← Chapters

မြေအောက်ဘုံလောကရဲ့ ကျူးကျော်ခြင်း ၊ ကြီးစွာသောရန်ပွဲတို့၏ကမ္ဘာ

Vol. 27 Ch. 370

မြေအောက်ဘုံလောကရဲ့ ကျူးကျော်ခြင်း ၊ ကြီးစွာသောရန်ပွဲတို့၏ကမ္ဘာ

Vol. 27 Ch. 370

ဘာသာပြန်- The Fate

ဝမ်ဖုန်းက မြေအောက်ဘုံလောကစစ်တပ်၏ အကြောင်းအရာများကို လင်လုံထံမှ နားထောင်နေစဥ်တွင် အလယ်ပိုင်းကုန်းမြေ ယိယွမ်ဘုရားကျောင်းတည်ရှိရာ လျို့ဝှက်ကမ္ဘာလေးအတွင်း၌ ဖြစ်သည်။မိုးထိအောင်မြင့်မားသော တောင်တန်းကြီးတစ်တန်း၏ ထိပ်ပေါ်တွင် ထာဝရရှင်သန်သူတစ်ယောက် ပုံသွင်ရှိသော လူအိုကြီးတစ်ယောက်က တင်ပုလ္လင်ချိတ်ထိုင်နေခဲ့သည်။

သူ၏ နှင်းဖြူရောင်ဆံသားများက ဝဲပျံကျနေပြီး သူ၏မျက်ဝန်းများကို တင်းကြပ်စွာ ဖိပိတ်ထားခဲ့သည်။ လျို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုက သူ၏ခန္ဓာကိုယ်မှ လွင့်ပျံထွက်ပေါ်နေသည်။ သူ၏ဦးခေါင်းအထက်၌ ကြယ်ရောင်စုံသောကောင်းကင်ကြီးကဲ့သို့ ထွန်းလင်းတောက်ပနေသည့် ကြယ်မြေပုံတစ်ခုရှိနေခဲ့သည်။ ၎င်းကြယ်မြေပုံက လျို့ဝှက်ဆန်းကြယ်လွန်းလှသည်။

" ဝှစ်...."

ရုတ်တရက်ဆိုသလို လူအိုကြီး၏မျက်ဝန်းများက ပွင်းဟသွားခဲ့ပြီး စိတ်ဝိညဥ်ကိုဖျက်စီးနိုင်သော စွမ်းအားအဆီအနှစ်များသည် မျက်ဝန်းအိမ်မှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။ သူက ကြယ်မြေပုံကို မော့ကြည့်လိုက်ပြီး သူ၏မျက်ဝန်းအိမ်အတွင်း၌ နားမလည်နိုင်သော အကြည့်တစ်ခု တည်ရှိနေခဲ့သည်။

" မြေအောက်ဘုံလောက စတင်ကျူးကျော်လာပြီ။ ပြင်းစွာသော ရန်ပွဲတို့ရဲ့ကမ္ဘာကြီးလည်း စတင်ခဲ့ပြီ။ "

" အခုအချိန်က ယိယွမ်ဘုရားကျောင်း စတင်ယှဥ်ပြိုင်ရမည့်အချိန်ပဲ"

လူအိုကြီးက တိုးညှင်းစွာရေရွတ်လိုက်သည့်အခါ ဒဏ္ဍာရီဆန်သော အသံတစ်ခုသည် တောင်ထိပ်ပေါ်မှ လွင့်ပျံ့ထွက်ပေါ်လာခဲ့သည်။

" ယွမ်ကုန်း "

လူအိုကြီး၏တိုးညှင်းသော ရေရွတ်သံ ထွက်ပေါ်လာသည့်အခါ ယိယွမ်ဘုရားကျောင်း အဓိကခန်းမကြီးအတွင်း၌ ရှိနေခဲ့သော ဘုရားကျောင်းသခင် ယွမ်ကုန်း၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။ သူ့၏ပုံရိပ်က ဝေဝါးသွားပြီး ခန်းမအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

" ခေါင်းဆောင်ယွမ်ဝူကို တွေ့ဆုံပါတယ် "

တောင်ထိပ်ပေါ်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သော ယွမ်ကုန်းက လူအိုကြီးထံသို့ လေးလေးစားစား ဂါရဝပြုလိုက်ပြီး ဂရုတစိုက် ပြောဆိုလိုက်သည်။

ကမ္ဘာလောကအတွင်းရှိ လူများက ယိယွမ်ဘုရားကျောင်းသည် အလွန် လျို့ဝှက်ဆန်းကြယ်သည်ဟု ပြောဆိုကြသည်။ အမှန်တကယ်ဆန်းကြည့်အရာမှာ ယိယွမ်ဘုရားကျောင်း၏ ဘိုးဘေးများဖြစ်ကြောင်းကိုတော့ ယိယွမ်ဘုရားကျောင်း အဖွဲ့ဝင်များကသာ သိရှိထားလေသည်။ ယိယွမ်ဘုရားကျောင်း၏ ဂိုဏ်းသားများသည် တောင်အနောက်ဖက်ရှိ တားမြစ်နေရာသို့ အလွယ်တကူ ဝင်ရောက်နိုင်ခွင့် မရကြပါ။

ဒါ့အပြင် ဤဘိုးဘေးယွမ်ဝူသည် ယိယွမ်ဘုရားကျောင်း၏ အသက်အကြီးဆုံးသော ဘိုးဘေးကြီးဖြစ်သည်။ သူ၏ကျင့်ကြံမှုမှာ နတ်မင်းနယ်ပယ်ကို ဖြတ်ကျော်ခဲ့ပြီး မေ့လျော့ခံအာကာပြင်အဆင့်ကိုတောင် ရှောက်ရှိနေခဲ့ပြီဟုဆိုသည်။

ယခုအချိန်တွင် ဒဏ္ဍာရီလာ ဘိုးဘေးယွမ်ဝူ၏ဆင့်ခေါ်ခြင်းကို ခံလိုက်ရလေရာ ယွမ်ကုန်းက စိတ်လှုပ်ရှားသွားသလို တစ်ချိန်တည်းမှာလည်း သတိထားနေရသည်။ သူက ဘိုးဘေးယွမ်ဝူကို စိတ်ကွက်အောင် မလုပ်လိုပါ။

" မြေအောက်ဘုံလောကက ရှန်းရွှမ်ဒေသကို တိုက်ခိုက်ဖို့ စစ်တပ်တစ်တပ်ကို စေလွှတ်လိုက်ပြီ။ အရှေ့ပိုင်းနယ်မြေနှင့် အနောက်ပိုင်းနယ်မြေတို့ သိမ်းပိုက်ခံလိုက်ရပြီ။ အခုအချိန်မှာ မြေအောက်ဘုံလောကက အုပ်စုနှစ်စုအဖြစ်ခွဲပြီး တောင်ပိုင်းနယ်မြေနှင့် မြောက်ပိုင်းနယ်မြေကို တိုက်ခိုက်နေကြတယ်။ "

" ယှဥ်ပြိုင်ခြင်းကမ္ဘာကြီးထဲမှာ ယိယွမ်ဘုရားကျောင်းကလည်း ပြည့်ဝစွာနိုးထလာခဲ့ပြီ။ မင်း မြေအောက်ဘုံလောကစစ်တပ်နဲ့ ရင်ဆိုင်နိုင်ဖို့အတွက် အကြီးအကဲတချို့နဲ့ ဂိုဏ်းသားတွေကို မြောက်ပိုင်းနဲ့ တောင်ပိုင်းနယ်မြေတွေဆီ စေလွှတ်လိုက်ပါ။"

ဘိုးဘေးယွမ်ဝူ၏ နှုတ်ဖျားမှ ထူးမခြားနားသောအသံ ထွက်ပေါ်လာခဲ့သည်။ သူက ယွမ်ကုန်းကို ကျောပေးထားသော်လည်း သူ၏စကားလုံးများက ယွမ်ကုန်း၏ မျက်စိသူငယ်အိမ်ကို တုန်ခါသွားစေခဲ့ကာ ထိတ်လန့်နေသော အမူအရာတစ်ခု ဖြစ်တည်စေခဲ့သည်။

မြေအောက်ဘုံလောကကြီးက ရှန်းရွှမ်ဒေသကို တိုက်ခိုက်ဖို့ စစ်တပ်တစ်တပ် တကယ်ကြီးစေလွတ်လိုက်ပြီလား။

သူဘာသတင်းမှ မရခဲ့ဘူးလေ။

သို့ပါသော်လည်း သူဟာ ဘိုးဘေးယွမ်ဝူ၏စကားကိုတော့ သံဿယမဝင်ခဲ့ပါ။ ဘိုးဘေး၏ကျင့်ကြံမှုဖြင့်ဆိုပါက သူတို့မစုံစမ်းနိုင်သော သတင်းအချက်အလက်များကို ရရှိဖို့ဆိုသည်က သာမန်ကိစ္စသာ ဖြစ်လေသည်။

" ဒီတပည့်က ဘိုးဘေးရဲ့အမိန့်ကို နာခံပါတယ်။ " ယွမ်ကုန်းက အလျင်စလိုပြောဆိုလိုက်သည်။

" ဒါ့အပြင် တောင်ပိုင်းနယ်မြေမှာ ဆန်းကြယ်မှု အပြောင်းအလဲတစ်ခုရှိနေတယ်။ အန္တိမနတ်မင်း အထွတ်အထိပ်အဆင့်ရှိတဲ့ ဘုရားကျောင်းအစောင့်အရှောက်အကြီးအကဲသုံးယောက်ကို မတော်တဆမှုတွေ ဖြစ်လာတာကနေ ကာကွယ်နိုင်အောင် စေလွှတ်လိုက်ပါ။ "

" ကောင်းပါပြီ " ဘိုးဘေး၏နှုတ်ဖျားမှ ထွက်လာခဲ့သော ဆန်းကြယ်မှု အပြောင်းအလဲအကြောင်းကို ယွမ်ကုန်းက သိလိုခဲ့သော်လည်း ဘိုးဘေးမပြောသည့်အရာကို မေးမြန်းရဲခြင်းလည်း မရှိပါချေ။

" ဒီတပည့်က သွားပါတော့မယ်။ "

ဘိုးဘေးယွမ်ဝူက ဆက်လက်ညွှန်ကြားခြင်းမရှိတော့သည်ကို တွေ့မြင်လိုက်ရသည့်အခါ ယွမ်ကုန်းက နှုတ်ဆက်စကား ပြောဆိုလိုက်ပြီး တောင်ထိပ်မှပျောက်ကွယ်သွားခဲ့သည်။

ထို့နောက်တွင် ဘိုးဘေးယွမ်ဝူသည် အနောက်ကို လှည့်လာခဲ့ပြီး တိမ်စိုင်ပင်လယ်ကြီးများအကြားတွင် တည်ရှိနေသော အောက်ဖက်က ဧရာမနန်းတော်ကြီးများကို ငုံ့မိုးကြည့်ရှူ့လိုက်သည်။

" ယိယွမ်ဘုရားကျောင်း ရွမ်ဟွားကောင်းကင်ဘုံကို တက်လှမ်းနိုင်မည့်အခွင့်အရေးက အဲ့ဒီဆန်းကြယ်မှု အပြောင်းအလဲအပေါ် မူတည်နေတယ်လို့ နက္ခတ္တဗေဒ ပညာရပ်က ပြဆိုထားတယ်။ အဲ့ဒီဆန်းကြယ်မှု အပြောင်းအလဲကို အသုံးချပြီး အခွင့်အရေးကို အရယူရမယ်။"

တိုးညှင်းသောရေရွတ်သံနှင့်အတူ ဘိုးဘေးယွမ်ဝူသည် ကျင့်ကြံမှုအတွင်း တဖန်ပြန်လည်နစ်မြှပ်သွားခဲ့သည်။

ယိယွမ်ခန်းမရဲ့ အဓိကခန်းမကြီးအတွင်း ဝင်ရောက်လာပြီးနောက် ယွမ်ကုန်းက တစ်ခဏကြာအောင် တွေးတောနေလိုက်သည်။ ထို့နောက်မှာ ကျယ်လောင်စွာပြောဆိုလိုက်သည်။ " ယွမ်ဖုန်း ၊ ယွမ်လင် ၊ ယွမ်တောက် ဒီသခင်ကို လာတွေ့ကြစမ်း။ "

" ဘုရားကျောင်းသခင်ကို တွေ့ဆုံပါတယ် "

ယွမ်ကုန်း၏စကားထွက်လာပြီး များမကြာမီတွင် လူသုံးယောက်က ခန်းမကြီးအတွင်း၌ ထွက်ပေါ်လာကြသည်။ သူတို့က ယွမ်ကုန်းကို လေးလေးစားစား ဂါရဝပြုလိုက်ပြီး သံဿယဝင်စွာ လှမ်းကြည့်လိုက်သည်။

ဘာတွေဖြစ်နေတာလဲ။ခန်းမသခင်က အစောင့်အရှောက်အကြီးအကဲ သုံးယောက်ကို တစ်ချိန်တည်းမှာ ဆင့်ခေါ်လိုက်တာလား။

ယိယွမ်ဘုရားကျောင်းတွင် အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပါက ဘုရားကျောင်းအကြီးအကဲများ ဖြစ်လာနိုင်သည်။ မိုးကောင်းကင်နတ်မင်းအထွတ်အထိပ်အဆင့်နှင့် ကိုးကွယ်ခံနတ်မင်းအထွတ်အထိပ်အဆင့်တို့ဆိုပါက အစောင့်အရှောက်များအဖြစ်သာ တာဝန်ထမ်းဆောင်နိုင်ကြသည်။

 ရှန်းရွှမ်ဘုံလောကအတွင်း၌ ကာလအရှည်ကြာဆုံးနှင့် လျို့ဝှက်အဆန်းပြားဆုံး အင်အားကြီးဖြစ်သည်နှင့်အညီ ယိယွမ်ဘုရားကျောင်း၏ခွန်အားမှာ ခန့်မှန်း၍မရနိုင်ပါ။ အလယ်ပိုင်းနယ်မြေရှိလူများ တွေးထင်နိုင်သည်ထက်တောင် ပို၍ကျော်လွန်နေပေသည်။ ယိယွမ်ဘုရားကျောင်း လောကကြီးအတွင်းသို့ ထွက်ပေါ်လာပါက ကမ္ဘာကြီးတစ်ခုလုံးကို ကျိန်းသေပေါက် အံ့သြသင့်စေလိမ့်မည်။

ရေခဲတောင်ကြီး၏ ထိပ်ဖျားသာသာလောက်သော ခွန်အားကို ထုတ်ဖော်ပြသလိုက်ခြင်းကတောင် ရှန်းရွှမ်ဘုံလောကတစ်ခုလုံးကို တုန်ယင်သွားစေရန် လုံလောက်ပါသည်။

" ဘိုးဘေးယွမ်ဝူရဲ့အမိန့်ကို ပြန်လည်ပြောဆိုမယ်။ အကြီးအကဲတို့သုံးယောက် အခြားအကြီးအကဲတချို့နဲ့ အစောင့်အရှောက်(၁၀၀) ၊ ဂိုဏ်းတပည့် (၁၀၀၀) ကို ဦးဆောင်ခေါ်သွားပြီး တောင်ပိုင်းနယ်မြေကိုသွားရောက်ပါ။ အဲ့ဒီနောက်မှာ ရှန်းရွှမ်ဘုံလောကကို ကျူးကျော်လာတဲ့ မြေအောက်ဘုံလောကစစ်တပ်ကို ဖျက်စီးပစ်ပြီး တောင်ပိုင်းနယ်မြေကို ပြန်လည်သိမ်းပိုက်ရမယ်။ ဆန်းကြယ်မှုအပြောင်းအလဲတစ်ခုကိုလည်း ယူဆောင်လာရမယ်။" ယွမ်ကုန်းက ဘုရားကျောင်းအကြီးအကဲ သုံးယောက်ကို စိုက်ကြည့်ပြီး တည်ကြည်စွာ ပြောလိုက်သည်။

" ဘိုးဘေးယွမ်ဝူရဲ့ အမိန့်လား "

" ဟေ...ငါတော့အမိန့်ကို စောင့်မျှော်နေမိပြီ။ "

ဘုရားကျောင်းအကြီးအကဲ အစောင့်အရှောက်သုံးယောက်သည် ပထမဆုံး ထိတ်လန့်သွားကြသည်။ ထို့နောက်မှ လေးလေးစားစား ပြောဆိုလိုက်သည်။

" ဂိုဏ်းချုပ်....မြေအောက်ဘုံလောကက ရှန်းရွှမ်ဘုံလောကကို ကျူးကျော်ဖို့ ဘာလို့ စစ်တပ်တစ်တပ် စေလွှတ်လိုက်ရတာလဲ။ ဘာလို့ ကျုပ်တို့တွေ သတင်းမရတာလဲ။ "

အမိန့်ကို လက်ခံရရှိပြီးနောက် ဘုရားကျောင်းအစောင့်အရှောက်အကြီးအကဲ ယွမ်ဖုန်းက ကျယ်လောင်စွာ မေးလိုက်သည်။

" ငါထင်တာတော့ မြေအောက်ဘုံလောကက သတင်းတွေကို ပိတ်ဆို့ထားလို့ပဲ ဖြစ်ရမယ်။ "

" မင်းတို့ အခုတစ်ခေါက် တောင်ပိုင်းနယ်မြေကို သွားတဲ့ခရီးစဥ်မှာ မြေအောက်ဘုံလောကရဲ့စစ်တပ်ကို ဖျက်စီးပစ်ဖို့က ဒုတိယဦးစားပေးအရာပဲ။ ပထမဦးစားပေးကတော့ တောင်ပိုင်းနယ်မြေအတွင်းက ဆန်းကြယ်မှု အပြောင်းအလဲကို ယူဆောင်လာပေးဖို့ပဲ။ "

ယွမ်ကုန်းက ဘုရားကျောင်းအစောင့်အရှောက် အကြီးအကဲသုံးယောက်ကို စိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင်ယွမ်ဝူက ရှင်းလင်းစွာ မပြောဆိုခဲ့သော်လည်း တောင်ပိုင်းနယ်မြေအတွင်းရှိ ဆန်းကြယ်မှု အပြောင်းအလဲကို လွန်ကဲစွာ အာရုံစိုက်နေကြောင်းကိုတော့ သူသိရှိခဲ့ရသည်။ ထို့အတွက်ကြောင့် သူဟာ မျိုးနွယ်စုခေါင်းဆောင်ယွမ်ဝူကို စိတ်ကျေနပ်အောင် ပြုလုပ်နိုင်မည့် အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပါချေ။ ဘိုးဘေးယွမ်ဝူ၏ ထောက်ခံမှုကိုရရှိပါက သူ၏ဘုရားကျောင်းသခင် ရာထူးမှာလည်း တိုင်တောင်ကြီးအလား တည်မြဲသွားပြီး ဘယ်သူကမှ လှုပ်ခါနိုင်မည်မဟုတ်တော့ပေ။

" ခန်းမသခင်... ဆန်းကြယ်မှု အပြောင်းအလဲဆိုတာဘာကြီးလဲ။ မျိုးနွယ်စုခေါင်းဆောင်ယွမ်ဝူက သဲလွန်စ မပေးလိုက်ဘူးလား။" အကြီးအကဲယွမ်လင်က သံသယဝင်စွာ မေးလိုက်သည်။ယွမ်ဖုန်းနှင့်ယွမ်တောက်တို့ကလဲ ယွမ်ကုန်းကိုလှမ်းကြည့်လိုက်သည်။

" ဘိုးဘေးယွမ်ဝူက ရှင်းရှင်းလင်းလင်းမပြောခဲ့ဘူး။ ဒါပေမဲ့ အခုအချိန်မှာ တောင်ပိုင်းနယ်မြေက မြေအောက်ဘုံလောကစစ်တပ်ရဲ့ ကျူးကျော်မှုကို ခံနေရပြီ။ မြေအောက်ဘုံလောကစစ်တပ်ရဲ့ ခွန်အားနဲ့ဆိုရင် တောင်ပိုင်းနယ်မြေမှာ ဘယ်သူကမှ မခုခံနိုင်မှာကို ငါစိုးရိမ်မိတယ်။ မင်းတို့ တောင်ပိုင်းနယ်မြေကို ရောက်ရှိသွားရင် မြေအောက်ဘုံလောကကို ဆန့်ကျင်တဲ့အင်အားစုတွေကို ကူညီပေးရမယ်။ အဲ့ဒီအရာကပဲ ဘိုးဘေးပြောလိုက်တဲ့ ဆန်းကြယ်မှု အပြောင်းအလဲဖြစ်နိုင်တယ်။"

ယွမ်ကုန်းက ခေါင်းကို ခါရမ်းလိုက်ပြီး ခွဲခြမ်းစိတ်ဖြာ ပြောဆိုလိုက်သည်။

" ကောင်းပြီ ။ ကျွန်တော်တို့ နားလည်ပါပြီ။ " ယွမ်ဖုန်းတို့အကြီးအကဲသုံးယောက်က တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

" မကြာသေးခင်ကမှ ရာထူးတက်သွားတဲ့ အတွင်းစည်းဂိုဏ်းသား ယွမ်တန်ကလည်း တောင်ပိုင်းနယ်မြေနှင့်တစ်ခုခု ပတ်သတ်နေပုံရတယ်။ ဒီတကြိမ်မှာ သူ့ကိုလည်း ခေါ်ဆောင်သွားလိုက်ပါ။ " ယွမ်ကုန်းက တခဏကြာ တွေးတောလိုက်ပြီး ပြောလိုက်သည်။

" ကောင်းပါပြီ ခန်းမသခင်။ " ထိုသို့ပြောလိုက်ပြီးနောက် ယွမ်ဖုန်းတို့သုံးယောက်၏ မျက်ဝန်းများအတွင်း၌ ထူးဆန်းသော အကြည့်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဂိုဏ်းသားယွမ်တန်မှာ တကယ့်ကို ကံကောင်းလှသည်။ သူက အတွင်းစည်းဂိုဏ်းသားအဖြစ် ရာထူးတိုးခံရတာ မကြာသေးဘူး။ ဤကဲ့သို့အခွင့်အရေးကောင်းကြီးနဲ့ ကြုံတွေ့နေရသည်။

ယွမ်ဖုန်းတို့သုံးယောက်၏ မျက်ဝန်းထဲတွင် ဘုရားကျောင်းအစောင့်အရှောက်အကြီးအကဲ သုံးယောက် ထွက်ပေါ်လာပါက မြေအောက်ဘုံလောက စစ်တပ်ကို မဖျက်စီးနိုင်မှာကို မစိုးရိမ်မိပါချေ။ သူတို့ထွက်ပေါ်လာရင် မိနစ်ပိုင်းအတွင်း အဲ့ဒီစစ်တပ်ကြီး ဖျက်စီးခံရမှာ မဟုတ်ပေဘူးလား။

ဤတစ်ကြိမ် တောင်ပိုင်းနယ်မြေကို လိုက်ပါနိုင်သော တပည့်များမှာ အောင်မြင်မှုအသီးအပွင့်များကို အလွယ်လေးဆွတ်ခူးနိုင်သော တပည့်များသာ ဖြစ်ပေတော့သည်။

မြေအောက်ဘုံလောကသည် ယွမ်ဟွားကောင်းကင်ဘုံ၏ လက်အောက်ခံများတွင် အသန်မာဆုံး ဘုံလောကကြီးတစ်ခု ဖြစ်သည်။ သို့ပါသော်လည်း ယိယွမ်ဘုရားကျောင်းကလည်း အားနည်းမနေပါချေ။ ဒီစစ်တပ်လေးတွေက မြေအောက်ဘုံလောကရဲ့ ရှေးပြေးတပ်လေးတွေပဲမဟုတ်ဘူးလား။ သူတို့က ဘယ်လောက်များ သန်မာနိုင်မှာမလို့လဲ။

မြေအောက်ဘုံလောကရဲ့ အဓိကစစ်တပ်ကြီးသာ ထွက်ပေါ်လာပါက သူတို့လည်း သဘာဝကျစွာ စိုးရိမ်နေမိမှာသာ။ သို့ပါသော်လည်း ရှေးပြေးတပ်လောက်ကတော့ သူတို့ရဲ့စိုးရိမ်မှုနဲ့ မထိုက်တန်ပါ။

ဤသည်မှာ ယိယွမ်ဘုရားကျောင်း၏ အန္တိမနတ်မင်း အထွတ်အထိပ်အဆင့်ရှိသော အကြီးအကဲများ၏ ယုံကြည်မှုပင်ဖြစ်တော့သည်။

" ဒါဆိုရင်လည်း သွားတော့။ဒီအချိန်အတောတွင်းမှာ အလယ်ပိုင်းဒေအတွင်းက အဲ့ဒီအင်အားစုတွေကို သွားမနှောင့်ယှက်နဲ့ဦး။ သူတို့သာ ကြားဝင်နှောင့်ယှက်လာရင် ငါတို့မကြောက်လန့်ရပေမဲ့လည်း ပြဿနာတွေ လိုက်ဖြေရှင်းနေရလိမ့်မယ်။ "

" ပြီးတော့ ဒီအမိန့်က ဘိုးဘေးယွမ်ဝူကိုယ်တိုင် ပေးအပ်ခဲ့တဲ့အမိန့်ပဲ။ ဘိုးဘေးယွမ်ဝူ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံနေစဥ် အတောအတွင်းမှာ ဒီတစ်ခေါက်က ပထမဆုံးအကြိမ် ကိုယ်တိုင်အမိန့်ပေးတာ။ ငါတို့ ဒါကို ကောင်းကောင်းပြုလုပ်ရမယ်။ ဘိုးဘေးကို စိတ်ပျက်အောင် လုပ်လို့မဖြစ်ဘူး။" ယွမ်ကုန်းက လက်ကို ဝေ့ရမ်းလိုက်ပြီး ပြောလိုက်သည်။

All Chapters