မြေအောက်ဘုံလောကစစ်တပ်။
Vol. 27 Ch. 372
ဘာသာပြန်- The Fate
မင်သိ၏ အမိန့်နှင့်အတူ အရှေ့ပိုင်းမြို့သစ်တစ်ခုလုံး၏ ရှေ့ပြေးတပ်သည် လျှင်မြန်စွာ လှုပ်ရှားလိုက်သည်။ အရှေ့ပိုင်းမြို့သစ်ကြီး တစ်ခုလုံးသည် စစ်မိန့်အာဏာ သက်ရောက်ခံလိုက်ရသည်။
တန်မ်ိသားစုက မင်သိကို အညံ့ခံလိုက်ပြီးနောက် အရှေ့ပိုင်းမြို့သစ်အတွင်းရှိ မူလကျင့်ကြံသူများ အားလုံးမှာ သေဆုံးသွားကြသည်။ မသေဆုံးပါကလည်း ထွက်ပြေးသွားကြသည်။ ဤကနေ့ အရှေ့ပိုင်းမြို့သစ်တွင် တန်မိသားစုမှလွဲ၍ အခြားသောသူများ အားလုံးမှာ မင်သိ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ကြသည်။
မင်သိက များစွာသော ကောင်းကင်ဘုံစစ်သူကြီးများကို ဦးဆောင်လာခဲ့သည်။ အရှေ့ပိုင်းမြို့သစ်ရဲ့ မြို့တံတိုင်းပေါ်တွင် မတ်တပ်ရပ်နေရင်း သူ၏မျက်နှာက မဲမှောင်နေခဲ့ကာ အရှေ့ကို လှမ်းကြည့်နေခဲ့သည်။သူက ရှန်ရှန်ကျုံဂိုဏ်း၏လူများ ရောက်လာသည့်အခါ ကောင်းကင်ဘုံစစ်သူကြီးအုပ်စုကို ဦးဆောင်လျက် ထိုဂိုဏ်း၏ပုဂ္ဂိုလ်များကို သတ်ဖြတ်ပြီး မြို့နံရံပေါ်တွင် ချိတ်ဆွဲထားရန် ဆုံးဖြတ်ခဲ့သည်။ ဒီလိုဆိုပါက မြေအောက်ဘုံလောကကို ဆန့်ကျင်သူတိုင်း၏ အဆုံးသတ်ကို တောင်ပိုင်းနယ်မြေတစ်ခုလုံး တွေ့မြင်ရလိမ့်မည်။
မင်သိ၏အနောက်ဖက်တွင် တန်မိသားစုခေါင်းဆောင် တန်တုံနှင့် တန်မျိုးနွယ်စု၏ အကြီးအကဲများစွာ မတ်တပ်ရပ်နေကြသည်။ သူတို့က ရောက်မလာချင်ကြပါ။ မြေအောက်ဘုံလောကနှင့် ရှန်ရှန်ကျုံဂိုဏ်းကြား တိုက်ပွဲမှာ တန်မိသားစု ဝင်ရောက်စွက်ဖက်နိုင်သော အတိုင်းအတာအတွင်း၌ ရှိမနေကြပါပေ။
သို့ပါသော်လည်း ရွေးချယ်စရာမရှိခဲ့ပါ။ အရှင်သခင်မင်သိက သူတို့ကိုလာရောက်ရန် ညွှန်ကြားခဲ့သည်။ သူတို့ဘယ်လောက်ကြောက်လန့်နေပါစေ ရောက်လာခဲ့ကြရသည်။
ဟုတ်ပါသည်။ တန်တုံုက အလွန်ဒေါသထွက်နေခဲ့ပြီး ရှန်ရှန်ကျုံဂိုဏ်းကို မုန်းတီးနေခဲ့သည်။ သို့ပါသော်လည်း ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားကြောင့် သူက ရွေးချယ်စရာမရှိဘဲ အမုန်းတရားများကို နှလုံးသားအတွင်း မြိုသိပ်ထားရုံသာ တတ်နိုင်သည်။
" လာနေကြပြီ "
ဤအချိန်၌ မင်သိ၏မျက်ဝန်းများက ရုတ်တရက်တောက်ပသွားပြီး အဝေးကိုမျှော်ကြည့်ကာ အေးစက်စွာ နှာမှုတ်လိုက်သည်။
သူ၏စကားဆုံးသွားသည့်အခါ များစွာသော ကောင်းကင်ဘုံစစ်သူကြီးများနှင့် တန်မိသားစုဝင်များသည် ထိုနေရာကို လှမ်းကြည့်လိုက်ကြသည်။ လူတိုင်း၏အကြည့်များအောက်တွင် ဝမ်ဖုန်းက ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများကို ဦးဆောင်ပြီး ဖြေးညှင်းစွာ သက်ဆင်းလာခဲ့သည်။
ဝမ်ဖုန်းက အရှေ့ပိုင်းမြို့သစ် မြို့တံတိုင်းပေါ်တွင်ရှိနေသော မင်သိတို့အုပ်စုကို လှမ်းကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းပေါ်၌ လှောင်ပြုံးတစ်ခု ဖြစ်တည်လာသည်။
" မြေအောက်စစ်တပ် အစီအရင်ကို ဖွဲ့စည်းလိုက်ပါ။"
ဝမ်ဖုန်းတို့အုပ်စုတို့ ရောက်လာတာကို တွေ့မြင်လိုက်ရသည့်အခါ မင်သိက လက်ကိုဝေ့ရမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့ "
သူ့စကားဆုံသွားသည်နှင့်တစ်ပြိုင်နက် စစ်သည်အယောက် (၄၀၀၀၀) ပါဝင်သော စစ်တပ်ကြီးသည် တစ်ယောက်ပြီးတစ်ယောက် ဟစ်ကြွေးလိုက်ကြသည်။ ထိုအသံ၏အရှိန်အဟုန်က ကမ္ဘာကြီးတစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။ ထို့နောက် စွမ်းအားကြီးအရှိန်အဝါများသည် စစ်သည်အယောက် (၄၀၀၀၀) ထံမှ ထွက်ပေါ်လာခဲ့သည်။ ထွက်ရပ်ပေါက်နတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားရှင်များ၏အစွမ်းသတ္တိများသည် စုစည်းသွားကြပြီး ကမ္ဘာကြီးတစ်ခုလုံးက ရုတ်တရက်တုန်လှုပ်သွားလေသည်။
တစ္ဆေမှော်စွမ်းအင်များသည် ရှေ့ပြေးစစ်တပ်ထံမှ ပျံ့လွင့်ထွက်ပေါ်လာသည်။ အဆိုပါတစ္ဆေချီများမှာ ချိန်းကြိုးများကဲ့သို့ ရှေ့ပြေးစစ်တပ်တစ်ယောက်ချင်းစီတိုင်း၏ စစ်သားများကို ဆက်သွယ်ပေးလိုက်သည်။ နတ်ဆိုးဆန်သော စွမ်းအင်များသည် လူအယောက်(၁၀၀၀၀)လျှင် အုပ်စုတစ်စုစီကြား ဖွဲ့တည်လိုက်သည်။
ရှေ့ပြေးတပ်စစ်သားများထံမှ ထုတ်လွှတ်နေသော တစ္ဆေချီစွမ်းအင်များက အပြည့်အဝ ပုံဖော်လာသည့်အခါ သူတို့၏ ဦးခေါင်းထက်၌ အမည်မသိသားရဲတစ်ကောင်၏ ကြီးမားသောပုံရိပ်ကြီး ဖြစ်ပေါ်လာသည်။ စစ်သည်တော်အယောက်(၁၀၀၀၀)လျှင် သားရဲတစ်ကောင်စီကျ၊ သားရဲကြီးလေးကောင်သည် မြို့နံရံအပေါ်၌ ပျံ့ကြဲလျက် ထွက်ပေါ်လာသည်။ ထိတ်လန့်ဖွယ်ကောင်းပြီး ပြင်းထန်သောအရှိန်အဟုန်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်လှုပ်စေခဲ့သည်။ တန်မိသားစုဝင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။
သားရဲကြီးလေးကောင်၏ပုံရိပ်သည် အပြည့်အဝ မဖွဲ့တည်ရသေးသော်လည်းထိုသားရဲကြီးများမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် သူတို့၏စိတ်ဝိညဥ်များကို တုန်ယင်သွားစေခဲ့သည်။ ထိုသားရဲကြီးများက သေစေလောက်သော ခြိမ်းခြောက်မှုများ ပေးစွမ်းနေခဲ့သည်။ တန်တုံက ထိတ်လန့်သွားသလို တစ်ချိန်တည်းမှာပင် ပျော်ရွှင်ဝမ်းမြောက်လာရသည်။
မြေအောက်ဘုံလောကသည် တကယ့်ကို စွမ်းအားကြီးလှပါသည်။ ရှန်ရှန်ကျုံဂိုဏ်းက ဘယ်လိုများ ခုခံနိုင်ဦးမှာလဲ။
အဝေးတစ်နေရာက ဝမ်ဖုန်းကတောင် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး မျက်ဝန်းများကို မှေးကျဥ်းလိုက်သည်။ ထိုမြေအောက်ဘုံလောက စစ်သည်အယောက်(၁၀၀၀၀)၏ စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ပြင်းထန်သော သားရဲကြီးသည် ခမ်းနားသော အရှိန်အဝါများကို သယ်ဆောင်ထားခဲ့သည်။ ထိုသားရဲကောင်ကြီး အပြည့်အဝ ဖွဲ့တည်ပြီးစီးပါက မိုးကောင်းကင်နတ်မင်းအဆင့် စွမ်းအားရှင်များနှင့်တောင် ရင်ဆိုင်နိုင်မှာကိုတောင် စိုးရိမ်မိသည်။
ကြည့်ရတာ မြေအောက်စစ်တပ်အစီအရင်က မြေအောက်ဘုံလောကက ဖန်တီးထားတဲ့ စွမ်းအားကြီးအစီအရင်ကြီးတစ်ခု ဖြစ်ရမယ်။ ဒီလိုမှမဟုတ်ရင် ဒီလိုထိတ်လန့်ဖွယ်စွမ်းအားမျိုး ဘယ်လိုလုပ် ပိုင်ဆိုင်ထားမှာလဲ။
" ငါနဲ့အတူ သတ်ဖြတ်ကြ။"
မင်သိ၏မျက်ဝန်းများမှာ နီရဲနေခဲ့ပြီး ဝမ်ဖုန်းနှင့်အခြားသူများကို သေလူများကဲ့သို့ စိုက်ကြည့်နေခဲ့သည်။ သူက လက်ကို ဝေ့ရမ်းလိုက်ပြီး အော်ဟစ်လိုက်သည်။
သူက ဝမ်ဖုန်းတို့အား အရည်မရ အဖတ်မရမျှ ပြောဆိုရန်တောင် စိတ်မဝင်စားခဲ့ပါ။ သူ၏အမြင်တွင် ဝမ်ဖုန်းတို့က သေဆုံးဖို့ ကံပါလာပြီးသားပင်။ သေလူတွေနဲ့ ဘာလို့များ စကားပြောရဦးမလဲ။
မြေအောက်ဘုံလောကစစ်တပ်ကို မြေအောက်စစ်တပ်အစီအရင် ဖွဲ့စည်းခိုင်းခဲ့ခြင်းမှာ တောင်ပိုင်းနယ်မြေရှိ လူများကို ထိတ်လန့်သွားစေရန်ဖြစ်သည်။ထိုတောင်ပိုင်းနယ်မြေရှိ ကျင့်ကြံသူများကို သူ၏မြေအောက်ဘုံလောကက အဘယ်မျှလောက် သန်မာကြောင်း တွေ့မြင်စေရမည်။
မင်သိက အရင်ဦးဆုံး ပြေးထွက်သွားခဲ့ကာ သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ မှော်သင်္ကေတများရေးထွင်းထားသည့် ရှည်လျားသော ဓားရှည်တစ်လက်သည် သူ၏လက်အတွင်း၌ ဖြစ်တည်လာခဲ့သည်။ မှိုင်းညိုအုံဆိုင်းပြီး ထိတ်လန့်ဖွယ်ကောင်းသော တစ္ဆေစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထံမှ ပျံ့လွင့်လာခဲ့ပြီး လူအပေါင်းကို တုန်ယင်စေခဲ့သည်။
သူက ဓားရှည်ကို ကိုင်ဆောင်ထားပြီး ပြင်းထန်သောတစ္ဆေချီစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ဓားရှည်ထံသို့ စီးဝင်သွားခဲ့သည်။ သူလက်ထဲရှိ ဓားရှည်မှာ အင်မတန်မှ နက်မှောင်လာခဲ့သည်။ သူက ပြင်းထန်လွန်သည့် ဓားဆန္ဒအရှိန်အဝါများ သယ်ဆောင်ထားသည့် ဓားရှည်ကို ဦးခေါင်းပေါ် မြင့်မြင့်မြောက်လိုက်ပြီး ဓားသုံးချက် တစ်ဆက်တည်းဆိုသလို ဖော်ထုတ်လိုက်သည်။၎င်းဓားချက်သုံးချက်က တစ်ခုတည်းအဖြစ် ပေါင်းဆုံသွားကြသည်။
ထိုဓားဖြတ်သန်းသွားသည်နှင့်တစ်ပြိုင်တက် အရာအားလုံးဖျက်စီးခံလိုက်ရသည်။ ထိတ်လန့်ဖွယ်ကောင်းသော ဓားသွားကြောင့် ကမ္ဘာကြီးတောင် စုတ်ပြဲသွားခဲ့ပြီး လေထုဟာလည်း ကွဲအက်သွားကာ နထ္တိအခြေအနေသို့ ဝင်ရောက်သွားသည်။ ထိုစွမ်းအားကြီးသိုင်းကွက်က တန်မိသားစုဝင်များကို တုန်လှုပ်သွားစေခဲ့ပြီး မျက်ဝန်းများ၌ အကြောက်တရားများ မြင့်တက်လာစေခဲ့သည်။
မင်သိလှုပ်ရှားခြင်းကို ဤသည်မှာ သူတို့ပထမဆုံးအချိန် တွေ့မြင်ရခြင်းဖြစ်သည်။ ဤအချိန်မတိုင်ခင်အထိ သူတို့ဟာ မင်သိအဘယ်မျှလောက် သန်မာကြောင်းကို သိနေမထားခဲ့ကြပါ။
" လီပိုင် သူ့ကိုမင်းတိုက်ခိုက်လိုက်ပါ။ သူ့ကိုမသတ်နဲ့ဦး။ ကျန်စန်ဖုန်းနဲ့တခြားသူတွေကို အတွေ့ကြုံရပါစေ။ " ဝမ်ဖုန်းက မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖျက်စီးသွားသော စွမ်းအားကို လှမ်းကြည့်ရင်း ပြောဆိုလိုက်သည်။ သူ၏အမူအရာက အင်မတန်မှ ငြိမ်သက်နေခဲ့သည်။ သူက ဘေးနားရှိလီပိုင်ကို လှမ်းကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။
" ကောင်းပါပြီ ဂိုဏ်းချုပ် "
လီပိုင်က ခေါင်းညိမ့်လိုက်ပြီး သူ၏ပုံရိပ်က ဝေဝါးသွားကာ ဝမ်ဖုန်းနှင့်အခြားသူများ၏ အရှေ့၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားကြီးအရှိန်အဝါများ လွင့်ပျံထွက်လာပြီး နတ်ဘုရင်တစ်ပါး ဆင်းသက်လာသကဲ့သို့ ဖြစ်နေခဲ့သည်။ သူ၏အရှိန်အဝါများကတောင် အနီးဝန်းကျင်ရှိ လေထုကို အက်ကွဲစေလိုက်သည်။
မျက်စိကျိန်းလောက်သော ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ခွာသွားသည်။ အလွန်လျင်မြန်သော နှုန်းထားဖြင့် ၎င်းက မင်သိ၏ဓားအလင်းတန်းကို ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းတန်းကို ခုတ်ပိုင်းလိုက်ပြီးနောက် မျက်စိကျိန်းလောက်သော ဓားအလင်းတန်းက မင်သိထံ ဆက်လက်ပြေးဝင်သွားသည်။ မြို့တံတိုင်းပေါ်ရှိ မင်သိ၏မျက်နှာအမူအရာမှာ အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တည်ကြည်လေးနက်သွားသည်။
" ကျား.."
သူက အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ တစ္ဆေစွမ်းအင်များမှာ ရှည်လျားသော ဓားရှည်ထံသို့ နောက်တစ်ကြိမ် စီးဆင်းသွားပြန်သည်။ ယခင်ကထက် ပိုမို၍ ထိုက်လန့်ဖွယ်ကောင်းသော ဓားအလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းက လီပိုင်၏ဓားအလင်းတန်းနှင့် ထိတွေ့မိသွားပြီး သန်မာသော တန်ပြန်အားက မင်သိကို ထပ်ခါထပ်ခါ နောက်ဆုတ်စေလိုက်သည်။ သူက လေထုအတွင်း ထပ်ခါထပ်ခါ နောက်ဆုတ်နေခဲ့ရပြီး ခမ်းနားကြီးကျယ်သောဖိအားကြောင့် လေထုအတွင်း၌ ကြီးမားသော တွင်းနက်ကြီးများ ပေါက်ကွဲဖြစ်တည်လာခဲ့သည်။
" အန္တိမနတ်မင်း အထွတ်အထိပ် "
မင်သိ၏မျက်ဝန်းများမှာ မှေးကျဥ်းသွားပြီး လေးနက်စွာ ပြောဆိုလိုက်သည်။
ဟုတ်ပါပေသည်။ လီပိုင်ဤတစ်ကြိမ် ထုတ်ဖော်ပြသလိုက်သော စွမ်းအားမှာ အန္တိမနတ်မင်း အထွတ်အထိပ်အဆင့် ဖြစ်သည်။ ဝမ်ဖုန်း၏ညွှန်ကြားမှုကြောင့်သာ မဟုတ်ပါက လီပိုင်သည် သူ၏ကျင့်ကြံမှုအဆင့်ကို အသုံးပြုပြီး မင်သိကို ရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်သည်။ သို့ပါသော်လည်း အခုအချိန်မှာတော့ သူဟာ ဟန်ဆောင်နေခဲ့ရသည်။
မင်သိ၏အမူအရာမှာ လွန်ကဲစွာ လေးနက်လာခဲ့သည်။ သူ၏မျက်ဝန်းများက လီပိုင်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ရှန်ရှန်ကျုံဂိုဏ်းတွင် အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်ရှိနေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ ၎င်းမှာ အန္တိမနတ်မင်း အထွတ်အထိပ်အဆင့်ဖြစ်၏။ ထိုအရာက ဘုံလောကကြီးတွင် အသန်မာဆုံးဖြစ်တည်မှုကြီး ဖြစ်လေသည်။ ဒီတောင်ပိုင်းနယ်မြေက အလယ်ပိုင်းကုန်းမြေရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် မကောင်းမွန်ဘူးလေ။ ဘယ်လိုလုပ် ဒီလို ကြောက်လန့်စရာ စွမ်းအားရှင်ကို မွေးဖွားပေးလိုက်နိုင်တာလဲ။