မေ့လျော့ခံ အာကာပြင်အဆင့်၊ မိုးကောင်းကင်နှင့်ရင်ဘောင်တန်းခြင်း
Vol. 27 Ch. 375
ဘာသာပြန်- The Fate
ဤကျင့်ကြံရေးကမ္ဘာကြီးတွင် ပြန်လည်ဝင်စားခြင်းဆိုသည်က မခက်ခဲပါ။ ကျင့်ကြံဆင့်သာ လုံလောက်အောင် မြင့်မားနေသေးသ၍ ရတနာပစ္စည်းများနှင့်ပါရမီစွမ်းအား၏ ထောက်ပံ့မှုအောက်တွင် ပြန်လည်ဝင်စားနိုင်သည်။ ကျန်ရစ်နေသေးသော ဝိညာဥ်အကြွင်းအကျန်လေးတစ်ခု ရှိနေခဲ့ရင်တောင် ပြန်လည်၍ ဝင်စားနိုင်လေသည်။
ထိုက်ရွှမ်နတ်မင်းအဆင့်တွင် စိတ်ဝိညာဥ်အကြွင်းအကျန်တစ်ခု ရှင်သန်နေသေးရင်တောင် ပြန်လည်ဝင်စား၍ ဖြစ်နိုင်သည်။ တစ်စုံတစ်ယောက်က စိတ်ဝိညာဥ်ကို ဖျက်စီးလိုက်လျှင်ဆိုရင်တောင် ၎င်းက စိတ်ဝိညာဥ်၏ မှတ်ညဏ်များကို ဖျက်စီးပစ်လိုက်ခြင်းသာ ဖြစ်လေသည်။ အမှန်တကယ်မှာတော့ စိတ်ဝိညာဥ်ဟာ သန့်စင်သော စိတ်ဝိညာဥ်တစ်ခုအဖြစ် ပြောင်းလဲသွားခြင်းသာ။ ၎င်း၏မှတ်ဥာဏ်များက ကောင်းကင်နှင့်မြေပြင်အတွင်း၌ ပြိုကွဲသွားခဲ့သော်လည်း သန့်စင်သော စိတ်ဝိညာဥ်က ပြန်လည်ဝင်စားနိုင်ပေ၏။
သို့ပါသော်လည်း မိမိကိုယ်ကို ဖောက်ကွဲပစ်လိုက်ခြင်းက စိတ်ဝိညာဥ်အပါအဝင် သူ့တွင်ရှိသမျှ အရာအားလုံးကို ဖောက်ခွဲလိုက်ပြီး စွမ်းအားတစ်ခုအဖြစ် အသွင်ပြောင်းလိုက်ခြင်း ဖြစ်၏။ ထိုအချိန်တွင် ထိုသူက လုံးဝပျောက်ကွယ်သွားလိမ့်မည်။
မလိုအပ်ပါက ဘယ်သူကမှ မိမိကိုယ်ကို မဖောက်ခွဲချင်ကြပါ။ သူတို့တွင် ဖောက်ခွဲလိုသော ရည်ရွယ်ချက်ရှိလျှင်တောင် ပြုလုပ်ရဲကြမည်မဟုတ်ပါ။
သို့ပါသော်လည်း မြေအောက်ဘုံလောက၏လူများက လုံးဝတွန့်ဆုတ်မနေခဲ့ကြပါ။ သူတို့အားလုံးက မိမိကိုယ်ကို ဖောက်ခွဲရန် ဆန္ဒရှိနေကြသည်။ ထိုမြင်ကွင်းက ဝမ်ဖုန်းကိုတောင် နက်နက်ရှိုင်းရှိုင်း ထိတ်လန့်သွားစေခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် သူဟာ မြေအောက်ဘုံလောကဟုခေါ်သော ကမ္ဘာလောကကြီးကို ထိတ်လန့်သွားမိ၏။
၎င်းက ယွမ်ဟွားကောင်းကင်ဘုံ၏ လက်အောက်တွင် အသန်မာဆုံးဘုံလောကတစ်ခုအဖြစ် ထိုက်တန်လေသည်။
ထိုကဲ့သို့သော သူရသတ္တိမျိုးက တကယ့်ကို ခြောက်ခြားဖွယ်ပင်။
ရှန်းရွှမ်နယ်မြေကြီးသည် စွမ်အားကြီးသော်လည်း ဤနယ်မြေအတွင်းရှိ အင်အားစုများမှာ တစ်ခုနှင့်တစ်ခု စဥ်ဆက်မပြတ်တိုက်ခိုက်နေခဲ့ကြသည်။ သူတို့ဟာ အတွင်းထဲ၌ပင် ရှုပ်ထွေးနေကြသည်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုမရှိပါက စည်းလုံးညီညွတ်ဖို့ဆိုသည်ကလည်း မဖြစ်နိုင်ပါ။
မြေအောက်ဘုံလောက၏လူများကတော့ တွန့်ဆုတ်ခြင်းမရှိဘဲ မိမိကိုယ်ကိုတောင် ဖောက်ခွဲနိုင်ကြသည်။သူတို့၏မြေအောက်ဘုံလောကအပေါ် စည်းလုံးညီညွှတ်မှုကို တွေ့မြင်နိုင်လေသည်။ မြေအောက်ဘုံလောကကြီးဟာ ယွမ်ဟွားကောင်ကင်ဘုံ၏ လက်အောက်တွင် အသန်မာဆုံးဘုံလောကဖြစ်သည့်အပြင် ဘုံလောကကြီးတစ်ခုလုံးကလည်း စည်းလုံးညီညွှတ်နေသေးသည်။ သူတို့သာ အတူတကွ အလုပ်လုပ်ပါက ဘယ်ဘုံလောကက သူတို့ရဲ့ပြိုင်ဖက် ဖြစ်လာနိုင်ဦးမှာလဲ။ ရှန်ရှန်ကျုံဂိုဏ်းကြောင့်သာ မဟုတ်ပါက ရှန်းရွှမ်နယ်မြေကြီးတစ်ခုလုံးကို မြေအောက်ဘုံလောကကြီးက တကယ်ပဲ အုပ်စိုးနိုင်သွားလောက်သည်။
ဘုန်း.....
ဝမ်ဖုန်းတွေးတောနေစဥ်မှာပင် မြေအောက်ဘုံလောက၏ ရှေးပြေးတပ်သည် အရှိန်အဟုန်ပြင်းသော စွမ်းအင်များကို ဖောက်ခွဲထုတ်လွှတ်လိုက်သည်။ ပြင်းထန်သော မိုးကြိုးပစ်သံကြီးကဲ့သို့ အသံကြီးသည် ကမ္ဘာလောကကြီးအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။ မြေအောက်ဘုံလောက စစ်သည်များ၏ ခန္ဓာကိုယ်များက မျက်လုံးဖြင့်တွေ့မြင်နိုင်သည့်နှုန်းဖြင့် ပုံပျက်လာခဲ့ကြသည်။ မပေါက်ကွဲသေးခင်မှာတောင် ကမ္ဘာလောကကြီးအတွင်း၌ ပျက်သုန်းခြင်း၏ပြင်းထန်သော စွမ်းအားများကို ခံစားသိရှိနိုင်နေသည်။
ဆိုလိုသည်က များမကြာမှီတွင် ကမ္ဘာလောကကြီးတစ်ခုလုံး ဖျက်စီးခံရတော့မည်။ ထိတ်လန့်ဖွယ်ကောင်းသော ပျက်သုန်းခြင်းအရှိန်အဝါကြီးကို တောင်ပိုင်းနယ်မြေလုံး၏ ဘယ်နေရာတွင်မဆို ခံစားသိရှိလိုက်ရသည်။ ဤအချိန်တွင် တောင်ပိုင်းနယ်မြေအတွင်းရှိ ကျင့်ကြံသူများအားလုံးမှာ တုန်လှုပ်ခြောက်ခြားသွားကြသည်။ မကြာမီတွင် အမှောင်ထုကြီး ကြီးစိုးလာတော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူတို့အားလုံးဟာ ထိတ်လန့်ခြောက်ခြားနေသော အမူအရာများဖြင့် အရှေ့ပိုင်းမြို့သစ်တည်ရှိရာသို့ လှမ်းမျှော်ကြည့်ရှူ့လိုက်ကြသည်။
အရှေ့ပိုင်းမြို့သစ်အတွင်းရှိနေကြသော ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများနှင့် တန်မိသားစုဝင်များကတော့ ပို၍တောင်လေးလံနေကြသည်။ ကောင်းကင်နှင့်မြေပြင်ကို ဖျက်စီးလုမတက်ဖြစ်နေခဲ့သော အရှိန်အဝါများက သူတို့၏ခန္ဓာကိုယ်များကို တုန်လှုပ်စေခဲ့ရုံသာမက သူတို့၏စိတ်ဝိညာဥ်များကိုပါ လေးတောင့်သွားစေခဲ့သည်။ ၎င်းက ရေခဲဂူကြီးအတွင်းသို့ ပြုတ်ကျသွားသလိုမျိုး ဖြစ်တည်နေခဲ့ကာ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးမှာ လှုပ်ရှား၍မရနိုင်တော့ပါ။
ပြင်းထန်လွန်းသော မိမိကိုယ်ကိုဖောက်ခွဲခြင်း အရှိန်အဝါများသည် ကမ္ဘာလောကကြီးကို ချိတ်ပိတ်လိုက်သည်။
" လီပိုင်! "
ဤကဲ့သို့ အခါသမျှတွင် ဝမ်ဖုန်းက လီပိုင်ကို လှမ်းကြည့်လိုက်သည်။ လီပိုင်ကလည်းနားလည်သိတတ်စွာဖြင့်၊ သူ၏ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပြီး ထောင်ကျော်သော မြေအောက်ဘုံလောက စစ်တပ်ကြီး၏ ဦးခေါင်းထက်၌ ပြန်လည်၍ ပေါ်ပေါက်လာခဲ့သည်။
ဘုန်း...
ကောင်းကင်နှင့်မြေပြင်ကို ဖိနှိပ်နိုင်သော ထိတ်လန့်ခြောက်ခြားဖွယ် အရှိန်အဝါကြီးတစ်ခုသည် လီပိုင်ထံမှ ရုတ်တရက်ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းစွမ်းအားကြီးထွက်ပေါ်လာသည်နှင့်တပြိုင်နက် ကမ္ဘာလောကကြီးတစ်ခုလုံး တုန်လှုပ်သွားရသည်။ ရှန်ရှန်ကျုံဂိုဏ်းမှလွဲ၍ ကြည့်နေကြသောလူအားလုံးမှာ ထိန်းချုပ်မရတော့ဘဲ ခန္ဓာကိုယ်များ ကွေးညွှတ်သွားကာ လီပိုင်ကို နတ်ဘုရားတစ်ပါးကဲ့သို့ အရိုအသေပြုလိုက်ကြသည်။
မြေအောက်ဘုံလောက စစ်တပ်ကတောင် ခြွင်းချက်မဟုတ်ခဲ့ပါ။ သူတို့ကိုယ်တွင်းရှိ ဖောက်ခွဲခြင်းစွမ်းအားများမှာ လီပိုင်၏ခမ်းနားကြီးကျယ်သော စွမ်းအင်များအောက်တွင် ဖိနှိပ်ခံလိုက်ရသည်။
ဒါတင်မကသေးဘဲ တောင်ပိုင်းနယ်မြေတစ်ခုလုံးသည် ကောင်းကင်နှင့်ကမ္ဘာမြေကို လွှမ်းမိုးထားခဲ့သော ထိတ်လန့်ဖွယ်စွမ်းအားကြီးကို ခံစားသိရှိလိုက်သည်။ သူတို့ဘယ်နေရာမှာ ရောက်ရှိနေပါစေ တောင်ပိုင်းနယ်မြေအတွင်းရှိ ကျင့်ကြံသူများအားလုံးမှာ အရှေ့ပိုင်းမြို့သစ်ဖက်ကို မျက်နှာမူပြီး သူတို့၏ခန္ဓာကိုယ်များကို အနည်းငယ်ကွေးညွှတ်၍ ဂါရဝပြုလိုက်ရသည်။ သူတို့၏စိတ်ဝိညာဥ်များကတောင် တလှပ်လှပ်တုန်ယင်နေကြသည်။ သူတို့ဟာ ထိုကြီးမြတ်သော စွမ်းအားအရှိန်အဝါကို အန်တုရင်ဆိုင်နိုင်ခြင်း မရှိကြပါ။
၎င်းက မေ့လျော့ခံအာကာပြင်အဆင့် ဖြစ်ချေသည်!
ထိုက်ရွှမ် နတ်မင်းနယ်ပယ်မှန်သမျှကို ဖိနှိပ်နိုင်ပြီး မိုးကောင်းကင်ကြီးနှင့် ရင်ဘောင်တန်းနိုင်သော စွမ်းအားက ကမ္ဘာလောကအတွင်းရှိ သက်ရှိများလုံးကိို အံ့သြတုန်လှုပ်စေခဲ့သည်။
" ဘယ်လို.....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
မြေအောက်ဘုံလောက၏ စွမ်းအားရှင်များမှာ ဤအချိန်၌ စိတ်ပျက်အားလျော့သွားကြကာ သူတို့၏ မျက်နှာများထက်၌ မယုံကြည်နိုင်မူများရှိနေခဲ့သည်။ ဒါက လူထောင်ပေါင်းများစွာရဲ့ မိမိကိုယ်ကိုဖောက်ခွဲခြင်းလေ။ ဒါကိုတောင် လီပိုင်က တစ်ယောက်တည်းနဲ့ ဖိနှိပ်လိုက်တာလား။
ဤမြင်ကွင်းမှာ ဒဏ္ဍာရီဆန်လှသည်။ ဘယ်လောက်ပဲကြည့်ရှူ့နေပါစေ၊ အစစ်အမှန်ဟု ခံစားရခြင်းမရှိ။
သူတို့အားလုံးဟာ ကိုယ်တွင်းရှိ ၊ ရှိရှိသမျှစွမ်းအားများကို အသုံးပြုပြီး မိမိကိုယ်ကို ဖောက်ခွဲလိုခဲ့သည်။တစ်ချိန်တည်းမှာပင် သူတို့ဟာ ရှန်ရှန်ကျုံဂိုဏ်းနှင့်တကွ တောင်ပိုင်းနယ်မြေကြီးတစ်ခုလုံးကို ဖျက်စီးချင်ခဲ့သည်။ တောင်ပိုင်းနယ်မြေအတွင်းရှိ ကျင့်ကြံသူများ မသေဆုံးခဲ့ဘူးဆိုရင်တောင် ကျန်ရစ်နေသေးသော ကျန်ကြံသူအနည်းငယ်ဟာ မြေအောက်ဘုံလောကကို တားဆီးနိုင်မှာ မဟုတ်တော့ပါ။ ဤနည်းလမ်းဖြင့် မြေအောက်ဘုံလောကက ရှန်းရွှမ်နယ်မြေတစ်ခုလုံးကို အုပ်စိုးနိုင်လိမ့်မည်။ ဤအကြံအစည်မှာ ကောင်းမွန်သော်လည်း ပေးဆပ်ရခြင်းက ကြီးမားလွန်းလှသည်။ ထိုသို့ပြုလုပ်ရန် မိမိကိုယ်ကို ညှာတာသနားနေ၍မဖြစ်ပါ။ လီပိုင်လို မေ့လျော့ခံအာကာပြင်စွမ်းအားရှင်တစ်ယောက် ရှိနေ၍သာမဟုတ်ပါက မြေအောက်ဘုံလောက စွမ်းအားရှင်များ၏ အကြံအစည်မှာ ၁၀၀% အောင်မြင်သွားနိုင်သည်။
သို့ပါသော်လည်း သူတို့က ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားကို အထင်သေးမိခဲ့ကြသည်။ ဤသည်ကား သနားဖွယ်ပင်။
ဒါဇင်ကျော်သော ကောင်းကင်ဘုံစစ်သူကြီးများနှင့် မြေအောက်ဘုံလောက၏ စစ်သည်များသည် မိုးကောင်းကင်ပေါ်တွင် မတ်တပ်ရပ်နေသောလီပိုင်ကို လက်သီးကျစ်ကျစ်ပါအောင်ဆုတ်လျက် ထိတ်လန့်ခြောက်ခြားစွာ မော့ကြည့်လိုက်သည်။ သူတို့၏ကျောရိုးတစ်လျောက် အေးစိမ့်တောင့်ခဲသွားရသည်။ သူတို့သိတတ်နားလည်လိုက်ကြသည်။ ထိုကဲ့သို့ တည်ရှိမှုကြီးမှတပါး ဘယ်သူကမှ ထောင်ကျော် ၊သောင်းကျော်သော စစ်သည်တော်များ၏ မိမိကိုယ်ကို ဖောက်ခွဲခြင်းအား ဖိအားပေးတားဆီးနိုင်မှာ မဟုတ်ပါ။
အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်များကတောင် မပြုလုပ်နိုင်ချေ။
ရှန်ရှန်ကျုံဂိုဏ်းတွင် မေ့လျော့ခံအာကာပြင်အဆင့် စွမ်းအားရှင်တစ်ယောက် တကယ်ကြီး ပိုင်ဆိုင်ထားကြောင်း တွေ့မြင်လိုက်သည့်အခါ ဒါဇင်ကျော်သော ကောင်းကင်ဘုံစစ်သူကြီးများဟာ မတတ်စွမ်းသာဘဲ ကျောရိုးတစ်လျောက် အေးစိမ့်သွားခဲ့ရသည်။ ထိုကဲ့သို့သော အဆင့်ရှိသည့် စွမ်းအားရှင်မှာကောင်းကင်ကိုဖျက်စီး၍ မြေပြင်ကို ပျက်သုန်းစေနိုင်သည်။ သူ၏လှုပ်ရှားမှုတိုင်းတွင် ကြီးမြတ်သော စွမ်းအားများ ကိန်းဝပ်နေကာ ထိပ်ရွှမ်နတ်မင်းအဆင့် စွမ်းအားရှင်များ နှိုင်းယှဥ်နိုင်သောအရာ မဟုတ်ပါ။
ရှန်းရွှမ်ဘုံလောကကြီးက အရမ်းကိုစွမ်းအားကြီးနေသည်။ သူတို့သာ ရှန်းရွှမ်ဘုံလောကကြီးကို အုပ်စိုးချင်ပါက ပို၍ခက်ခဲလာနိုင်သည်။
ဤအချိန်ရောက်သည့်တိုင်အောင် မြေအောက်ဘုံလောက၏ကောင်းကင်ဘုံစစ်သူကြီးများနှင့်တပ်သားများဟာ သူတို့၏ကိုယ်ပိုင်အသက်များအတွက် မစိုးရိမ်ခဲ့ကြပါ။သူတို့ဟာ မြေအောက်ဘုံလောကကြီးအတွက်စိုးရိမ်ခဲ့ကြသည်။ထိုကဲ့သို့သော သူရသတ္တိနှင့် စိတ်နေသဘောထားမှာ ခန့်မှန်း၍မရနိုင်ပါတကား။
" ပျက်သုန်းစေ "
လီပိုင်က မြေအောက်ဘုံလောက၏ စွမ်းအားရှင်များကို စူးစိုက်ကြည့်လိုက်ပြီး တိုးညှင်းစွာရေရွတ်လိုက်သည်။
သူ၏အသံမှာ ပေါ့ပါးညင်သာသော်လည်း ကမ္ဘာလောကကြီးအတွင်း၌ ရှင်းလင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။ ဒါတင်မကသေးဘဲ ခမ်းနားထည်ဝါသော စွမ်းအားလှိုင်းကြီးသည် ၎င်းအသံနှင့်အတူ ထွက်ပေါ်လာခဲ့လေသည်။
ထိုခမ်းနားထည်ဝါသော စွမ်းအားလှိုင်းကြီး မြေအောက်ဘုံလောက စစ်တပ်ရှိရာသို့ ပျံ့လွင့်သွားတိုင်းတွင် မြေအောက်ဘုံလောက စစ်သည်တော်များသည် ကြယ်မှုန်လေးများအဖြစ် ပြောင်းလဲသွားကာ ကမ္ဘာလောကကြီးအတွင်းမှ ထွက်ခွာသွားရသည်။
ထိုကဲ့သို့ ထိတ်လန့်ဖွယ်မြင်ကွင်းကအနောက်ဘက်တွင်ရှိနေသော မြေအောက်ဘုံလောက စစ်သည်များ၏မျက်ဝန်းများကို ပြူးကျယ်လာစေခဲ့ကာ သူတို့၏ခန္ဓာကိုယ်များမှာ ထိန်းကွပ်မရ တုန်လှုပ်လာသည်။ အသံလေးတစ်သံနဲ့တင် သူ့မှာ ဘယ်လိုမျိုးထိတ်လန့်ဖွယ် စွမ်းအားမျိုးရှိနေတာလဲ။
ထိုကဲ့သို့သော တည်ရှိမှုကြီးနှင့် ရင်ဆိုင်ရသည့်အခါ အဆုံးအစမဲ့ စိတ်ပျက်အားလျော့ခဲ့ရသည်။
တစ်နာရီ၏လေးပုံတစ်ပုံ ကြာမြင့်သည့်အခါ မြေအောက်ဘုံလောက၏ စစ်သည်တော် အယောက်လေးသောင်းတို့သည် အပြည့်အဝ ကြယ်မှုန်လေးများအဖြစ် ပြောင်းလဲသွားပြီး လေထုအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ မှိုင်းဝေမှုန်ရီနေသော ကမ္ဘာကြီးသည် ကြယ်မှုန်လေးများ၏ အလင်းပြန်မှုအောက်တွင် တလှပ်လှပ်တောက်ပ၍ မိန်းမောဖွယ်ကောင်းနေခဲ့သည်။
သို့ပါသော်လည်း ကျန်ေနသေးသော မြေအောက်စစ်သည်တော် ဒါဇင်ကျော်နှင့် တန်မိသားစုဝင်များကတော့ ထိုခမ်းနားထည်ဝါသောမြင်ကွင်းကို ခံစားကြည့်ရှူ့နိုင်ခြင်းမရှိကြပါ။ သူတို့၏နှလုံးသားအတွင်း၌ အဆုံးအစမဲ့ အကြောက်တရားများသာ ကိန်းဝပ်နေကြသည်။
ဟွမ်....
ခမ်းနားထည်ဝါသော စွမ်းအင်မုန်တိုင်းကြီး ထက်မံလွင့်ပျံလာသည့်အခါ သူတို့ဘယ်လောက်ပဲ ကိုယ်တွင်းရှိ စွမ်းအားများကို နိုးဆွပြီး ခုခံပါစေ၊ အဆုံးသတ်ကိုတော့ မပြောင်းလဲနိုင်ခဲ့ကြပါ။ တန်မိသားစုအပါအဝင် ရှိရှိသမျှလူများဟာ ဤစွမ်းအားလှိုင်းများ၏အောက်တွင် အပြည့်အဝ ပျောက်ကွယ်သွားခဲ့ရသည်။