ဓါးဟာ စစ်သူကြီးကို သတ်ဖြတ်ခဲ့ပြီး လင်မိသားစုတုန်လှုပ်ပြီ
Vol. 27 Ch. 368
ဘာသာပြန်- The Fate
"သွေးလွှမ်းဓါး ပျံသန်းခြင်း!"
မင်ယန်၏ ထိတ်လန့်ဖွယ်ကောင်းသော လက်ဖဝါးကြီးက ကုချိုး၏ဦးခေါင်းကို ဖိေချတော့မည့်အချိန်တွင် တိုးညှင်းသော အသံတစ်သံသည် လင်မိသားစုခန်းမအတွင်း မြည်ဟီးထွက်ပေါ်လာခဲ့သည်။
၎င်းအော်သံနှင့်အတူ စွေးစွေးနီနေသော လခြမ်းကွေးသဏ္ဍာန် ဓါးစွမ်းအင်တစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ ၎င်းဓါးစွမ်းအင်ထွက်ပေါ်လာသည့်အခါ ရှိရှိသမျှလူတိုင်းသည် သွေးပင်လယ်နှင့် အလောင်းသမုဒ္ဒရာကို တွေ့မြင်လိုက်ရသလိုမျိုး စိတ်ဝိညာဥ်များ တုန်လှုပ်သွားကြရသည်။
ထိုဓါးနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော မင်ယန်မှာ ပို၍ တောင် ထိတ်လန့်ခြောက်ခြားနေမိသည်။ သူက လက်ဝါးချက်ကို လျှင်မြန်စွာပြန်လည်သိမ်းဆည်းလိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အရိုင်းဆန်စွာ လှည့်ပတ်လိုက်သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားကြီးသည် သူ့ကို ထူထဲသော အကာအကွယ်ကြီးတစ်ခုအဖြစ် ကာကွယ်ပေးလိုက်လေသည်။
သူ၏ မျက်ဝန်းများက စွမ်းအားကင်းမဲ့ဟန်တူသော အနီရောင်ဓါးခြည်ကို စူးစိုက်ကြည့်နေခဲ့သည်။ ၎င်းအနီရောင်ဓါးခြည်အတွင်း၌ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်း သော စွမ်းအင်များ သိုဝှက်ထားကြောင်း မင်ယန်ခံစားနေရသည်။ ဤစွမ်းအားမှာ မိုးကောင်းကင်နတ်မင်းအထွတ်အထိပ်အဆင့်ဖြစ်သော သူတောင် လျစ်လျူမရှုရဲပါချေ။
စွမ်းအင်တစ်စွန်းတစ်စမျှ ပျံ့လွင့်ထွက်ပေါ်ခြင်းမရှိအောင် စွမ်းအားကို တိကျသေဝပ်စွာ ထိန်းချုပ်နိုင်ခြင်း ၊ ထိုတိိုက်ကွက်ကို ထုတ်ဖော်လိုက်သူမှာ သူ့ထက်အားနည်းခြင်းမရှိဘဲ သူ့ထက်တောင်ပို၍ ကြောက်လန့်ဖွယ်ကောင်းနေသေးသည်။
ဘုန်း!
သွေးနီရောင်ဓါးချီသည် မင်ယန်၏ အကာအကွယ်ကို တိုက်ရိုက်ပိုင်းဖြတ်သွားခဲ့ပြီး လင်မိသားစု ခန်းမကြီးအတွင်း၌ နားကွဲလုမတက် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ထိပ်တန်းဆရာသခင်တစ်ယောက်ဖြစ်သော မင်ယန် ၊ လင်လုံနှင့် လင်မိသားစုအကြီးအကဲများကို ထိတ်လန့်ခြောက်ခြားစေခဲ့သော မင်ယန်ဟာ ဤအချိန်မှာတော့ ခွေးတစ်ကောင်လိုဖြစ်နေခဲ့သည်။ သူဟာ အထက်အောက် စုန်ချီဆန်ချီ လွင့်ထွက်သွားခဲ့ပြီး လင်မိသားစုခန်းမနံရံကြီးနှင့် တိုက်မိသွားခဲ့ကာ ကြီးမားသော တွင်းပေါက်ကြီးကို ဖြစ်ပေါ်လာစေခဲ့သည်။ သူ၏ ခြေထောက်နှစ်ဖက်ကလည်း မြေပြင်တွင် တရွတ်တိုက်ဆွဲရာကြီးကို ဖြစ်ပေါ်လာစေခဲ့သည်။
အမည်မဲ့ဓါးသမားဟာ မင်ယန်၏ အကာအကွယ်နံရံကို ပိုင်းဖြတ်ခဲ့ရုံသာမက မင်ယန်၏ ရှင်သန်ခြင်းစွမ်းအင်များကိုလည်း ပိုင်းဖြတ်လိုက်သည်။ ထက်မြပြီး ခြောက်ခြားဖွယ်ကောင်းသော ဓါးစွမ်းအင်သည် ကိုယ်တွင်းသို့ စိမ့်ဝင်သွားသည်နှင့်တစ်ပြိုင်နက် မင်ယန်၏ စိတ်ဝိညာဥ်ကို ဖျက်ဆီးလိုက်သည်။
လင်မိသားစုအိမ်တော်အတွင်းပိုင်းတွင် မင်ယန်၏ ခန္ဓာကိုယ်ကြီးက ပြိုလဲသွားခဲ့ကာ မြေပြင်၌ ကြီးမား သော အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။ သူဟာ အက်ကွဲကြောင်းများအတွင်း၌ လှဲလျောင်းနေခဲ့ပြီး ထပ်မံ၍ နိုးထမလာနိုင်တော့ပါ။ ထိုအက်ကွဲကြောင်းကြီးအတွင်း၌ သွေးရေကန်ငယ်ကလေးတောင် ဖြစ်တည်လာခဲ့သည်။
ဟာ!
လင်မိသားစုခန်းမကြီးထဲတွင် လင်လုံနှင့် လင်မိသားစုအကြီးအကဲများမှာ ကုချိုး၏ အနောက်တွင်ရှိနေသော အမည်မဲ့ဓါးသမားကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများမှာ ပြူးကျယ်နေခဲ့သည်။ မြေအောက်ဘုံလောကရဲ့ ကောင်းကင်ဘုံစစ်သူကြီးတစ်ယောက်က ဒီလိုပဲ အသတ်ခံလိုက်ရပြီလား?။
မင်ယန်သတ်ဖြတ်ခံလိုက်ရတာကို ကိုယ်ပိုင်မျက်စိနဲ့တွေ့မြင်လိုက်ရ၍သာ မဟုတ်ပါက သူတို့အားလုံး အိမ်မက်မက်နေသည်ဟု ထင်မိကြလိမ့်မည်။
လင်ချင်းချင်း၏ ချယ်ရီရောင်နှုတ်ခမ်းသားများမှာ အနည်းငယ်ပွင့်ဟနေခဲ့သည်။ သူမက အမည်မဲ့ဓါးသမားကိုတစ်လှည့် ၊ တည်ငြိမ်သော အမူအရာရှိနေသည့် ကုချိုးကိုတစ်လှည့် စူးစိုက်ကြည့်လိုက်ပြီး သူမဘာသာ တွေးတောလိုက်မိသည်။ 'သူက ဘယ်သူများလဲ? ၊ ဒီလိုဆရာသခင်တစ်ယောက်တောင် သူ့ကို စောင့်ကြပ်နေရတာလား? ၊ သူဘာလို့ လင်မိသားစုကို ကယ်တင်ရတာလဲ?'
ဆိုရိုးစကားများရှိသည့်အတိုင်းပင် အမျိုးသမီးတစ်ယောက် ချစ်ကျွမ်းဝင်ခြင်းက စပ်စုခြင်းမှ စတင်သည်မဟုတ်ပါလော။
ကလေးဘဝမှ အရွယ်ရောက်လာသည်အထိ လင်ချင်း ချင်း၏ စိတ်အာရုံကို ဘယ်လူငယ်မျိုးဆက်ကမှ မဆွဲဆောင်နိုင်ခဲ့ပါ။ ကုချိုးကတော့ ထွက်ပေါ်လာတာ တစ်နာရီတောင် မကြာသေးသော်လည်း လင်ချင်းချင်းကို ဆွဲဆောင်နိုင်ခဲ့သည်။ ကုချိုး၏ ပုံရိပ်က သူမ၏ နှလုံးသားအတွင်း စွဲကျန်ခဲ့တော့သည်။
၎င်းမှာ ကံတရားဖြစ်လေသည်...
အချို့သောလူများက စိတ်လိုလက်ရစွာ ဆွဲဆောင်ကြသော်လည်း တခြားသူတစ်ယောက်၏ အာရုံစိုက်မှုကို ဘယ်တော့မှ မရရှိကြပါ။ အချို့သောလူသူများကတော့ သာမန်ကာရံကာ ပြုလုပ်ရုံမျှဖြင့် အခြားသူတစ်ယောက်ကို ဆွဲဆောင်နိုင်စွမ်းရှိသည် ။
ဤအခြေအနေတွင် ကုချိုးဟာ အစောင့်အရှောက်အကြီးအကဲ လီပိုင်လို ဖြစ်ချင်နေမိသည်။ သူက ကဗျာတစ်ပုဒ်ကို သီဆိုပြီး သူ့ကိုယ်သူ ချီးမွမ်းလိုလာသည်။ သို့ပါသော်လည်း ခေါင်းပေါက်အောင် စဥ်းစားတာတောင်မှ သူဟာ ဘယ်ကဗျာစာသားကိုမှ စဥ်းစားမရခဲ့ပါ။
"ကျေးဇူးတင်ပါတယ် မိတ်ဆွေလေးနဲ့ စီနီယာတို့... ကျုပ်တို့လင်မိသားစုကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ"
တစ်ခဏကြာထိတ်လန့်သွားပြီးနောက် လင်လုံဟာ သတိပြန်ဝင်လာခဲ့သည်။ သူက လင်မိသားစုဝင်များကို လက်ဟန်ခြေဟန်ပြလိုက်ပြီး ကုချိုးနှင့် အမည်မဲ့ဓါးသမားကို ကျေးဇူးတင်လိုက်ကာ လျှင်မြန်စွာ ဂါရဝပြုလိုက်သည်။
ဤကနေ့တွင် သူ၏လင်မိသားစုဟာ အတက်အကျများစွာကို တွေ့ကြုံခဲ့ရသည်။ ကုချိုးတို့ထွက်ပေါ်လာ၍သာမဟုတ်ပါက သူ့ရဲ့လင်မိသားစုလည်း ကျိန်းသေပျက်စီးနေလိမ့်မည်။ လင်မိသားစု ဖျက်ဆီးမခံရဘူးဆိုရင် တောင် သူ့ရဲ့သမီးကလေးကတော့ ဤဒုက္ခမှ လွတ် မြောက်နိုင်မှာမဟုတ်ပါ။ ကုချိုးနှင့် အခြားသူများက လင်မိသားစု၏ ကယ်တင်ရှင်များ ဖြစ်ပါတော့သည်။
"အကြီးအကဲလင် အရမ်းကြီး ယဥ်ကျေးနေစရာမလိုပါဘူး ၊ ဒီဂျူနီယာက မြေအောက်ဘုံလောကကလူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို သည်းမခံနိုင်လို့ပါ" ကုချိုးက လင်လုံကို အလျှင်အမြန် ဆွဲထူလိုက်ပြီး ယဥ်ကျေးစွာပြောလိုက်သည်။
၎င်းယဥ်ကျေးသိမ်မွေ့သော အမူအရာက အမည်မဲ့ဓါးသမားနဲ့ ဝမ်ဖုန်းတို့အုပ်စုကို နှုတ်ခမ်းထောင့်များ တွ့န်လိမ်သွားစေခဲ့သည်။ 'ဒီကောင့်ရဲ့ သရုပ်မှန်ကို မသိရင်ခက်မယ် ၊ ဘာတွေများ ဟန်ဆောင်နေတာလဲကွ...'
"ဂိုဏ်းချုပ်... ကြည့်ရတာ ဒီကလေး ကုချိုးကတော့ လင်မိသားစုရဲ့ အကြီးဆုံးသခင်မလေးကို စိတ်ဝင်စားနေပြီထင်တယ်"
"ဒီကောင်လေးကတော့ကွာ... သူ့ကို လုယက်ခြင်းအကြောင်းပဲ တွေးတတ်တယ်လို့ ထင်နေတာ ၊ ချစ်မိသွားလိမ့်မယ်လို့ ထင်မထားမိဘူး"
လေထုအပေါ်တွင် ဝမ်ဖုန်း၏ ဘေးနားတွင်ရှိနေသော ဖောင့်ပန်းက အံ့အားသင့်နေသော အမူအရာဖြင့် ပြောဆိုလိုက်သည်။
ဝမ်ဖုန်းအပါအဝင် ကျန်ရစ်သော ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများမှာလည်း ထပ်တူထပ်မျှ အံ့ဩနေကြသည်။ ဒီကလေး ကုချိုးက တစ်ကယ်ကြီး ချစ်မိသွားတာလား? ဒါက နေလုံးက အနောက်အရပ်က ထွက်လာတာ မဟုတ်ဘူးလား?။
ကုချိုး၏ အစ်ကိုကြီးဖြစ်သော ကုကန်းချိုးကတော့ မယုံကြည်နိုင်စွာ ကြောင်အနေမိသည်။ 'ညီငယ်လေးရေ.. မင်း ဒီအစ်ကိုကြီးနဲ့အတူ ထားခဲ့တဲ့ ကတိစကားကို ချိုး ဖျက်လိုက်တာလား? မင်းပြောတော့ ဘဝတစ်သက်တာလုံး လုယက်ပါ့မယ်ဆို... အခုတော့ ဒီအစ်ကိုကြီးရဲ့နောက်ကွယ်မှာ တိတ်တဆိတ် ချစ်ကျွမ်းဝင်နေပြီလားကွာ'
ကုချိုး၏ ယဥ်ကျေးပျူငှာသော အမူအရာကို တွေ့မြင်လိုက်ရသည့်အခါ လင်လုံနှင့် လင်မိသားစုအကြီးအကဲများက နူးညံ့နွေးထွေးစွာ စိုက်ကြည့်လိုက်ကြသည်။
ထိုလူငယ်လေးမှာ ရုပ်ဆိုးသော်လည်း ဤကျင့်ကြံရေးကမ္ဘာကြီးတွင် ကျင့်ကြံရေးပါရမီနှင့် ခွန်အားကသာ အရာရာဖြစ်သည်။ ရုပ်ရည်သွင်ပြင်က ဘယ်လောက်များ တန်ဖိုးရှိလို့လဲ။
ဒါကိုတွေးမိလိုက်သည့်အခါ လင်လုံနဲ့ လင်မိသားစုအကြီးအကဲများက ကုချိုးကို ပိုကြည့်လေလေ ပို၍ စိတ်ကျေနပ်လေလေ ဖြစ်လာခဲ့သည်။ သူတို့၏အကြည့်များက သမက်တစ်ယောက်ကို စူးစိုက်ကြည့်နေသည့်အလားပင်။ လင်လုံ၏ ဘေးတွင်ရှိနေသော လင်ချင်း ချင်းကတော့ ရှက်သွေးဖြာနေသည်။ သူမက ကုချိုးကိုအချိန်တိုင်း ခိုးခိုးကြည့်နေခဲ့သည်။
"ဒီကမိတ်ဆွေလေးနဲ့ စီနီယာက ဘယ်သူတွေများလဲ? မြေအောက်ဘုံလောကရဲ့လူတွေက တစ်ကယ့်ကို ဒေါသကြီးရန်လိုတာ ၊ ဒီတစ်ကြိမ်မှာ မိတ်ဆွေလေးနဲ့ စီနီယာတို့ ကူညီလို့သာ ကျုပ်တို့လင်မိသားစု ဖျက်စီးမခံရတာပါ... ဒါပေမယ့် မိတ်ဆွေလေးတို့ကို မြေအောက်ဘုံလောကရဲ့လူတွေက ကျိန်းသေပေါက် ရန်ငြိုးထားလိမ့်မယ်"
"ကျုပ်တို့လင်မိသားစုကို မိတ်ဆွေလေးနဲ့စီနီယာတို့က ကယ်တင်ခဲ့ပြီးပါပြီ ၊ မြေအောက်ဘုံလောကရဲ့လူတွေကို ကျုပ်တို့ပဲ ရင်ဆိုင်လိုက်ပါ့မယ်"
လင်လုံက ကုချိုးနှင့် အမည်မဲ့ဓါးသမားကို ကြည့်လိုက်ပြီး လက်သီးဆုပ်ဂါရဝပြုလိုက်ကာဖြင့် ပြောဆိုလိုက်သည်။
"ခေါင်းဆောင်လင် ကျွန်တော့်ကို ကုချိုးလို့ခေါ်နိုင်ပါတယ်"
"ခေါင်းဆောင်လင် စိတ်အေးအေးထားပါ... ဒီတစ်ကြိမ် ကျုပ်တောင်အောက်ကို ဆင်းလာတာက မြေအောက်ဘုံလောကရဲ့ လူတွေကို ရင်ဆိုင်ဖြေရှင်းဖို့ပါ ၊ ကျုပ် တောင်အောက်ဆင်းလာပြီဆိုတော့ မြေအောက်ဘုံလောကရဲ့လူတွေအတွက် ရှန်းရွှမ်ဒေသကြီးမှာ နေစရာနေရာရှိတော့မှာ မဟုတ်ပါဘူး"
ကုချိုးက ဦးစွာပထမ ယဥ်ကျေးစွာပြောလိုက်သည်။ ထို့နောက်မှ လက်ကို ဝှေ့ယမ်းလိုက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော လေသံဖြင့် ပြောဆိုလိုက်သည်။ ၎င်းတည်ငြိမ်သော အသွင်အပြင်က လင်လုံ ၊ လင်ချင်းချင်းနှင့် လင်မိသားစုဝင်များကို ထိရှသွားစေခဲ့သည်။
အမည်မဲ့ဓါးသမားနှင့် ဝမ်ဖုန်းတို့အုပ်စု၏ နှုတ်ခမ်းများသည် ထပ်မံ၍ တွန့်လိမ်သွားကြသည်။ သူတို့က ကုချိုးကို ကြောင်အစွာစိုက်ကြည့်နေကြသည်။ ဒီကလေးက တစ်ကယ်ကို ဟန်ဆောင်ကောင်းတာပဲ!...။
"အို... ဒီလိုဆိုရင် ဘယ်လိုလဲ? ကုချိုး မင်းတစ်ယောက် တည်း မြေအောက်ဘုံလောကကလူတွေနဲ့ ရင်ဆိုင်လိုက်ပေါ့"
ကုချိုး၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော စကားများကြောင့် လင်လုံနှင့် လင်မိသားစုအကြီးအကဲများ အံ့ဩနေကြဧဥ်မှာ လှောင်ရယ်သော အသံတစ်သံသည် ခန်းမကြီးအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ မူလက ပေါ့ပါးသွက်လက်နေသော ကုချိုး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ရင်သွားခဲ့သည်။
'သွားပြီ!... အိုဗာတင်း လုပ်လိုက်မိပြီ'
"ကျွန်တော်တစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် မြေအောက်ဘုံလောကက လူတွေကို ဖျက်ဆီးနိုင်မှာလဲဗျာ ၊ ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေကို အားကိုးအားထား ပြုရဦးမှာပေါ့"
ကုချိုးက အလှလေးရှေ့မှာ ဟန်ဆောင်ဖို့ ဆက်လက်တွေးတောခြင်း မရှိတော့ပါ ၊ သူကအနောက်ကိုလှည့်လိုက်ပြီး လေးလေးစားစား ဂါရဝပြုစွာဖြင့် တောင်းပန်ပြုံး ပြုံးလိုက်သည်။ ယခင်က တည်ငြိမ်၍ လွှမ်းမိုးချုပ်ကိုင်နိုင်သော အမူအရာများမှာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။
"ဂိုဏ်းချုပ်ကိုတွေ့ဆုံပါတယ်"
တစ်ချိန်တည်းမှာ အမည်မဲ့ဓါးသမားက လင်မိသားစုခန်းမဝင်ပေါက်ရှိရာကယိုလှမ်းကြည့်လိုက်ပြီး လေးစားစွာပြောဆိုလိုက်သည်။ သူ၏အသံမှာ တိုးညှင်းသော် လည်း လင်လုံနှင့် အခြားသူများ၏ နားစည်အတွင်း၌ မိုးခြိမ်းသံကြီးကဲ့သို့ ပဲ့တင်ထပ်သွားခဲ့သည်။ သူတို့အားလုံး တုန်လှုပ်သွားခဲ့ကာ မိသားစုအိမ်တော်တံခါးရှိရာဘက်သို့ အတူတကွ လှမ်းကြည့်မိလိုက်ကြသည်။
အမည်မဲ့ဓါးသမား အဘယ်မျှလောက်သန်မာကြောင်း သူတို့ကိုယ်ပိုင်မျက်လုံးများဖြင့် တွေ့မြင်ခဲ့ရသည်။ ဓါးတစ်ချက်ဖြင့် သူဟာ မိုးကောင်းကင်နတ်မင်း အထွတ်အထိပ်အဆင့်ကို ရောက်နေခဲ့သော စစ်သူကြီးမင်းယန်ကို သတ် ဖြတ်ခဲ့သည်။ ဒီလိုလူတစ်ယောက်ကတောင် လေးလေး စားစား ဆက်ဆံရတယ်ဆိုတော့ အခုရောက်လာတဲ့လူက ဘယ်လောက်တောင်များ ကြီးမြတ်လိုက်မလဲ?။