← Chapters

ငါကိုကန်းချိုးလည်း ချစ်မိချင်တယ်လေ။

Vol. 27 Ch. 369

ငါကိုကန်းချိုးလည်း ချစ်မိချင်တယ်လေ။

Vol. 27 Ch. 369

ဘာသာပြန်- The Fate

လူတိုင်း၏အကြည့်များအောက်တွင် ဝမ်ဖုန်းက ရှန်ရှန်ကျုံဂိုဏ်း၏ အကြီးအကဲများကို ဦးဆောင်ပြီး လင်မိသားစုခန်းမကြီးအတွင်း ဝင်ရောက်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လင်မိသားစု၏ ခန်းမမှာ လုံလောက်အောင် ကျယ်ဝန်းနေခဲ့သည်။ ဒီလိုမှမဟုတ်ပါက များစွာသော ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများ ဝင်ဆံ့မှာ မဟုတ်ပါ။

" လင်လုံ မင်းရဲ့လင်မိသားစုက တကယ့်ကို ကောင်းတယ်။ "

လင်အိမ်တော်အတွင်းဝင်ရောက်ပြီးသည်နှင့် တပြိုင်နက် ဝမ်ဖုန်းက ကုချိုးကို လျစ်လျူရှူလိုက်ကာ လင်လုံကို လှမ်းကြည့်ပြီး ကျေနပ်စွာ ပြောဆိုလိုက်သည်။

လင်မိသားစုက ရှန်ရှန်ကျုံဂိုဏ်းကို ယခင်ကတည်းက အညံ့ခံခဲ့သော်လည်း အခုအချိန်မှသာ ရှန်ရှန်ကျုံဂိုဏ်း၏ လက်အောက်ခံအဖြစ် ဝမ်ဖုန်းက သတ်မှတ်ခဲ့သည်။

" အရှင်သခင်ကို ကျေးဇူးအများကြီးတင်ပါတယ်။ အရှင်သခင်က ဘယ်သူများလဲ။ "

ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ လင်လုံ၏မျက်နှာထက်၌ ထူးဆန်းသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး လက်သီးဆုပ်ဂါရဝပြုကာ ပြောလိုက်သည်။

" ဒီဂိုဏ်းချုပ်က ရှန်ရှန်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ ဒါတွေကတော့ ရှန်ရှန်ကျုံဂိုဏ်းရဲ့ အကြီးအကဲတွေပေါ့။ " ဝမ်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး တည်ကြည်စွာပြောလိုက်သည်။

ဝမ်ဖုန်း၏စကား ဆုံးသွားသည့်အခါ လင်လုံနှင့် လင်မိသားစုဝင်များ၏ အမူအရာများမှာ ပြောင်းလဲသွားခဲ့သည်။ သူတို့က လေးလေးစားစား ဂါရဝပြုကာ ပြောဆိုလိုက်သည်။ " လက်အောက်ငယ်သား လင်လုံက လင်မိသားစုဝင်တွေကို ဦးဆောင်ပြီး ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ်။ "

ဤအချိန်တွင် လင်လုံနှင့် လင်မိသားစု အကြီးအကဲများမှာ အင်မတန်မှ စိတ်လှုပ်ရှားနေကြသည်။ သူတို့က ဝမ်ဖုန်းကို လေးစားစွာ လှမ်းကြည့်လိုက်သည်။

ဤအချိန်အတောအတွင်းတွင် ရှန်ရှန်ကျုံဂိုဏ်း၏ အမည်နာမမှာ တောင်ပိုင်းနယ်မြေတစ်ခွင်၌ ကျော်ကြားနေခဲ့သည်။ ဘယ်အင်အားစု ၊ ဘယ်ကျင့်ကြံသူကမှ အထူးအင်အားစုသုံးစုကို ဖြိုခွင်းခဲ့သော ရှန်ရှန်ကျုံဂိုဏ်းကို မလေးမစား မပြုရဲကြပါ။

ထိုကဲ့သို့သော အံ့ချီးဖွယ်ဖြစ်ရပ်ကြီးကို ရှန်ရှန်ကျုံဂိုဏ်းမှတစ်ပါး ဘယ်အင်အားစုကမှ ပြုလုပ်နိုင်မှာ မဟုတ်ပါချေ။

မြေအောက်ဘုံလောက၏စစ်တပ် စတင်ရောက်ရှိလာတုန်းက တောင်ပိုင်းနယ်မြေ၏ အရှေ့ပိုင်းဒေသတွင် ရှိနေကြသော အင်အားစုအချို့က ရှန်ရှန်ကျုံဂိုဏ်းကို ကယ်တင်ရှင်အဖြစ် မျှော်လင့်စောင့်စားခဲ့ကြသည်။ ပြောရပါလျင် ရှန်ရှန်ကျုံဂိုဏ်းက အထူးအင်အားစု သုံးစုကိုတောင် ဖျက်စီးနိုင်ခဲ့လေရာ ၎င်း၏အင်အားက သူတို့ တွေးထင်ထားသည်ထက် ကျော်လွန်နေလိမ့်မည်။ ထိုကဲ့သို့သော အံ့ချီးဖွယ်တည်ရှိမှုကြီးကသာ မြေအောက်ဘုံလောက စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ရန် အဆင့်မှီပါသည်။

သို့ပါသော်လည်း ရှန်ရှန်ကျုံဂိုဏ်းက အချိန်အတော်ကလေးကြာသည့်တိုင်အောင် ထွက်ပေါ်မလာခဲ့ပါ။ထို့အတွက်ကြောင့် တောင်ပိုင်းနယ်မြေ၏အရှေ့ပိုင်းဒေသရှိ အင်အားစုများမှာ စိတ်ပျက်အားလျော့ခဲ့ရသည်။ မြေအောက်ဘုံလောကနှင့် ပဋိပက္ခကို ရှောင်ရှားရန်အတွက် ရှန်ရှန်ကျုံဂိုဏ်းက တောင်တံခါးပိတ်သွားပြီဟုတောင် လင်မိသားစုက တွေးတောခဲ့မိသည်။ မျှော်လင့်မထားမိစွာဖြင့် ဒီတစ်ကြိမ် လင်မိသားစုကို ကယ်တင်ခဲ့သူမှာ ရှန်ရှန်ကျုံဂိုဏ်းဖြစ်နေခဲ့သည်။

ကြည့်ရတာ ရှန်ရှန်ကျုံဂိုဏ်းက သူတို့ တွေးထင်ထားသလို ရှောင်ပုန်းနေတာ မဟုတ်ဘူးပဲ။ အကြောင်းတစ်စုံတစ်ကြောင့် နှောင့်နှေးနေခဲ့ရတာကိုး။

" အရမ်းကြီး ယဥ်ကျေးမနေပါနဲ့။ မြေအောက်ဘုံလောကရဲ့ ကျူးကျော်မှုအကြောင်းကို ကျုပ် အစောကြီးကတည်းက သိပြီးပြီ။ အတိတ်မှာ နှောင့်နှေးမှုတွေ ရှိနေခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ကျုပ်ရဲ့ ရှန်ရှန်ကျုံဂိုဏ်းက မြေအောက်ဘုံလောက စစ်တပ်ကို ဖျက်စီးတိုက်ခိုက်ပြီး တောင်ပိုင်းနယ်မြေကို တောက်ပတဲ့ အနာဂတ် ပြန်လည်ယူဆောင်ပေးမယ်။"

ဝမ်ဖုန်းက လင်လုံကို တွဲထူရန် လက်ဆန့်ထုတ်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ အေးစက်သော အကြည့်များ ဖြစ်တည်နေခဲ့ပြီး စကားလုံးများကို တစ်ခွန်းပြီးတစ်ခွန်းပြောဆိုလိုက်သည်။ မြေအောက်ဘုံလောကအကြောင်းပြောဆိုလိုက်သည့်အခါ သူ၏လေသံမှာ သတ်ဖြတ်ငွေ့များဖြင့် ပြည့်နှက်နေခဲ့သည်။

" ဒီလက်အောက်ငယ်သားကလည်း လင်မိသားစုကို ဦးဆောင်ပြီး ဂိုဏ်းချုပ်အနောက်ကို လိုက်ပါမယ်လို့ ကျိန်ဆိုပါတယ်။ မြေအောက်ဘုံလောကရဲ့ စစ်တပ်ကို ကူညီတိုက်ခိုက်ပေးပါမယ်။ "

ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ လင်လုံနှင့် အကြီးအကဲများမှာ အပျော်များဖြင့် ပြည့်နှက်သွားကြသည်။ သူတို့က အလျင်အမြန်ပြောဆိုလိုက်သည်။ သူတို့ဟာ ဘယ်တုန်းကမှ ရှန်ရှန်ကျုံဂိုဏ်၏ ခွန်အားကို သံသယမဝင်ခဲ့ဖူးပါ။

ရှန်ရှန်ကျုံဂိုဏ်းတောင်ပိုင်းနယ်မြေကို ထွက်ပေါ်လာခဲ့သည်မှာ တစ်နှစ်တောင် မပြည့်သေးပါပေ။ သို့ပါသော်လည်း မိုးကြိုးလိုအရှိန်အဟုန်ဖြင့် တောင်ပိုင်းနယ်မြေတွင် အချိန်ကာလ မရေမတွက်နိုင်အောင် ရပ်တည်ခဲ့သော အထူးအင်အားစုကြီးသုံးစုကို ဖျက်စီးခဲ့သည်။ ၎င်း၏စွမ်းအားမှာ လျို့ဝှက်ဆန်းကြယ်ပြီး မခန့်မှန်းနိုင်ပါ။ ဘယ်သူကမှ ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားကို အတိအပ မသိကြချေ။

ရှန်ရှန်ကျုံဂိုဏ်းပါဝင်လှုပ်ရှားလာသည့်အခါ မြေအောက်ဘုံလောက၏စစ်တပ်ကို တောင်ပိုင်းနယ်မြေမှ မောင်းထုတ်နိုင်လိမ့်မည်ဟု လင်လုံနှင့် အကြီးအကဲများအားလုံး ယုံကြည်ထားကြသည်။

" ကောင်းပြီ။ မြေအောက်ဘုံလောက စစ်တပ်ရဲ့ အချက်အလက်တွေအကြောင်းကို ပြောဆိုကြရအောင်။ "

ဝမ်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး လင်လုံကိုကြည့်ကာ ပြောလိုက်သည်။

" ဟုတ်ကဲ့ "

လင်လုံက အလျင်အမြန်ပြောဆိုလိုက်သည်။

" ညီငယ်လေး မင်းဘာဖြစ်သွားတာလဲ။ ငါတို့အတူတကွ လုယက်တိုက်ခိုက်ဖို့ သဘောတူခဲ့ကြတယ်မဟုတ်ဘူးလား။ မင်းဘာလို့ အဲ့ဒီ ကောင်မငယ်လေးကို ကြိုက်နှစ်သက်သွားရတာလဲ။" ဝမ်ဖုန်းက လင်လုံနှင့်စကားပြောနေချိန်တွင် သူ၏ဘေးနားတွင် ရပ်နေခဲ့သော ကုကန်းချိုးက ကုချိုးကို လှမ်းဆွဲလိုက်ပြီး တိုးညှင်းစွာ ပြောဆိုလိုက်သည်။

" အကိုကြီး၊ ပေါက်တက်ကရတွေ မပြောစမ်းနဲ့။ အဲ့တာ သခင်မလေး ချင်းချင်းပဲ။ ဘာကို ကောင်မငယ်လေးလဲ။ ရိုင်းပျလိုက်တာ။ " ကုချိုးက ကုကန်းချိုး၏လက်ကို ပုတ်ထုတ်လိုက်ပြီး မကျေနပ်ဟန်ဖြင့် ပြောဆိုလိုက်သည်။

အဆိုပါစကားလုံးများက ကုကန်းချိုး၏နှလုံးသားကို တူကြီးတစ်ခုဖြင့် ရိုက်နှက်လိုက်သလို ခံစားလိုက်ရစေသည်။

ညီငယ်လေးရယ် မင်းတော့ ပြောင်းလဲသွားပြီပဲ။ မင်းအရင်တုန်းက အကိုကြီးပြောသမျှကို ခွန်းတုန့်မပြန်ဖူးပါဘူး။ အခုအချိန်မှာတော့ ကောင်မငယ်လေးတစ်ယောက်အတွက်နဲ့ အကိုကြီးကို အာခံနေပြီပေါ့လား။ ငါတို့ညီအကိုတွေရဲ့ သံယောဇဥ်က ဒီမိန်းမငယ်လေးကိုတောင် မနှိုင်းယှဥ်နိုင်တော့ဘူးလား။

 ကုကန်းကျိုး၏ ဝမ်းနည်းနေသော အမူအရာကို တွေ့မြင်လိုက်ရသည့်အခါ ကုချိုး၏နှလုံးသားက ပျော့ပြောင်းသွားပြီး ရှင်းပြလိုက်သည်။

 " အကိုကြီး အနက်ရောင်အခန်းကျဥ်းလေးထဲမှာ ပိတ်လှောင်ခံရတုန်းက အကိုကြီးရဲ့ ညီငယ်လေးက လုယက်ခြင်းရဲ့ အစစ်အမှန်အဓိပ္ပါယ်ကို နားလည်သဘောပေါက်ခဲ့တယ်။ လုယက်ခြင်းက လုယက်ခြင်းသက်သက်ပဲ မဟုတ်ဘူး။ ဒီကမ္ဘာကြီးထဲမှာ လုယက်ခြင်း အမျိုးစုံရှိတယ်။ အချစ်ကလည်း ယုယက်ခြင်းတစ်မျိုးဗျ။ ကျွန်တော်တို့ အရင်တုန်းက အမြင်ကျဥ်းမြောင်းခဲ့ကြတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ လုယက်ခြင်းရဲ့ဘုရင် ဖြစ်နိုင်ရုံသာမက လုယက်ခြင်းလမ်းစဥ်အားလုံးရဲ့ဘုရင်လည်း ဖြစ်လာနိုင်တော့မှာ။ "

" ပြီးတော့ လင်ချင်းချင်းက ညီငယ်လေးရဲ့ အချစ်ကပ်ဘေးပါ။ ဒီအချစ်ကပ်ဘေး ပြီးဆုံးသွားတဲ့အခါ အချစ်လုယက်ခြင်းရဲ့ စွမ်းအားတွေကို ကျွန်တော့ကိုယ်ကျွန်တော် ပေါင်းစပ်နိုင်လိမ့်မယ်။ ဒါ့အပြင် လူသားကပ်ဘေး အစရှိတဲ့ ကပ်ဘေးအားလုံးရဲ့ စွမ်းအားတွေကို ပေါင်းစပ်ပြီးရင် အကိုကြီးရဲ့ညီငယ်လေး ကျွန်တော်ဟာ ကပ်ဘေးအားလုံးရဲ့ ခန္ဓာကိုယ်ကို ဖွဲ့တည်နိုင်လိမ့်မယ်! "

ကုချိုး၏ရှင်းပြမှုကို ကြားလိုက်ရသည့်အခါ ကုကန်းချိုးက ညဏ်အလင်းပွင့်သွားသည်။ သူ၏နှလုံးသားက တစ်လှပ်လှပ် တုန်လှုပ်သွားခဲ့သည်။ ဟုတ်တယ်၊ လုယက်ခြင်းရဲ့ ဘုရင်အဖြစ်နဲ့ ကျေနပ်ရမှာလား။ သူတို့ညီအကိုနှစ်ယောက်က အရမ်းအစွမ်းထက်တာ မဟုတ်ဘူးလား။ သူတို့သာ လုပ်ချင်ရင် ကပ်ဘေးအားလုံးရဲ့ အရှင်သခင်တွေတောင် ဖြစ်နိုင်တယ်။

ငါ့ရဲ့ညီငယ်လေးက အတိဒုက္ခကပ်ဘေးအားလုံးရဲ့ဘုရင်ဖြစ်ရင် ဒီအကိုကြီးကတော့ အတိဒုက္ခကပ်ဘေးအားလုံးရဲ့ ဧကရာဇ်ကြီးပေါ့။ ဒီနာမည်က ကြားရတာနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ။

ဒါကိုတွေးမိလိုက်သည့်အခါ ကုကန်းချိုးမှာ စိတ်လှုပ်ရှားသွားခဲ့ရသည်။ သို့ပါသော်လည်း သူဟာ တွေးလေတွေးလေ တစ်ခုခု မှားယွင်းနေတာကို ခံစားရလေလေပင်။ ညီငယ်လေးရယ် မင်းရဲ့အချစ်ကပ်ဘေးကတော့ တွေ့ကြုံပြီးသွားတာ ဟုတ်ပါပြီ။ ဒါပေမဲ့ ငါရဲ့ အချစ်ကရော ဘယ်မှာလဲ။ ငါရဲ့အချစ်ကပ်ဘေးလေးကရော ဘယ်မလဲ။

ဖြစ်နိုင်တာက အနာဂတ်မှာ ငါ့ညီလေးနှင့်လင်ချင်းချင်းတို့ လက်ချင်းတွဲပြီး အပြင်ထွက် လုယက်ကြတာကို ငါထိုင်ကြည့်နေရတော့မှာလား။ ငါအကိုကြီးက သူတို့နှစ်ယောက်ကြားထဲမှာ တတိယဘီးလေး ဖြစ်နေတော့မှာလား။

အဆိုပါမြင်ကွင်းကို တွေးထင်မိလိုက်သည့်အခါ ကုကန်းချိုး၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်လှုပ်သွားခဲ့ရသည်။ မဟုတ်ဘူး၊ ငါကုကန်းချိုးကလည်း ချစ်မိချင်တယ်လေ။ ငါလည်း အချစ်ကပ်ဘေးကို ရှာဖွေချင်တယ်ကွ။ ကုချိုးကို အကျောပေးလို့ လုံးဝမဖြစ်ဘူး။

ကုကန်းချိုးက အချစ်ကို ပြင်းပြစွာ ယုံကြည်မိလာချိန်တွင် အခြားတစ်ဖက်မှာတော့ လင်လုံက မြေအောက်ဘုံလောက စစ်တပ်၏လှုပ်ရှားမှုများကို ဝမ်ဖုန်းအား ရှင်းပြနေခဲ့သည်။

" ဂိုဏ်းချုပ် လင်မိသားစုကလွဲပြီး တောင်ပိုင်းနယ်မြေ အရှေ့ပိုင်းဒေသက အင်အားစု ကြီးကြီးငယ်ငယ်အကုန်လုံးက ဖျက်စီးခံရရင် ဖျက်စီးခံရ မဟုတ်ရင် မြေအောက်ဘုံလောကကို အညံ့ခံသွားကြပြီ။ "

" ဒါတွေအားလုံးက အရှေ့ပိုင်းမြို့သစ်က တန်မိသားစုရဲ့ ပထမဆုံးအညံ့ခံမှုကြောင့်ပဲ။ ဒါကြောင့်မလို့ အစက စည်းလုံးညီညွတ်နေကြတဲ့ တောင်ပိုင်းနယ်မြေအင်အားစုတွေ သဘောထားကွဲလွဲသွားကြရတာ။ "

လင်လုံက စိတ်ပျက်အားလျောစွာ ပြောဆိုလိုက်သည်။ တန်မိသားစုကြောင့်သာ မဟုတ်ပါက တောင်ပိုင်းနယ်မြေတွင် သူတို့၏လင်မိသားစုတစ်ယောက်တည်း မြေအောက်ဘုံလောကရဲ့စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်နေရမှာ မဟုတ်ပါ။ အင်အားစုများအတူတကွ စုပေါင်းခုခံပါက ရှန်ရှန်ကျုံဂိုဏ်းရောက်လာသည်အထိ ရှင်သန်နိုင်ခဲ့မှာဖြစ်ပြီး ကြီးမားသော ဆုံးရှုံးမှုများကို တွေ့ကြုံခဲ့ရမှာ မဟုတ်ပါချေ။

" တန်မိသားစုလား...."

" စိတ်ပူမနေနဲ့တော့ အဲ့ဒီတန်မိသားစုလဲ အချိန်အကြာကြီးမရပ်တည်နိုင်တော့ပါဘူး။"

လင်လုံ၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက အေးစက်သော အကြည့်တစ်ခုဖြင့် ပြောဆိုလိုက်သည်။

" မြေအောက်ဘုံလောကရဲ့ ပင်မစစ်တပ်က အခုဘယ်နေရာမှာ ရှိနေတာလဲ။"

 လင်လုံက ရှင်းပြလိုက်သည်။ " တန်မိသားစု အရှုံးပေးသွားပြီးတော့ မြေအောက်ဘုံလောကရဲ့ စစ်သူကြီး မင်သိက အရှေ့ပိုင်းမြို့သစ်မှာ အခြေချစစ်စခန်းချခဲ့တယ်။ တန်မိသားစုရဲ့လူတွေကို ကောင်းကင်ဘုံစစ်သူကြီးတွေနဲ့ ရှေ့ပြေးတပ်သားတွေကို ဦးဆောင်ခိုင်းခဲ့ပြီး တောင်ပိုင်းနယ်မြေ အရှေ့ပိုင်းဒေသက အခြားအင်အားစုတွေကို သိမ်းပိုက်စေခဲ့တယ်။ "

" ဒီလိုဆိုရင် အရှေ့ပိုင်းမြို့သစ်ထဲမှာ မြေအောက်ဘုံလောက စစ်တပ် အရေအတွက် ကြီးကြီးမားမားမရှိဘူးပေါ့။ " ဝမ်ဖုန်းက ထူးဆန်းသော အကြည့်တစ်ခုဖြင့် မေးမြန်းလိုက်သည်။

" ဒီလိုလည်း မဟုတ်သေးဘူး။ စစ်သူကြီးမင်သိက တောင်ပိုင်းနယ်မြေကို သိမ်းပိုက်ဖို့ ကောင်းကင်ဘုံစစ်သူကြီး ငါးယောက်နဲ့တပ်သားတစ်သောင်းကိုပဲစေလွှတ်ခဲ့တာ။ သူတို့အားလုံးကို တန်မိသားစုစွမ်းအားရှင်တွေနောက်ကို လိုက်ပါပြီး တောင်ပိုင်းနယ်မြေရဲ့ အင်အားစု ကြီးကြီးငယ်ငယ်ကို အညံ့ခံဖို့ တိုက်ခိုက်စေခဲ့တာ။ ကျန်နေသေးတဲ့ စစ်သည်တော်အယောက် လေးသောင်းနဲ့ ကောင်းကင်ဘုံစစ်သူကြီး ဆယ့်လေးယောက်တို့ကတော့ အရှေ့ပိုင်းမြို့သစ်မှာ ရှိနေသေးတယ်။ "

လင်လုံက တခဏကြာအောင် တွေးတောလိုက်ပြီး ပြောဆိုလိုက်သည်။ မြေအောက်ဘုံလောကနဲ့ အနီးကပ်ဆုံးထိတွေ့ရသည့် အင်အားစုတစ်စု ဖြစ်သည်နှင့်အညီ လင်လုံက မြေအောက်ဘုံလောကစစ်တပ်၏ လှုပ်ရှားမှုများကို သေသေချာချာစုံစမ်းထားခဲ့သည်။

သူက လင်မိသားစုကို ခေါ်ဆောင်ပြီး ထွက်ပြေးရန် တွေးတောမိခဲ့သေးသည်။ သို့ပါသော်လည်း သူထွက်ပြေးရင်တောင် တခဏတာသာ ထွက်ပြေးနိုင်ခဲ့မှာ ဖြစ်ပေသည်။ မြေအောက်ဘုံလောက စစ်တပ်ကို ရှန်းရွှန်ဒေသကြီးတစ်ခုလုံး ရင်မဆိုင်နိုင်သည်ဖြစ်ရာ သူတို့လင်မိသားစုက ဘယ်နေရာကိုများ ထွက်ပြေးရပါဦးမလဲ။

All Chapters