အရှင်သခင်တစ်ပါးကို သတ်ဖြတ်ဖို့ ကြိုးပမ်းခြင်း
Vol. 58 Ch. 867
သူတို့နှစ်ယောက်ကြား အကွာအဝေးက ဆက်တိုက်ကျဉ်းမြောင်းလာခဲ့၏။
ဆူဇီမို၏ သက်လုံအားက ကုန်ခန်းတော့မည့်အလား သူက စတင်၍ ဒယီးဒယိုင်ဖြစ်လာခဲ့လေသည်။
ဒါ့အပြင် ဓမ္မသွေးစတေး ထွက်ပြေးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးက ပြင်းထန်ပုံရလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ မျက်လုံးသည် လှောင်ပြောင်သရော်လိုမှုဖြင့် ပြည့်နှက်လာပြီး သူက ရက်စက်ကြမ်းကြုတ်သော လှောင်ပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
ယခုချိန်တွင် သူသည် ဆူဇီမို၏ မျက်နှာထက်မှ ထိတ်လန့်မှု ၊ ကြောက်ရွံ့မှုနှင့် ကူကယ်ရာမဲ့မှုတို့ကို မြင်ယောင်လာခဲ့လေသည်။
သို့သော်လည်း တစ်ကယ်တမ်းမှာတော့ ဆူဇီမို၏နောက်ကျောက သူ၏ မျက်နှာအမူအရာနှင့် သိသာခြားနားနေလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်သည် ဆူဇီမို၏ မျက်နှာကို ယခုအချိန်မှာ မြင်နိုင်မည်ဆိုလျှင် ဤသန့်စင်သော မျက်နှာပေါ်တွင် သူတွေးထင်ထားသလို ထိတ်လန့်မှု ၊ ကြောက်ရွံ့မှုနှင့် ကူကယ်ရာမဲ့မှုတို့ ရှိမနေကြောင်း သူက တုန်လှုပ်ဖွယ်ရာ တွေ့ရှိရပေလိမ့်မည်။
ထိုအစား သူ့မျက်နှာပေါ်တွင် ရှိသော တစ်ခုတည်းသော အမူအရာမှာ တည်ငြိမ်မှုဖြစ်လေသည်။
အခြေအနေက အန္တရာယ်ပိုများလေလေ သူက တည်ငြိမ်ဖို့ လိုအပ်လာလေလေဖြစ်၏။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေလေသည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ ဆူဇီမို၏ မျက်လုံးထဲမှာလည်း အတူတူပင်။
သူ၏ အစွမ်းအစအရ ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ထံမှ ထွက်ပြေးလွတ်မြောက်နိုင်ဖို့က လုံးဝမဖြစ်နိုင်တော့ပေ။
သူအသက်ရှင်ဖို့အတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ကို သတ်ဖြတ်ဖို့သာ ဖြစ်လေသည်။
အရှင်သခင်တစ်ပါးကို သတ်ဖြတ်ဖို့...
အဲ့ဒါက တစ်ကယ့်ကို ပြောင်ပြောင်တင်းတင်း မောက်မာသည့် အတွေးတစ်ခုဖြစ်လေသည်။
အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ကိုမပြောနှင့် အခြားသော အရှင်သခင်များပင်လျှင် သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နိုင်မည်ဟု အာမခံနိုင်ခြင်းမရှိပေ။
သို့သော်လည်း ဆူဇီမိုကတော့ ထိုကဲ့သို့သော အတွေးကို တွေးရဲလေသည်။
အခြေအနေက သူ့အတွက် လုံးဝမျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်ပေ။
သူက ထိပ်တိုက်ရင်မှုမှာဆိုလျှင် အရှင်သခင်တစ်ပါးကို သေချာပေါက် ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း သူ့မှာ ဝှက်ဖဲများစွာရှိနေသေး၏။
အဲ့ဒါတွေထဲ အထိရောက်ဆုံးဝှက်ဖဲတစ်ခုမှာ သူ၏ ခန္ဓာကိုယ်ထဲတွင် တျဲယွဲ့ချန်ထားရစ်ခဲ့သော နတ်ဖီးနစ်အရိုးဖြစ်လေသည်။
ကျင့်ကြံရေးလောကတွင် သူ၏ခန္ဓာကိုယ်အတွင်း နတ်ဖီးနစ်အရိုးရှ်ိသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ပေ။ များစွာသော ကျင့်ကြံသူများက အဲ့ဒါကို သိရှိထားလေသည်။
ယခင်က ဖန်သားနန်းတော်မှာ တာအိုသက်ရှိ ရွှမ်ယွီသည် မဟာချွမ်အပျက်အစီးနယ်မြေတွင် ဆူဇီမိုကို သတ်ဖြတ်ဖို့ကြိုးစားခဲ့၏။ ထိုအချိန်တုန်းက သူသည် နတ်ဖီးနစ်အရိုးကို တမင်တကာ ရှောင်ရှားခဲ့ပြီး ဆူဇီမို၏ လက်ကောက်ဝတ်သာ ဆွဲချိုးခဲ့လေသည်။
သို့သော်လည်း ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ကတော့ အဲ့ဒါကို မသိရှိနိုင်ပေ။
သူက နတ်ဖီးနစ်အရိုး၏ တည်ရှိမှုကို သိနိုင်ဖို့နေနေသာ ဆူဇီမို၏ နောက်ခံကိုပင် သူက ကောင်းကောင်းမသိပေ။
နတ်ဖီးနစ်အရိုး၏ စွမ်းအားကို နှိုးဆွနိုင်သည်ဆိုလျှင် အဲ့ဒါက ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏အသက်ကို ခြိမ်းခြောက်ဖို့အတွက် သေချာပေါက် လုံလောက်ပေလိမ့်မည်။
အဲ့ဒါက ကြီးမားသော အလောင်းအစားတစ်ခုဖြစ်လေသည်။
သူက ထိုအလောင်းအစားမှာ အနိုင်ရလျှင်တော့ ကိစ္စများက အဆင်ပြေချောမွေ့သွားပေလိမ့်မည်။
သို့သော်လည်း သူက အဲ့ဒီမှာ ရှုံးနိမ့်သွားလျှင်တော့ သေချာပေါက်သေရပေလိမ့်မည်။
သူမှာအခြားရွေးချယ်စရာလည်း မရှိတော့ပေ။
နတ်ဖီးနစ်အရိုးကဲ့သို့ အဆုံးစွန်ရတနာတစ်ခုနှင့်ပင်လျှင် အရှင်သခင်တစ်ပါးကို သတ်ဖြတ်ဖို့က အလွန်တရာ ခက်ခဲနေဆဲဖြစ်၏။
တစ်ဖက်လူက နမော်နမဲ့ရှိနေမှာသာလျှင် သူကအဲ့ဒါကို အောင်မြင်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ ချွေးများနှင့် သူ၏ ပင်ပန်းနွမ်းလျမှု လက္ခဏာများက အတုအယောင်များသာ ဖြစ်လေသည်။
သူ၏ ရည်ရွယ်ချက်က ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ကို မှားယွင်းသော ထင်မြင်ချက်တစ်ခု ပေးနိုင်ဖို့ဖြစ်လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်က မမှားပေ။ ဓမ္မသွေးစတေးထွက်ပြေးခြင်းသည် ဆူဇီမို၏ ခန္ဓာကိုယ်မှ စွမ်းအင်အမြောက်အမြားကို ထုတ်ယူသုံးစွဲရပြီး နောက်ဆက်တွဲ ဆိုးကျိုးများလည်း ရှိလေသည်။
သို့သော်လည်း အဲ့ဒီမှာ သူလွဲမှားတွက်ချက်မိသော တစ်စုံတစ်ရာလည်း ရှိနေသေး၏။
ဆူဇီမိုသည် အခုတင် သွေးပင်လယ်ထဲကနေ ထွက်လာခဲ့ခြင်းဖြစ်ပြီး သူ၏ခန္ဓာကိုယ်အတွင်းတွင် မြောက်များလှစွာသော မျိုးဆက်သွေးစွမ်းအင် ပမာဏတစ်ခုက ရှိနေခဲ့၏။
ဆူဇီမို၏ ခန္ဓာကိုယ်သည် ထိုစွမ်းအင်များဖြင့် ပြည့်လျှံလုနီးပါးဖြစ်နေလေသည်။ သူက ထိုစွမ်းအင်ပမာဏကို အချိန်တိုအတွင်း မထုတ်နိုင်ဘူးဆိုလျှင် အဲ့ဒါက သူ၏ ခန္ဓာကိုယ်ထဲမှာ အရူးအမူး ထကြွသောင်းကျန်းလာပေလိမ့်မည်။
သူက အဲ့ဒါကို ဆက်လက်၍ သယ်ဆောင်ထားလျှင် သူ၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားနိုင်လေသည်။
တစ်ဖက်မှာတော့ ဓမ္မသွေးစတေး ထွက်ပြေးခြင်းသည် ထိုစွမ်းအင်များကို ထုတ်ဖော်ဖိုအတွက် လမ်းကြောင်းတစ်ခုဖြစ်လာခဲ့လေသည်။
အဲ့ဒါကြောင့် ဓမ္မသွေးစတေးထွက်ပြေးခြင်းသည် မျိုးဆက်သွေးစွမ်းအင်ပမာဏ တော်တော်များများကို လောင်ကျွမ်းစေခဲ့သော်လည်း အဲ့ဒါက ဆူဇီမိုပေါ် ယခုချိန်ထိ သက်ရောက်မှုမရှိသလောက်နီးပါးပင်။
သူတို့နှစ်ယောက်ကြား အကွာအဝေးက ဆက်တိုက်နီးကပ်လာခဲ့လေသည်။
ပေတစ်ထောင်...
ပေငါးရာ...
ပေတစ်ရာ...
ဆူဇီမိုသည် လှုပ်ရှားခြင်းမရှိသေးဘဲ သူ၏အကြည့်က အေးစက်လာနေဆဲ ဖြစ်လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်ကလည်း တိုက်ခိုက်ခြင်းမရှိသေးပေ။
သူ့အတွက်တော့ ဆူဇီမိုက သေလူတစ်ယောက် ဖြစ်နေပြီးလေပြီ။ သူက အလောတကြီး ရှိမနေဘဲ နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါပြီး တစ်ဖက်လူကို စနောက်ကျီစယ်ဖို့ပင် တွေးနေလေသည်။
တစ်ခဏအတွင်းမှာပင် သူတို့က ပေငါးဆယ်သာ ကွာဝေးတော့လေသည်။
အဲ့ဒါက အတော်လေးနီးကပ်သည့် အကွာအဝေးတစ်ခု ဖြစ်လေသည်။
သို့သော်လည်း ဆူဇီမိုက အဲ့ဒါကို တောင့်ခံထားပြီး အခါအခွင့်ကောင်းတစ်ခုကို ဆက်လက်၍ စောင့်ဆိုင်းနေ၏။
သူက ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်အပေါ် သေကွင်းသေကွက်ကို တိုက်ခိုက်နိုင်ပြီး ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ရရှိလာဖို့ စောင့်ဆိုင်းနေလေသည်။
ပေသုံးဆယ် ၊ ပေနှစ်ဆယ်...
ဆယ်ပေ...
သူတို့နှစ်ယောက်ကြား အကွာအဝေးက ယခုအခါ ဆယ်ပေသာ ရှိတော့လေသည်။
အဲ့ဒါက လက်တစ်ကမ်း အကွာအဝေးဖြစ်လေသည်။
ထိုစဥ်မှာပင် ဆူဇီမို၏ မျက်လုံးထဲတွင် ရက်စက်ပြတ်သားသည့် အကြည့်တစ်ခုက ဖျတ်ကနဲ လက်သွားပြီး သူက နောက်သို့ ချာကနဲ လှည့်လိုက်လေသည်။ သူ၏ သွေးနီရောင်ဆံပင်က ကခုန်နေပြီး သူက မိုးကြိုးလျှပ်စီးလို အကြည့်နှင့်အတူ ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ဘက်သို့ လှည့်၍ ဒေါသတကြီးဟိန်းဟောက်လိုက်၏။
“ဂါး!”
ဆူဇီမို၏ နောက်တွင် နဂါးတစ်ကောင်၏ ပုံရိပ်ယောင်က ပေါ်ထွက်လာပြီး လေထဲမှာ ရစ်ခွေနေလေသည်။
သူက အမှန်တစ်ကယ်ပင် ကမ္ဘာတုန်လောက်ဖွယ်ရာ နဂါးဟိန်းသံတစ်ခုကို ထုတ်ဖော်လိုက်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမို၏ ညာဘက်မျက်လုံးသည် တဖျတ်ဖျတ်တလက်လက်အလင်းများဖြင့် တောက်ပလာခဲ့၏။ အဲ့ဒါက သိပ်သည်းစုဖွဲ့၍ ချစ်ချစ်တောက် ပူလောင်သော နေတစ်စင်းကဲ့သို့ ချက်ချင်းပင် ရုန်းကန်ထွက်ပေါ်လာလေသည်။
သူက အသံနှင့် စက္ခုနည်းစနစ်ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်၏။
အဲ့ဒါက အချိန်မဆိုင်းထုတ်ဖော်နိုင်သော လျှို့ဝှက်ပညာရပ်နှစ်ခုဖြစ်ပြီး ဆူဇီမို၏ အကြီးမားဆုံး ဝှက်ဖဲများလည်း ဖြစ်လေသည်။
ဤအကွာအဝေးအရ အဲ့ဒါကို ခုခံနိုင်စရာအကြောင်းမရှိပေ။
အခြားသော အဆင့်မြင့်မိစ္ဆာသားရဲများသာဆိုလျှင် ဤကဲ့သို့ ရုတ်တရက် လှုပ်ရှားတိုက်ခိုက်မှုတွင် သူတို့က ထိတ်ထိတ်ပျာပျာ ဖြစ်ရင်ဖြစ် မဟုတ်လျှင် အပြင်းအထန်ဒဏ်ရာရရှိနိုင်ကောင်းလေသည်။
သို့သော်လည်း ဆူဇီမိုက အရှင်သခင်တစ်ပါးနှင့် ရင်ဆိုင်နေရခြင်းဖြစ်လေသည်။
“နဂါးမျိုးနွယ်လား...”
ဈာန်ပျံဆိတ်တောင်ထွတ်၏အရှင်သခင်က မျက်မှောင် ကြုတ်လိုက်၏။
ဖျတ်ကနဲဆို သူက သူ၏ လက်ဖဝါးကို မြှောက်၍ ဝင်ရောက်လာသော ချစ်ချစ်တောက် အလင်းတန်းကို အချိန်မီ ပိတ်ဆို့တားဆီးလိုက်၏။
ရှဲ!
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ လက်ဖဝါးထက်မှ အစိမ်းရောင်မီးခိုးများက အူထွက်လာ၏။
မီးပဒေသာမျက်လုံးသည် ကြောက်စရာကောင်းလောက်အောင် သန်မာပြီး ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ အသားကိုပင် လောင်ကျွမ်းစေနိုင်လေသည်။
သို့သော်လည်း အလင်းတန်းသည် အရှင်သခင်တစ်ပါး၏ မျိုးဆက်သွေးနှင့် ထိတွေ့မိသည့်ခဏမှာပင် အဲ့ဒါက ပျက်ပြယ်သွားခဲ့လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် လျှို့ဝှက်ပညာရပ်နှစ်ခုကို အလွယ်တကူပယ်ဖျက်ပြီး သူက အပေါ်ယံဒဏ်ရာမျှသာ ရရှိခဲ့လေသည်။
ပြောရမည်ဆိုလျှင် ထိုတောက်ပကြည်လင်သော နဂါးဟိန်းသံကို ကြားလိုက်ရသည့်ခဏမှာပင် ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ ရင်ထဲတွင် တွေဝေတုံ့ဆိုင်းမှု အရိပ်အယောင်တစ်ခုက ရှိလာခဲ့လေသည်။
နဂါးမျိုးနွယ်က ကမ္ဘာဦးမျိုးနွယ် ၉ စုထဲမှ တစ်စုဖြစ်လေသည်။
သူ့ရှေ့မှ နဂါး၏ မျိုးဆက်သွေးက မသန့်စင်ဘဲ အဆက်နွယ်တောကောင်တစ်ကောင်သာ ဖြစ်သော်လည်း အဲ့ဒါက သူ့အနေဖြင့် မထီမဲ့မြင် ပြု၍မရသော တစ်စုံတစ်ယောက် မဟုတ်ပေ။
သို့သော်လည်း ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်သည် ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန်ချမှတ်လိုက်၏။
သတ်!
သူတို့နှစ်ယောက်ကြား ရန်ငြိုးရန်စက ဤအခြေအနေထိ ရောက်ရှိလာခဲ့ပြီးလေပြီ။
သူက ဤတစ်ကြိမ်မှာ ဆူဇီမိုကို လွှတ်ပေးလိုက်မည်ဆိုလျှင် အဲ့ဒါက ကျားတစ်ကောင်ကို သူ၏တောထဲသို့ ပြန်လွှတ်ပေးခြင်းမဟုတ်တော့ဘဲ နဂါးတစ်ကောင်ကို ပင်လယ်ထဲသို့ အမှန်တစ်ကယ် ပြန်လွှတ်ပေးခြင်း ဖြစ်နေပေလိမ့်မည်။
သူက ဤသားရဲကို သတ်ဖြတ်ပြီး သဲလွန်စအထောက် အထားများကို တစ်စွန်းတစ်စမကျန် ဖျက်ဆီးပစ်နိုင်လျှင် နဂါးမျိုးနွယ်ကလည်း အဲ့ဒါကို သိရှိနိုင်တော့မည် မဟုတ်ပေ။
ဒါ့အပြင် နဂါးမျိုးနွယ်မှ တစ်စုံတစ်ယောက်သည် ရတနာများစွာကို သေချာပေါက် ပိုင်ဆိုင်ထားပေလိမ့်မည်။
သူက ထိုရတနာများကို ကောင်းမွန်စွာ အသုံးချနိုင်မည်ဆိုလျှင် သူ့အတွက် အလွန်ကြီးမားသည့် အခွင့်အလမ်းတစ်ခုကို ဖန်တီးဖြစ်ပေါ်လာစေနိုင်လေသည်။
သူက နဂါးတစ်ကောင်၏ သွေးကိုသောက် အသားကိုစားပြီး ခြင်ဆီကို စုပ်ယူနိုင်မည်ဆိုလျှင် သူက အရှင်သခင် ၇ ပါးကြားမှာ ပထမဦးဆုံး မဟာသားရဲ ဖြစ်လာနိုင်ကောင်းလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ အကြည့်က အနည်းငယ်လောင်ကျွမ်းပြင်းပြလာခဲ့၏။
လျှို့ဝှက်အတတ်နှစ်ခုကို ထုတ်ဖော်ပြီးသည်နှင့် ဆူဇီမို၏ မျက်လုံးသည် မှေးကျဥ်းသွားပြီး သူ၏ညာဘက်လက်ကို လက်သည်းတစ်ခုသဏ္ဌာန် ရုတ်တရက် ဆန့်ထုတ်၍ ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ မျက်နှာကို ဖမ်းဆွဲလိုက်လေသည်။
သူ၏ အသံနှင့် စက္ခုနည်းစနစ်များက ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ကို ထိခိုက်နိုင်ချင်မှာ ထိခိုက်နိုင်မည်ကို သူက မျှော်လင့်ထားပြီးဖြစ်လေသည်။
ထိုလျှို့ဝှက်အတတ်နှစ်ခုက စိတ်အာရုံပျက်ယွင်းစေဖို့သာ ရည်ရွယ်ထားလေသည်။
နတ်ဖီးနစ်အရိုးကမှ သူ၏ အစစ်အမှန်သတ်ဖြတ်ကွက်ဖြစ်လေသည်။
သို့သော်လည်း ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က အဲ့ဒါကို မသိရှိနိုင်ပေ။
သူ့အတွက်တော့ ဆူဇီမို၏ ဖမ်းဆွဲမှုသည် သူ့အပေါ်မှာ ခြိမ်းခြောက်မှု လုံးဝမရှိဘဲ အဲ့ဒါက သေခါနီးဆဲဆဲ တောကောင်တစ်ကောင်က နောက်ဆုံးအကြိမ် ရုန်းကန်လှုပ်ရှားခြင်းနှင့် ပို၍ တူနေလေသည်။
“မင်းက လက်လျော့သွားပြီလား...”
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်က လှောင်ရယ်လိုက်ပြီး အလောတကြီးမရှိဘဲ စိတ်အေးလက်အေးပုံစံဖြင့် ပြောလိုက်လေသည်။
“မင်းက အရမ်းသန်မာတဲ့ ကိုယ်ကာယရှိပြီး အနီးကပ်တိုက်ခိုက်ရည်မှာလည်း အရမ်းကိုကြမ်းကြုတ်ခက်ထန်တယ်လို့ ငါကြားထားတယ် ၊ ဒီနေ့မှာ တစ်ကယ့်အစစ်အမှန်ခွန်အားက ဘာလဲဆိုတာ မင်းကို ငါပြပေးမယ်”
နောက်ဆုတ်ခြင်း ရှောင်ရှားခြင်းမရှိဘဲ ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်သည် ဆူဇီမို၏ ဆန့်ထုတ်လိုက်သော လက်ဝါးဆီသို့ လက်သီးဖြင့် ထိုးသွင်းလိုက်လေသည်။
ဘုန်း!
လက်သီးနှင့် လက်ဝါးက ထိတွေ့မိသွား၏။
မနှိုင်းယှဥ်သာအောင် လွှမ်းမိုးခြယ်လှယ်သော စွမ်းအားတစ်ခုသည် ဆူဇီမို၏ ညာလက်ကို ရိုက်ခတ်မိသွားပြီး လက်ဆတ်သော သွေးများက ဖွားကနဲ ပြန့်ကျဲသွား၏။ သူ၏ လက်ဖဝါးသည် အသားစများ သွေးစများနှင့်အတူ ချက်ချင်းပင် ကြေမွနောက်ကျိသွားလေသည်။
သို့သော်လည်း ထိုစွမ်းအားပမာဏသည် သူ့ညာဘက်လက်ထဲရှိ နတ်ဖီးနစ်အရိုးကိုလည်း နှိုးဆွမိသွားလေသည်။
“ဂီး...!”
လေထဲတွင် ဆိုးယုတ်ခက်ထန်သော ဖီးနစ်တစ်ကောင်၏ အော်သံက ထွက်ပေါ်လာပြီး အဲ့ဒါက အကန့်အသတ်မဲ့ စွမ်းအားတစ်ခုနှင့်အတူ ကျောက်သားများနှင့် သတ္တုများထဲကိုပင် ထိုးဖောက်ဝင်ရောက်သွားလေသည်။
နဂါးဟိန်းသံနှင့် ဖီးနစ်အော်သံ...
ထိုအသံနှစ်သံသည် ဤလူ့ထံကနေ တစ်ချိန်တည်းမှာ ထွက်ပေါ်လာခဲ့၏။
ဖီးနစ်အော်သံက ဘယ်ကနေ လာတာပါလိမ့်...
ချက်ချင်းပင် ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ အကြည့်သည် တဖျပ်ဖျပ်ဖြစ်သွားပြီး မသက်မသာ ခံစားချက် တစ်ခုကို ရရှိလိုက်လေသည်။
ထို့နောက် ချက်ချင်းပင်လျှင် သူသည် ဤလောကရှိ သက်ရှိများအားလုံးကို လောင်ကျွမ်းပြာကျသွားစေပြီး အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည်ဟု ထင်ရသော တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်ခုကို တွေ့ကြုံခံစားလိုက်ရလေသည်။