ဒီရေအလှည့်အပြောင်း
Vol. 58 Ch. 869
မီးတောက်များက အတောမသတ် တောက်လောင်လာ၏။
“အား...”
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် ရူးသွပ်စွာဖြင့် ဟိန်းဟောက်လိုက်ပြီး သူ၏ သွေးချီများကို တဝုန်းဝုန်း ထကြွလာစေ၏။ သွေးမြူတစ်ခုက ဖြန့်ကြက်လာပြီးနောက် သူ၏ ကျိုးပြတ်သွားသော လက်ပေါ်ရှိ ဒဏ်ရာဆီသို့ တိုးဝင်သွားလေသည်။
ရှဲ...
သို့သော်လည်း သူ၏ ကျိုးပြတ်သွားသော လက်၏ နေရာတဝိုက်သို့ သူ၏ မျိုးဆက်သွေးက တိုးဝင်လာသည့် ခဏမှာပင် အဲ့ဒါက အစိမ်းရောင် မီးခိုးအမျှင်များအဖြစ် လောင်ကျွမ်းသွားပြီး အပြင်သို့ပင် ပန်းထွက်သွားလေသည်။
ရွှစ်..
ဓမ္မစွမ်းအားများ၏ မြောက်များလှစွာသော ပမာဏက ရုန်းကြွလာပြီး နတ်ဘုရားမီးတောက်များအပေါ် ဖိခြေလိုက်၏။
သို့သော်လည်း နတ်ဘုရားမီးတောက်များက တောက်ပလာပြီး ဓမ္မစွမ်းအားကို အပေါက်များစွာဖြစ်အောင် လောင်ကျွမ်းတိုက်စားပစ်ကာ အဲ့ဒါကို ချက်ချင်း ပျက်ပြယ်သွားစေလသည်။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်သည် သူ၏ မျိုးဆက်သွေးနှင့် ဓမ္မစွမ်းအားများကို ဘယ်လိုပင် လှည့်ပတ်ထားပါစေ.. သူက သူ့လက်ပေါ်ရှိ နတ်ဘုရားမီးတောက်များကို ငြှိမ်းသတ်နိုင်ခြင်း မရှိပေ။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် နောက်ဆုံး မည်သို့မှ မခံမရပ်နိုင်အောင် စူးစူးရှရှနာကျင်မှုတစ်ခုကို တွေ့ကြုံခံစားလာရလေသည်။
သူ့နဖူးက ချွေးများဖြင့် သီးနေပြီး နတ်ဘုရားမီးတောက်များက သူ့လက်ကို တစ်စတစ်စဖြင့် တိုက်စားလာသည်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် နာကျင်မှုဖြင့် သတိလစ်တော့မည့်မတတ် ဖြစ်လာခဲ့လေသည်။
တစ်ခဏအတွင်းမှာပင် မီးတောက်များက သူ့တံတောင်ဆစ်ထိ လောင်ကျွမ်းလာခဲ့၏။ သို့သော်လည်း အဲ့ဒါက ရပ်တန့်သွားမည့် လက္ခဏာမရှိဘဲ သိပ်သည်းစုဖွဲ့နေဆဲ ဖြစ်လေသည်။
သူက အခြားနည်းလမ်းတစ်ခုခုကို မရှာနိုင်လျှင် မီးတောက်များသည် သူ၏ လက်ကနေတဆင့် သူ့ခန္ဓာကိုယ်ဆီသို့ ကူးစက်လာတော့မည်ဖြစ်ပြီး အဲ့ဒါက သူ့တစ်ကိုယ်လုံးကိုပင် ပြာအဖြစ် လောင်ကျွမ်းသွားစေနိုင်လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် ခါးသက်သော စိတ်ပိုင်းဖြတ်မှုတစ်ခုနှင့်အတူ အံကို တင်းတင်းကြိတ်လိုက်၏။
ရုတ်တရက် ဆိုသလို...
သူသည် သူ့သိုလှောင်အိတ်ထဲကနေ အေးစက်နေသော ဆေဘာတစ်လက်ကို ဆွဲထုတ်ပြီး တင်းမာခက်ထန်သော အမူအယာတစ်ခုနှင့်အတူ သူ၏ ဓမ္မစွမ်းအားများကို လှည့်ပတ်လိုက်၏။ သူသည် နောက်သို့လွှဲ၍ ခုတ်ပိုင်းချလိုက်ပြီး သူ၏ တံတောင်ဆစ်ကို သူ့ဘာသာသူ ပြင်းထန်စွာ ဖြတ်တောက်ပစ်လိုက်၏။
“ဖြီး”
သွေးမြူတစ်ခုက ပန်းထွက်လာ၏။
မီးတောက်များဖြင့် လောင်ကျွမ်းနေသော လက်တစ်ဖက်သည် လေထဲသို့ မြောက်တက်သွား၏။ အဲ့ဒါက မြေပြင်ပေါ်သို့ ပြန်ကျလာပြီး သိပ်မကြာမီ ပြာကျသွားခဲ့လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် ခဏမျှ တုန်လှုပ်ချောက်ချားသွားပြီး သူ့အမူအယာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့လေသည်။
သူက သူ့လက်တစ်ဖက်ကို ဖြတ်တောက်ခဲ့ရလေသည်။
သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် သူ့ကိုယ်သူ ကိုယ်တိုင် ဖြတ်ထုတ်ပစ်ခဲ့ရ၏။
အဲ့ဒါက အရမ်းကို ရက်စက်ကြမ်းကြုတ်လေသည်။
သူက ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး ပြတ်သားမှု မရှိလျှင် ဒီနေ့ဒီအချိန်ထိ အသက်ရှင်နေနိုင်လိမ့်မည် မဟုတ်ပေ။
မလှမ်းမကမ်း မြက်ခင်းထဲတွင် ဆူဇီမိုသည် ပြင်းထန်သော နာကျင်မှုကို တောင့်ခံရင်း သူ၏ အရိုးများက ကွဲထွက်ကုန်ပြီအလား ခံစားနေရ၏။ သူ၏ နဂါးကြေးခွံများက ဖျော့တော့သွားပြီး သူ၏ ရင်အုပ်က အသားစများ၊ သွေးစများဖြင့် ပေပွနောက်ကျိနေလေသည်။
သူက နောက်ဆုံးအခိုက်အတန့်၌ နဂါးအသွင်ကို ပြီးမြောက်အောင် ပြောင်းလဲလိုက်နိုင်သည်မှာ ကံကောင်းလှလေသည်။
မဟုတ်ပါက.. ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်ထံမှ တန်ပြန်တိုက်ခိုက်မှုတစ်ခုနှင့်ပင် သူ၏ ရင်အုပ်က ပေါက်ထွက်သွားပေလိမ့်မည်။
တစ်ကယ်ဆို ထိုတိုက်ခိုက်မှု၏ ဓမ္မစွမ်းအားက သူ၏ ခန္ဓာကိုယ်မှတစ်ဆင့် သူ၏ အသိစိတ်ကို ထိုးဖောက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းကို ပိုင်ဆိုင်ထားလေသည်။
ဆူဇီမိုသည် ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ လက်ဝါးရိုက်ချက်ကို ခုခံလိုက်နိုင်သော်လည်း သူ့မှာ တိုက်ခိုက်ရည်ခွန်အား များစွာ မကျန်ရှိတော့ပေ။
အတိအကျ ပြောရလျှင် သူက ထွက်ပြေးဖို့ပင် ခွန်အားမကျန်ရှိတော့ပေ။
သူက လူးလဲ၍ ကျုံးထလိုက်ပြီး သူ၏ ညာဘက်လက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ နတ်ဖီးနစ်လက်သည်းက ပျောက်ကွယ်သွားလေပြီ။ သွေးချီက ရုန်းကြွလာပြီး သူ၏ အတွင်းဒဏ်ရာများကို ထိန်းညှိကုသဖို့အတွက် အကောင်းဆုံး ကြိုးစားလိုက်၏။
သူသည် ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ ကျိုးပြတ်သွားသောလက်ကို ကြည့်ပြီး စိတ်ထဲကနေ အားမလိုအားမရ ခံပြင်းကာ ညင်သာစွာ သက်ပြင်းချလိုက်လေသည်။
နောက်ဆုံးမှာတော့ သူက ခြေတစ်လှမ်း လိုနေသေးလေသည်။
အရှင်သခင်တစ်ပါးက သူတွေးထင်ထားသည်ထက်ပင် ပို၍ သန်မာပြီး ကိုင်တွယ်ဖို့ရာ ပို၍ ခက်ခဲလေသည်။
ဆူဇီမိုက နောက်ဆုတ်ချင်မိ၏။
သူသည် စောစောက သွေးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်သောအခါ သူ့ပုံစံက ဆိုးဆိုးရွားရွားပုံပေါက်နေသော်လည်း အရာရာတိုင်းက သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာလျှင် ဖြစ်လေသည်။
တစ်ကယ်ဆို နောက်ဆုံး ဤအခိုက်အတန့်ထိ သူသည် အရှင်သခင်တစ်ပါးကို သတ်ဖြတ်ဖို့ ကြံရွယ်ပြီး ကောင်းကင်ကို သွေဖယ်သော ပုံစံဖြင့် သူ၏ လမ်းကို သတ်ဖြတ်ခြင်းဖြင့် ဖောက်ထွက်ချင်မိခဲ့လေသည်။
ကံမကောင်းစွာဖြင့် သူက အဲ့ဒါကို မအောင်မြင်နိုင်ခဲ့ပေ။
ယခု ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ကို နတ်ဖီးနစ်လက်သည်းဖြင့်ပင် မသတ်ဖြတ်နိုင်သောအခါ သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘဲ နောက်ဆုတ်ရပေတော့မည်။
ဆူဇီမိုထံတွင် အရှင်သခင်တစ်ပါးကို ခြိမ်းခြောက်နိုင်သော မည်သည့်ဝှက်ဖဲမှ မကျန်ရှိတော့ပေ။
သို့သော်လည်း သူ၏ သိုလှောင်အိတ်ထဲတွင် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှ ဘုန်းကြီးအိုပေးထားခဲ့သော အဆောင်နှစ်ခု ရှိနေသေးလေသည်။ အဲ့ဒါက တည်နေရာရွှေ့ပြောင်း အဆောင်အသေးနှင့် အကြီး ဖြစ်လေသည်။
တည်နေရာရွှေ့ပြောင်းအဆောင်အကြီးကို အတိတ်ကာလတုန်းက မဟာချွမ်အင်ပါယာအတွက် မဟာဘိုးဘေးအဆောင်သခင်တစ်ယောက်က အထူးတလည် သန့်စင်စီမံပေးခဲ့လေသည်။ အဲ့ဒါက နယ်မြေလောကကြီးတစ်ခုလုံးကို ဖြတ်ကျော်၍ သူ့ကို မဟာချွမ်နန်းတော်ဆီသို့ ပြန်ပို့ပေးနိုင်လေသည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် သူ့အနေဖြင့် တည်နေရာရွှေ့ပြောင်းအဆောင်အကြီးကို ထုတ်ဖော်ဖို့က မသင့်လျော်ပေ။
သားရဲတစ်ထောင်တွေ့ဆုံပွဲ၏ အခြေအနေက အတော်လေး ဆိုးရွားနေပုံ ရလေသည်။
ဆူဇီမိုသည် မျောက်နှင့် အခြားသူများကို စိုးရိမ်ပူပန်နေသေးလေသည်။
ဒါ့အပြင် သူက မျောက်နှင့် အခြားသူများကို အသိပေးခြင်း မရှိဘဲ ရုတ်တရက် ပျောက်ကွယ်သွားမည်ဆိုလျှင် သူတို့က ရူးသွပ်မှုဖြင့် ပြဿနာအကြီးကြီး ရှာလာနိုင်လေသည်။
တည်နေရာရွှေ့ပြောင်းအဆောင်အသေးကတော့ ကြုံရာကျပန်းနေရာတစ်ခုသို့ ပို့ဆောင်ပေးနိုင်လေသည်။
ပို့ဆောင်ပေးမည့်နေရာက သိပ်ဝေးကွာမည် မဟုတ်သော်လည်း ဆူဇီမိုကို လက်ရှိခြိမ်းခြောက်မှုကနေ လွတ်မြောက်အောင် ကူညီပေးနိုင်လေသည်။
ယခင်က လင်းရွှမ်ကျီသည် တည်နေရာရွှေ့ပြောင်းအဆောင်အသေးကို အသုံးပြုပြီး ဆူဇီမိုနှင့် ညဝိညာဉ်တို့နှင့်အတူ တားမြစ်နယ်မြေတစ်ခုဖြစ်သော နဂါးအရိုးတောင်ကြားကနေ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့လေသည်။
ဆူဇီမိုသည် ဆုံးဖြတ်ချက်တစ်ခုကို ချပြီး သူ၏ သိုလှောင်အိတ်ဆီသို့ လက်လှမ်းလိုက်၏။
ထိုစဉ်မှာပင် ထူးဆန်းသည့် တစ်စုံတစ်ရာက ဖြစ်ပျက်လာခဲ့၏။
သူ့လက်က သိုလှောင်အိတ်နှင့် မထိရသေးခင်မှာပင် သူ့မျက်စိရှေ့တွင် သားရဲချီများက ရုန်းကြွလာ၏။ မသတီစရာနီရဲနေသော လျှာနှစ်ခွနှင့် ဧရာမအနာကွန်ဒါတစ်ကောင်သည် သူ၏ သွားစွယ်များကို လှစ်ဟပြကာ မြေကြီးထဲကနေ ထိုးထွက်လာလေသည်။
ဟင်း..
ဆူဇီမိုသည် ကြီးမားစွာ တုန်လှုပ်သွားခဲ့၏။
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ လက်ဝါးရိုက်ချက်ဖြင့် သူ့အတွင်းအင်္ဂါများက ဒဏ်ရာအပြင်းအထန် ရရှိထား၏။ သူက တုံ့ပြန်နိုင်လျှင်တောင် သူ့ခန္ဓာကိုယ်က အချိန်မီ လိုက်ပါလှုပ်ရှားနိုင်မည် မဟုတ်ပေ။
အနာကွန်ဒါက သူ့ခြေကျင်းဝတ်ကနေ လျင်မြန်စွာ လျှောတိုက်ပြီး သူ့ကို နေရာမှာတင် မလှုပ်မယှက်နိုင်အောင် ရစ်ပတ်လိုက်၏။
သားရဲချီများက ပျက်ပြယ်သွား၏။
ဆူဇီမိုက ခေါင်းငုံ့ကြည့်လိုက်သောအခါ စောစောက အနာကွန်ဒါသည် ကြိုးအမျိုးအစား ဓမ္မလက်နက်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။ ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က အဲ့ဒါကို အချိန်အတန်ကြာကတည်းက ထုတ်လွှတ်ထားခြင်း ဖြစ်လေသည်။
ဆူဇီမိုက မတ်တတ်ရပ်လိုက်သည့်ခဏမှာပင် ထိုဓမ္မလက်နက်က ဆင်းသက်လာပြီး သူ့ကို မြဲမြံ့စွာ တုပ်နှောင်လိုက်လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်သည် အစက နမော်နမဲ့ ရှိခဲ့ပြီး သူ့လက်သည် ဆူဇီမိုကြောင့် ချို့ယွင်းပျက်စီးသွားခဲ့ရသော်လည်း သူ၏ ခွန်အားကုန်ဖြင့် တိုက်ခိုက်လာသောအခါ အတွေ့အကြုံအရာမှာဖြစ်စေ၊ နည်းလမ်းအရာမှာဖြစ်စေ.. ဆူဇီမိုသည် ထိုသူနှင့် အရမ်းကို အလှမ်းကွာနေဆဲ ဖြစ်လေသည်။
ဆူဇီမိုသည် ရင်တစ်ချက် ထိတ်သွားရ၏။
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ တန်ပြန်တိုက်ခိုက်မှုက ဤကဲ့သို့ အလှည့်အပြောင်း များစွာဖြင့် ပြတ်သားမှု ရှိလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားမိပေ။
သူက သူ၏ အရွတ်များနှင့် အရိုးများကို ကျုံ့၍ ရုန်းထွက်ဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြိုးက သူနှင့်အတူ လိုက်ပါ၍ ကျုံ့ဝင်သွားပြီး မည်သည့်အကြားအလပ်မှ ဖြစ်ပေါ်မလာပေ။
ဤကြိုးက အနာကွန်ဒါတစ်ကောင်၏ အရွတ်ကနေ ပြုလုပ်ထားခြင်းမှာ မှားစရာ မရှိဘဲ.. အဲ့ဒါက အရမ်းကို လိုက်လျောညီထွေ ကျုံ့နိုင်ဆန့်နိုင်လေသည်။
လူတစ်ယောက်က အဲ့ဒါနှင့် တုပ်နှောင်ခံလိုက်ရသည့်ခဏမှာပင် သူတို့၏ ဓမ္မစွမ်းအားများက ကန့်သတ်ချုပ်နှောင်ခြင်း ခံရပြီး လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
တည်နေရာရွှေ့ပြောင်းအဆောင်အသေးက ဆူဇီမို၏ သိုလှောင်အိတ်ထဲမှာ ရှိနေ၏။ သို့သော်လည်း သူ၏ လက်နှစ်ဖက်က တင်းကျပ်စွာ တုပ်နှောင်ခံထားရပြီး သူ၏ ဓမ္မစွမ်းအားများကလည်း ချိပ်ပိတ်ခံထားရလေသည်။ သူက တည်နေရာရွှေ့ပြောင်းအဆောင်အသေးကို ဘယ်လိုမှ လက်လှမ်းမမီနိုင်တော့ပေ။
ဒီရေအလှည့်အပြောင်းက ဖြစ်ပေါ်လာခဲ့လေပြီ။
ယခုလက်ရှိ အခြေအနေက သူ၏ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်သွားခဲ့လေပြီ။
တစ်ကယ်တော့ အရှင်သခင်တစ်ပါးကို သတ်ဖြတ်မည့် သူ၏ အလောင်းအစားက အောင်မြင်ခဲ့မည်ဆိုလျှင် အဲ့ဒါက အတော်လေး ကောင်းမွန်သည့် ရလဒ်တစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူရှုံးလျှင် သူသေရပေလိမ့်မည်။ ပေးဆပ်ရမည့်တန်ဖိုးက အရမ်းကြီးမားလေသည်။
ဆူဇီမိုက သူ၏ ဆုံးဖြတ်ချက်အတွက် နောင်တရနေဖို့ အချိန်မရှိဘဲ သူ၏ စွမ်းအင်အားလုံးကို အသုံးချကာ ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲဆိုတာကိုပဲ စဉ်းစားတွေးတောနေ၏။
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က အေးစက်စက်အကြည့်နှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလေသည်။ သူသည် မလှမ်းမကမ်းရှိ သန့်စင်သော မျက်နှာကို အကန့်အသတ်မဲ့သော အမုန်းတရားများနှင့်အတူ စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။
မည်သို့ပင်ဆိုစေ.. သူက ဤတိုက်ပွဲမှာ အနိုင်ရသူ ဖြစ်နေဆဲပင်။
သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးက အလွန်တရာ အန္တရာယ်များခဲ့လေသည်။
သူသည် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်၏ လက်ထဲမှာ သေတော့မလို ဖြစ်ခဲ့ရလေသည်။
ဒါ့အပြင် သူသည် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ကို သတ်ဖြတ်ဖို့ ကြိုးစားရာမှာ သူ့လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရ၏။ ပေးဆပ်ရသော တန်ဖိုးက ကြီးမားလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ အကြည့်က အနည်းငယ် တောက်လောင်နေ၏။
သူသည် မို၏ အသွေး၊ အသား၊ အရိုး၊ ခြင်ဆီနှင့် လျှို့ဝှက်အတတ်များ အပါအဝင် သူပိုင်ဆိုင်ထားသမျှ အရာရာတိုင်းကို အသုံးချပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ကာ မဟာသားရဲတစ်ပါး ဖြစ်လာခဲ့မည်ဆိုလျှင်.. သူ၏ ဆုံးရှုံးသွားသော လက်က ပြန်ထွက်လာမည်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က နဂိုအတိုင်း ပြန်ဖြစ်လာပေလိမ့်မည်။
ထိုအခါ သူက အစစ်အမှန် အနိုင်ရရှိသူ ဖြစ်လာပေလိမ့်မည်။
တစ်ခဏအတွင်းမှာပင် ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က ဆူဇီမိုရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။
သူ့ပုံစံက ပိန်ပိန်ရှည်ရှည်ဖြစ်ပြီး သူ့မျက်လုံးထဲတွင် အေးစက်မှု၊ စိတ်လှုပ်ရှားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့က ရောပြွမ်း၍ ဆူဇီမိုကို အထက်စီးကနေ ငုံ့ကြည့်လိုက်၏။
ဆူဇီမိုက တန်ပြန်တိုက်ခိုက်လာမှာကို သူက စိုးရိမ်မနေတော့ပေ။
နောက်ဆုံးမှာတော့ ဆူဇီမိုသည် အနာကွန်ဒါအရွတ်၏ ချုပ်နှောင်ခြင်းကို ခံထားရပြီး တုံ့ပြန်တိုက်ခိုက်နိုင်စရာ အကြောင်းမရှိတော့ပေ။
ဒါ့အပြင် စောစောက သူတို့၏ တိုက်ခိုက်ဖလှယ်မှုအပြီး၌ အရှင်သခင်သည် ဤသားရဲကို ဆက်လက်၍ အထင်မသေးရဲတော့ပေ။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် အပြည့်အဝ အာရုံစိုက်ထားပြီး တုပ်နှောင်ခြင်းကို ခံထားရ၍ သေဖို့သာ စောင့်နေရသည့် ဆူဇီမိုကိုပင် သတိထားနေ၏။