← Chapters

ဖန်းတီးခြင်းကြာပဒုမ္မာ၏ စွမ်းအား

Vol. 58 Ch. 859

ဖန်းတီးခြင်းကြာပဒုမ္မာ၏ စွမ်းအား

Vol. 58 Ch. 859

မြေပြန့်လွင်ပြင်ပေါ်တွင်..

သားရဲများသည် သွေးပင်လယ်၏ အလယ်ရှိ ကြောက်စရာကောင်းပြီး ကြီးမားသည့် ဝဲကတော့ကို မမှိတ်မသုန် စိုက်ကြည့်နေကြ၏။

သို့သော်လည်း သိပ်မကြာမီ ဝဲကတော့က ပျက်ပြယ်သွားပြီး ပင်လယ်ရေမျက်နှာပြင်က နောက်တဖန် တည်ငြိမ်မှုကို ပြန်လည်ရရှိသွား၏။

“ဘာတွေဖြစ်နေတာလဲ”

“အဲဒီအောက်မှာ ဘာတွေများ ဖြစ်နေကြတာပါလိမ့်”

သွေးပင်လယ်က အပေါ်ယံတွင် တည်ငြိမ်သွားသည်ဟု ထင်ရသော်လည်း ၎င်း၏ အောက်ခြေတွင် သေချာပေါက် ဗြောင်းဆန်နေမည်ဖြစ်ကြောင်း မိစ္ဆာသားရဲများ အားလုံးက သိထားကြလေသည်။

ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က ဒီတိုင်းထိုင်မနေနိုင်တော့ပေ။

သူက ဘေးဘက်ရှိ ငွေလတောင်ကြား၏ အရှင်သခင်ကို မကြာမကြာ လှမ်းကြည့်နေ၏။

မျောက်ဝံအိုကြီးက ခါတိုင်းလိုပင် ပြုမူနေလေသည်။ သူက တရားရှုမှတ်နေသော ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ သူ၏ကုလားထိုင်ပေါ်မှာ မှီထိုင်နေလေသည်။

“အစ်ကို.. ခင်ဗျားက လုံးဝစိတ်မပူဘူးလား.. မျောက်ဝံမြူးထူးတောင်ရိုးက အဲဒီလူငယ်လေးက မမျှော်မှန်းနိုင်လောက်အောင် ကြီးမားတဲ့ ပါရမီအလားအလာတစ်ခု ရှိတယ်.. သူတို့အုပ်စုက သူ့ကို ချောင်းမြောင်းလုပ်ကြံတိုက်ခိုက်မှာ ခင်ဗျား မစိုးရိမ်ဘူးလား”

ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က မနေနိုင်ဘဲ ထပ်ပြောလိုက်လေသည်။

“ခင်ဗျားကို ကျုပ်ပြောပြမယ်.. ဈာန်ပျံဆိတ်တောင်ထွတ်ဘက်က အဲဒီကောင်တွေက သူတို့ရဲ့ ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားရင် ဘာမဆို လုပ်လာနိုင်တယ်နော်”

မျောက်ဝံအိုကြီးက သူ့မျက်လုံးကို ဖွင့်ပြီး ထူးမခြားနားပုံစံဖြင့် ပြန်ပြောလိုက်၏။

“စိတ်ပူပန်နေတော့ရော ဘာထူးမှာလဲ.. ဒါပေမဲ့လို့ မျောက်ဝံမြူးထူးတောင်ရိုးက ငါ့ရဲ့ကောင်လေးကို ငါက တကယ်လည်း သိပ်ပြီးစိုးရိမ်မနေပါဘူး”

“ခင်ဗျားက အဲ့လောက်တောင် ယုံကြည်မှုရှိတာလား”

ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က မျက်ခုံးပင့်လိုက်၏။

“သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကိုလည်း မမေ့လိုက်နဲ့.. သူတို့က အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တွေကို သုံးပြီး တိုက်ခိုက်လာမယ်ဆိုရင် သူက ဘယ်လိုရင်ဆိုင်နိုင်မှာလဲ”

မျောက်ဝံအိုကြီးက ခေါင်းခါလိုက်၏။

“သူက အဲဒီတိုက်ပွဲမှာ တခြားသူတွေကို အနိုင်ယူနိုင်မလား မယူနိုင်ဘူးလားတော့ ငါမသိဘူး.. ဒါပေမဲ့လို့ သူက အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့လာရင် အနည်းဆုံး သူ့ကိုယ်သူ လွတ်မြောက်အောင် ထွက်ပြေးနိုင်တယ်ဆိုတာတော့ ငါသေချာတယ်”

အခြားတစ်ဖက်တွင်..

ဈာန်ပျံဆိတ်တောင်ထွတ်၊ ငွေလတောင်ကြား၊ မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါမြူခိုးရွှံ့ညွန်မှ အရှင်သခင်များသည် အကြည့်ချင်းဖလှယ်ပြီး ခေါင်းညိတ်လိုက်ကြ၏။

သူတို့သည် သွေးပင်လယ်အတွင်းတွင် ဖြစ်ပျက်နေသည့်အရာများကို မမြင်နိုင်သော်လည်း အဲဒါက ခန့်မှန်းကြည့်ဖို့ လွယ်ကူလေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးနှင့် အခြားသူများက သူတို့၏လှုပ်ရှားမှုကို ပြုလုပ်နေကြပုံ ရလေသည်။

သူတို့က တိုက်ခိုက်နေစဉ်အတွင်း.. သွေးခဲပုတီး၏ စုပ်ယူအားကို ဆက်လက်၍ အသုံးမပြုနိုင်တော့သည့်အတွက် ဝဲကတော့က ပျက်ပြယ်သွားသည်မှာ ယုတ္တိတန်လေသည်။

တကယ်တော့ သူတို့၏ ခန့်မှန်းချက်က အမှန်တရားနှင့် သိပ်မကွာပေ။

တကယ်တမ်းမှာလည်း နှစ်ဖက်စလုံးက သွေးပင်လယ်အတွင်းမှာ တိုက်ခိုက်ဖလှယ်နေကြလေသည်။

သို့သော်လည်း.. တကယ်တမ်းအခြေအနေက အရှင်သခင် ၄ယောက် ခန့်မှန်းထားသည်နှင့် အနည်းငယ်ကွာဟမှု ရှိလေသည်။

အဲဒီ အနည်းငယ်ကွာဟမှုကပင် အရှင်သခင် ၄ယောက် တွေးထင်ထားသည့် နောက်ဆုံးရလဒ်နှင့် တက်တက်စင်အောင် လွဲသွားခဲ့လေသည်။

သွေးပင်လယ်အတွင်းတွင်..

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ၆ခု၏ တိုက်ခိုက်မှုကို များစွာသော ဝှက်ဖဲများနှင့် ဆူဇီမို၏ ခုခံခြင်းဖြစ်စဉ်သည် ပြောရသည်မှာ တိုတောင်းသော်လည်း.. အရာရာတိုင်းက တခဏအတွင်းမှာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။

ဆူဇီမိုက သူ့မျက်လုံးကို ဖွင့်လိုက်သည့်ခဏမှာပင် ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးနှင့် အခြား ၅ယောက်က တစ်စုံတစ်ရာ လွဲမှားနေသည်ကို သတိထားမိသွားကြ၏။

“အရင်တုန်းက မင်း ငါ့ကို ရန်လာစတုန်းက.. ငါက မင်းအသက်ကို ချမ်းသာပေးခဲ့တယ်”

ဆူဇီမို၏အသံက ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၏ နားထဲတွင် ထွက်ပေါ်လာလေသည်။

“ဒီနေ့တဖန်ထပ်ပြီး မင်းက ငါ့ကို ရန်လာစရဲမှတော့ မင်းက အရင်ဆုံး သေရလိမ့်မယ်”

ရွှစ်

အနက်ရောင်အရိပ်တစ်ခုသည် မွန်းကျပ်ဖွယ်ရာ ရေစီးကြောင်းတစ်ခုနှင့်အတူ ရှေ့သို့ခုန်ဝင်လာပြီး ချက်ချင်းဆိုသလို ရောက်ရှိလာလေသည်။

အဲဒါက အရမ်းမြန်ဆန်လွန်းလှ၏။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်ဖြစ်ပြီး ရေအောက်တွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သော်လည်း.. သူ၏ အချိန်အများစုက ကုန်းမြေပေါ်မှာ နေထိုင်ခဲ့ခြင်းသာ ဖြစ်လေသည်။

အဲဒီမှာ သူက ရေအောက်နှင့် အသားမကျနိုင်သော အချက်များစွာ ရှိနေသေးလေသည်။

ဒါ့အပြင်.. သူ့ခန္ဓာကိုယ်အပေါ် ရေစီးကြောင်း၏ ခုခံအားက အလွန်တရာ ကြီးမားပြီး အဲဒါက ကုန်းမြေအထက် လေထဲမှာ လှုပ်ရှားရသည်နှင့် မတူပေ။

သို့သော်လည်း.. ဆူဇီမို၏ အမြန်နှုန်းသည် ရေအောက်တွင် ကုန်းပေါ်မှာထက်ပင် ပိုမိုမြန်ဆန်သည်ဟု ထင်ရပြီး ထိုသူက ချက်ချင်းဆိုသလို ရောက်ရှိလာလိမ့်မည်ဟု ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက ထင်မှတ်မထားပေ။

သူက အလိုလို နောက်သို့ဆုတ်၍ ရှောင်ရှားချင်မိလေသည်။

ကုန်းမြေပေါ်မှာသာဆိုလျှင်.. သူက ဤလက်ဝါးရိုက်ချက်ကို သေချာပေါက် ရှောင်တိမ်းနိုင်ပေလိမ့်မည်။

သို့သော်လည်း သူတို့က သွေးပင်လယ်အတွင်းမှာ ရောက်ရှိနေကြ၏။

နောက်ဆုံးမှာတော့ သူက အနည်းငယ် နှောင့်နှေးသွားဆဲ ဖြစ်လေသည်။

ဤဟာကွက် အခြားသူများအတွက်တော့ လျစ်လျူရှု၍ ရနိုင်ကောင်းရနိုင်ပေလိမ့်မည်။ သို့သော်လည်း ဆူဇီမို၏ ရှေ့မှာတော့ အဲဒါက သေမင်းဂိတ်တံခါးရှေ့မှာ လမ်းဖြတ်လျှောက်သည်နှင့် တူလေသည်။

ဆူဇီမို၏ ဆန့်ထုတ်လိုက်သော လက်ဝါးသည် အပေါ်ကနေ အုပ်မိုး၍ လွှမ်းခြုံကျရောက်လာပြီဖြစ်၏။

ဘန်း

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် အချိန်မီ မရှောင်တိမ်းလိုက်နိုင်ဘဲ ခုခံဖို့အတွက် နောက်ကျသွားခဲ့လေသည်။

လက်ဝါးရိုက်ချက်က သူ၏ဦးခေါင်းအပေါ်သို့ ချက်ချင်းပင် ဆင်းသက်လာလေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၏ ဦးခေါင်းပေါ်တွင် အက်ကွဲကြောင်းများက တစ်ခုပြီးတစ်ခု ပေါ်လာပြီး လတ်ဆတ်သော ဦးနှောက်ရည်များက စိမ့်ထွက်လာ၏။ သူ၏ အမြုတေစိတ်ဝိညာဉ်ကပါ လုံးဝ ကြေမွသွားခဲ့လေပြီ။

ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၏ မျက်လုံးက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။

ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ၆ခုနှင့် ရင်ဆိုင်ရချိန်တွင် ရှင်သန်နိုင်နေဦးမည်ဟု သူက မျှော်လင့်မထားပေ။

အဲဒါထက် ဆူဇီမိုသည် တုံ့ပြန်တိုက်ခိုက်ရာမှာ အလွန်တရာ ပြတ်သားပြီး သူ့ကို မည်သည့်အခွင့်အရေးမှပင် ပေးလိမ့်မည်မဟုတ်ဟု သူက ပိုလို့တောင် မျှော်လင့်မထားပေ။

“သူက အရှင်သခင်တစ်ပါးရဲ့ မျိုးဆက်ပဲ.. မင်းက ဘယ်လိုတောင်…”

ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ မိစ္ဆာသားရဲသည် ထိတ်လန့်သွားပြီး ငေါက်ငမ်းလိုက်လေသည်။ သို့သော်လည်း သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက သူ့ဘက်သို့ လှည့်လာသည်ကို တွေ့လိုက်ရ၏။

“မင်းဟာမင်း ဘယ်သူ့မျိုးဆက်ပဲဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး.. ငါ့ကို သတ်ဖို့ ကြိုးစားရဲတဲ့ ဘယ်သူမဆို သေဖို့အတွက်လည်း ပြင်ဆင်ထားရလိမ့်မယ်”

ဆူဇီမိုက လှည့်ထွက်၍ ရေထဲမှာ ငါးတစ်ကောင်ကဲ့သို့ လှုပ်ရှားလာလေသည်။ ဖျတ်ခနဲဆို သူသည် ဇဝေဇဝါမြူခိုးရွှံ့ညွန်မှ မိစ္ဆာသားရဲ၏ ရှေ့သို့ ရောက်ရှိလာလေသည်။

နဂါးမျိုးနွယ်၏ မျိုးဆက်သွေးက သူ၏ကိုယ်ထဲမှာ စီးဆင်းနေပြီး သူက နဂါးမျိုးနွယ်၏ စိတ်ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်ကို ကျင့်ကြံထားလေသည်။ သူ၏ ခန္ဓာကိုယ်က နဂါးတစ်ပိုင်း ခန္ဓာကိုယ်နှင့် တူညီလေသည်။

နဂါးများသည် တိမ်လွှာများအကြား ဖြတ်သန်းသွားလာပြီး မိုးကို ဆင့်ခေါ်နိုင်ကာ ရေလွှမ်းမိုးမှုများကိုပင် ဖန်တီးနိုင်လေသည်။

ဆူဇီမိုက ရေအောက်တွင် သက်ရောက်ခံရခြင်း လုံးဝမရှိပေ။

ဇဝေဇဝါမြူခိုးရွှံ့ညွန်မှ မိစ္ဆာသားရဲ၏ အစစ်အမှန်ပုံစံသည် ရှေးဟောင်းဧရာမ မိကျောင်းတစ်ကောင်ဖြစ်ပြီး သူကလည်း ရေဖိအား၏ သက်ရောက်ခြင်းကို မခံစားရပေ။

ဆူဇီမိုက ရှေ့သို့တက်လာသည်ကို မြင်သည့်ခဏမှာပင် သူက သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီဖြစ်၏။

ဧရာမမိကျောင်းကြီးတစ်ကောင်သည် သွေးပင်လယ်အတွင်းမှာ ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တွင် မာကြောခက်ထန်သော အရေမာပန်းကုံးအရစ်များက သိပ်သည်းစွာ ထွက်ပေါ်လာပြီး အဲဒါက ခုခံရေးဓမ္မလက်နက်များနှင့်ပင် နှိုင်းယှဉ်၍ ရလေသည်။

“သတ်”

ရှေးဟောင်း ဧရာမမိကျောင်းသည် သူ၏ပါးစပ်ကို ဖွင့်ဟပြီး ရှေးဟောင်း ဆေဘာတစ်လက်ကို ထွေးထုတ်လိုက်၏။ ဆေဘာ၏လက်ကိုင်သည် တုတ်ခိုင်ပြီး အဲဒါက ဓားသွားပေါ်တွင် ဓမ္မအင်းကွက် ၅ကွက်နှင့်အတူ အားပါပြင်းထန်လေသည်။

အဲဒါက ပကတိအဆင့် တာအိုသက်ရှိဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။

တစ်ချက်ကြည့်ရုံမျှနှင့်.. ၎င်းသည် လူသားနတ်ပန်းပဲဆရာတစ်ယောက် ပြုလုပ်ထားသော ဆေဘာတစ်လက်ဖြစ်သည်မှာ သိသာလေသည်။ ဓမ္မအင်းကွက်များ၊ လက်ကိုင်၏ မီးဆေးထားမှုနှင့် ဓားသွား၏ အကွေးအညွတ်က အလွန်တရာ သေသပ်နေလေသည်။

ဆေဘာသည် ဆူဇီမို၏မျက်နှာပေါ်သို့ ခုတ်ပိုင်းကျလာ၏။

ဓားသွားက အလွန်တရာ ထက်ရှပြီး ပင်လယ်ရေကိုပင် နှစ်ခြမ်းကွဲထွက်သွားစေလေသည်။

တစ်ချိန်တည်းမှာပင်.. ဆူဇီမို၏နောက်ဘက် ရေစီးကြောင်းထဲတွင် တမူထူးခြားသော လှုပ်ရှားမှုတစ်ခုက ပေါ်လာခဲ့၏။

ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲတစ်ယောက်၊ မြွေတစ်ထောင်ကျွန်းမှ မိတ်ကပ်နှင့်အမျိုးသမီးနှင့် ငွေလတောင်ကြားမှ မိစ္ဆာသားရဲနှစ်ယောက်၏ ဓမ္မလက်နက်များက ရောက်ရှိလာခဲ့လေပြီ။

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏သိုလှောင်အိတ်ကို ပုတ်ကာ မီးခိုးရောင် မဟူရာတောင်ထွတ်တစ်ခုကို သူ၏နောက်သို့ ဒိုင်းကာတစ်ခုသဖွယ် ပစ်လွှတ်လိုက်၏။

အဲဒါက ရှေးဟောင်း အတုမရှိရတနာ ဂမ္ဘီရသံလိုက်တောင် ဖြစ်လေသည်။

အခြားတစ်ဘက်မှာတော့ သူ၏နဖူးက တောက်ပသွားပြီး အစိမ်းရောင်ကြာခုံတစ်ခုက ဝင်ရောက်လာသော ဆေဘာကို တွေ့ဆုံဖို့အတွက် လွင့်ပျံထွက်လာလေသည်။

အဲဒါက ဖန်တီးခြင်းကြာပဒုမ္မာပင် ဖြစ်လေသည်။

အဲဒါကို ရရှိပြီးနောက် ဆူဇီမိုသည် သူ၏ပြိုင်ဘက်ကို ရင်ဆိုင်ဖို့အတွက် ဖန်တီးခြင်းကြာပဒုမ္မာကို ထုတ်သုံးသည်မှာ ပထမဆုံးအကြိမ်​ ဖြစ်လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာသည် ဖြည်းဖြည်းချင်း လည်ပတ်လာပြီး ကျောက်စိမ်းကဲ့သို့ တောက်ပလာ၏။ ၎င်းထံမှ အစိမ်းရောင် အလင်းတောက်တောက်တစ်ခုက ဖြာလက်လာပြီး ကစဉ့်ကလျားချီများဖြင့် လွှမ်းခြုံကာ သာမန်ကာလျှံကာ ပုံစံဖြင့်ပင် ဆေဘာကို ရိုက်ထုတ်လိုက်၏။

ချွမ်း

အဲဒီမှာ ဂျွတ်ဆတ်ဆတ် အသံတစ်သံက ထွက်ပေါ်လာခဲ့၏။

ထို့နောက် ချက်ချင်းပင်လျှင် သွေးပင်လယ်အတွင်းမှာ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ဆူဇီမို၏ သူငယ်အိမ်ပင်လျှင် ချက်ချင်း တင်းကျပ်သွားလေသည်။

ရှေးဟောင်း ဧရာမမိကျောင်း၏ အမူအရာက အေးခဲသွားပြီး သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုက ဝင်ရောက်လာ၏။

ပကတိအဆင့် တာအိုသက်ရှိဓမ္မလက်နက်ဖြစ်သော ဆေဘာသည် နုနယ်သည်ဟုထင်ရသော အစိမ်းရောင်ကြာခုံနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် အက်ကွဲကြောင်းများက သိပ်သည်းစွာ ထွက်ပေါ်လာ၏။

ရွှစ်

ဆေဘာသည် အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားပြီး သွေးပင်လယ်ထဲသို့ ပြန့်ကျဲကာ နစ်မြုပ်သွားလေသည်။

ဓမ္မအင်းကွက် ၅ခုပါရှိသော ပကတိအဆင့် တာအိုသက်ရှိဓမ္မလက်နက်သည် ဤကဲ့သို့ဖြင့် ကြေမွပျက်စီးသွားရလေသည်။

သွေးပင်လယ်၏ ထောင့်စွန်းတစ်နေရာမှာ ပုန်းကွယ်နေကြသော ရွှေရောင်မီးတောက်တောင်တန်းနှင့် ဟင်္သပဒါးတိမ်လွှာတောင်ကြားမှ မိစ္ဆာသားရဲများသည် တုန်လှုပ်သွားကြပြီး သူတို့၏ စိတ်အာရုံပျက်ယွင်းမှုဖြင့် ပင်လယ်ရေများက သူတို့ပါးစပ်ထဲသို့ ဝင်ရောက်လာကြလေသည်။

“မင်း..”

ရှေးဟောင်း ဧရာမမိကျောင်းသည် သွေးပင်လယ်ထဲမှာ လွင့်မျောနေသော အစိမ်းရောင်ကြာခုံကို တုန်လှုပ်ချောက်ချားစွာ စိုက်ကြည့်ပြီး ဆက်လက်၍ စကားမပြောဆိုနိုင်တော့ပေ။

မူလဓမ္မလက်နက်တစ်ခုပင်လျှင် ပကတိအဆင့် ဓမ္မလက်နက်တစ်ခုကို ဖျက်စီးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဤအစိမ်းရောင်ကြာခုံက သူ၏ မူပိုင်ဓမ္မလက်နက်ကို ကြေမွသွားစေခဲ့လေသည်။

အဲဒီ အစိမ်းရောင်ကြာခုံက ဘယ်လိုပစ္စည်းအမျိုးအစားပါလိမ့်..။

ထိုစဉ်မှာပင်.. သူ၏ အမြုတေစိတ်ဝိညာဉ်ထံမှ စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

သူ၏ မူပိုင်ဓမ္မလက်နက် ပျက်စီးကြေမွခြင်းမှ သူ၏ အမြုတေစိတ်ဝိညာဉ်က ပြင်းထန်သော ရိုက်ချက်ကို လက်ခံရရှိလိုက်၏။ အဲဒါက သူ့ကို စုတ်ဖြဲလိုက်သည့်အလားပင်။

နောက်ခဏမှာပင်.. အစိမ်းရောင်အလင်းက သူ၏မျက်လုံးရှေ့မှာ ဖျတ်ခနဲ လက်လာ၏။

အစိမ်းရောင်ကြာခုံက ဆင်းသက်လာပြီး သူ၏ ဦးခေါင်းပေါ်သို့ ကျလာခဲ့လေပြီ..။

All Chapters