တာအိုဘိုးဘေး.... သိုင်းပညာမှာ ဒီလိုအဆင့်မျိုး တကယ်ရှိတာလား......
Vol. 12 Ch. 173
တဝူကုန်း၏ အသံက ကောင်းကင်ယံကို ဖြတ်ကျော်၍ ကျန်းချန်ရှန်း၏ နားထဲသို့ ဝင်ရောက်သွားသည်။
ကျန်းချန်ရှန်းကတော့ ရဲရွှမ်နှင့် မီးခိုးရောင်၀တ် အဘိုးအိုတို့၏ တိုက်ပွဲကို သာ ကြည့်နေခဲ့သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ရဲရွှမ်၏ပြိုင်ဘက်သည် အမှန်တကယ်ပင် သန်မာသော်လည်း ရဲရွှမ်ရှေ့တွင် သူ၏ခွန်အားကို မပြသနိုင်ခဲ့ပေ။
ကျန်းချန်ရှန်းက တဝူကုန်းကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
ဤ လျစ်လျူရှုသော သဘောထားကြောင့် တဝူကုန်း မျက်မှောင်ကြုတ်လိုက်မိသည်။
မသိတဲ့သူတွေက အချင်းချင်း နှုတ်ဆက်ကြတာ လေးစားသမှုပြသခြင်းမဟုတ်ပေလော......
ကျန်းချန်ရှန်း၏ မထီမဲ့မြင် အပြုအမူကြောင့် တဝူကုန်း၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ လှိုင်းထန်နေသည်။
" တာအိုဘိုးဘွား....တကျန်းကိုထားခဲ့မယ်ဆို မင်းကို အသက်ချမ်းသာပေးမယ်...."
သူ့နောက်ကွယ်မှ သိုင်းပညာရှင်အားလုံးက ကျန်းချန်ရှန်းကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ကျန်းချန်ရှန်း၏ ခွန်အားကို မမြင်နိုင်သော်လည်း တာအိုဘိုးဘေး၏ အောင်မြင်မှုများက သမုဒ္ဒရာတစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်သည်။
ပြင်းထန်သော တိုက်ပွဲတစ်ခု ရောက်ရှိလာတော့မည်!
ကျန်းချန်ရှန်းက ....."စိတ်မကောင်းပါဘူး.... ငါ တကျန်းကို မထားခဲ့နိုင်သလို မင်းလည်း ငါ့ကိုမသတ်နိုင်ဘူး....."
ရဲရွှမ်က တာအိုဘိုးဘေး၏အသံကိုကြားသောအခါ၊ သူ၏တိုက်ပွဲစိတ်ဓာတ်က ပို၍ပင် အားကောင်းလာသည်။
တာအိုဘိုးဘေး၏လက်၌ ရှုံးနိမ့်ခြင်းကို ဝန်ခံရန် ဆန္ဒရှိသော်လည်း သာမန် ကောင်းကင်သုံးခုနယ်ပယ်လက်ထဲတွင်တော့ မရှုံးနိမ့်လိုပေ.......
ဝုန်းးးးးးး
ရဲရွှမ်၏ အစစ်အမှန်ချီများ ပေါက်ကွဲထွက်လာပြီး မီးခိုးရောင်ဝတ် အဘိုးအိုကို နောက်သို့ လွင့်စင်စေခဲ့သည်။ ထို့နောက် သူသည် ကောင်းကင်သို့ ပျံတက်ကာ ကျန်းချန်ရှန်းနှင့် တဝူကုန်းတို့ကြားတွင် ပြီးပြည့်စုံသော အကွေ့အကောက်ပုံစံမျိုးဖြင့်ပျံသန်းနေရင်း ရုတ်တရက် သူ၏ ညာခြေသည် ဓါးသွားကဲ့သို့ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အောက်သို့ ဆင်းသက်ပြန်သည်။
မီးခိုးရောင်၀တ် အဘိုးအိုက လက်ဖဝါးဖြင့် စက်ဝိုင်းပုံဆွဲကာ ရှေ့သို့ တွန်းလိုက်သည်။ အကန့်အသတ်မဲ့ စစ်မှန်သောချီဓာတ်များ နဂါး ဦးခေါင်းအဖြစ် ဖွဲ့စည်းသွားပြီး ရဲရွှမ်ကို ဝါးမျိုရန် သွေးစွန်းနေသော ပါးစပ်ကို ဖွင့်လိုက်သည်။
နှစ်ဖက်စလုံး၏ သိုင်းပညာနည်းစနစ်များ ထိပ်တိုက်တွေ့ဆုံကြပြီး ၎င်းတို့၏ စစ်မှန်သောချီဓာတ်များ ပေါက်ကွဲသွားကာ မြေတပြင်လုံးသို့ ပျံ့နှံ့သွားသည့် ကြောက်မက်ဖွယ် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။
နှစ်ဖက်စလုံး ပြင်းထန်စွာနောက်ဆုတ်လိုက်ရပြီး ရဲရွှမ်က သူ့ကိုယ်သူ တည်ငြိမ်စေပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူသည် ၎င်းကို ပေါ့ပေါ့တန်တန် သုတ်လိုက်ပြီး မီးခိုးရောင်ဝတ် အဘိုးအိုထံ ထပ်မံမပြေးမီ သူ့လည်ချောင်းထဲဆန်တက်လာသည့် သွေးများကို မျိုချလိုက်သည်။
ထိုအချိန်တွင်၊ တဝူကုန်းက ကောင်းကင်သုံးခုနယ်ပယ် အခြားကျွမ်းကျင်သူနှစ်ဦးနှင့်အတူ ကျန်းချန်ရှန်းဆီသို့ ပျံသန်းသွားခဲ့သည်။ သူတို့သုံးယောက်၏ အော်ရာများ တစ်ချိန်တည်းတွင် ပေါက်ကွဲထွက်ကာ ဧရိယာကို လွှမ်းမိုးသွားသည်။ ရဲရွှမ် နဲ့ သူ့ပြိုင်ဘက်တောင် လှည့်ကြည့်လိုက်ကြသည်။
အရမ်းအစွမ်းထက်တယ်!
ရဲရွှမ်က တဝူကုန်းကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ဤပုဂ္ဂိုလ်သည် ကောင်းကင်သုံးခုနယ်ပယ် မဟုတ်သည်မှာသေချာသည်။
ကောင်းကင်လေးခုနယ်ပယ်ဖြစ်နေမလား......
ရဲရွှမ် ထိတ်လန့်သွားသည်။ ကျန်းချန်ရှန်းကို ကောင်းကင်လေးခုနယ်ပယ်ရောက်နေပြီဝု အမြဲယုံကြည်ခဲ့သည်။ အကယ်၍ ရန်သူကလည်း ကောင်းကင်လေးခုနယ်ပယ်တွင်ရှိနေပါက အနိုင်ရရန် 100% အခွင့်အလမ်းရှိမည်မဟုတ်ပေ။
ထိတ်လန့်နေသော်လည်း မရပ်တန့်ဘဲ မီးခိုးရောင်၀တ်အဘိုးအိုကို သေသည်အထိ တိုက်ခိုက်မည်ဖြစ်သည်။
"ရဲရွှမ် မင်းထွက်သွားလို့ရပြီ"
ကျန်းချန်ရှန်း၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာပြီး ရဲရွှမ် ထိတ်လန့်သွားသည်။ သူ မတုံ့ပြန်နိုင်ခင်မှာ မမြင်နိုင်တဲ့ စွမ်းအားတစ်ခုက သူ့ကို ဖယ်ထုတ်ပစ်လိုက်သည်။ အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့ခါးမှာပတ်ထားတဲ့ ခရမ်းရောင်ပိုးကြိုးကိုတွေ့လိုက်ရပြီး ၎င်းက သူ့ကို ကျန်းချန်ရှန်းရဲ့နံဘေးကို ဆွဲခေါ်သွားသည်။
"အဲဒါဘာလဲ?"
ရဲရွှမ် မျက်လုံး ပြူးကျယ်ကာ ကျန်းချန်ရှန်း၏ခါးပေါ်ရှိ နတ်ချည်ပိုးကြိုးကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။
ခရမ်းရောင်ပိုးကြိုးကို ယောက်ျားကြီးတန်မဲ့ ဘာကြောင့်ဝတ်ထားမှန်း သူနားမလည်နိုင်ပေ.......
တဝူကုန်းနဲ့ တခြားနှစ်ယောက်က အဲဒါကို ပိုရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
ခရမ်းရောင်ပိုးကြိုးက အခုလေးတင် ရှည်လာတယ်...
“ဘယ်လိုဖြစ်နိုင်မှာလဲ…”
"ငါ အိမ်မက် မက်နေတာလား....."
"ဒါဟာ လှည့်စားမှုတစ်ခုပဲဖြစ်ရမယ်!"
"ဒါက သိုင်းပညာရောဟုတ်သေးရဲ့လား.... ဒါမှမဟုတ် နတ်ဆိုးပညာလား”
လော့ယွီ၏ ဉီးခေါင်းပေါ်ရှိ သိုင်းပညာရှင်များ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ နတ်လက်နက်များကို သူတို့မြင်ဖူးသော်လည်း ထိုကဲ့သို့သောလက်နက်မျိုးကို တစ်ခါမျှမတွေ့ဖူးပေ။
ကျန်းချန်ရှန်းက တဝူကုန်းကို ကြည့်ပြီး....
“မင်းတို့အားလုံးပေါင်းပြီး ငါ့ဆီ လာကြ... မဟုတ်ရင် မင်းတို့မှာ အခွင့်အရေး ရှိမှာ မဟုတ်ဘူး....."
သူ့အသံက ကောင်းကင်နဲ့ မြေကြီးကြားမှာ ပဲ့တင်ထပ်နေပြီး ပေါ့ပေါ့တန်တန်ပြောလိုက်သော်လည်း သူ့ အကန့်သတ်မဲ့ပင်လယ်မဟာမိတ်ကို ဖိအားတွေ အများကြီးပေးစွမ်းခဲ့သည်။
မီးခိုးရောင်ဝတ် အဘိုးအိုသည်လည်း တဝူကုန်းတို့ဘက်သို့ ရောက်ရှိလာပြီး ကျန်းချန်ရှန်းကို သတိထား၍ ကြည့်နေလေသည်။
" တာအိုဘိုးဘေး...မင်း ကိုယ့်ကိုကိုယ် အထင်ကြီးလှချည်လား..... ငါတို့လေးယောက်ပူးပေါင်းနေတာကိုတောင် အထင်သေးနေတုန်းပဲလား....."
တဝူကုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူ့ဒေါသကို ထိန်းဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် တစ်ဖက်က သူ့ကို လှောင်ပြောင်ပြီးရင်း လှောင်ပြောင်နေသလို ခံစားနေရသည်။
ကျန်းချန်ရှန်းက နှုတ်ခမ်းမဲ့ပြီး.....
"ရဲရွှမ်... သေချာကြည့်ထား ဒါက မင်းဘဝတလျှောက်လုံး ရှာဖွေရမယ် ခွန်အားမျိုးပဲ.... "
ဒါကိုကြားတော့ ရဲရွှမ်ရဲ့အမူအရာက ကြည်လင်လာပြီး ချက်ချင်း ထိတ်လန့်သွားပြန်သည်။
ချန်းမိသားစုရဲ့ ချီလက်ချောင်းသိုင်းကို သုံးဉီးမလို့လား......
ထိုအချိန်တွင်၊ ကျန်းချန်ရှန်း ရုတ်တရက် မှင်သက်သွားပြီး သူ့ခန္ဓာကိုယ် လျင်မြန်စွာ ကြီးမားလာသည်။ ရဲရွှမ် သူ့ခြေထောက်အောက်တွင် တစ်ခုခုကို ခံစားလိုက်ရသည်။ သိပ်မကြာခင်မှာပဲ သူမျက်လုံးတွေပြူးကျယ်လာပြီး သူ့ပါးစပ်အဟောင်းသားဖြင့် ထိတ်လန့်တကြား အမူအရာကို ထုတ်ဖော်လိုက်လေသည်။
တဝူကုန်းနှင့် ကောင်းကင်သုံးခုနယ်ပယ်ပညာရှင်သုံးယောက်လည်း မျက်လုံးပြူးကျယ်ကာ တုန်လှုပ်သွားကြသည်။ သူတို့နောက်ကွယ်က အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့ရဲ့ ထိပ်တန်းအရာရှိတွေအားလုံး အံ့သြတုန်လှုပ်နေကြ၏။
သူတို့၏အကြည့်များအောက်တွင် ကျန်းချန်ရှန်း၏ခြေဖဝါးတစ်စုံ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး မြေပြင်တုန်ခါကာ ဖုန်မှုန့်များ ပျံတက်သွားသည်။
သူသည် ပေတစ်သောင်းကျော် မြင့်မားနေပြီဖြစ်သည်။
သူ့ဝတ်ရုံတောင် ခန္ဓာကိုယ်နှင့်ကိုက်ညီစွာကျယ်ပြန့်လာသည်။
ထျန်းရှန်းဓမ္မ.....
ကျန်းချန်ရှန်း၏ပခုံးပေါ်တွင်ရပ်နေသော ရဲရွှမ် တုန်လှုပ်နေပြီး ကျန်းချန်ရှန်းကို ထိတ်လန့်စွာကြည့်ကာ စိတ်မထိန်းနိုင်တော့ပေ။
“နတ်ဆိုး…နတ်ဆိုး…”
မီးခိုးရောင်ဝတ် အဘိုးအို၏ အသံ တုန်ရီနေသည်။ ကောင်းကင်သုံးခုနယ်ပယ်၏ရဲစွမ်းသတ္တိများ တစစီေကြေမွသွားခဲ့ချေပြီ.....
လော့ယွီသည် ၎င်း၏ငါးမျက်လုံးများကိုဖွင့်လိုက်ပြီး ကျန်းချန်ရှန်းကို မဟာရန်သူကြီးနှင့်ရင်ဆိုင်နေသကဲ့သို့ စိုက်ကြည့်နေသည်။
ထိုအချိန်တွင်၊ ကျန်းချန်ရှန်းသည် ၎င်းထက်ပင် ပိုကြီးမားသည်။ သူက ပေတစ်သောင်းရှည်ပြီး ကျန်းချန်ရှန်းက ပေတစ်သောင်းမြင့်သည်။
ကျန်းချန်ရှန်း ညာဖက်လက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူ့အကြည့်များ အလွန်အေးစက်လာသည်။
" တကျန်းက သာမန်လူတွေ မဆင်မခြင်ထိပါးလို့ရတဲ့နေရာမဟုတ်မှန်း အမှတ်ရနေစေရမယ်....."
“တိုက်ခိုက်ကြ!”
တဝူကုန်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူလေးယောက်က ၎င်းတို့၏ အစစ်အမှန်ချီများကို အသီးသီးထုတ်လွှတ်လိုက်ကြသည်။
ကျန်းချန်ရှန်းက လက်ဖဝါးနဲ့ရိုက်ချလိုက်ပြီး ခရမ်းရောင်အလင်းတန်းများ တဖျပ်ဖျပ်လင်းလက်ကာ ကမ္ဘာကြီးကို လင်းထိန်သွားစေပြီး ရဲရွှမ်၏ ထိတ်လန့်တုန်လှုပ်သောအမူအရာ ပြောင်းလဲသွားခဲ့သည်။
ဝုန်းးးးးးးး
ကျန်းချန်ရှန်း လက်ဖဝါးကို ရှေ့သို့ တွန်းထုတ်လိုက်ချိန်မှာတော့ မြေပြင် တုန်ခါပြီး ပြင်းထန်တဲ့ လေပြင်းတွေ ကောင်းကင်ကနေ ဆင်းသက်လာသည်။
လော့ယွီ လဲကျသွားချိန်တွင် ရဲရွှမ်လည်း ဖိအားများစွာခံစားလိုက်ရသည်။
တဝူကုန်းနှင့် အခြားလူများ လှည့်ကြည့်လိုက်တော့ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို တွေ့လိုက်ရသည်။ သူတို့ကို စိတ်ပျက်အားငယ်စေသည့်အရာမှာ တဝူကုန်းအပါအဝင် ၎င်းတို့အားလုံး မလှုပ်ရှားနိုင်ခဲ့ကြပေ။
တိမ်ပင်လယ်ကြီး ဝန်းရံထားသော ဧရာမခရမ်းရောင် လက်ဖဝါးတဖက် ကောင်းကင်မှ ဆင်းသက်လာသည်။ ၎င်းသည် ကောင်းကင်ဘုံမှ နတ်ဘုရားထံမှ ဆင်းသက်လာပုံနှင့်တူသည်။ထိုလက်ဖဝါးတဖက်က ကောင်းကင်ကို ဖုံးလွှမ်းပြီး နေကို ချေမှုန်းပစ်ကာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို အရေးမပါသလို ခံစားရသည်။ ထိုအချိန်တွင် ရှီပြည်နယ်နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများပင် ဤမြင်ကွင်းကို မြင်နိုင်သည်။
မိုးကုတ်စက်ဝိုင်းတွင်ပြိုးပြိုးပြက်ပြက်လင်းလက်နေသော ဧရာမ ခရမ်းရောင် လက်ဖဝါးအရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်မှ ဆင်းသက်လာသည်နှင့်အမျှ ကမ္ဘာကြီးတစ်ခုလုံး ခရမ်းရောင်အလင်းတန်းများဖြင့် လင်းထိန်သွားခဲ့သည်။ မုန်တိုင်းငယ် နေရာပေါင်းစုံတွင်ဖြစ်ပွားလာပြီး မိုင်ထောင်ချီ၍ ကြောက်မက်ဖွယ်ကောင်းသော မြေငလျင်တစ်ခု ပျံ့နှံ့သွားသည်။
မြေကြီးလှုပ်ခါပြီး ကောင်းကင်ကြီး မှောင်မည်းနေသည်။
ကျန်းချန်ရှန်း၏ပခုံးပေါ်တွင်ရပ်နေသော ရဲရွှမ်ခင်မျာ နှလုံးခုန်နှုန်း အလွန်လျင်မြန်လာသည်ဟု ခံစားရသည်။
"ဒီ သိုင်းပညာ နည်းစနစ်က...... "
ရဲရွှမ် သဘောကျသွားသည်။ သူသည် ကျန်းချန်ရှန်း၏ပခုံးပေါ်တွင် ဒူးထောက်လိုက်ပြီး ကြောင်တက်တက်ဖြင့် ရှေ့ကိုကြည့်လိုက်သည်။
ဆယ်မိုင်အကွာအဝေးတွင် တွင်းကြီးတစ်ခုဖြစ်ပေါ်နေပြီး မိုင်ဒါဇင်ပေါင်းများစွာအတွင်း တောင်ပေါ်သစ်တောများ ပြိုကျသွားသည်။ ကျန်းချန်ရှန်း ဤနေရာကို စူးစမ်းလေ့လာခဲ့ပြီး အနီးအနားတွင် မည်သူမျှ မရှိသည်ကို တွေ့ရှိသောကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာရမည်ကို မကြောက်ခဲ့ပေ။
ခရမ်းရောင်လက်ဖဝါးအရိပ် ပျောက်ကွယ်သွားသည်နှင့်အမျှ၊ ကောင်းကင်နှင့်မြေကြီးကြားတွင် ဖုန်မှုန့်များ ပျံ့လွင့်နေသည်မှာ ကမ္ဘာပျက်တစ်ခု၏မြင်ကွင်းနှင့်ဆင်တူသည်။
လော့ယွီ တွင်းထဲတွင် မလှုပ်မယှက် လဲကျနေပြီး သူ့ဉီးခေါင်းပေါ်ရှိ သိုင်းပညာရှင်အားလုံးသည် အသားငါးပိဖြစ်ကုန်ကြပြီ.......
တဝူကုန်းနှင့် အခြားသုံးဦးမှာလည်း သွေးသံတရွှဲရွှဲဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော်လည်း မသေသေးပေ။
တိုက်ပွဲကိုအဆုံးသတ်ရန် လက်ဖဝါးရိုက်ချက်တစ်ခုတည်းသာလိုခဲ့သည်။
ရဲရွှမ် ရုတ်တရက် ငိုချင်လာသည်။
တာအိုဘိုးဘေးကို စိန်ခေါ်ရင်း လွတ်မြောက်နိုင်ခဲ့တဲ့အတွက် အလွန်ကံကောင်းတယ်လို့ ရုတ်တရက်ခံစားရလိုက်ရသည်။
ကျန်းချန်ရှန်းက နတ်ဘုရားစွမ်းရည်သုံးခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ ပုံမှန်ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်လည်ရရှိခဲ့သည်။ သူသည် တရှိန်ထိုးဆင်းသက်ကာ လေးစားရသော တဝူကုန်းရှေ့သို့ ဆင်းသက်လာသည်။
ရဲရွှမ်လည်း သူ့နောက်ကို လိုက်လာခဲ့သည်။
မကြာခင်မှာပဲ ကျန်းချန်ရှန်းက သူ့လက်ကို ဆန့်တန်းပြီး သူ့လက်ဖဝါးကနေ အစိမ်းရောင်အလင်းတန်းတွေ ထွက်ပေါ်လာသည်။
ပြန်လည်ရှင်သန်ခြင်း .......
ရဲရွှမ် တစ်ခုခုကို တွေးနေပုံရပြီး သူ့အမူအရာက ရှုပ်ထွေးနေသည်။
တခဏကြာတော့ တဝူကုန်း၏လက်ချောင်းများ စတင်လှုပ်ရှားလာသည်။ ကျန်းချန်ရှန်း ထိုင်ချလိုက်ပြီး သွေးများစိုရွှဲနေသော ဆံပင်များကို ဆုပ်ကိုင်၍ တဝူကုန်းကို ခေါင်းမော့ခိုင်းကာ ပုံရိပ်ယောင်နတ်မျက်စိကိုသုံးလိုက်သည်။ တဝူကုန်း၏မျက်ဆံများ ရွှေရောင်ပြောင်းသွားကာ မှိန်းမောနေပုံရသည်။
ရဲရွှမ်က ကျန်းချန်ရှန်း၏နောက်တွင် ရပ်နေကာ မူမမှန်မှုကို မတွေ့လိုက်ရပေ။ တဝူကုန်း၏မျက်လုံးအရောင်ပြောင်းသွားသည်နှင့်ပတ်သက်၍ ထွေထွေထူးထူးမစဉ်းစားခဲ့ပေ။
ကျန်းချန်ရှန်းက မေးခွန်းမျာ စတင်မေးမြန်းခဲ့သည်။
"မင်းဘာလို့ နတ်ဆိုးပုလဲကို လိုချင်နေတာလဲ...."
“မြင့်မြတ်တဲ့မင်းဆက်ပျက်စီးသွားရင် နတ်ဆိုးသားရဲကပ်ဘေးကြီး လူသားမျိုးနွယ်ဆီရောက်လာလိမ့်မယ်....နတ်ဆိုးပုလဲသာရှိနေရင် အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်ကို ကာကွယ်နိုင်တယ်......”
"ဒါဆို တုံးဟိုင်မင်းဆက်ကို ဘာလို့ကူညီရတာလဲ"
"ဒီတိုက်ကြီးကို ပေါင်းစည်းဖို့ တုံးဟိုင်မင်းဆက်ကို ကူညီနိုင်မယ်ဆိုရင် အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့က နဂါးသွေးကြောကိုးခုကိုဖွင့်ပြီး ဒဏ္ဍာရီလာနတ်ဆိုးကို အသက်ပြန်သွင်းနိုင်မယ်....ပြီးရင် ဒဏ္ဍာရီလာနတ်ဆိုးကို နတ်ဆိုးပုလဲနဲ့ ယဉ်ပါးအောင်ထိန်းကျောင်းနိုင်ပြီ....."
"ဒဏ္ဍာရီလာနတ်ဆိုးက ဘာလဲ"
"သေချာမသိဘူး....နဂါးသွေးကြောတွေက ချိတ်ပိတ်ထားတဲ့နည်းလမ်းတစ်မျိုးဆိုတာပဲသိတယ်....."နဂါးသွေးကြောတွေရှိရင်၊ ချိတ်ပိတ်ထားတဲ့ နတ်ဆိုးတစ်ကောင်ရှိရမယ်....”
ကျန်းချန်ရှန်းက ဆက်မေးပြီး တဝူကုန်းက ကြောင်တက်တက်နဲ့ ပြန်ဖြေခဲ့သည်။
ရဲရွှမ်ကတော့ တဝူကုန်း၏ စကားကြောင့် အံ့အားသင့်သွားသည်။
နဂါးသွေးကြောအောက်မှာ နတ်ဆိုးတွေရှိနေတလား...
များမကြာမီတွင်၊ အကန့်အသတ်မဲ့ပင်လယ်မဟာမိတ်အဖွဲ့ဝင်အားလုံး အပြည့်အ၀တိုက်ခိုက်ခဲ့ကြောင်း ကျန်းချန်ရှန်း သိရှိလာသည်။အစီအစဉ်အောင်မြင်ခဲ့လျှင် ဧကရာဇ်ရွှမ်ထျန်းနဲ့ တကျန်းရဲ့ ကျွမ်းကျင်ပညာရှင်တွေ ကြေကွဲစရာကောင်းစွာ သေဆုံးသွားရလိမ့်မည်။
ကျန်းချန်ရှန်းက အကန့်သတ်မဲ့ပင်လယ်မဟာမိတ် ၏ ဌာနချုပ်တည်နေရာနှင့် အမျိုးမျိုးသော သိုင်းပညာဆိုင်ရာ နည်းပညာများကို တဝူကုန်း၏မှတ်ဉာဏ်ထဲတွင်ရှာဖွေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်၊ ပုံရိပ်ယောင်နတ်မျက်စိကို ရုတ်သိမ်းလိုက်ပြီး တဝူကုန်းကို အဆုံးသတ်ရန် ချန်း မိသားစု၏ချီလက်ချောင်းသိုင်းကို အသုံးပြုခဲ့သည်။
ဒါပေမဲ့ ချက်ချင်း ထွက်မသွားသေးဘဒ ယင်းအစား ထိုက်ယန်ရှန့်ကုန်းကို ထုတ်ယူခဲ့သည်။
ဤသည်မှာ ရဲရွှမ်အနေဖြင့် ထိုက်ယန်ရှန့်ကုန်းကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
သူ့အကြည့်အောက်မှာ ကျန်းချန်ရှန်းက သူ့ရဲ့လေးကြိုးဆွဲပြီး မြှားတွေကို လမ်းကြောင်းအမျိုးမျိုးဆီ ပစ်လွှတ်ခဲ့သည်။
"ဒါက ဘယ်လို လေးပညာလဲ...."
ရဲရွှမ် အံ့သြသွားပြန်သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လေးပညာကို သူပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ တာအိုဘိုးဘေးတွင် အခြားသော ကြောက်စရာကောင်းသည့် နည်းစနစ်ဘယ်ခုရှိနေသေးသလဲ.....
ကျန်းချန်ရှန်းက ထိုက်ယန်ရှန့်ကုန်းကို မဟာဝိဉာဉ်လက်စွပ်ထဲ သိမ်းဆည်းထားပြီး ရဲရွှမ်ကို ပြုံး၍ ကြည့်လိုက်သည်။
"ဒီနေ့ မင်းကြားခဲ့တာတွေကို မင်းနဲ့ငါနှစ်ယောက်ပဲသိပါစေ.... ပိုင်ချီ နဲ့ ယန်ကျိုး အပါအဝင် တတိယလူ မရှိရဘူး....နားလည်လား?"
ရဲရွှမ် ထိုစကားကိုကြားသောအခါ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ကျန်းချန်ရှန်းက လော့ယွီဆီသို့ လျှောက်သွားပြီး...
သူတို့အလောင်းတွေကို မင်း သယ်လာခဲ့..."
ရဲရွှမ်က အလောင်းလေးလောင်းကို ပခုံးပေါ် ထမ်းတင်လိုက်သည်။
" တာအိုဘိုးဘေး ....ခုနကလို ပေတစ်သောင်းလောက် မြင့်အောင် လုပ်ပေးနိုင်တာကလဲ သိုင်းပညာတစ်ခုပဲလား "
"ဟုတ်တယ်.....မင်းငါ့ကိုမယုံဘူးလား?"
"မယုံဘူး..... ဒါ့ပြင်… သိုင်းပညာတွေက ဒီလိုအဆင့်အထိ ရောက်နိုင်ပါ့မလား”
"မင်း မမြင်ဖူးဘူးလား"
“အံ့သြစရာကောင်းလို့ပါ ...ပြီးတော့ ခုနက လက်ဝါးသိုင်းကို ဘယ်လိုခေါ်လဲ...."
"ဇီဝေ့အကျဉ်းထောင်.."
"ဇီဝေ့အကျဉ်းထောင် ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ နာမည်လဲ..."
ရဲရွှမ် စိတ်လှုပ်ရှားနေသော်လည်း "သင်ယူချင်တယ်" ဆိုတဲ့ စကားကို မပြောရဲပေ။
သို့သော် ရဲရွှမ်က ငတုံးမဟုတ်ပေ.... တာအိုဘိုးဘေးက သူ့ကို မသတ်သည့်အပြင် နည်းစနစ်မျိုးစုံကို မြင်စေကာ ထိုအကြောင်းကို ထုတ်ပြောခွင့်မပြုပေ။
အဲဒါ ဘာကို ဆိုလိုတာလဲ.......
ကျန်းချန်ရှန်း၏ကျောပြင်ကို ကြည့်ရင်း ရဲရွှမ်၏နှလုံးခုန်နှုန်းမြန်ဆန်လာသည်။