာ တိုက်ခိုက်မှုများအပြီး၌ သူသည် အဆင့်ချိုးဖျက်တက်လှမ်းတော့မည့် အခွင့်အရေးတစ်ခုကို အာရုံခံမိခဲ့ပြီး ဖြစ်လေသည်။
ဤကြွယ်ဝသော စွမ်းအင်များ၏ ထောက်ပံ့မှုနှင့်ဆိုလျှင် သူသည် သွေးပင်လယ်အတွင်းမှာ မမျှော်မှန်းနိုင်သော အကျိုးအမြတ်များကို သေချာပေါက် ရရှိပေလိမ့်မည်။
အပြင်လူများသည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို အသုံးပြု၍ သွေးပင်လယ်ထဲသို့ ထောက်လှမ်းသိရှိနိုင်ခြင်း မရှိသော်လည်း.. သွေးပင်လယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် စိတ်ဝိညာဉ်အသိစိတ်ဖြင့် သူတို့အချင်းချင်း ထောက်လှမ်းစစ်ဆေးခြင်းက ပြဿနာတစ်ခု မဟုတ်တော့ပေ။
ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီး သိပ်မကြာမီ အခြားသော မိစ္ဆာသားရဲ ၉ယောက်ကို တွေ့မြင်သွားလေသည်။
သူတို့ထဲတွင် ဟင်္သပြဒါး တိမ်လွှာတောင်ကြားမှ မိစ္ဆာသားရဲ ၂ယောက်က အတူတကွ ရပ်နေကြ၏။
သူနှင့် ရွှေရောင်မီးတောက်တောင်တန်းမှ မိစ္ဆာသားရဲကတော့ ကိုယ်ပိုင်နေရာတစ်ခုစီမှာ ရပ်နေကြလေသည်။
သို့သော်လည်း.. ငွေလတောင်ကြား၊ ဈာန်ပျံဆိတ်တောင်ထွတ်၊ မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါ မြူခိုးရွှံ့ညွန်မှ မိစ္ဆာသားရဲ ၆ယောက်က အတူတကွ စုစည်းနေကြပြီး သွေးပင်လယ်၏ အလယ်မှာ ရပ်နေကြလေသည်။
ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဉ်းလိုက်ပြီး သူတို့ ၆ယောက် စုဖွဲ့နေသည်ကို မြင်သောအခါ သူ၏အကြည့်က တဖျပ်ဖျပ်လက်သွား၏။
သူက ဤခရီးစဉ်သို့ လိုက်ပါလာရသည့် ရည်ရွယ်ချက်မှာ သူ၏ ကျင့်ကြံမှုအဆင့်ကို ချိုးဖျက်တက်လှမ်းဖို့ ဖြစ်လေသည်။
သူတို့ ၆ယောက်က သူ့ကို ပြဿနာ လာမရှာဘူးဆိုလျှင် သူကလည်း သူတို့ကို တမင်သွား၍ ရန်စနေမှာ မဟုတ်ပေ။
သို့သော်လည်း.. သူတို့က သူတို့အတွက် ဘာကကောင်းလဲဆိုတာကို မသိဘူးဆိုလျှင်တော့…။
ဆူဇီမို၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က ခဏမျှ တဖျပ်ဖျပ်လက်သွား၏။
ရွှစ်
ဆူဇီမိုသည် သူ၏သွေးချီကို လှည့်ပတ်ပြီး သွေးပင်လယ်မှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူလိုက်၏။
စွမ်းအင်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်ထဲသို့ တစ်ခုပြီးတစ်ခု တိုးဝင်လာပြီး သူ၏သွေးကြောများနှင့် ခြေလက်များဆီသို့ စီးဆင်းသွားကာ သူ့ခန္ဓာကိုယ်အတွင်းရှိ အကြောအမျှင်တစ်ခုချင်းစီသို့ ဝင်ရောက်သွားလေသည်။
စွမ်းအင်စီးကြောင်းများသည် သူ၏အသိစိတ်ထဲသို့ ဝင်ရောက်လာပြီး သွေးနီရောင် ယင်စိတ်ဝိညာဉ်၊ အနက်ရောင် အမြုတေစိတ်ဝိညာဉ်တို့နှင့်အတူ အတူတကွ ပေါင်းစည်းသွားလေသည်။
သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်၏ ကိုယ်ပေါ်တွင် ကြေးခွံများက ကြီးထွားလာပြီး သူက အပေါ်သို့မော့၍ ဟိန်းဟောက်ကာ အလွန်ကြီးမားသော စုပ်ယူအားတစ်ခုကို ထုတ်ဖော်လိုက်၏။
အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်၏ မျက်လုံးများသည် ခရမ်းရောင်မိုးကြိုးလျှပ်စီးဖြင့် တဖျပ်ဖျပ်လက်သွားပြီး သူ၏ဘေးပတ်လည်မှာရှိသော စွမ်းအင်များကို အဆက်မပြတ် စုပ်ယူလိုက်လေသည်။ သူ၏ဘေးတွင် ဂါထာမန္တာန် ရွတ်ဖတ်သံများက မြည်လာသကဲ့သို့ ထင်ရလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာသည် ဖြည်းဖြည်းချင်း လည်ပတ်လာပြီး အလွှာ ၄လွှာမှ ပွင့်ချပ် ၃၆ခုက ဖူးပွင့်လာကြ၏။ သူတို့ထံမှ မှုန်ရီဝေဝါးသော ကစဉ့်ကလျား ချီစီးကြောင်းများက ဖြာထွက်လာလေသည်။
သူ၏ စိတ်ဝိညာဉ်အသိစိတ်ထဲသို့ ဝင်ရောက်လာသော စွမ်းအင်စီးကြောင်းများကို အမြုတေစိတ်ဝိညာဉ်နှစ်ခုနှင့် ဖန်တီးခြင်းကြာပဒုမ္မာက စုပ်ယူလိုက်၏။
ဖန်တီးခြင်းကြာပဒုမ္မာနှင့် အမြုတေစိတ်ဝိညာဉ် ၂ခုနှင့်အတူ ဆူဇီမို၏ ဦးခေါင်းထက်တွင် ဝဲကတော့တစ်ခုက ပေါ်လာပြီး စတင်၍ အဆက်မပြတ် လည်ပတ်လာလေသည်။
သူတို့က သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် ဆူဇီမို၏ လက်ကောက်ဝတ်မှလည်း သိသာထင်ရှားသော စွမ်းအားတစ်ခုက ဖြာထွက်လာကာ သွေးပင်လယ်မှာရှိသော စွမ်းအင်များကို စုပ်ယူနေကြောင်း တွေ့ရပေမည်။
ရွှေရောင်မီးတောက်တောင်တန်းနှင့် ဟင်္သပြဒါး တိမ်လွှာတောင်ကြားမှ မိစ္ဆာသားရဲများသည် အားကျငေးမောစွာဖြင့် လှမ်းကြည့်လိုက်ကြ၏။
သွေးပင်လယ်အတွင်းမှာရှိသော စွမ်းအင်က အကန့်အသတ်တစ်ခု ရှိလေသည်။
ပို၍စုပ်ယူနိုင်သော မည်သူမဆို ပို၍ အကျိုးအမြတ် ကြီးမားပေလိမ့်မည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေး၊ ငွေရောင်ဝတ်လူနှင့် အခြားသော ၄ယောက်သည် ထိုသည်ကို မြင်သောအခါ အေးစက်ခက်ထန်စွာဖြင့် လှမ်းကြည့်လိုက်ကြ၏။
သူတို့ ၆ယောက်သည် အကြည့်ချင်း ဖလှယ်ပြီးနောက် ခေါင်းညိတ်လိုက်ကြလေသည်။
ငွေရောင်ဝတ်လူက သွေးရောင်ပုတီးစေ့တစ်ခုကို သူ၏ သိုလှောင်အိတ်ထဲကနေ ဂရုတစိုက် ထုတ်ယူလိုက်ပြီး အဲဒါက လူဦးခေါင်း၏ အရွယ်အစားလောက် ရှိလေသည်။
အဲဒါက တာအိုဓမ္မအရှင် လက်နက်၊ သွေးခဲပုတီး ဖြစ်လေသည်။
သွေးခဲပုတီးကို ထုတ်ယူလိုက်သည့် ခဏမှာပင်.. သွေးပင်လယ်အတွင်းမှာရှိသော စွမ်းအင်များသည် ကြီးမားသည့် စုပ်ယူစွမ်းအားတစ်ခုကနေ ဆွဲယူခြင်း ခံလိုက်ရသည့်အလား ၎င်းသွေးခဲပုတီးဆီသို့ တိုးဝင်သွားကြလေသည်။
မိစ္ဆာသားရဲ ၆ယောက်က ကျေနပ်နှစ်ခြိုက်သွားကြ၏။
သူတို့က သွေးခဲပုတီးကို မသန့်စင်ရသေးခင်မှာပင် အဲဒါက ဤကဲ့သို့ တုံ့ပြန်မှု ရှိလာခဲ့လေသည်။
သူတို့ ၆ယောက်က အတူတကွ ပူးပေါင်း၍ အဲဒါကို သန့်စင်ပြီးပြီဆိုလျှင် သွေးပင်လယ်မှာရှိသော စွမ်းအင်အကုန်လုံးနီးပါးကို သူတို့က ပိုင်ဆိုင်နိုင်ကြမည် မဟုတ်ပါလား။
တွေဝေခြင်းမရှိဘဲ မိစ္ဆာသားရဲ ၆ယောက်၏ နဖူးများက တောက်ပသွားကြပြီး စိတ်ဝိညာဉ်အသိစိတ်များသည် သွေးခဲပုတီးအတွင်းသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားကြ၏။
ဇီ..
သွေးရောင် ဓမ္မအင်းကွက် ၄ခုက သွေးခဲပုတီးပေါ်တွင် တောက်ပလာခဲ့၏။
အဲဒါက ထိပ်တန်းအဆင့် တာအိုအရှင်ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။
စွမ်းအင်စီးကြောင်းများသည် သွေးခဲပုတီးဆီသို့ မျက်စိဖြင့်မြင်နိုင်သော နှုန်းထားဖြင့် တိုးဝင်လာကြပြီးနောက်.. ထိုမှတဆင့် မိစ္ဆာသားရဲ ၆ယောက်၏ ခန္ဓာကိုယ်များထဲသို့ အရူးအမူး တိုးဝင်သွားကြလေသည်။
“ဟိုမှာ.. အားကြီးတဲ့ စုပ်ယူအားကို ကြည့်လိုက်စမ်း.. အဲဒါက အရမ်းသန်မာလွန်းလို့ ဝဲကတော့တစ်ခုတောင် ဖြစ်ပေါ်လာပြီ”
သွေးပင်လယ်ဘေးရှိ မြေပြင်ပေါ်တွင် မိစ္ဆာသားရဲတစ်ယောက်က သွေးပင်လယ်၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာသော ဝဲကတော့တစ်ခုကို လက်ညိုးထိုးပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
“ကြည့်စမ်း.. ဟိုဘက်ကိုလည်း ကြည့်လိုက်ဦး”
မိစ္ဆာသားရဲများ၏ အကြည့်က ရွေ့လျားသွားကြ၏။ သွေးပင်လယ်၏ အလယ်တွင် ပိုမိုကြီးမားသော ဝဲကတော့တစ်ခုက ဖြစ်ပေါ်လာပြန်လေသည်။
ငွေလတောင်ကြားနှင့် ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်များသည် ညင်သာစွာ ပြုံး၍ သူတို့၏ မျက်လုံးများထဲရှိ အူမြူးအားရမှုကို ဖုံးကွယ်မထားနိုင်ကြပေ။
“မင်းတို့တွေ ဘာတွေ လုပ်ထားကြတာလဲ”
ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က မချုပ်တည်းနိုင်တော့ဘဲ မတ်တတ်ထရပ်လာပြီး ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။
“သူတို့က ဘယ်လိုလုပ်ပြီး အဲ့လောက်ကြီးမားတဲ့ ဝဲဂယက်ကို ဖန်တီးနိုင်မှာလဲ”
“အဲဒါတော့ ငါလည်း မပြောတတ်ဘူး.. အခုနောက်ပိုင်းမှာ အဲဒီဂျူနီယာတွေက သူတို့အိတ်ကပ်ထဲမှာ ဝှက်ဖဲတချို့ ရှိတတ်ကြတာ ပုံမှန်ပါပဲ”
ငွေလတောင်ကြား၏ အရှင်သခင်က ထူးမခြားနားပုံစံဖြင့် ပြန်ပြောလိုက်၏။
ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က ခက်ထန်တင်းမာစွာဖြင့် စိုက်ကြည့်လိုက်၏။
“သူတို့က အဲဒီလို အရှက်မရှိ စုပ်ယူတဲ့နည်းလမ်းတစ်ခုကို သုံးပြီး မောင်ပိုင်စီးနေမယ်ဆိုရင်.. တခြားကျန်တဲ့ မိစ္ဆာသားရဲတွေက သွေးပင်လယ်က စွမ်းအားတွေကို ဘယ်လိုစုပ်ယူနိုင်တော့မှာလဲ”
“သူတို့က တခြားသူတွေကို အပြစ်တင်လို့ မရဘူး.. ငါပြောခဲ့ပြီးပြီလေ.. အဲဒါက သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲ မူတည်တယ်”
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က လှောင်ရယ်လိုက်၏။
“သွေးပင်လယ်ထဲမှာ စွမ်းအားက အကန့်အသတ်ရှိတယ်.. ရွှေရောင်မီးတောက်တောင်တန်းက မင်းရဲ့နွားပေါက်လေးတွေက အဲဒါကို ရယူနိုင်မယ်ဆို.. သူတို့ကလည်း တူညီတဲ့ ဝဲဂယက်တစ်ခုကို ဖန်တီးနိုင်တာပဲ”
ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က ဒေါသဖြင့် အံကိုကြိတ်ထားပြီး ဘာမှမပြောနိုင်တော့ပေ။
သွေးပင်လယ်အတွင်းတွင်..
ဆူဇီမိုသည် အခြားတစ်ဘက်ခြမ်းမှာရှိသော လှုပ်ရှားမှုကို အာရုံခံမိသောအခါ မျက်မှောင်ကြုတ်လိုက်၏။ ထိုမိစ္ဆာသားရဲ ၆ယောက်က ဓမ္မလက်နက်တစ်ခုကို သန့်စင်ထားပြီး အဲဒါက တာအိုအရှင်ဓမ္မလက်နက်တစ်ခု ဖြစ်သည်ဆိုသည်မှာ သူပြောနိုင်လေသည်။
သူ၏ ဘေးပတ်လည်မှာရှိသော စွမ်းအင်များပင်လျှင် ထိုတာအိုအရှင်ဓမ္မလက်နက်ကနေ ဖန်တီးလိုက်သော စွမ်းအားကြီးသော ဝဲကတော့ဆီသို့ အတင်းအကျပ် ဆွဲယူသွားခြင်း ခံနေရလေသည်။
“သူတို့က အဲဒါကို လုပ်ဖို့အတွက် တာအိုအရှင်ဓမ္မလက်နက်တစ်ခုကိုတောင် ယူလာနိုင်ခဲ့တယ်ဆိုတော့ တော်တော်လေး အသုံးအဖြုန်းကြီးတာပဲ”
ဆူဇီမိုက သူ့ဘာသာသူ စိတ်ထဲကနေ ရေရွတ်လိုက်၏။
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက လှောင်ပြောင်သရော်လိုသော အကြည့်နှင့်အတူ ဆူဇီမိုကို အူမြူးစွာဖြင့် စိုက်ကြည့်လိုက်၏။
သူက ပြောလိုက်လေသည်။
“မို.. မင်းက ကျင့်ကြံချင်တယ်ဆိုရင် ငါတို့ဆီကိုလာပြီး အသနားခံလိုက်.. မင်းက စိတ်ရင်းမှန်တယ်လို့ ငါတို့က ထင်မိမယ်ဆိုရင် အဲဒါကို သဘောတူချင် တူပေလိမ့်မယ်”
“ဟားဟားဟားဟား”
အခြားသော ၅ယောက်ကလည်း အော်ဟစ်ရယ်မောလိုက်ကြ၏။
ဆူဇီမို၏အကြည့်က အေးစက်လာလေသည်။
ယခုအချိန်တွင် သူသည် နိုးထဝိညာဉ် အလယ်အလတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။ သူက အဆင့်ချိုးဖျက် တက်လှမ်းတော့မည့်စဲစဲမှာ ရှိလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးနှင့် အခြား ၅ယောက်က သူတို့၏ စုပ်ယူခြင်းနည်းလမ်းဖြင့် ဆက်လက်ဆွဲယူနေမည်ဆိုလျှင် သူက အဲဒါကို ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။
ဖန်တီးခြင်းကြာပဒုမ္မာကလည်း အဆင့် ၅သို့ တိုးတက်နိုင်စရာ အကြောင်းမရှိတော့ပေ။
“မင်းတို့တွေက မသမာတဲ့နည်းလမ်းကို စပြီးသုံးလာမှာတော့ ငါ့ကို အပြစ်မတင်နဲ့တော့”
ဆူဇီမို၏မျက်လုံးသည် သွေးကြောများနှင့်အတူ မကောင်းဆိုးရွားဆန်ဆန် လင်းလက်လာလေသည်။
“စုပ်ယူစမ်း”
ဆူဇီမိုသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို လှည့်ပတ်ပြီး အပေါ်သို့မော့၍ ဟိန်းဟောက်လိုက်၏။ သူ၏ခန္ဓာကိုယ်က မဟူရာတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရပြီး သွေးပင်လယ်မှာရှိသော စွမ်းအင်များက သူ့ဆီသို့ အဆက်မပြတ် တိုးဝင်လာလေသည်။
မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်သည် မျိုးဆက်သွေးကို ပစ်မှတ်ထားသော ကြောက်စရာကောင်းသည့် မိစ္ဆာနည်းစနစ်တစ်ခု ဖြစ်လေသည်။
ထိုသွေးခဲပုတီးသည် တာအိုအရှင်ဓမ္မလက်နက်တစ်ခု ဖြစ်သော်လည်း အဲဒါက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်လောက် စွမ်းအားမကြီးနိုင်ပေ။
ချက်ချင်းပင် ပိုမိုကြီးမား၍ ပိုမိုကြောက်စရာကောင်းသော ဝဲကတော့တစ်ခုက ဆူဇီမို၏ဘေးပတ်လည်မှာ ပေါ်လာပြီး သွေးပင်လယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။