အကုန်ချေမှုန်းခြင်း
Vol. 58 Ch. 861
ဖန်တီးခြင်းကြာပဒုမ္မာက မိတ်ကပ်နှင့်အမျိုးသမီးကို သတ်ဖြတ်လိုက်ချိန်တွင် ဆူဇီမိုက သူ၏ မူလနေရာကနေ ပျောက်ကွယ်သွားပြီဖြစ်၏။
ရွှစ်
ရေစီးကြောင်းများ၏ အသံက ထွက်ပေါ်လာ၏။ ငွေလတောင်ကြား၏ မိစ္ဆာသားရဲက ဘေးဘက်ကို လှည့်ကြည့်လိုက်သောအခါ.. သူ၏မျက်ရစ်သည် တဆတ်ဆတ်လှုပ်သွားပြီး သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့၏။
အကန့်အသတ်မဲ့ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသော တုန်လှုပ်ချောက်ချားဖွယ်ရာ မျက်လုံးတစ်စုံက သူ၏ရှေ့မှာ ပေါ်ထွက်လာခဲ့လေသည်။
သူက အလိုလိုပင် လှည့်ထွက်ပြေးချင်မိလေသည်။
သို့သော်လည်း သိပ်မကြာမီ.. ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး သေဆုံးသွားမှု မြင်ကွင်းက သူ၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။
သူ၏ အစစ်အမှန်ပုံစံက ငွေလဝံပုလွေတစ်ကောင်ဖြစ်ပြီး သွေးပင်လယ်အတွင်းတွင် သူ၏အမြန်နှုန်းက သေချာပေါက် သက်ရောက်ခြင်း ခံရလေသည်။ သူက ဆူဇီမို၏ လိုက်လံဖမ်းဆီးမှုကနေ ထွက်ပြေးလွတ်မြောက်နိုင်စရာ အကြောင်းမရှိပေ။
သူက ထွက်ပြေးဖို့ ရွေးချယ်မည်ဆိုလျှင် အသက်ရှင်သန်ဖို့ အခွင့်အရေး မကျန်ရှိတော့ဘဲ ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၏နောက်သို့ သေချာပေါက် လိုက်ရပေတော့မည်။
“ငါက ငါရဲ့အစွမ်းကို ထုတ်သုံးရတော့မယ်”
ငွေလတောင်ကြားမှ မိစ္ဆာသားရဲသည် ဟိန်းဟောက်လိုက်ပြီး သူ၏ ထက်ရှသော လက်သည်းများနှင့်အတူ ဆူဇီမိုကို ခုန်အုပ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ပါးစပ်ကို ဖွင့်ဟပြီး ဆူဇီမို၏ လည်ပင်းကို ကိုက်ချလိုက်လေသည်။
သူ၏ခွန်အားအရ အနီးကပ်တိုက်ခိုက်ရေးတွင် ဆူဇီမိုကို အနိုင်ရရှိဖို့ အခွင့်အရေးက ပါးပါးကလေးသာရှိကြောင်း သူက သိထားလေသည်။
သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ငွေရောင်ဝတ်လူနှင့် ဈာန်ပျံဆိတ်တောင်ထွတ်မှ အခြားမိစ္ဆာသားရဲက ဘေးဘက်ကနေ တပြိုင်နက်တည်း တိုက်ခိုက်၍ ဆူဇီမိုကို တားဆီးထားနိုင်မှသာလျှင် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူ၏ မျှော်လင့်ချက်များက လျင်မြန်စွာ ထွက်ပြေးသွားလေသည်။
စောစောကတင် အဲဒီမှာ မိစ္ဆာသားရဲ ၆ယောက် ရှိခဲ့၏။ သို့သော်လည်း တခဏအတွင်းမှာပင် ၃ယောက်က သတ်ဖြတ်ခံခဲ့ရလေသည်။
အဲဒီမှာ အခြားသူများသာဆိုလျှင် သူတို့သည် စီးပိုးခြယ်လှယ်နိုင်သော ဤကဲ့သို့သော နည်းလမ်းများတွင် ကြောင်အ,မှင်တက်နေကြပေလိမ့်မည်။
ငွေရောင်ဝတ်လူနှင့် ဈာန်ပျံဆိတ်တောင်ထွတ်၏ မိစ္ဆာသားရဲသည် ဆူဇီမိုထက် ကျင့်ကြံမှုအဆင့်ကြီးတစ်ဆင့် မြင့်မားလေသည်။ သို့သော်လည်း.. ထိုအခိုက်အတန့်၌ သူတို့နှစ်ယောက်စလုံး၏ မျက်လုံးထဲတွင် တွေဝေတုံ့ဆိုင်းမှု အရိပ်အယောင်တစ်ခုက ရှိလာခဲ့ကြ၏။
သူတို့က ရှေ့ဆက်တိုးသင့်သလား.. ဒါမှမဟုတ် နောက်ဆုတ်သင့်သလား..။
တွေဝေမှု၏ ထိုအခိုက်အတန့်က ငွေလတောင်ကြားမှ မိစ္ဆာသားရဲ၏ သေဆုံးမှုကို ကြေညာပြီးသား ဖြစ်သွားခဲ့လေသည်။
“မင်းကတော့ သေချင်နေတာပဲ”
ဆူဇီမိုက ရှောင်ရှားခြင်းမရှိဘဲ ရှေ့သို့ ထိုးဝင်လိုက်၏။ လျှပ်စီးလို အမြန်နှုန်းနှင့်အတူ သူက ငွေလဝံပုလွေ၏ မေးရိုးနှစ်ဖက်ကို ဖမ်းဆွဲလိုက်၏။
ဆူဇီမို၏ ကိုယ်ကာယက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ။
ငွေလဝံပုလွေသည် သူ၏ပါးစပ်ကို လုံးဝ ပြန်စေ့၍ မရတော့ပေ။
သူ၏ ဝံပုလွေလက်သည်းများသည် ဆူဇီမို၏ရင်ဘတ်ကို ကုတ်ခြစ်လိုက်ပြီး ထိုသူ၏ အစိမ်းရောင်ဝတ်ရုံကို စုတ်ပြဲသွားစေ၏။ သို့သော်လည်း သတ္တုချင်း ထိခိုက်သံက ထွက်ပေါ်လာပြီး မီးပွားများက အဘက်ဘက်သို့ လွင့်စင်ထွက်သွားလေသည်။
ဆူဇီမို၏ရင်ဘတ်ကို စိုက်ကြည့်ရင်း ငွေလဝံပုလွေ၏ မျက်လုံးများသည် မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားခဲ့လေသည်။
အဲဒီမှာ သွေးနီရောင်အကြေးခွံများကို ခပ်ရေးရေး မြင်နိုင်လေသည်။
ဆူဇီမိုက အေးစက်စက် နှာတစ်ချက်မှုတ်ပြီး သူ၏သွေးချီကို လှည့်ပတ်လိုက်၏။ သူ၏ လက်နှစ်ဖက်ပေါ်တွင် သွေးကြောစိမ်းများက ဖောင်းကြွလာပြီး သူ၏ စိုက်ထုတ်လိုက်သော ခွန်အားနှင့်အတူ သူ၏အသားများက ပြန့်ကားလာ၏။
ရှီး..
ဆူဇီမိုသည် ငွေလဝံပုလွေကို ပါးစပ်ကနေကိုင်၍ နှစ်ခြမ်းဆွဲဖြဲလိုက်၏။
သွေးမြူများအတွင်းကနေ အမြုတေစိတ်ဝိညာဉ်တစ်ခုက အလျင်အမြန် ထွက်ပြေးလာခဲ့လေသည်။
အဲဒါက ဝေးဝေးသို့ ထွက်မပြေးနိုင်ခင်မှာပင်.. ဆူဇီမိုက ရိုက်ချက်တစ်ချက်ဖြင့် အဲဒါကို ဖျက်စီးပြီး သွေးပင်လယ်အတွင်းမှာ ပျောက်ကွယ်သွားစေလေသည်။
“ပြေး”
ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲနှင့် ငွေရောင်ဝတ်လူသည် ဆက်လက်၍ တုံ့ဆိုင်းမနေတော့ပေ။ သူတို့နှစ်ယောက်စလုံးသည် မတူညီသော နှစ်ဘက်သို့ လှည့်ထွက်ပြေးလိုက်ကြ၏။
သူတို့သည် သွေးပင်လယ်ထဲကနေ ထွက်ပြေးလွတ်မြောက်နိုင်ပြီး ဒီမှာဖြစ်ပျက်ခဲ့သော ကိစ္စများကို ပြန်လည်ပြောပြနိုင်သည်နှင့်.. မိုက သေချာပေါက် သေရလိမ့်မည်ဖြစ်ပြီး မည်သူကမှ သူ့ကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။
“မင်းတို့တွေက အခုမှထွက်ပြေးချင်ရင် နောက်ကျသွားပြီ”
ဆူဇီမို၏အသံက သူတို့နှစ်ယောက်၏ နောက်ကနေ ချောက်ချားဖွယ်ရာပုံစံဖြင့် ထွက်ပေါ်လာ၏။
ဈာန်ပျံဆိတ်တောင်ထွတ်၏ မိစ္ဆာသားရဲသည် သူ၏ အစွမ်းကုန်ကို ထုတ်သုံး၍ အရူးအမူး ကူးခတ်လိုက်၏။ ရုတ်တရက် သူ၏နောက်ကျောဆီသို့ ထိုးဖောက်လာသော ထက်ရှသည့် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိလိုက်၏။
အလိုလို သူက ငုံ့ကြည့်လိုက်လေသည်။
ဆူဇီမိုက သူ့နောက်သို့ လိုက်မလာခဲ့ပေ။ ထိုအစား သူက ငွေရောင်ဝတ်လူ၏ နောက်သို့ မျှော့တစ်ကောင်ကဲ့သို့ ကပ်ပါသွားခဲ့လေသည်။
အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ..။
ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲ၏ စိတ်ထဲတွင် မေးခွန်းတစ်ခုက ဝင်ရောက်လာ၏။
ဆူဇီမိုက သူ့နောက်ကို လိုက်မလာသောကြောင့် ထိုအန္တရာယ်အငွေ့အသက် ခံစားချက်က ဘယ်ကနေ လာတာလဲ..။
သူက ထင်ယောင်ထင်မှား ဖြစ်နေတာများလား..။
သူက တုန်လှုပ်ချောက်ချားနေစဉ်မှာ.. ငွေရောင်ဝတ်လူနောက်သို့ အမဲလိုက်နေသော ဆူဇီမိုသည် ရုတ်တရက် လှည့်ကြည့်လိုက်လေသည်။
နောက်ခဏ၌.. ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲ၏ မြင်ကွင်းသည် အလွန်တရာ ပြိုးပြိုးပြက်ပြက် ဝင်းလက်သော အရောင်များဖြင့် ပြည့်နှက်သွားလေသည်။
ဆူဇီမို၏ မျက်လုံးထဲကနေ ခြစ်ခြစ်တောက်ပူလောင်သော နေတစ်စင်းက ထွက်ပေါ်လာသည့်အလားပင်။
အဲဒါက ခဏကြာသည်အထိ သွေးပင်လယ်၏ အနက်ပိုင်းမှာ ဝင်းထိန်တောက်ပသွားစေလေသည်။
ခြစ်ခြစ်တောက်ပူလောင်သော အလင်းတန်းက သွေးပင်လယ်ကို ဖြတ်သန်းပြီး ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲ၏ ဦးခေါင်းဆီသို့ မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ချက်ချင်း ထိုးဖောက်ဝင်ရောက်လာလေသည်။
“အဲဒါက.. စက္ခုနည်းစနစ်”
ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲ၏ စိတ်ထဲတွင် ထိုအတွေးက ဝင်ရောက်လာပြီးနောက်.. သူက သူ၏ဦးခေါင်းကို အနည်းငယ်သာ စောင်းငဲ့လိုက်နိုင်လေသည်။
သို့သော်လည်း.. အလင်းတန်းက သူ့ဦးခေါင်းတစ်ခြမ်းကို ချက်ချင်းကြေမွသွားစေလေသည်။
သူ၏ အမြုတေစိတ်ဝိညာဉ်ပင်လျှင် မီးပဒေသာမျက်လုံးနှင့် ရင်ဆိုင်ရချိန်တွင် မရှင်သန်နိုင်ခဲ့ပေ။
ချက်ချင်းပင် အဲဒါက လောင်ကျွမ်းပြာကျသွားခဲ့လေသည်။
မလှမ်းမကမ်းတွင်.. တိုက်ပွဲတွင် ပါဝင်ပတ်သက်ခြင်း မရှိသော ရွှေရောင်မီးတောက်တောင်တန်းနှင့် ဟင်္သပဒါးတိမ်လွှာတောင်ကြားမှ မိစ္ဆာသားရဲများသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာပြီး တုန်လှုပ်ချောက်ချားလာကြလေသည်။
အသက်ဆယ်ရှိုက်စာကျော်ကျော်မှာပင်.. မိစ္ဆာသားရဲ ၅ယောက်သည် သွေးပင်လယ်၏ အနက်ပိုင်းထဲမှာ မြှုပ်နှံခံလိုက်ရလေပြီ။
မြေပြန့်လွင်ပြင်ပေါ်တွင်..
မိစ္ဆာသားရဲများသည် သူတို့အချင်းချင်း ဆွေးနွေးနေကြသော်လည်း သူတို့က သွေးပင်လယ်ကို မမှိတ်မသုန် စောင့်ကြည့်နေကြ၏။
စွမ်းအားကြီးမားသော ဝဲကတော့ကြီး ပျောက်ကွယ်သွားပြီးကတည်းက.. သွေးပင်လယ်သည် တည်ငြိမ်အေးချမ်းမှု မရှိနိုင်တော့ပေ။
သူတို့ထဲ မည်သူကမှ အောက်ဘက်တွင် ဘာတွေဖြစ်ပျက်နေသည်ကို မသိနိုင်ကြပေ။ သို့သော်လည်း.. သွေးပင်လယ်၏ မျက်နှာပြင်ပေါ်တွင် မကြာမကြာဆိုသလို လှိုင်းလုံးများက တလိပ်လိပ် တက်လာတတ်လေသည်။
အရှင်သခင် ၇ပါးသည် လေထဲမှာ မတ်တတ်ရပ်၍ သူတို့က အထဲတွင် ဖြစ်ပျက်နေသည့်အရာများကို သိမြင်ချင်သည့်အလား သွေးပင်လယ်ထဲကို ငုံ့ကြည့်နေကြလေသည်။
မျောက်ဝံအိုကြီး၏ အမူအရာပင်လျှင် အနည်းငယ် တည်တံ့လာခဲ့၏။
အသက်ဆယ်ရှိုက်စာ ကြားပြီးနောက်.. သွေးပင်လယ်၏ မျက်နှာပြင်ပေါ်ရှိ လှိုင်းလုံးများက စဲသွားလေသည်။
သိပ်မကြာမီ သွေးပင်လယ်က တဖန်ပြန်လည် တည်ငြိမ်သွားလေသည်။
သို့သော်လည်း.. ဘာကြောင့်ရယ်မသိ ထိုငြိမ်သက်မှုက လေထုထဲရှိ တင်းကျပ်မှုကို ပို၍တိုးလာစေလေသည်။
ထိုငြိမ်သက်မှုက မုန်တိုင်းမလာခင် တည်ငြိမ်နေခြင်းနှင့် တူနေလေသည်။
ရုတ်တရက်ဆိုသလို..
သွေးပင်လယ်၏ မျက်နှာပြင်ပေါ်တွင် ဝံပုလွေဦးခေါင်းတစ်ခုက ပြူထွက်လာလေသည်။
အဲဒါက ငွေရောင်ဝတ်လူ ဖြစ်လေသည်။
အဲဒါက ငွေလတောင်ကြား၏ နံပါတ်တစ်ပိုင်နက်အရှင် ဖြစ်လေသည်။
သားရဲများအားလုံးသည် ထက်ရှသော အကြည့်များ ရှိကြပြီး ထိုဝံပုလွေဦးခေါင်း၏ ပိုင်ရှင်ကို ချက်ချင်းပင် မှတ်မိလိုက်ကြ၏။
ထိုဝံပုလွေဦးခေါင်း၏ မျက်နှာက ကူကယ်ရာမဲ့မှု၊ စိတ်သောကများမှု၊ ကြောက်ရွံ့တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။
“ကယ်..”
ငွေရောင်ဝတ်လူ၏ ဦးခေါင်းသည် ထွက်ပေါ်လာပြီးနောက် အသံတစ်ချက်သာ ထွက်လိုက်နိုင်လေသည်။
သို့သော်လည်း.. ထို့နောက် ချက်ချင်းဆိုသလိုပင် အားလုံး၏ အကြည့်အောက်မှာပင် ငွေရောင်ဝတ်လူ၏ ပုံရိပ်သည် တစ်စုံတစ်ရာသောအားဖြင့် ဆွဲယူခြင်းခံလိုက်ရသည့်အလား.. သွေးပင်လယ်ထဲသို့ ပြန်လည်နစ်မြုပ်သွားလေသည်။
ငွေလတောင်ကြား၏ အရှင်သခင်က ထိတ်လန့်သော အမူအရာနှင့်အတူ သူ၏မျက်လုံးကို မှေးကျဉ်းလိုက်၏။ သူ၏ လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားပြီး သူ၏လက်နှစ်ဖက်က အနည်းငယ် တုန်ယင်လာလေသည်။
သားရဲများ အားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
သွေးပင်လယ်က စိတ်ဝိညာဉ်အသိစိတ်နှင့် အသံများ အားလုံးကို ပိတ်ဆို့ထားနိုင်လေသည်။
ထိုအခိုက်အတန့်မှသာလျှင်.. သွေးပင်လယ်အတွင်းတွင် ကြီးကြီးမားမား တစ်စုံတစ်ရာက ဖြစ်ပျက်နေပြီဆိုတာကို သားရဲများ အားလုံးက အမှန်တကယ် သေချာသွားလေသည်။
ငွေရောင်ဝတ်လူကို ဒီလောက်ထိ တုန်လှုပ်ချောက်ချားစေအောင် ဘယ်အရာကများ ဖိစီးနှိပ်စက်လိုက်တာပါလိမ့်..။
သူတို့စိတ်ထဲ ထိုအတွေးက ဝင်ရောက်လာသည့် ခဏမှာပင်.. ပင်လယ်ရေမျက်နှာပြင်က လှုပ်ရှားသွားပြီး အမြုတေစိတ်ဝိညာဉ်တစ်ခုက ထွက်ပြေးလွတ်မြောက်လာခဲ့လေသည်။ အဲဒါက ငွေရောင်ဝတ်လူ၏ အမြုတေစိတ်ဝိညာဉ်ပင် ဖြစ်လေသည်။
ငွေလတောင်ကြား၏ အရှင်သခင်က အနည်းငယ် ကျေနပ်သွားပြီး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။
အမြုတေစိတ်ဝိညာဉ်တစ်ခု ထွက်ပြေးလာခြင်းက အနည်းဆုံးတော့ ထိုသူ၏ ရှင်သန်မှုကို သေချာသွားစေလေသည်။
သို့သော်လည်း သူ၏စိတ်က မတည်ငြိမ်နိုင်ခင်မှာပင်.. ရင်တစ်ချက် ထိတ်သွားရလေသည်။
ငွေရောင်ဝတ်လူ၏ အမြုတေစိတ်ဝိညာဉ်က ပင်လယ်ရေမျက်နှာပြင်ကနေ ဝေးဝေးသို့ မလွတ်မြောက်နိုင်ခင်မှာပင် ရေပြင်က နောက်တဖန်လှုပ်ရှားသွားပြီး သွေးရောင်လက်ကြီးတစ်ဖက်က ထွက်ပေါ်လာကာ ၎င်းကို ဖမ်းဆွဲလိုက်လေသည်။
သွေးရောင်လက်ကြီးသည် ငွေရောင်ဝတ်လူ၏ အမြုတေစိတ်ဝိညာဉ်ကို ဖမ်းဆွဲပြီး ဖျစ်ညှစ်ချေလိုက်လေသည်။
ရွှစ်
ထိုသွေးရောင်လက်ကြီးက သွေးပင်လယ်ထဲသို့ တဖန်ပြန်လည်ဝင်ရောက်သွားလေသည်။
သားရဲများ အားလုံးက ကြက်သေသေသွားကြ၏။
ထွက်ပြေးလွတ်မြောက်လာခဲ့သော ငွေရောင်ဝတ်လူသည် လူတိုင်း၏ ရှေ့မှောက်မှာပင် သေဆုံးသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။ သူက နောက်ဆုံးမှာတော့ သူ၏ သေခြင်းတရားကို မရှောင်လွှဲနိုင်ခဲ့ပေ။
ငွေလတောင်ကြားမှ အရှင်သခင်၏ အမူအရာက အေးစက်တောင့်တင်းသွား၏။
သူသာလျှင်မဟုတ်.. အခြားသော အရှင်သခင် ၆ယောက်ကလည်း အဲဒါကို ကောင်းကောင်း မတုံ့ပြန်နိုင်ကြပေ။
ဖြစ်ပျက်သမျှက အရမ်းကို မြန်ဆန်လွန်းလှလေသည်။
သွေးပင်လယ်ထဲကနေ ထွက်ပြေးလွတ်မြောက်လာခဲ့သော ငွေရောင်ဝတ်လူက နောက်တဖန်ပြန်၍ ဝါးမျိုခြင်းခံရလိမ့်မည်ဟု မည်သူကများ တွေးထင်ထားပါမည်နည်း။
ချက်ချင်းပင်.. လက်ရှိသားရဲများ၏ စိတ်ထဲတွင် မေးခွန်းများက ဝင်ရောက်လာ၏။
ငွေရောင်ဝတ်လူကို ဘယ်သူကများ အောက်သို့ ဆွဲချသွားတာပါလိမ့်..။
အဲဒီ ကြီးမားတဲ့ သွေးရောင်လက်ကြီးက ဘာပါလိမ့်..။
သူ့အပြင်.. နောက်ထပ် မိစ္ဆာသားရဲ ၉ယောက်က သွေးပင်လယ်ထဲမှာ ဘာတွေလုပ်နေကြပါလိမ့်..။