← Chapters

တစ်ယောက်တည်း ကိုယ်လွတ်ရုန်းထွက်ပြေးရင် တစ်သက်လုံး နာကျင်နေရလိမ့်မယ်

Vol. 27 Ch. 365

တစ်ယောက်တည်း ကိုယ်လွတ်ရုန်းထွက်ပြေးရင် တစ်သက်လုံး နာကျင်နေရလိမ့်မယ်

Vol. 27 Ch. 365

ဘာသာပြန်- The Fate

" ကြည့်ရတာ လင်မိသားစုက မေ့လျော့သွားပြီထင်တယ်။ ဒီသံတမန်က ပြန်လည်အသိပေးရတာပေါ့။"

" မင်းတို့လင်မိသားစုခေါင်းဆောင်က ချစ်ရတဲ့သမီးလေး လင်ချင်းချင်းအတွက် ကြင်ရာရှာပေးဖို့ သိုင်းပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့တယ်လေ။ ဒါပေမဲ့ မြေအောက်ဘုံလောကစစ်တပ် ထွက်ပေါ်လာတာကြောင့် သိုင်းပြိုင်ပွဲလည်း ဖျက်သိမ်းလိုက်ရတယ်။ ဒါပေမဲ့ ဒီသံတမန်ယုံကြည်တယ်။ အဲ့ဒီအချိန်တုန်းက ဘယ်လူငယ်မျိုးဆက်ကမှ ဒီသံတမန်ရဲ့ပြိုင်ဖက် မဖြစ်နိုင်ဘူး။ ဒီသံတမန်က သူ့တို့ကို တစ်ယောက်ပြီးတစ်ယောက် လိုက်မေးပြီးပြီ။ သူတို့အားလုံးကလဲဒီသံတမန်လောက် အစွမ်းမထက်ဘူးလို့ ထင်ကြတယ်။ "

" ရှင်းရှင်းပြောရရင် ဒီသံတမန်က သိုင်းပြိုင်မှာ နောက်ဆုံးအနိုင်ရသူပဲ။ မင်းတို့လင်မိသားစု.... အခုအချိန်က လင်ချင်းချင်းကို ဒီသံတမန်ဆီ ဆက်သဖို့ အချိန်အခါ မဟုတ်ပေဘူးလား။"

တန်ပုရှောင်၏ စကားလုံးများက လင်လုံကို ဒေါသကြောင့်မေ့လဲလုမတတ် ဖြစ်သွားစေခဲ့သည်။ သူ့ဘဝတွင် ဤမျှလောက် အရှက်မဲ့သော လူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။ တန်ပုရှောင်က သူ့သမီးကိုတောင် မျက်စောင်းထိုးနေလိမ့်မည်ဟု သူထင်မထားခဲ့။

လင်လုံဟာ လင်မိသားစုခေါင်းဆောင် ဖြစ်လာရန်အတွက် အခက်အခဲပေါင်းများစွာကို တွေ့ကြုံခဲ့ရသည်။ သူ့တွင် အားနည်းချက် မရှိလုနီးပါးသာ။ သူ့ကို ပါရမီစွမ်းအင်ထူးကဲ့သည့် ပြိုင်ဖက်ကင်း သူရဲကောင်းတစ်ယောက်ဟူ၍တောင် ခေါ်ဆိုနိုင်သည်။ သို့ပါသော်လည်း သမီးကလေး လင်ချင်းချင်းရောက်ရှိလာပြီးကတည်းက သူမဟာ သူ၏တစ်ခုတည်းသော အားနည်းချက် ဖြစ်လာခဲ့သည်။

လင်မိသားစုကို ကာကွယ်ရန် သူသည် လင်မိသားစု၏ စည်းစိမ်ဥစ္စာများ အားလုံးကို ပေးကမ်းနိုင်သည်။ သို့ပါသော်လည်း သူ့သမီးလေးကို ဒီလိုလူယုတ်မာကောင်နှင့် လက်ဆက်ပေးဖို့ ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါ။

ဂုဏ်သိက္ခာကြီးမားတဲ့ မိသားစုကြီးတစ်စုက အသက်ရှင်သန်ဖို့အတွက် အမျိုးသမီးတစ်ယောက်ကို စတေးရမယ်ဆိုရင် မိသားစုကြီး အသက်ရှင်နေရင်တောင် သေနေတာနဲ့ မခြားနားပါပေ။

" ငါ့ကို ဖိအားမပေးစမ်းနဲ့ !"

လင်လုံ၏မျက်ဝန်းများမှာ နီရဲလာပြီး တန်ပုရှောင်ကို စူးစိုက်ကြည့်နေခဲ့သည်။ သူ၏အသံက အလွန်ပဲ အေးစက်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါများက ဖုံးလွှမ်းသွားခဲ့သည်။

" ဒီသံတမန်က မင်းကို ဖိအားပေးတယ်။ အဲ့ဒီတော့ မင်းဘာလုပ်ချင်လဲ။ လှုပ်ရှားရဲရင် မင်းရဲ့ လင်မိသားစု ဒီကနေ့မှာ အပြီးတိုင် သုတ်သင်ခံရမယ်ကွ!။" တန်ပုရှောင်ဟာ လင်လုံ၏ ခြိမ်းခြောက်မှူကို လုံးလုံး ဂရုမစိုက်ခဲ့ပါ။ သူက လင်လုံကို အထင်အမြင်သေးစွာ လှမ်းကြည့်လိုက်ပြီး အေးစက်စွာ ပြောဆိုလိုက်သည်။

" မင်း........"

ဘုန်း.....

ခမ်းနားကြီးကျယ်သော နတ်ဝိဇ္ဇာအထွတ်အထိပ်စွမ်းအားများသည် လင်လုံ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ခဲ့သည်။ အဆိုပါ ခြောက်ခြားဖွယ် စွမ်းအားများက လင်မိသားစု ခန်းမကြီးတစ်ခုလုံးကို တစ်သိမ့်သိမ့်တုန်လှုပ်သွားစေခဲ့သည်။ လင်လုံ၏ နီစွေးနေသာ မျက်ဝန်းများမှာ တန်ပုရှောင်၏ နှလုံးသားကို လှိုင်းထန်စေခဲ့သည်။ သို့ပါသော်လည်းထိုစွမ်းအားများက တန်ပုရှောင်အရှေ့ကို မရောက်နိုင်သေးခင်တွင် သူ့အနောက်ဖက်မှ လူတစ်ယောက်က လက်ကို အသာအယာ ဝှေ့ရမ်းလိုက်ပြီး ထိတ်လန့်ဖွယ် စွမ်းအားများကို ချေဖျက်လိုက်သည်။ တချိန်တည်းမှာပင် ပိုမို၍ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်က ထိုတည်နေရာမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းစွမ်းအားက လင်လုံ၏စွမ်းအားများကို ဖိနှိပ်ထားခဲ့သည်။

ထိုစွမ်းအား၏ ထိတ်လန့်ဖွယ်ကောင်းမှုက လင်လုံ၏မျက်နှာကို ဖြူဖျော့သွားစေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိန်းချုပ်မရ တုန်ယင်လာခဲ့သည်။

" ကျေးဇူးတင်ပါတယ်။ ကောင်းကင်ဘုံစစ်သူကြီး အရှင်မင်ယန်"

တန်ပုရှောင်က ထိုလူကို လှည့်ကြည့်လိုက်ပြီး လေးလေးစားစားဂါရဝပြုကာ ပြောဆိုလိုက်သည်။

ထိုလူက ဘာစကားမှ ပြောမလာခဲ့ဘဲ သူ၏လက်ကိုသာ ဝှေ့ယမ်းလိုက်ပြီး လင်လုံကို ထူးမခြားနားစွာ စိုက်ကြည့်လိုက်သည်။

တန်ပုရှောင်ဟာ လင်လုံကို ပြန်လှည့်ကြည့်လိုက်သည်။ သူ၏မျက်ခုံးများမှာ မာနတရားကြောင့် မြောက်တက်နေခဲ့သည်။ ဤအချိန်အတောအတွင်းတွင် သူက ယခင်က မယှဥ်ပြိုင်နိုင်ခဲ့သော စွမ်းအားကြီးပုဂ္ဂိုလ်များကို ခြေထောက်အောက်၌ နင်းခြေနိုင်ခဲ့သည်။ ဒါတွေအားလုံးဟာ အရှင်မင်သိအား ကျေးဇူးတင်ရပါလိမ့်မည်။

" တူညီတဲ့အရာတစ်ခုကို ငါနှစ်ကြိမ်မပြောချင်ဘူး။ လက်ထပ်ပေးမလား။ မပေးဘူးလား။ " တန်ပုရှောင်ဟာ ထူးမခြားနားစွာ စိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ မေးမြန်းလိုက်သည်။

လင်ချင်းချင်း၏ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ထပ်ပေါင်းတွေးမိလိုက်သည့်အခါ တန်ပုရှောင်ဟာ နှုတ်ခမ်းမသပ်ဘဲ မနေနိုင်တော့ပါ။ သူ့၏မျက်ဝန်းများအတွင်း၌ ဆိုးယုတ်သော အကြည့်များ ဖြစ်ပေါ်လာခဲ့သည်။ တောင်ပိုင်းနယ်မြေ၊ အရှေ့ပိုင်းဒေသ၏ နံပါတ်တစ်အချောအလှလေး ဖြစ်သည့်အလျောက် လင်ချင်းချင်း၏အလှဟာ တောင်ပိုင်းနယ်မြေတစ်ခုလုံးမှာတောင် အကောင်းဆုံးထဲကတစ်ယောက်ဟုတောင် ပြောဆိုနိုင်သည်။ထို့အတွက်ကြောင့် သူမဟာ မရေမတွက်နိုင်သော လူငယ်ပါရမီရှင်လေးများကို ဆွဲဆောင်နိုင်ခဲ့သည်။ တန်ပုရှောင်လည်း တစ်ယောက်အပါအဝင် ဖြစ်တော့သည်။

သို့ပါသော်လည်း အတိတ်တွင် သူ၏အဆင့်အတန်းနှင့် ခွန်အားက လင်ချင်းချင်းနှင့် လုံးဝမထိုက်တန်ခဲ့ပါ။ ထို့အတွက်ကြောင့် လင်မိသားစုက လင်ချင်းချင်းကို သူနှင့်လက်ဆက်ပေးရန်မဖြစ်နိုင်ခဲ့ပေ။အခုအချိန်မှာတော့ အရာအားလုံးဟာ ခြားနားသွားလေပြီ။

တန်ပုရှောင်သည် အရာအားလုံးကို ပိုင်နင်းခြယ်လှယ်နိုင်ပြီး သန်မာသူများကို ချနင်းနိုင်သည့် ဤခံစားချက်ကို အလွန်ပဲနှစ်ခြိုက်နေမိသည်။ ယခင်က နတ်ဘုရားတမျှ သန်မာသော ပုဂ္ဂိုလ်ကြီးများကတောင် သူ့အရှေ့တွင် တုတ်တုတ်မျှ မလှုပ်ရဲအောင် ဖြစ်နေရသည်။ ၎င်းမှာ အခွင့်အာဏာ၏စွမ်းအားပင် ဖြစ်တော့သည် ။

လင်လုံသဘောမတူမှာကို တန်ပုရှောင်က မစိုးရိမ်ခဲ့ပါ။ လင်ချင်းချင်းက ဘယ်လောက် တန်ဖိုးရှိနေပါစေ ၊သူမဟာ အမျိုးသမီးတစ်ယောက်သာ ဖြစ်သည်။ အမျိုးသမီးကို လှဲလှယ်၍ လင်မိသားစုကို တည်မြဲအောင် ကယ်တင်စောင်မခြင်း။တန်ပုရှောင်၏ အမြင်တွင် ၎င်းက လင်မိသားစုအတွက် မိုးကောင်းကင်၏ လက်ဆောင်ကြီး ဖြစ်နှင့်ပြီးသားဖြစ်သည်။

လင်လုံကို နားလည်မှုလွဲခဲ့သည်ကတော့ သနားစရာပင်။

တန်ပုရှောင်၏စကား ဆုံးသွားသည့်အခါ လင်လုံ၏မူလက ဒေါ်သထွက်နေသော အမူအရာများမှာ ရုတ်တရက်တည်ငြိမ်သွားခဲ့သည်။ သူဟာ ထပ်တူထပ်မျှ စွမ်းအားလှိုင်း၏ဖိနှိပ်ခြင်း ခံနေရသော အကြီးအကဲလင်ကို လှမ်းကြည့်လိုက်ကာ သူ့မျက်ဝန်းအတွင်းပိုင်း၌ လိပ်ပြာမသန့်မှုများ ရှိနေလေခဲ့သည်။

" ငါလင်လုံက လင်မိသားစုရဲ့ ဘိုးဘေးတွေကို အရှက်ရ‌စေမိပြီ "

" လင်မိသားစုထဲက လူတိုင်း နားထောင်ကြ။ ဒီမျိုးနွယ်စုခေါင်းဆောင်နဲ့အတူ သေတဲ့အထိ တိုက်ခိုက်ကြ။ "

လင်လုံက ဘိုးဘေးခန်းမ ရှိရာဖက်ကို ဦးစွာပထမ နက်နက်ရှိုင်းရှိုင်း ဂါရဝပြုလိုက်ပြီး သူ၏လက်မောင်းများကို ဝှေ့ရမ်းကာဖြင့် ကျယ်လောင်စွာ အော်မြည်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာသော စွမ်းအင်လှိုင်းလုံးများက အရပ်လေးမျက်နှာကို တုန်လှုပ်စေခဲ့သည်။

" ရပ်လိုက်.."

တန်ပုရှောင်ဟာ အံ့အားသင့်နေပြီး၊ လင်လုံဟာ လင်မိသားစုကို ဦးဆောင်ပြီး တိုက်ခိုက်တော့မည့်အချိန်တွင် လေပြေလေညှင်းလေးကဲ့သို့ သာယာချိုမြိန်သော အသံလေးတစ်သံသည် ခန်းမကြီးအတွင်း ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။

" ချင်းချင်း...အမြန်ပြန်ထွက်သွား "

အဆိုပါအသံကို ကြားလိုက်ရသည့်အခါ လင်လုံ၏အမူအရာမှာ ပြောင်းလဲသွားပြီး အလျင်အမြန် အော်ဟစ်ပြောဆိုလိုက်သည်။

သို့ပါသော်လည်း လင်ချင်းချင်းဟာ လင်လုံ၏စကားများကို နားမထောင်ခဲ့ပါ။ သူမဟာ ခန်းမကြီးအတွင်းသို့ ဖြေးညှင်းစွာ လမ်းလျှောက်ဝင်လာခဲ့သည်။ လင်ချင်းချင်းကို တွေ့မြင်လိုက်ရသည့်အခါ တန်ပုရှောင်၏မျက်ဝန်းများမှာ လင်းလက်တောက်ပသွားကာ သူ့မျက်နှာထက်ရှိ ဆန္ဒရမက်များမှာ ပိုမို၍ ထင်ရှားလာခဲ့သည်။ မြေအောက်ဘုံလောက၏တပ်သားများနှင့် ကောင်းကင်ဘုံစစ်သူကြီး မင်ယန်တို့တွင်တောင် ထူးဆန်း‌ေသာကြည့်များ ဖြစ်ပေါ်လာကြသည်။

လင်ချင်းချင်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမကြီးအတွင်းရှိ လူပုဂ္ဂိုလ်တိုင်းမှာ ကြောင်အသွားခဲ့ရသည်။ သူမဟာ ကမ္ဘာလောကကြီးအတွင်းရှိ အတောက်ပဆုံး ပန်းပွင့်လေးတစ်ပွင့်အလား ဖြစ်နေခဲ့ကာ အကြည့်တစ်ချက်ဖြင့်ပင် မေ့မရနိုင်အောင် လှရက်လှသည်။

သူမဟာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏အသားအရည်က နှင်းများထက်တောင် ဖြူဖွေးနူးညံ့နေသည်။

ဒါ့အပြင် လက်ကလေး၊ခြေထောက်ကလေးများကို လွှဲရမ်းကာဖြင့် တည်ငြိမ်ပြီးကျက်သရေရှိစွာ လျှောက်လှမ်းလာခဲ့သည်။

ကိုယ်လုံးနှင့်ကွက်တိကျနေသော နှင်းဖြူရောင် ဂါဝန်ရှည်က သူမ၏အလှကို ထပ်ဆင့်မွမ်းမံပေးနေခဲ့သည်။ သူမဟာ ကမ္ဘာလောကကြီးနှင့်မသက်ဆိုင်တဲ့ နတ်မိမယ်လေးအလား အသွင်သဏ္ဍာန်ရှိနေခဲ့ပြီး သူမ၏မျက်နှာပေါ်တွင်တော့ ဝမ်းနည်းမှုအရိပ်အရောင်လေးများ ရှိနေခဲ့သည်။

ထိုအမူအရာလေးကို တွေ့မြင်လိုက်ရသူမှန်သမျှ သူမကို ကာကွယ်ပေးချင်စိတ် ဖြစ်လာရသည်။

" ကျမ လက်ထပ်မယ်။ "

လင်ချင်းချင်း၏ နှုတ်ဖျားမှ ခိုင်မာသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သူမက တန်ပုရှောင်ကို ထူးမခြားနားစွာ စိုက်ကြည့်နေခဲ့ကာ အနည်းငယ်သော စိတ်ခံစားမှုကိုမျှ ထုတ်မပြခဲ့ပါ။

" ချင်းချင်း...မင်း...." လင်လုံ၏အမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး အလျင်စလိုပြောဆိုလိုက်သည်။

" ဟား...ဟား...ဟား....ကောင်းတယ်။အရမ်းကောင်းတယ်။ လက်ရှိအခြေအနေကို သိတတ်နားလည်တဲ့သူက ပညာရှိပဲ။ မစိုးရိမ်ပါနဲ့။ ဒီသံတမန်က မင်းကို ကောင်းကောင်းပြုစုပါ့မယ်။" တန်ပုရှောင်က အပြုံးကြီးကြီးပြုံးရယ်လိုက်သည်။ သူဟာ လင်ချင်းချင်း၏ လှပသော ခန္ဓာကိုယ်လေးကို အထက်အောက် စုံချည်ဆန်ချည်ကြည့်ရင်း နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ကာ ကျေနပ်အားရစွာ ပြောဆိုလိုက်သည်။

" အဖေ..ချင်းချင်းကို အသုံပြုပြီး လင်မိသားစုကို ကယ်တင်နိုင်မယ်ဆိုရင် ချင်းချင်းဆန္ဒရှိပါတယ်။ လင်မိသားစုအတွက် အဖေဒုက္ခတွေ အများကြီး ခံခဲ့ရပြီးပါပြီ။ အခုအချိန်မှာ သမီးတစ်ယောက်အနေနဲ့ ပါဝင်ကူညီရမယ့်အချိန်ပဲ။ " လင်ချင်းချင်းက လင်လုံကို ချိုမြိန်စွာ ပြုံးပြလိုက်ပြီး လေးနက်စွာပြောလိုက်သည်။

" သမီးကလေး..."

လင်လုံဟာ ထိတ်လန့်သွားခဲ့ပြီး သူ၏မျက်ဝန်းများအတွင်း၌ မျက်ရည်များ အိုင်ထွန်းလာသည်။ သူက လင်ချင်းချင်းကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေခဲ့ကာ ပူဆွေးသောကများနှင့် ဝမ်းနည်းမှုများကို ခံစားနေခဲ့ရသည်။ သူ...လင်လုံမှာ ဘယ်လိုလုပ် ဒီလိုမျိုး သိတတ်လိမ္မာတဲ့ သမီးကလေးတစ်ယောက် ရှိနေရတာလဲ။

ဤသည်မှာ ရှက်ဖွယ်လိလိ ဖြစ်ပေတော့သည်။ သူ၏ဘဝတစ်ခုလုံးတွင် ဆိုးသွမ်းသူများကို သတ်ဖြတ်ခဲ့ပြီး သူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ဒီအချိန်မှာတော့ လင်မိသားစုကို ကယ်တင်ဖို့ သူ၏သမီးကလေးကို မှီခိုနေရသည်။ သူက ဘယ်လိုသူရဲကောင်းမျိုးလဲ။ လင်မိသားစုရဲ့ ခေါင်းဆောင်ဖြစ်တော့ရော ဘာအရေးလဲ။ အမှိုက်တစ်ကောင်နဲ့ ဘယ်လိုများ ကွာခြားတော့မှာလဲ။

" သခင်မလေး...ကျုပ်တို့ရဲ့ လင်မိသားစုက ကယ်တင်ခံရဖို့ အမျိုးသမီးတစ်ယောက်ကို မှီခိုဖို့ မလိုပါဘူး။ အဲ့တာက သေခြင်းတရားပဲမဟုတ်လား။ ဘာတွေကိုများ ကြောက်ရွံ့နေရမလဲ?။ " လင်မိသားစုရဲ့ အကြီးအကဲက ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်ပြီး တန်ပုရှောင်ကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။

" မင်းသေချင်နေမှတော့ ဒီသံတမန်က ဖြည့်ဆည်းပေးရမှာပေါ့! " တန်ပုရှောင်က မဲမှောင်နေသော အမူအရာဖြင့် ပြောဆိုလိုက်ကာ အေးတိအေးစက် နှာမှုတ်လိုက်သည်။

" နေပါဦး..."

တန်ပုရှောင်၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒကို တွေ့မြင်လိုက်ရသည့်အခါ လင်ချင်းချင်းက အစောတလျင် တားဆီးလိုက်သည်။ သူမက အကြီးအကဲကို လှမ်းကြည့်ကာ ပြောလိုက်သည်။

 " အကြီးအကဲ လင်မိသားစုရဲ့ အကြီးဆုံး သခင်မလေးအနေနဲ့ လင်မိသားစုအတွက် အနစ်နာခံသင့်ပါတယ်လေ။ လင်မိသားစု ပျက်စီးသွားတာကို ထိုင်ကြည့်နေခဲ့ရရင် ကျွန်မဘဝတစ်လျှောက်လုံး နာကျင်စွာ ဖြတ်သန်းရလိမ့်မယ်။ "

" သခင်မလေး..."

လင်မိသားစု၏ပထမအကြီးအကဲမှာ သက်ပြင်းဖွဖွ ချလိုက်ပြီး သူဟာ တစ်စုံတစ်ရာကို ပြောချင်ခဲ့သော်လည်း လင်ချင်းချင်း၏ စိတ်ဓာတ်ခိုင်မာသော အမူအရာကို တွေ့မြင်လိုက်ရသည့်အခါ ဘာတစ်ခုမှ မပြောနိုင်ခဲ့ဘဲ ငြိမ်ကျသွားခဲ့ရသည်။ 

All Chapters